၂၀၂၆ ၊ ဇန်နဝါရီ ၃၀
ကိုမှုန်ကြီး ပေါက်ကွဲသံ
သူ၏ပေါက်ကွဲ၍ ဆဲဆိုနေသည့်အသံထဲတွင် တိုင်းပြည်ကိုချစ်သည့် စိတ်ကလေးပါနေသည်ကို သတိထားမိပါသည်။ သူဆိုသည်မှာ ကျွန်တော့်ဟာကျွန်တော် အမည်ပေးထားသည့် ကိုမှုန်ကြီးပင်ဖြစ်သည်။ ကိုမှုန်ကြီးဟု အဘယ့်ကြောင့် နာမည်ပေးသနည်းဟုဆိုလျှင် အသိစိတ်လွတ်အောင် မူးနေသည် မဟုတ်ဘဲ အနည်းငယ် မှုန်တုန်တုန် ဖြစ်နေသည့်သဘော၊ အရက်သောက်ထား၍ မှုန်နေသည့်သဘောကြောင့်မို့ ကိုမှုန်ကြီးဟု အမည်ပေးထားခြင်းဖြစ်သည်။ ကိုမှုန်ကြီး၏ အသက်မွေးဝမ်းကျောင်း အလုပ်က ကားကြီးမောင်းသည့် လုပ်ငန်းဖြစ်ကြောင်း သူပြောနေသည့် စကားများအရ သိရသည်။ လွမ်းရေးထက် ဝမ်းရေးကခက်}ဟူ၍ပင် ပြောဆိုကြရဲ့မဟုတ်လား။ကိုမှုန်ကြီးလည်း ဝမ်းရေးအတွက် တတ်သည့်ပညာ မနေသာဆိုသည့်အတိုင်း သူတတ်ကျွမ်းသည့် ယာဉ်မောင်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့်နေရာတွင် တရားသည်၊ မတရားသည်ဟူ၍ အဖြေရှာချိန်မရ၊ စားဝတ်နေရေးက ရှင်သန်ရာ ဘဝတွင် အရေးကြီးရဲ့ မဟုတ်လား။ သို့ပေမယ့် ရှင်သန်ရပ်တည်ရေးအတွက် လုပ်နေရသည့် အလုပ်သည်ကား ဆန္ဒနှင့် ဘဝထပ်တူကျဟန်မရှိကြောင်း သူ့ပြောစကားတွင် ပေါ်လွင်နေ၏။ သို့မို့ကြောင့် ကိုမှုန်ကြီး၏ ရီထွေထွေနှင့် ကရုဏာဒေါသော စကားကိုကြည့်ကြည့်ပါ။
"ကြည့်စမ်း ငါ -ိုမသားတွေ နည်းတာ မဟုတ်ဘူး၊ မေလူး နေ့ခင်းဗီဒီယိုရိုက်ရင် ဖမ်းမှာကြောက်လို့၊ ညခိုးရိုက်ရတာ၊ အကုန် ခိုးသယ်နေကြတာ ကြည့်စမ်း၊ ကျွန်တော်ပါ ပါတယ်။ ခိုးသယ်တဲ့အထဲမှာ၊ ဒါပေမဲ့ ကိုယ်က လခစား၊ သူတို့ခိုင်းတာလုပ်ရတာ၊ တရုတ်ဘက် ခိုးထုတ်တဲ့ကားတွေ နည်းတာမဟုတ်ဘူး"ဟု ခပ်လေး လေးအသံဖြင့် မူဗွီရိုက်ကာ လူမှုကွန်ရက်တွင် တင်ထားလေသည်။ တိုင်းရင်းသားလက်နက် ကိုင်များ ကြီးစိုးရာဒေသတွင် လက်နက်ကိုင် သောင်းကျန်းသူများက သဘာ၀သယံဇာတများကို စည်းမဲ့ ကမ်းမဲ့ ခိုးယူထုတ်၍ အိမ်နီးချင်းနိုင်ငံသို့ ရောင်းစားနေသည်ကို နိုင်ငံသားတစ်ယောက်အနေဖြင့် မချိတင် ကဲဖြစ်နေပုံရ၏။ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများ၏ လှုပ်ရှားမှုကို နေ့ခင်း မြင်သာထင်သာရှိသည့် အချိန်တွင် မူဗွီမရိုက်ရဲဘဲ ညမှောင်သည့် အချိန်ရောက်မှ မူဗွီခိုးရိုက်ရကာ အများသူငါ သိစေ ရန် တင်ခြင်းဖြစ်ဟန်တူပါ၏။ သူ့ဆန်စားလျှင် ရဲရသည်ဆိုသည့်အတိုင်း ကုမ္ပဏီကားပင် မောင်းနေရ သော်ငြားလည်း သူရင်ထဲတွင်မချိကြောင်း ခံစားနားလည်နိုင်ပါသည်။ ဤသဘာဝသယံဇာတများ တရားမဝင် ခိုးထုတ်ခြင်းက နိုင်ငံတော်အတွက် နစ်နာမှုများကို ပြောပါဆိုလျှင် အတိုင်းအဆမရှိ နစ်နာပါသည်ဟု အလွယ်ပြောနိုင်ပါသည်။
နိုင်ငံတော်၏ ရသင့်ရထိုက်သော အခွန်အခ မရသည်က ဘာမျှအရေးမကြီးသေးပေ။ ထိုသဘာဝ သယံဇာတများ ခိုးယူရောင်းချသည့် တိုင်းရင်း သားလက်နက် ကိုင်များသည် ရရှိသည့်အကျိုးအမြတ်သည်ကား တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အသုံးချကြမည်မဟုတ်။ ပြည်သူ ပြည်သားများ အဆင်ပြေစေရန် ပြုလုပ်ကြသည်မဟုတ်။ ထိုမှ ရရှိသည့်ငွေကြေးများကို လက်နက်ခဲယမ်းမီးကျောက်၊ စားရေရိက္ခာအတွက် အသုံးပြုပြီး သည်တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးပြီး ပြည်သူပြည်သားများ စစ်ဘေးစစ်ဒဏ်ထဲ ပိုမိုရောက်ရှိကြမည့်အရာများ ဖြစ်နေလေသည်။ ရှင်းရှင်းပြောရလျှင် စစ်သံသရာ လည်စေရန် သဘာဝသယံဇာတများ အသုံပြုပြီး တိုင်းပြည်၏အနာဂတ်ကို ချေမွနေခြင်းလုပ်ရပ်များထဲက အပိုင်းအစ တစ်ခုသာ ဖြစ်နေလေသည်။ သယံဇာတခိုးယူထုတ်လုပ် ရောင်းချခြင်းသည် တိုင်းပြည်အတွက် မိအေးနှစ်ခါ နာသည်မက အဖန်ဖန်အထပ်ထပ်နာသဖြင့် ကိုမှုန်ကြီးတို့က သူလုပ်ရသည့်အလုပ်အပေါ် မချစ်သော်လည်း အောင့်ကာနမ်းရင်း ပေါက်ကွဲနေရှာလေသည်။
တော်လှန်ရေးကို စိတ်ကုန်လာသည့် လူငယ်များ
၂၀၂၆ နှစ်သစ် ဇန်နဝါရီထဲမှာပင် PDF လက်နက်ကိုင် ၁၅၀ ခန့် အလင်းဝင်လာပြီး ထပ်မံ၍ အလင်းဝင်မည့် PDF အင်အား ရာကြီးပိုင်းအထိရှိနေကြောင်း သတင်းစကားများကို ကြားသိနေရပြီဖြစ်သည်။ သူတို့က အဘယ့်ကြောင့် လက်နက်ကိုင်လမ်းစဉ်ကိုလိုက်ပြီး ယခုမှ အဘယ့်ကြောင့် လက်နက်စွန့်၍ အလင်းဝင်လာကြသနည်းဟု မေးခွန်းထုတ်လျှင်လည်း မေးခွန်းထုတ်ချင်စရာ ဖြစ်မနေဘူးလား။ ကြားသိရသည့် သတင်းများအရ အချို့သော လက်နက်ကိုင်လမ်းစဉ်ကို လိုက်ဖြစ်ခဲ့သည့် လူငယ်များသည် NUG ကိုထောက်ခံ၍ လက်နက်ကိုင်ခြင်း မဟုတ်သည့်အပြင် တပ်မတော်အပေါ်ကို အမြင်မကြည်လင်၍ လက်နက်ကိုင်ခဲ့ကြရသူများ မဟုတ်ကြဟုလည်း သိရသည်။
အဓိကအနေဖြင့် လက်နက်ကိုင်လမ်းစဉ် လိုက်ရခြင်းတွင် နယ်မြေအခြေအနေအရ PDF ထဲသို့ မဝင်လျှင် မိသားစုလိုက် သတ်ဖြတ်ခံရမည့် ဘေးအန္တရာယ်ကို ကြောက်ရွံ့သဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်စရာ မရှိသည့်အဆုံး ရွေးချယ်ခဲ့ကြရခြင်းမျိုး ဖြစ်နေကြသည်။ ထို့အပြင် PDF လက်နက်ကိုင်လမ်းစဉ်ကို လိုက်ပြီးသည့်အချိန်တွင်လည်း တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရသည်ထက် အပြစ်မဲ့အရပ်သားများကို ဦးတည်တိုက်ခိုက်နေရသည့် လုပ်ရပ်က မနှစ်မြို့စရာ ဖြစ်လာခဲ့သည်။ ကိုယ်နှင့်ရန်ငြှိုးရန်စ မရှိသည့် တစ်ပါးသူကို အရိုင်းဆန်ဆန် သတ်ဖြတ်ရသည့်လုပ်ရပ်မျိုးမှာ နှလုံးသားရှိသူတို့အတွက် တစ်ဘဝစာမက တစ်သံသရာစာ နောင်တရနိုင်ဖွယ် ကိစ္စမျိုးမဟုတ်ပါလား။ သည်လုပ်ရပ်မျိုးကို မလုပ်ချင်သည့် လက်နက်ကိုင် လူငယ်လူရွယ်တို့သည် မိမိအသက်၊ သူတစ်ပါးအသက် ဖက်တစ်ရွက်မျှ တန်ဖိုးမထားသည့် လူမှုအသိုင်းအဝိုင်းက စွန့်ခွာလာကြခြင်းမှာ မဆန်းဟု ဆိုရမည်ဖြစ်သည်။ ထိုကဲ့သို့ အရပ်သားများ မိမိနှင့်ရန်ငြှိုးရန်စ မရှိသူများကို သတ်ဖြတ်ခြင်းကို ရွံမုန်းလာရုံမျှမက အများပြည်သူသွားလာသည့်လမ်းတွင် မကောင်းသူထိပ် ကောင်းသူထိပ် မိုင်းထောင်ရခြင်းများကိုလည်း မလိုလားကြတော့ ပေ။ ကျွန်တော်တို့ မြန်မာတွင် ငါးရိုးစူးခြင်း၊ ငါးရိုးမျက်ခြင်းများ ကြုံတွေ့လာရပါက အများသူငါ သွားလာသည့် လမ်းပေါ်က ဆူးငြောင့်ခလုတ်များကို ရှင်းလင်းပေးလျှင် လည်ပင်းထဲကငါးရိုး အလိုလို ပျောက်ပျက်သွားတတ်သည့် အယူအဆရှိကြရဲ့ မဟုတ်လား။
ယခု အများသူငါ သွားလာသည့်လမ်းကို မိုင်းဗုံးထောင်ခြင်း၌ မည်မျှအကုသိုလ်ကြီးသနည်းဆိုသည်ကို အလင်းဝင်လာသည့် လက်နက်ကိုင်ထားသည့် PDF လူငယ်များက နားလည်လာခြင်းကြောင့် အလင်းဝင်လာ ခြင်းလည်းဖြစ်သည်။ နောက်ထပ်အလင်းဝင်လာရခြင်း၏ အကြောင်းပြချက်တစ်ခုတွင် တော်လှန်ရေးကို ဦးဆောင်နေသည်ဟုဆိုသော NUG ၏ ငါးနှစ်တာကာလအတွင်း မြို့ရွာများ ကြေပျက်ရုံ ကလွဲပြီး ဘာမှဖြစ်မလာသဖြင့်၊ NUG ကို အယုံအကြည်မရှိသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်လာကြသူများလည်း ရှိသည်ဟုကြား သိရသည်။ ကိုယ့်ထမင်းကိုယ်စား ကြီးတော်နွားအခမဲ့ ကျောင်းပေးရ၊ လက်နက်ကိုင်ဘဝကို ငြီးငွေ့လာကြသည့် လူငယ်များကလည်း အလင်း ဝင်လာကြခြင်းဖြစ်သည်။ ကိုယ် ဖြစ်ကိုယ်ခံ၊ ကိုယ့်ထမင်းကိုယ်ရှာစား၊ ကိုယ့်ချိုင်းထောက်ကိုယ်ရှာ၍ တော်လှန်ရေးခေါင်းစဉ်တပ်ပြီး ဘုံကျွန်ခိုင်းဖတ်ဘဝကို ခရီးရှည်ကြာ အနာဂတ်မဲ့စွာဖြင့် မည်သူက လျှောက်လှမ်းချင်ပါမည်နည်း။ ထိုကဲ့သို့ အကြောင်းပေါင်းစု၍စုံလာသည့်အခါ လက်နက်ကိုင်လမ်းစဉ်ကို အယုံအကြည်မဲ့လာသော လူငယ်များဟာ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာလာကြခြင်းဖြစ်သည်။ အမှန်မြင်၍ အမြင်မှန်ရလာသည့် လူငယ်များ က လက်နက်ကိုင်လမ်းစဉ်ကို စွန့်ခွာလာကြပြီး ထပ်မံ၍လည်း အလင်းဝင်လာဦးမည့် လူငယ်ပေါင်း ရာကြီးပိုင်းအထိ ရှိနေကြောင်း သတင်းစကားများလည်း ကြားသိနေပြီ ဖြစ်သည်။
အညာက အလှူပွဲများ
'နွေဦးတော်လှန်ရေး၏နိဂုံးပိုင်းကို သိရှိ၍လားမသိ'ဟူ၍ ရွှေဘို၊ ခင်ဦးဘက်ရှိ မိတ်ဆွေတစ်ဦးက လှမ်း၍ပြောသည်။ တော်လှန်ရေး၏နိဂုံးမည်ကဲ့သို့ ရောက်ရှိသနည်းဟု ထိုမိတ်ဆွေကို မေးမြန်းကြည့်ရာ သူတို့ဒေသရှိ PDF တို့က သည်နှစ်နွေဦးတွင် အလှူအတန်းများ ပြုလုပ်နေကြသည်ဟု ဆိုလေသည်။ ယမန်နှစ်က PDF တို့က အများသူငါ သွားလာသည့်လမ်းများကို ပိတ်ဆို့ပြီး ကွင်းလမ်းဖောက်လုပ်ကာ ဆက်ကြေးကောက်ထားသည့် ငွေကြေးများအမြောက်အမြား ရရှိထားပြီးဖြစ်၍ သည်နှစ် အလှူအတန်း ပြုလုပ်လာခြင်း ဖြစ်သည်ဟု ဆိုလေသည်။ PDF များသာမက သာမန်ပြည်သူတို့သည်လည်း စပါးပေါ်ချိန်၊ ပဲပေါ်ချိန်ဖြစ်သည့် ယခုကဲ့သို့ နွေဦးပေါက်တွင် မြန်မာတို့၏ ထုံစံအတိုင်းအလှူအတန်း ပြုလုပ်ကြလေသည်။ ထိုမိတ်ဆွေက 'ကျွန်တော်တို့နယ်ဘက် မန္တလေး၊ မြစ်ကြီးနားလမ်းပိုင်းမှာ ကွင်းလမ်းတွေကို တပ်မတော်က တဖြည်းဖြည်း ပိုပြီး စိုးမိုးလာတယ်။ PDF တွေရဲ့ စိုးမိုးတဲ့ကွင်းလမ်းနယ်မြေတွေ ကျဉ်းမြောင်းလာတယ်။ အဲဒီတော့ သူတို့အတွက် ဝင်ငွေရပေါက်ရလမ်းတွေ တော်တော်ကျုံ့လာတယ်။ ဒါပေမဲ့ သူတို့ထဲကခေါင်း ဆောင်ပိုင်းတွေက လမ်းကြေးကောက်တဲ့ ငွေတွေရထားတာ မနည်းတော့ ဒီနှစ်အလှူကြီးတွေ လှူကြတယ်"ဟု ဆိုလေသည်။
သူတို့၏စိတ်ထဲတွင် မြန်မာ့ရိုးရာဓလေ့လေးကို ချစ်မြတ်နိုးသည့် စိတ်လေးရှိပါသေးလားဟူ၍ ကြံဖန်ကာ ချီးကျူးမိပါသေးသည်။ သူတို့ကလည်း သူတို့၏လုပ်ရပ်အတွက် ကောင်းကောင်းကြီး လိပ်ပြာ လုံဟန်မရှိ ကြောင်းလည်း သည်ရပ်ပိုင်းတွေ့ရသည့် ဓာတ်ပုံတစ်ပုံက သက်သေပြလျက်ရှိသည်။ မောင်ရင်လောင်းသည် ဝေါယာဉ်ပေါ်မှ ဝေါ်ကီတော်ကီကြီးကိုင်ကာ ရှင်လောင်းလှည့်နေသည့်ပုံ ဖြစ်သည်။ မြန်မာတို့၏ နှလုံးသားက နူးညံ့တတ်ပါသည်။ PDF များပင် အလှူလုပ်ပါစေ၊ အကြမ်းဖက် သတ်ဖြတ်ခဲ့သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် လုပ်ရပ်များလုပ်ခဲ့ပါစေ သူတို့၏အလှူလေးကို အထမြောက်စေ ချင်ကြောင်း ထိုမိတ်ဆွေက သူ၏ စေတနာအမှန်ကို ရင်ဖွင့်လေသည်။
PDF တို့၏ အကြမ်းဖက်သတ်ဖြတ်မှုများအပြင် မြို့သိမ်း၊ ရွာသိမ်းတိုက်ပွဲများကြောင့် မြို့ရွာများ ကြေပြုန်းပျက်စီးခဲ့ရသည်များ ရှိခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် PDF တို့ကို မကျေနပ်သည့် ပြည်သူများ သည် PDF တို့၏ တည်နေရာများကို သတင်းပေးခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သော်လည်း PDF တို့ဦးဆောင်၍ အလှူအတန်းပြုလုပ်ချိန်တွင် ၎င်းတို့အလှူကို ဖျက်ဆီးရန် မည်သူမျှမကြံစည်၊ မဆောင်ရွက်ခဲ့ကြဟု ဆိုလေသည်။ "သူ တို့အလှူလုပ်တာလေးလည်း အေးအေးချမ်းချမ်းအောင် မြင်စေချင်ပါတယ်"ဟု မိတ်ဆွေဖြစ်သူက မှတ်ချက်ပြုသည်။ မိတ်ဆွေဖြစ်သူ၏ မှတ်ချက်စကားကို ကြားပြီး မြိုင်ဘက်က အကြောင်းအရာတစ်ခုကို သတိရမိသွားသည်။ အလှူလုပ်သည့်ရွာက ပြည်သူ့စစ် ရွာတွင်ဖြစ်သည်။ ပြည်သူ့စစ်ရွာက အလှူတွင် ဆိုင်းနှင့် ဘိသိက် ပါဝင်လေသည်။
တောအရပ်၊ တောဒေသ သားရှင်ပြုအလှူပွဲတွင် ထင်ရှားကျော်ကြားသည့် နာမည်ကြီး ဆိုင်းနှင့် ဘိသိက်မဟုတ်ဘဲ တောဆိုင်းတောဘိသိက်ဖြင့် အလှူအတန်းလုပ်သည်ဟု ဆိုလေသည်။ ထိုသို့ ပြည်သူ့ စစ်ရွာက အလှူတွင် PDF တို့ကဝိုင်းလာပြီး ပြည်သူ့စစ်ရွာက ငှားသည့် ဘိသိက်တွင် လိုက်ပါရမည်လောဟု ဆိုကာ ဘိသိက်ဆရာကို နာမည်တပ်၍ ခေါ်လေသည်။ လက်နက်ရှိသူက ခေါ်သောအခါ ထွက်ပြေး၍ လည်း မရသဖြင့် သွားတွေ့ရလေသည်။ ဘိသိက်ဆရာလည်း သူ့တွင်ရှိသည့် ငွေခုနစ်သိန်းကို ဟိုချောင် သည်အကြား ထိုး၍ ဝှက်ထားပြီး အပြေးအလွှား သွားတွေ့ရသည်။ ထိုသို့သွားတွေ့ချိန် လက်တွင်ဝတ် ထားသည့် လက်စွပ်ချွတ်ရန် မေ့သွားသဖြင့် လက်နက်ကိုင်တို့က ဘိသိက်ဆရာကို စစ်ဆေးပြီး နောက်နောင်ပြည်သူ့စစ်ရွာမှ အလှူလုပ်လျှင် မလိုက်ရန်နှင့် ဒဏ်ကြေးအဖြစ် လက်စွပ်ကို ချွတ်ယူသိမ်းဆည်း သွားလေသည်။ အသက်ကို ရန်မမူသည်ကပင် ကျေးဇူးတင်စရာ ကောင်းလှသည်ဟု ဆိုသဖြင့် အညာတွင် ဤကဲ့သို့ လူမသိ သူမသိ ဇာတ်လမ်းများစွာရှိကြောင်း တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ကြားလိုက်ရချိန် အံ့သြမိပါသည်။ အညာက သားရှင်ပြုအလှူပွဲများက ထိုကဲ့သို့ ရှိနေကြသည်မှာ နားရှိ၍သာ ကြားရပြီး အလှူအတန်းများကိုတော့ ဖြောင့်ဖြောင့်တန်းတန်း လှူဒါန်းနိုင်ကြပါစေကြောင်း ဆုတောင်းမိပါ သည်။ ( ရွှေထီး )
(TREND News ဂျာနယ် အတွဲ (၅) ၊ အမှတ် ( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )