၂၀၂၆ ၊ သြဂုတ် ၂
ကိုယ့်ပြည်တွင်းမှာ ကိုယ့်အချင်းချင်း ချနေကြတဲ့ ဇာတ်လမ်းတွေ ရပ်ဖို့လိုပါပြီ။ ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်ရင် ကိုယ့်ပြည်တွင်းမှာ ကိုယ့်အချင်းချင်းချ နေကြတဲ့ နိုင်ငံတွေသာ လူနေမှုအဆင့်အတန်း နိမ့်ကျပြီး ပြဿနာပေါင်းစုံ ကြုံတွေ့ ခံစားနေကြရတာ ဖြစ်ပါတယ်။ တစ်ချိန်က ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ အီသီယိုးပီးယား နိုင်ငံတောင် အခုအခါမှာ လူတန်းစေ့နေနိုင်၊ ကမ္ဘာနဲ့ရင်ပေါင်တန်း နိုင်နေပြီ မဟုတ်ပါလား။ ယခင်က အရှေ့တောင်အာရှမှာ ကုန်းတွင်းပိတ် အဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့တဲ့ လာအို၊ အခုအချိန်မှာ ဘယ်လိုဖြစ်နေပြီလဲ။ ပထဝီသဘာဝအရ အားနည်းချက်ရှိကောင်းရှိပေမယ့် နည်း ပညာဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်မှာ အားနည်းချက်ကနေ အားသာချက်ကို ပြောင်းလဲနိုင် တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကထားကြည့်ရမှာက နည်းပညာအကူအညီ၊ နိုင်ငံတကာ ပံ့ပိုးမှုတွေ အရလို့ ဆိုကောင်းဆိုနိုင်မှာ ဖြစ်ပေမယ့် တည်ငြိမ်အေးချမ်းရေးမရှိဘဲ ဘာမှလုပ်လို့မရဘူး ဆိုတာပါပဲ။
မိမိတို့နိုင်ငံကိုကြည့်ရင် ပထဝီအနေအထား အရရော၊ ရေမြေ တောတောင်သဘာ၀ အရင်းအမြစ်တွေအရပါ ကောင်းမွန်တဲ့ အားသာချက်တွေ ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ စီးပွားရေး အခွင့်အလမ်းအရ ပဲကြည့်ကြည့်၊ လူသားအရင်းအမြစ်အရပဲ ကြည့်ကြည့် ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဆိုတာ ကမ္ဘာ့နိုင်ငံ အသီးသီးက လက်ခံထားကြတာ ဖြစ်ပါတယ်။ သို့သော် ထင်သလောက်မဖြစ်ဘဲ အခုချိန်ထိ ရုန်း၍ကန်၍၊ ရင်ဆိုင်၍ဆိုတဲ့ အရုန်းအကန် သံသရာထဲက မထွက်နိုင်သေးတာ ဘာကြောင့်လဲ။ အဓိကက တစ်ချက်တည်းပါ။ သွေးစည်းညီညွတ်မှုပြိုကွဲပြီး လက်နက်ကိုင် ရန်ဖြစ်ကြတဲ့ ပြဿနာပါ။
ဒီပြဿနာအရ မင်းမှန်တယ်၊ ငါမှန်တယ်နဲ့ ငြင်းခုံလိုက်၊ ပြန်တည့်မလိုဖြစ်လိုက်၊ ခဏနေပြန်ချလိုက်နဲ့ အငြင်းသံသရာနဲ့ အပြန်အလှန် သတ်နေကြတာက ဒီတိုင်းပြည် မကြီးပွားရခြင်းရဲ့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ စတည်ကတည်းက ဖြစ်ခဲ့တဲ့ မီးပွားလေးကနေ ကူးစက်လာခဲ့တာ အခုအခါမှာ မရှူနိုင် မကယ်နိုင် ဖြစ်မယ့်အခြေအနေထိ ကြီးထွားလာခဲ့တာ သတိချပ်ကြဖို့လို ပါတယ်။ ညီညီညွတ်ညွတ် အေးအတူပူအမျှ လျှောက်လှမ်းရမယ့်ခရီးမှာ အမြီးကျက်အမြီးစား၊ ခေါင်းကျက် ခေါင်းစား၊ သူတစ်လူ ငါတစ်မင်း၊ ကိုယ်ရကိုယ်ယူ စိတ်ဓာတ်တွေကိန်းနေသမျှ၊ လက်နက်ကိုင်လမ်းစဉ်နဲ့ စစ်ဘုရင်ဝါဒတွေ ဖွံ့ဖြိုးနေသမျှ ဒီပြည်ထောင်စုဟာ ပြိုကွဲပျက်စီးရေးကို ဦးတည်နေမှာပဲ ဖြစ်ပါတယ်။ ဒါတွေကို မကုစား ခဲ့ကြဘူးလားဆိုတော့လည်း သူ့ခေတ်သူ့အခါနဲ့ လိုက်လျောညီစွာ နည်းလမ်းရှာ ကြိုးစားခဲ့ကြပေမယ့် အခုချိန်ထိ အချည်းနှီးသာ ဖြစ်နေဆဲပါ။
ဗိုလ်ချုပ်အောင်ဆန်း ဖဆပလဥက္ကဋ္ဌနဲ့ ဘုရင်ခံ အတိုင်ပင်ခံကောင်စီဒုဥက္ကဋ္ဌ လုပ်နေချိန်မှာ လက်ဝဲ ညီညွတ်ရေးအတွက် ကြိုးစားခဲ့ပါသေးတယ်။ လက်ဝဲညီ ညွတ်ရေးဆိုတာ ဖဆပလကနေ ကွန်မြူနစ်ပါတီကို ထုတ် ပယ်ပြီးနောက်မှာ ဒီအကွဲအပြဲက နောင်တစ်ချိန်မှာ တိုင်းပြည်အတွက် ပြဿနာကြီးထွားလာနိုင်တာကို တွက်ဆပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် သူသက်ဆိုးမရှည်တဲ့ အတွက် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ အဲဒီအချိန်က တိုင်းရင်းသားတွေအနေနဲ့ အင်္ဂလိပ်နဲ့ ဘုရင်ခံ ကောင်စီကို ဆန့်ကျင်တော်လှန်နေကြတာက ရခိုင်နဲ့ သခင်စိုးရဲ့ အလံနီပါ။ ရခိုင်မှာ ရခိုင်အလံနီကွန်မြူနစ်နဲ့ မူဆလင်စစ်သွေးကြွတွေ လက်နက်စကိုင်နေပြီ ဖြစ်ပါတယ်။ အဲဒီလက်နက်ကိုင်အဖွဲ့တွေကို စေ့စပ်ဆွေးနွေးရေးမလုပ်ဘဲ စစ်ရေးအရ ချေမှုန်းရေးလုပ်ပါတယ်။
၁၉၄၈ ခုနှစ်လွတ်လပ်ရေးရပြီးချိန်မှာ ဦးနုရဲ့ ဖဆပလ အစိုးရက ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ- CPB)ကို အတူလျှောက်လှမ်းဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။ ဖဆပလမှာ ကြီးစိုးနေတဲ့ ဆိုရှယ်လစ်အုပ်စုနဲ့ အဆင်မပြေ၊ ရန်ဖြစ်နေကြတဲ့အတွက် လက်ဝဲပြဿနာ ကြီးထွားလာခဲ့ပါတယ်။ ဗကပက ပြည်တွင်း ဆူပူအုံကြွအောင် နိုင်ငံရေးအောက်လမ်းနည်းသုံး လှုံ့ဆော်ခဲ့သလို ဆိုရှယ်လစ်အုပ်စုကလည်း အာဏာကို အခြေခံပြီး ထောင်ထဲထည့်ဖို့ ကြိုးစားခဲ့ကြပါတယ်။ မကြာဘူး။ ဗကပ တောခိုပြီး လက်နက်ကိုင်လမ်းစဉ်ကို စတင်ခဲ့ပါတယ်။ ဝန်ကြီးချုပ်ဦးနုက လက်ဝဲညီညွတ်ရေးအတွက် ပြန်လည်ပေါင်းစည်းရေး သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ နုမူလို့ အများက ခေါ်ပါတယ်။ အဆင်မပြေခဲ့ပါ။ မူဝါဒနဲ့အာဏာကို အခြေခံပြီး အပြန်အလှန် ငြင်းခုံနေကြသလို လက်ဝဲအုပ်စုအချင်းချင်းကြားမှာ သူ့စည်း ကိုယ့်စည်းနဲ့ နေဖို့ထက် ကိုယ်အားသာဖို့ စဉ်းစားခဲ့ကြပြီးအပြုတ်တိုက်ရေးကိုသာ ရွေးချယ်ခဲ့ကြတဲ့အတွက် စိတ်မကောင်းစရာပါ။
သိပ်မကြာဘူး။ KNU ? KNDO ရဲ့ ကရင်လက် နက်ကိုင်လမ်းစဉ် စတင်ခဲ့တယ်။ KNDO သူပုန်ထတာနဲ့ မွန်လည်း လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ခဲ့တယ်။ မွန်က အင်အားသိပ်မကြီးခဲ့ပေမယ့် ကရင်လက် နက်ကိုင်လမ်းစဉ်က ပြည်ထောင်စုပြိုကွဲသွားနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ တပ်မတော်ထဲက ကရင်သေနတ် ကိုင်တပ်တွေ တောခိုခဲ့တဲ့အတွက် တပ်မတော်ပင် အင်အားချိနဲ့ပြီး ယဲ့ယဲ့လေးသာ ကျန်တဲ့အထိ ဖြစ်စေ ခဲ့တယ်။ ဒီပြဿနာကို ပြေလည်စွာ ဖြေရှင်းဖို့ အင်းစိန်တိုက်ပွဲအတွင်းမှာပင် အပစ်ရပ်ပြီး စေ့စပ်ဆွေးနွေးရေး လုပ်ခဲ့ကြပါသေးတယ်။ ၁၉၄၉ ခုနှစ် ဧပြီ ၅ ရက်ကနေ ၈ ရက်အထိ စောဘဦး ကြီး ဦးဆောင်တဲ့ KNU အဖွဲ့နဲ့ အစိုးရအဖွဲ့တို့ ဆွေးနွေးခဲ့ကြတာပါ။ သို့သော် KNU ရဲ့ လိုလားချက်ကြီးမားသလို နိုင်မယ်လို့ မှန်းထားတဲ့အတွက် ဆွေးနွေးပွဲပျက်ပြီး ဆက်တိုက်ခဲ့ကြတာ အခုချိန်ထိပင် ချလို့ကောင်းတုန်းလို့ ဆိုရ မလားမသိပါ။
အဲဒီအချိန်ကစပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က ဆက်တိုက် စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့တာ ၁၉၅၈ ခုနှစ် ဖဆပလ နှစ်ခြမ်းမကွဲခင်အချိန်အထိ ပြည်တွင်းလက်နက်ကိုင် သူပုန်အင်အား ၁၅၀၀၀ ခန့် ရှိရာကနေ သုံးပုံတစ်ပုံ ၅၀၀၀ ခန့် သာကျန်ရှိတော့တာ တွေ့ရပါတယ်။ အဓိကအင်အားက ဗကပ နဲ့ KNU ပါ။ ကျန်ရှိနေသေးတဲ့သူတွေ အလင်းဝင်တော့မယ့် အခြေအနေထိ ရောက်ခဲ့ပေမယ့် ဖဆပလ နှစ်ခြမ်းကွဲပြီး အစိုးရယန္တရား ရှုပ်ထွေးအားနည်းသွားချိန်မှာ အလင်းဝင်မယ့် အင်အားတွေ အလင်းမဝင်တော့ဘဲ တဖြည်းဖြည်းနဲ့ အင်အားပြန်လည်တောင့်တင်းသွားခဲ့ ကြပြန်ပါ တယ်။ အဲ့ဒီအချိန်မှာ KIA ဖွဲ့စည်းဖို့ စတင် တာစူနေပြီဖြစ်ပါတယ်။ ရှမ်းကလည်း စော်ဘွားအာဏာလျော့ရဲ လာတဲ့အတွက် လက်နက်ကိုင်လမ်းစဉ်လိုက်ဖို့ အစပျိုးနေပြီ ဖြစ်ပါတယ်။
၁၉၆၀ ဦးနုရဲ့ ပထစ အစိုးရလက်ထက်မှာတော့ KIA ရော၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ အားကောင်းစပြုနေပြီ ဖြစ်ပါတယ်။ ဦးနုရဲ့ ဗုဒ္ဓဘာ သာကို နိုင်ငံတော်ဘာသာပြုတဲ့ကိစ္စအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားပိုများလာတာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် အရောက်မှာ ပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေ များပြားလာသလို ရှမ်းစော်ဘွားအုပ်စုတွေရဲ့ ပြည်နယ်ခွဲထွက်ခွင့် ပြဿနာ ပိုမိုကြီး ထွားလာခဲ့တာ တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော် အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ အစိုးရ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်တွင်းလက်နက်ကိုင်လမ်းစဉ် ပပျောက်ပြီး စည်းစည်းလုံးလုံး ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့အတွက် ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေး ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖိတ်ခေါ်ခဲ့ပါတယ်။
၁၉၆၃ ခုနှစ် ဧပြီ ၁ ရက်မှာ အထွေထွေလွတ် ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ပြီး ဇွန် ၁၂ ရက်မှာ လက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ဆွေးနွေးဖို့ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက် ထုတ်ပြန်ဖိတ်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီ (ဗမာပြည်)၊ ရခိုင်အလံနီကွန်မြုနစ်ပါတီ၊ ရှမ်းပြည်လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်လွတ်မြောက်ရေး တပ်ပေါင်းစု၊ ကချင်လွတ်လပ်ရေးကောင်စီ (KIC, KIA)၊ ဗမာပြည် ကွန်မြူနစ်ပါတီ(ဗကပ)၊ သုံးပါတီ(KNU၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ)၊ အမျိုးသား ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု(မဒညတ)၊ ကရင်တော်လှန်ရေးကောင်စီ(KRC) စတဲ့ လက်နက်ကိုင်အဖွဲ့ အားလုံးနဲ့ တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပါတယ်။ KRC တစ်ဖွဲ့သာ အလင်းဝင်ပြီး ကျန်အဖွဲ့တွေ တောထဲပြန်သွားပြီး ဆက်လက်တိုက်ခိုက်ခဲ့ ကြပါတယ်။ KRC လည်း နောက်ပိုင်းမှာ တောပြန်ခိုပြီး KNU နဲ့ ပြန်ပေါင်းသွားခဲ့ပါတယ်။
တော်လှန်ရေးကောင်စီရဲ့ လိုလားချက်က လက်နက်ကိုင်အဖွဲ့တွေကို အလင်းပြန်ဝင်စေပြီးအတူ ရှေ့ဆက်ဖို့ပါ။ အဖွဲ့အတော်များများရဲ့ လိုလားချက်က လက်နက်ကိုင်ထားပြီး နယ်မြေရယူလိုခြင်းပါ။ ကချင်က ပေါ်ပေါ်ထင်ထင်ပင် ဝမ်ပေါင်နိုင်ငံထူထောင်ဖို့ အရေးဆိုပါတယ်။ ဗကပက တွေ့ဆုံဆွေးနွေးရေးအကြောင်းပြု နိုင်ငံရေးအမြတ်ထုတ်တာပါ။ ပြည်တွင်းမှာရှိတဲ့ ဗဟိုကော်မတီနဲ့ ပြည်ပမှာရောက်နေ တဲ့ အဝေးရောက်ဗဟိုကော်မတီတို့ အဆက်အသွယ်ပြန်ရပြီး ပြည်တွင်းလက်နက်ကိုင်လှုပ်ရှားမှုနဲ့ မြို့ပေါ် ယူဂျီလုပ်ငန်းတွေ ပိုမိုဆောင်ရွက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး တစ်ဖက်နိုင်ငံရဲ့ အကူအညီနဲ့ ရှမ်းပြည်(မြောက်ပိုင်း)မှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေကို ဗကပအောက် သွတ်သွင်းခဲ့ရာက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မှာ လက်နက်ကိုင်အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလအပြီးမှာ ဗကပတို့ ပြိုကွဲသွားခဲ့ပါတယ်။ မိုင်းယန်းတိုက်ပွဲအပြီး ဗကပထဲမှာရှိတဲ့ တိုင်းရင်းသားတွေ ခွဲထွက်ပြီး တပ်မတော်နဲ့ ငြိမ်းချမ်းရေးရယူခဲ့လို့ပဲ ဖြစ်ပါတယ်။ အဲဒီကစပြီး တဖြည်းဖြည်းချင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးလိုလို ငြိမ်းချမ်းရေးရယူခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ သို့သော် အဲဒီငြိမ်းချမ်းရေးဟာ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးအထိတော့ ရောက်မ လာခဲ့ပါ။ အပစ်အခတ်ရပ်စဲပြီး ဒေသဖွံ့ဖြိုးရေးလုပ်ဖို့ အထိသာ တတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ့်နယ် မြေမှာ ကိုယ်သာ ဘုရင်ဖြစ်တဲ့အတွက် စနစ်ပြောင်းချိန်မှာ ဒီသဘာဝကို မစွန့်လွှတ်ချင်ကြဘဲ နယ်မြေနဲ့ အာဏာ ပိုလိုချင်ကြတာလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေသအတော်များများ တည်ငြိမ် အေးချမ်းပြီး အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့တာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။ သို့သော် ထာဝရငြိမ်းချမ်းရေးနဲ့ အနာဂတ်နိုင်ငံတော်မှာ ဘယ်လိုပါဝင်မယ်၊ ဘယ်လိုလက်နက်ကိုင်လမ်းစဉ် စွန့်မယ်ဆိုတာတွေ မပါခဲ့တဲ့အတွက် ရထားတဲ့အခြေအနေကောင်း တစ်ခုကနေ ရှေ့ဆက်ဘယ်လို အတူလျှောက်လှမ်းကြ မလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံရေးအပြောင်းအလဲမှာ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးအတွက် ဘယ်လိုရှေ့ဆက်မယ်၊ ဘယ်လို ဆက်လက်ရပ်တည်ရမယ်ဆိုတဲ့ တိကျတဲ့ ဆွေးနွေးသဘောတူဆုံးဖြတ်ချက် မပါတဲ့အတွက် အငြင်းအခုံဖြစ်ပြီး တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွား လာခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီအခြေခံဥပဒေအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက် ကိုင်လမ်းစဉ် စွန့်ပြီး ဖက်ဒရယ်ပြည်ထောင်စုမှာ အတူတကွ ပါဝင်နိုင်ရေးအတွက် အဲ့ဒီအချိန်က အစိုးရဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရအနေနဲ့ ကြိုးပမ်းခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးရေးအတွက် အဓိကလိုအပ်ချက်က ခိုင်မာတဲ့ အပစ်အခတ်ရပ်စဲရေးသာ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ် သီးခြားစီ အထိန်းအထေနဲ့ သွားနေတဲ့ကာလဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အစိုးရအပြင် လွှတ်တော်ကပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်ဆဲရေးက တစ်ဆင့် နိုင်ငံရေးဆွေးနွေးပွဲ၊ အဲဒီကမှ အခြေခံဥပဒေ ပြင်ဆင်ရေးကို သွားရမှာဖြစ်တဲ့အတွက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ ရဲ့အခန်းကဏ္ဍဟာ ထာဝရငြိမ်းချမ်းရေးအတွက် အရေးကြီးပါတယ်။ ဒါ့အပြင် နိုင်ငံရေးပါတီတွေကလည်း ဒီမိုကရေစီစနစ်အရ အစိုးရနဲ့ လွှတ်တော်မှာ အမြဲလိုလိုပါနေမှာ ဖြစ်တဲ့အတွက် သူတို့ကိုလည်း ချန်ထားလို့မရပါ၊ အဲဒီအတွက် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောင်း လဲလာတဲ့ နိုင်ငံရေးစနစ်အောက် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA) လမ်းကြောင်းကို အကောင်အထည်ဖော်ခဲ့တာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို အမှန်တကယ် ချဉ်းကပ်ကြတော့မယ်ဆိုရင် ဖြစ်သင့်တဲ့ပြောင်းလဲမှုနဲ့ ရသင့်တဲ့အခွင့်အရေးကို လက်ခံရ မှာဖြစ်ပါတယ်။ မည်သူမဆို ရသင့်တာထက် ပိုလိုချင်ကြပေမယ့် ဖြစ်သင့် မသင့်၊ ရသင့် မသင့်ကိုလည်း ချိန်ဆဖို့လိုသလို ပြည်ထောင်စုအကျိုးအတွက် အများသဘောကို လိုက်နာရမှာ ဖြစ်ပါတယ်။ အမှန်တကယ် အပြောင်းအလဲလုပ်မယ့်အချိန်မှာ ပြည်ထောင်စုအကျိုးအတွက် တစ်ဖက်ကို မယုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ကဖျက်ယဖျက်မလုပ် ကြဖို့လည်း လိုပါတယ်။ ဘာကြောင့် ဒါတွေထည့်ပြောရ သလဲဆိုရင် ဦးသိန်းစိန် အစိုးရလက်ထက် NCA လက်မှတ်ရေးထိုးဖို့ ကြိုးစားတဲ့အခါမှာ ဒီသဘောတွေ တွေ့နေရလို့ပဲ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးတာဟာ အပစ်အခတ်ရပ်စဲရေးကို လက်မခံ သလိုဖြစ်နေတာ၊ မင်းတို့ချိုးတဲ့ဖဲနောက် ငါမလိုက်ဘူးဆိုတဲ့ အတ္တမာနတွေ ရှိနေတာမျိုးဆိုရင် ကဖျက်ယဖျက် လုပ်တာလို့ ဆိုရမှာဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက်မှာ NCA ထိုးတဲ့ အဖွဲ့တွေရော၊ လောလောဆယ် မထိုးသေးတဲ့ အဖွဲ့ တွေနဲ့ပါ နိုင်ငံရေးဆွေးနွေးပွဲတွေ မပြတ်လုပ်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်က အစိုးရရဲ့ မူဝါဒနဲ့အညီ လိုက်နာအကောင်အထည်ဖော်ပေးခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ထိုက်သင့်သလောက် အကောင်အထည်ဖော်နိုင်ခဲ့ပေမယ့် ပြည်ထောင်စုအကျိုးထက် သူလိုအဖွဲ့အစည်းတွေ ပိုများလာစေဖို့ လက်နက်ကိုင်အဖွဲ့အစည်း အသစ်နှစ်ခုဖြစ်တဲ့ AA နဲ့ TNLA ကိုမွေးထုတ်ပေးခဲ့တဲ့ ဝမ်ပေါင်နိုင်ငံ အိပ်မက် မက်နေတဲ့ KIA ကိုတော့ မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD အစိုးရလက်ထက်မှာ NCA ကိုသာ မန်ကာရှန်ကာလောက် သဘောထားပြီး ဒုတိယပင်လုံ ဇာတ်လမ်း ထွင်လာတဲ့အတွက် NCA အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စိတ်ဝင်စားမှုနည်းလာတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဒါအပြင် ဖက်ဒရယ်အတွက် တပ်မတော်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ မဲနိုင် တဲ့ပါတီ အစိုးရဖွဲ့နိုင်ဖို့ အခြေခံဥပဒေပြင်ဆင်ရေး တင်ပြတာ NLD ကြီးစိုးတဲ့လွှတ်တော်က လက်မခံခဲ့တဲ့အတွက် ထာဝရငြိမ်းချမ်းရေးနဲ့ လက်နက်ကိုင်လမ်းစဉ် ပပျောက်ရေးလမ်းကြောင်းကို အဟန့်အတား ဖြစ် စေခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအတွက် NCA ထက် တခြားနည်းလမ်းကို စဉ်းစားအကောင်အထည်ဖော်ဖို့ မှန်းဆလာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအချိန် ရခိုင်ပြည်နယ်မှာ AA တို့ စတင်ချိုကြွလာနေပြီဖြစ်သလို TNLA လည်း ရှမ်းမြောက်မှာ စတင်အား စမ်းလာတာ သတိထားမိကြ ပါလိမ့်မယ်။
ဒီလို NCA အားပျော့လာတဲ့အခြေအနေတွေကနေ ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲမှာ NCA ကို ခြေစုံကန်ပြီး သီးခြားနယ်မြေရရှိရေး ဇာတ်လမ်းတွေ ပြန်ဖြစ်လာတာ တွေ့ရမှာ ဖြစ်ပါတယ်။ သီးခြားနယ် မြေရယူပြီး နိုင်ငံအိပ်မက်မက်နေတဲ့အဖွဲ့၊ ပြည်ထောင်စုထဲက ခွဲမထွက်ဘဲ လက်နက်ကိုင် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရအထူးဒေသနဲ့ ပြည်နယ်အိပ်မက်မက်နေကြတဲ့ အဖွဲ့တွေအဖြစ် အသီးသီး တွေ့ရမှာဖြစ်ပါတယ်။ ရချင်လို့တောင်းကြတာ လက်ခံလို့ရပါတယ်။ တိုက်ယူပြီး ခွဲထွက်ဖို့အထိ စဉ်းစားတာကတော့ ပြည် ထောင်စုအန္တရာယ်ဖြစ်တဲ့အတွက် လက်ခံလို့မရပါ။ ရချင်လို့တောင်းတာပဲဖြစ်ဖြစ်၊ တိုက်ယူတာပဲဖြစ်ဖြစ် လက်တွေ့မှာ တစ်ဦးတစ်ယောက်တည်း၊ တစ်ဖွဲ့တည်းက ပေးလို့မရသလို ကိုယ်တိုင်ယူဖို့လည်း မသင့်ပါ။
၂၀၂၁ အပြောင်းအလဲကာလမှာ ကြုံတွေ့ရတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေချဲ့ထွင်မှုကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်၊ နစကအစိုးရ ဥက္ကဋ္ဌနဲ့ နိုင်ငံတော် ဝန်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ လက်ရှိ နိုင်ငံတော်သမ္မတဟာ အမုန်းတရားကြီးထွားပြီး ငြိမ်းချမ်းရေးလမ်းကြောင်း ပျက်သွားမှာစိုးတဲ့အတွက် မျက်ခြည်မပြတ် သတိကြီးကြီးထား ကိုင်တွယ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားထဲကပင် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်နဲ့ သူ့ရဲ့တာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း နယ် မြေပြန်ဖြစ်ဖို့ တာဝန်ရှိပါတယ်။ သို့သော် ဒီပြဿနာဟာ လက်နက်နဲ့ဖြေရှင်းတာထက် နိုင်ငံရေးအရ ဖြေရှင်းတာက ပိုကောင်းပါတယ်။ နစကလက်ထက်မှာပဲ ဆွေးနွေးပွဲအရ ထိုက်သင့်တဲ့ ရလဒ်ရလာတဲ့အခါမှာ MNDAA နဲ့ TNLA ကို လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ် ဆင်မှုတွေ မလုပ်ခဲ့တာ သတိထားမိကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို သူစတင်ကိုင်တွယ်ခဲ့ချိန်ကစပြီး အခုချိန်ထိ ချမှတ်ကိုင်တွယ်ထားတာက NCA လမ်းကြောင်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ထာဝရငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေးဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်အရောက်မှာတော့ ရွေးကောက်ပွဲကတစ်ဆင့် ပြည်သူ့ရွေးချယ်ခံ အစိုးရအဖြစ် တရားဝင်ရပ်တည်နေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့ လွှတ်တော်အသီးသီး လည်းပေါ်ပေါက်နေပါပြီ။ လက်ရှိသမ္မတဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြောင်းလဲခဲ့တဲ့ ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာကတည်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်လုပ်ခဲ့ တာဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် စစ်အစိုးရလက်ထက်မှာ တိုင်းမှူးနဲ့ ကစထမှူး တာဝန်ထမ်းဆောင်ခဲ့ တဲ့သူ ဖြစ်တဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘာဝနဲ့ လိုလားချက်ကို ကျေညက်နေ သူလည်း ဖြစ်ပါတယ်။ သူကိုယ်တိုင် နိုင်ငံ့အကြီးအကဲဖြစ်လာချိန်မှာ ထာဝရငြိမ်းချမ်းရေးနဲ့ ဖက်ဒ ရယ်ပြည်ထောင်စု ထူထောင်ဖို့အတွက် ရည်မှန်းပြင် ဆင်နေတာ သတိထားကြည့်ရင် အထင်အရှား တွေ့ရ မှာဖြစ်ပါတယ်။
ထာဝရငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးက နိုင်ငံတော်သမ္မတတစ်ဦးတည်း ဆောင်ရွက်လို့မရပါ။ သူပေးချင်တိုင်း ပေးလို့မရပါ။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ညီညွတ်စွာဆောင်ရွက်မှသာ ဖြစ်နိုင်မှာပါ။ လက်ရှိသမ္မတအနေနဲ့ကြည့်ရင် ထာဝရ ငြိမ်းချမ်းရေးအတွက် သူကိုယ် တိုင်စိတ်ပါသလို လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း သူနဲ့အတူ စိတ်တူကိုယ်တူ အရေးပေါ်ကာလ သူ့အစိုးရအဖွဲ့မှာ အဓိကထောက်ပံ့ပေးခဲ့တဲ့သူ ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် သမ္မတနဲ့ သဘောတူညီမှာ ဖြစ်ပါတယ်။ လွှတ်တော်အသီးသီးကိုကြည့်ရင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ၊ တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် သမ္မတရွေးချယ်ပွဲမှာ သမ္မတကို မဲပေါင်း ၄၀၀ ကျော် မဲပေးတင်မြှောက်ခဲ့ကြတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ သမ္မတနဲ့ သဘောညီကြမှာ ဖြစ်ပါတယ်။ ဒီအချိန်ဟာ သမ္မတဦးဆောင်မှုနဲ့အတူ လွှတ်တော်နဲ့တပ်မတော်တို့ စုစည်းမှုအားကောင်းတဲ့ကာလ ဖြစ်တဲ့အတွက် ထာဝရငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေး ဆွေးနွေးအကောင်အထည်ဖော်ဖို့ အကောင်းဆုံးကာလလို့ ဆိုရမှာ ဖြစ်ပါတယ်။ သမ္မတကိုယ်တိုင်ကလည်းငြိမ်းချမ်ရေးနဲ့ နိုင်ငံရေးဆွေးနွေးဖို့ လမ်းဖွင့်ပေးထားတဲ့အတွက် ဒီအခွင့်အရေးကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမိအရ ဆုတ်ကိုင်ကြဖို့လိုပါတယ်။ ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )