ငှက်အကြောင်း သိကောင်းစရာ

၂၀၂၆ ၊ ဧပြီ ၂၄

ထူးမြတ်က ငှက်နဲ့ပတ်သတ်ရင် စိတ်ဝင်စားမိတာ ငယ်ငယ်ကလေးကတည်းက ဖြစ်သည်။ ငှက်တွေကို ကြည့်ရတာ ဝါသနာပါသည်။ တချို့ငှက်တွေက ချစ်စရာကောင်းသော်လည်း တချို့ငှက်တွေက အင်မတန်အမြင်ကပ်ဖို့ ကောင်းလှသည်။ ငှက်ထဲမှာ ကျီးကန်းတို့၊ ခိုတို့လို လူတွေနဲ့ အနီးကပ်နေကြသည့် ငှက်တွေကတော့ အမြင်ကပ်ဖို့ ကောင်းလှသည်။ 
    ခိုဆိုတာကလည်း အိမ်ခေါင်မိုးတွေပေါ်မှာ တက်ပြီး အကြောင်းမရှိ အကြောင်းရှာ ညည်းညူလေ့ ရှိသည်။ လူတွေမှာလည်း ခိုလိုညည်းညူနေသည့် လူများလည်း ရှိသည်။ နောက် ငှက်တစ်မျိုးက ကျီးကန်းပင် ဖြစ်သည်။ တစ်ကောင်စ၊ နှစ်ကောင်စ အိမ်ရှေ့မှာ လာအာရင်တော့ မြန်မာလူမျိုးတို့ ထုံးစံအတိုင်း ကျီးသာရင် ဧည့်လာမယ်ဆိုပြီး မျှော်တတ်ကြသည်။ သို့ပေမယ့် ကျီးကန်းတွေ အုပ်စုဖွဲ့ပြီး ဝိုင်းအာရင်တော့ တော်တော်လေး နားမခံနိုင်သည့် ဆူညံသံဖြစ်သည်။ ကျီးကန်းလိုမျိုး အုပ်စုတောင့်ရင် ဝိုင်းအာတတ်သော ငှက်တွေလည်းရှိသလို၊ လူတွေမှာလည်း အုပ်စုတောင့်ရင် ဝိုင်းဆဲတတ်သော ကျီးကန်း လို သတ္တဝါတွေလည်း ရှိကြသည်။ ထားပါတော့လေ။ ငှက်တွေအကြောင်း ပြန်ပြောရရင် ထူးမြတ် အမြင်ကပ်သည့် ငှက်ထဲမှာ ဥသြဆိုသည့် ငှက်လည်း ပါသည်။ ဒီသတ္တဝါက ကျီးကန်းနဲ့ ခပ်ဆင်ဆင် တူသော်လည်း မိုးနဲ့ဆောင်းဆိုရင် အသံမကြားရသလို အကောင်ကိုလည်း မမြင်ဖူးကြပေ။ နေသာသလိုနေတဲ့ အကောင်ဖြစ်သည်။ ထူးဆန်းသည်က နွေဦးရာသီ သင်္ကြန်ကာလ နီးပြီးဆိုရင် ဘယ်ကနေဘယ်လို ထွက်လာမှန်းမသိ ဥသြဆိုသည့် သတ္တဝါက ထွက်လာတတ်သည်။ ပြီးရင် သစ်ပင်ထိပ်ဖျားနားပြီး သူ့အ သံကို လူတိုင်းကြားအောင် 'ဥသြ ဥသြ'ဆိုပြီး အော်တတ်သေးသည်။
    နွေရာသီနဲ့ ထိုငှက်က လိုက်ဖက်တင့်တယ်သည်ဟု ဆိုကြသော်လည်း ထူးမြတ်ကတော့ ဥသြငှက်ကို ကြည့်မရပေ။ စဉ်းစားကြည့်လေ။ ဥတုသုံးလီ ရှိသည့်အနက် မိုးအခါ၊ ဆောင်းအခါ ဘယ်မှာ မြူးတူးပျော်ပါး နေသည်မသိ။ သင်္ကြန်ရောက်ပြီဆိုရင် လွမ်းသလို၊ ဆွေး သလိုအသံမျိုး ပေးတတ်သည်။ ဒီလိုငှက်မျိုးနဲ့တူတဲ့ ငှက်မျိုးစိတ်တွေဟို အမေရိကားမှာရှိသည်ဟု ကြားဖူးသည်။ ထူးမြတ်ကတော့ အမေရိကား မ ရောက်ဖူးတော့ သင်္ကြန်ကျရင် လွမ်းဆွေးတတ်သည့် ဥသြလိုငှက်မျိုးတော့ ရှိတာ၊ မရှိတာ မသိချေ။ အမှန်ပြောရရင်တော့ အသိုက်မသိ၊ ဥမသိ ဥချင်ရာ ဥချ၊ ဝပ်ချင်တဲ့ငှက်ဝပ်တဲ့ ငှက်မျိုးကိုတော့ သီချင်း တွေထဲမှာ တင်စားသလို နွေကြိုရွှေဥသြဆိုတာမျိုးက လွန်ကဲသည်ဟုထင်သည်။ ကဲ...ထူးမြတ် စိတ်ဝင် စားတဲ့ ငှက်တွေအကြောင်းပြောရရင် ထူးမြတ်တို့က ငှက်အရှင်သာမက ငှက်ကင်တို့၊ ငှက်ကြော်တို့လည်း စိတ် ဝင်စားသည်။ ငယ်ငယ်က မီးရထားစီးလို့ ပဲခူးဘူတာ ရောက်ခါနီးဆိုရင် ငှက်ကြော်သည်တွေက ရထားပေါ် အလုအယက် တက်လာလေ့ရှိသည်။ အရွယ်အစားပေါင်းစုံ ရေကြက်၊ ရေဘဲ၊ စာကလေး၊ ဆက်ရက်၊ ငုံး၊ ချိုးဆိုတဲ့ ငှက်ကြော်တွေကို ရောင်းချလေ့ရှိသည်။ ကလေးအရွယ်ဆိုတော့ ကြွပ်ကြွပ်ရွရွ ကြော်ထားသည့် ငှက်ကြော်တွေကို စားကြည့်၊ မြည်းစမ်းကြည့်ချင်သည်။ မိဘတွေက ဒါတွေက ငှက်ကြော်အစစ်တွေ မဟုတ်ဘူးမစားနဲ့လို့ တားရင် ငိုကြီးချက်မနဲ့ ပူဆာဖူး သည်။
    ငှက်ကင် ဗန်းကြီးတွေထဲမှာ စာကလေးကစလို့ ချိုး၊ စနှိုက်၊ ငုံး၊ ရေကြက်၊ ရေဘဲ တို့ကအစ ဈေးကွက် ဝင်ရောင်းချကြသည်။ ငုံးဆိုတာကတော့ မွေးမြူလို့ရပြီး ဥ၊ အသား စားသုံးကြတာဆိုတော့ ငုံးအစစ်ဖြစ်ကြောင်း ထူးပြီးပြောပြစရာ မလိုပေ။ စာကလေးဆိုတာကလည်း လယ်ကွင်းတွေထဲမှာ အုပ်လိုက် ကျက်စားတတ်တာ ဆိုတော့လည်း စာကလေးအစစ်အမှန် ဖြစ်သည်။ ကျန်တဲ့ ရေဘဲတို့၊ ရေကြက်တို့ဆိုတာက အစစ်အမှန် မဟုတ်နိုင်ချေ။ ဒါကြောင့် ငယ်ငယ်ကပူဆာလျှင် လူကြီးမိဘတွေက ဒါတွေက ဘဲပေါက်လေးတွေ၊ ကြက်ပေါက်လေးတွေကင်ပြီး လိမ်ရောင်းကြတာ ဆိုပြီး တားမြစ်ဖူးသည်။ ငှက်ကင်ဆိုပြီး လိမ်တဲ့နည်းက အရင်ခေတ်မှမဟုတ် ခုခေတ်ထိလည်း အလိမ်ခံနေရဆဲ ဖြစ်သည်။ ငှက်တွေပေါတဲ့ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့မှာ ငှက်ကင်ဆိုပြီး လိမ်ရောင်းကြတာ၊ ရောရောင်းကြတာရှိသလို အမေရိကား က နေပြီး ငှက်ကင်ဆိုပြီး လိမ်သွားကြတာလည်း တော်တော်များများ ခံလိုက်ရသည်။ ငှက်ဆိုရင် စိတ်ဝင်စား သည့် ထူးမြတ်တို့လို လူမျိုးတွေကို ပစ်မှတ်ထားပြီး လိမ်ကြတာဖြစ်သည်။
    နောက်တစ်မျိုးစိတ်ဝင်စားတဲ့ ငှက်အကြောင်းက အရောင်ညိုညိုလေးတွေ၊ နောက်ပြီး ဝါတာတာ အရောင်လေးတွေနဲ့ လှောင်အိမ်တွေထဲ ထည့်ထားတဲ့ငှက် ကလေးတွေပင်ဖြစ်သည်။ ဒီလိုငှက်တွေကို ရန်ကုန်မြို့က နာမည်ကြီး ဘုရားတွေမှာ ငှက်သည်တွေက ရောင်း ချလေ့ ရှိသည်။ ငှက်ဆိုတဲ့သတ္တဝါက ကောင်းကင်မှာ ပျံသန်းကျက်စားတာဆိုတော့ လှောင်အိမ်ထဲမှာ ကျပ်ညှပ်နေအောင် ထည့်ထားတာမျိုး မြင်ရင် ထူးမြတ်တို့လို့  ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်မချမ်းမြေ့စရာ မြင်ကွင်းဖြစ်သည်။ ဒီအချက်က ငှက်သည်တို့အတွက် စီးပွားရေး ဈေးကွက်ဖြစ်သည်။
    မြန်မာလူမျိုးတွေဆိုတာက အခါကြီးရက်ကြီးတွေမှာ၊ မွေးနေ့လိုနေ့မျိုးတွေမှာ ဇီဝိတဒါနအဖြစ် ငါးတွေလွှတ်တာ၊ ငှက်တွေလွှတ်တာက ကုသိုလ်တစ်ခုပင် ဖြစ်သည်။ တချို့တွေက ငှက်လွှတ်တာတောင် 'နင့်အသက် တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်'ဆိုပြီး အတ္တဆုတောင်းလေးနဲ့ လွှတ်လေ့ရှိသည်။ စောစောက လှောင်အိမ်ထဲက ငှက်တွေအကြောင်း စဉ်းစားကြည့်ရင် စိတ်ဝင်စားဖို့တော့ ကောင်းသည်။ လူတွေကတော့ ငှက်ကလေးတွေ လွတ်လွတ်လပ်လပ် ပျံသန်းကြဖို့  လွှတ်ပေးကြသည်။ တချို့ဆိုရင် လှောင်အိမ်တစ်ခုလုံးကိုဖွင့် ကျသင့်ငွေပေးပြီး လွှတ်ကြသည်။ အတောင်ညောင်းနေတဲ့ ငှက်ကလေးတွေ ခဏတာ ရစ်သီရစ်သီလုပ်ပြီး အဝေးကို ပျံသန်းသွားတာကို ကြည့်ရသည့် မြင်ကွင်းက အင်မတန် ကြည့် ကောင်းလှသလို ငှက်လွှတ်ရသည့် ပီတိကလည်း ကိုယ်တိုင် လွတ်လပ်ပေါ့ပါးသွားသလို ခံစားရသည်။
    တစ်ခါက ဘုရားမှာငှက်လွှတ်ရင်း ငှက်ရောင်းသည့် အဒေါ်ကြီးကို မေးဖူးသည်။ သူတို့စီးပွားရေးအကြောင်း စပ်စုချင်တာလည်း ပါသည်။ တစ်နေ့တစ်နေ့ လှောင်အိမ်နဲ့အပြည့် ငှက်တွေရောင်းရဖို့ ငှက်ဖမ်း သမားတွေနဲ့ ချိတ်ထားရသည်။ သူတို့က ငှက်ဖမ်းသမား တွေဆီကနေယူပြီး ဝယ်ဈေးထက် သုံး၊ လေးဆ တင်ပြီးရောင်းရတာဟု ဆိုသည်။ ငှက်ရောင်းတာကလည်း သမားရိုးကျကြီး တစ်ကောင်ငါး ထောင်၊ နှစ်သောင်းဖိုး ငါးကောင်ဆိုပြီး ရောင်းတာထက် ငှက်လွှတ်ဖို့လာတဲ့ လူ ရဲ့အနေအထားကိုလည်း ကြည့်ရသေးသည်ဟုဆိုသည်။ သူဌေးတွေ လာလွှတ်ရင် ဈေးတစ်မျိုး ရောင်းရသည်။ သာမန် တစ်ကောင် စ၊ နှစ်ကောင်စ လွှတ်တဲ့သူတွေဆိုရင်တော့ ဈေးတစ်မျိုး ရောင်းရသည်ဟု ဖြေသည်။ ဒီတော့ ငှက်သည် အဒေါ်ကြီးကို သူ့စီးပွားရေးက ငှက်လွှတ်သူတွေနဲ့ထပ်တူ ကုသိုလ်ရနိုင်သလား ဆိုတာမျိုး စပ်စုကြည့်ရ တော့သည်။ ငှက်သည် အဒေါ်ကြီးပြောတာကတော့ သူက ငှက်ကိုစီးပွားရှာတာ ဖြစ်သည်။ ငှက်တစ်ကောင်လွှတ်တိုင်း အမြတ်ဘယ်လောက်ဆိုတာ တွက်ချက်ရသည်။ ငှက်တွေကို ဘုရားဖူးပြည်သူတွေ လွှတ် ချင်အောင်လည်း ဆွဲဆောင်ရသည်။ ဘုရားဖူးတွေများ လာပြီဆိုရင် လှောင်အိမ်ထဲမှာ ငိုက်မြည်း နေသော ငှက်တွေ တရုန်းရုန်းဖြစ်အောင် ပလတ်စတစ်စနဲ့ ကာရံထားသော လှောင်အိမ်ထဲကို လက်ထည့် ပြီး ငှက်တွေကို ခြောက်ရသေးသည်။ ဒီတော့ ကုသိုလ်ရေးငှက် လွှတ်ချင်သူတွေက ငှက်တွေ ဆူဆူညံညံ ထအော်တဲ့ အသံကြားပြီး ငှက်လွှတ်ဖို့ သတိရကြသည်။ အင်မတန် ပရိယာယ်ကြွယ်ဝသော စီးပွားရေးပင် ဖြစ်သည်။
    နောက်ဆုံးလက်ကျန် ငှက်ကလေးတွေကိုထားပြီး နောက်နေ့ရောင်းဖို့ ငှက်တွေ ထပ်ဖြည့်ရသည်။ ဒီတော့မှလည်း အရင်လက်ကျန်ငှက်ထဲက ခပ်စွာစွာ ငှက်ထီးတွေက နောက်လာတဲ့ ငှက်အုပ်က ခပ်စွာစွာ ကောင်တွေနဲ့ ဗိုလ်လုရင်း ငှက်လှောင်အိမ်ထဲမှာ တကျိကျိနဲ့အော်ကြ၊ ဟစ်ကြ၊ တိုက်ခိုက်ကြရင်း ငှက်လွှတ်သူတွေရဲ့ စိတ်ဝင်စားမှုကို ခံယူရလေသည်။ ငှက်လွှတ်သူတော့ လွတ်မြောက်ကြပါစေဆိုတဲ့ စေတနာတစ်ခုတည်းနဲ့ လွှတ်သော်လည်း ငှက်နဲ့စီးပွားရှာသူတွေကတော့ လှောင်အိမ်ထဲမှာ ငှက်တွေ ပြည့်နေတာ မြင်ချင်သည်။ ငှက်တွေ လှောင်အိမ်ထဲမှာ မရှိရင် ငှက်တွေပြပြီး စီးပွားရှာဖို့ ခက်သွားနိုင် တာကြောင့် တွေးပူတတ်ကြသည်။မြန်မာ နှစ်ဆန်းတစ်ရက်နေ့ကလည်း မေတ္တာစေတနာ တွေနဲ့ ငှက်တွေ လွှတ်ကြသည်။ တချို့ငှက်တွေကလည်း ပျော်ကြသည်။ တချို့ငှက်တွေကလည်း အော်ကြသည်။ ငှက်နဲ့စီးပွားဖြစ်နေကြသူတွေကတော့ နောက်နေ့ စီးပွားရှာဖို့ လွတ်သွားတဲ့ငှက်တွေ လှောင်အိမ်ထဲ ပြန်ရောက်ဖို့ အကြံထုတ်နေကြပြီ ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 38

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61650

© 2022 - 2026 News. All Rights Reserved.