ဓမ္မနဲ့ အဓမ္မ အကြောင်းပြောရင်း အောက်တန်းကျနေသူများ

၂၀၂၆ ၊ ဇန်နဝါရီ ၃၀

    ဒီခေတ်၊ ဒီကာလဟာ စိတ်မချမ်းမြေ့စရာတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ ပြည့်နှက်နေတဲ့ကာလပဲ ဖြစ်ပါတယ်။ ကမ္ဘာရဲ့ ငြိမ်းချမ်းရေးအခြေအနေကလည်း ဘယ်နေ့ဘယ်အချိန်မှာ အဆိုးရွားဆုံး ပျက်စီးသွားမလဲဆိုတာ ခန့်မှန်းရခက်တဲ့ အခြေအနေပါ။ မိမိတို့နိုင်ငံမှာလည်း တည်ငြိမ်အေးချမ်းရေးထက် ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါမှာ ဘယ်လိုဒုက္ခတွေနဲ့ ကြုံရဦးမလဲ။ ငါတို့ဆီကိုရော ဒီဒုက္ခတွေ ဘယ်တော့ ကူးစက်လာမှာလဲဆိုတဲ့  ခံစားချက်တွေနဲ့ နေနေရတဲ့အချိန်ပဲ ဖြစ်ပါတယ်။ အချိန်မရွေး သားကောင် ဖြစ်သွားနိုင်တဲ့ အခြေအနေမို့ သူသူငါငါ သွားသတိ၊ စားသတိ မပြတ်ဖို့ ဂရုစိုက်နေရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ 
    ဒီလိုအခြေအနေမှာ ပြည်သူတွေ စိတ်အေးချမ်းစေဖို့၊ တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကိုရောက် ရှိစေဖို့ ဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို ထပ်မံမကြီးထွားစေဖို့နဲ့ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေ ဖြစ်အောင် စဉ်းစားဆောင်ရွက်ရမယ့် အခြေအနေပဲ ဖြစ်ပါတယ်။ အဆင်းကို ဘီးတပ်ပေးနေတာတွေက မလုပ်သင့်တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် တော်လှန် ရေးဆိုတာကလည်း လူတစ်စုရဲ့ ကိုယ်ကျိုးအတ္တကို အခြေခံရာကနေ ပုံဖျက်ကြီးထွားလာတဲ့ စွပ်စွဲချက် တစ်ခုသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ၊ ဘယ်စစ်ခေါင်းဆောင်ကမှ စစ်အာဏာရှင် စနစ်ကို အသက်သွင်းခဲ့တာ မရှိဘူး။ 
    တပ်မတော်က ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းတုန်းကလည်း ခေတ်စနစ်အခြေအနေအရ ဆိုရှယ်လစ်စနစ်ကို သွားခဲ့တာသာရှိတာ။ စစ်အာဏာရှင်စနစ်အဖြစ် ဘယ်နိုင်ငံ၊ ဘယ်ကမ္ဘာကမှ မသတ်မှတ်ခဲ့ဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းကိုလည်း စစ်အာဏာရှင်လို့ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်း အသီးသီးက သတ်မှတ်ထားခဲ့တာ မရှိဘူး။ ဒါပေမဲ့ ဘာလို့ ဒီလိုသတ်မှတ်ခေါ်ဝေါ်ကြတာလဲဆိုရင် မြန်မာ နိုင်ငံက ပြည်ပြေးတွေ၊ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေ၊ သူ့ကိုမကြိုက်တဲ့ လက်ဝဲလက်ယာ စာရေး ဆရာတွေက နိုင်ငံရေးထိုးနှက်ချက်အပေါ် အခြေခံအစပြု ရေးသားခေါ်ဝေါ်သုံးစွဲရာက စခဲ့တာပဲ ဖြစ်ပါ တယ်။ ခုထက်ထိလည်း သုံးစွဲရေးသားနေ ကြတုန်းပါပဲ။ ဒါမှ ဇာတ်နာမှာ မဟုတ်ပါလား။ 
    နဝတ၊ နယက ဟာ Military Coup မဟုတ်ပါ။ စနစ်အပြောင်းမှာ ထိန်းသိမ်းဖို့ ဆိုရှယ်လစ်အစိုးရက လွှဲပေးခဲ့တဲ့ Defacto အစိုးရပါ။ စစ်အာဏာရှင်စနစ် တည်ဆောက်ခဲ့တာမရှိဘူး။ ပါတီစုံစနစ်ကို ပြန်လည် အသက်သွင်းပေးခဲ့တဲ့အစိုးရ ဖြစ်ပါတယ်။ သူ့လက်ထက်မှာ သူဦး ဆောင် အားစိုက်ထုတ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေဟာလည်း စစ်အာဏာရှင်စနစ် အတွက်မဟုတ်ဘူးဆိုတာ ဖတ်ဖူးသူတိုင်း၊ ဥပဒေ ပညာ ရှင်တိုင်းသိတယ်။ အစိုးရအဖြစ် ကျင့်သုံးခဲ့တဲ့ NLD လည်းသိတယ်။ အမျိုးသားလုံခြုံရေးနဲ့ လက်နက် ကိုင်လမ်းစဉ် ပပျောက်စေဖို့ ထိန်းညှိပေးနိုင်ရေးကို သင့်လျော်သလို အခြေခံထားတဲ့အတွက် လစ်ဘရယ် သမားတွေ မကြိုက်တာလို့ ဆိုရမှာဖြစ်တယ်။ ဒီအပေါ်မှာ အခြေခံပြီး စစ်အာဏာရှင်တည်မြဲရေး ဘာညာ ဘာညာဆိုပြီး လျှောက်ပြောနေ၊ ရေးနေကြတာပဲ ဖြစ်တယ်။ တချို့ဆို သိတောင်မသိဘဲနဲ့ ကြားဖူးနား၀ လေဖန်းဒါန်း စီး လျှောက်ပြောနေ၊ လျှောက်ရေးကြတာပဲ ဖြစ်ပါတယ်။
    ၂၀၂၁ ခုနှစ် ပြဿနာကလည်း Military Coup မဟုတ်ဘူး။  ဖြစ်ခဲ့တဲ့ပြဿနာကို ပုံကြီးချဲ့ပြီး ပုံချနေ ကြတာက များတယ်။ စစ်အာဏာရှင်စနစ် တည်ဆောက်နေတာ မဟုတ်မှန်းလည်း အခုတိုက်ခိုက်နေကြ သူအားလုံး သိတယ်။ သိသိကြီးနဲ့ ဘာလို့လုပ်နေသလဲဆိုတာသာ အရေးကြီးတာ။ ကိုယ့်လိုဘ မပြည့်လို့၊  အဓိကက တစ်ဖွဲ့ချင်း၊ တစ်ဦးချင်းတွေရဲ့ လိုလားချက်ကိုရဖို့ အကြောင်းရှာနေကြတာပဲ ဖြစ်တယ်။ ပြည်သူတွေ နားလှည့်ပါးရိုက်ခံနေရတာလို့ ဆိုချင်တယ်။ ဒီမိုကရေစီလိုချင်တယ်။ ရထားတဲ့ အခြေခံ ဥပဒေကို တန်ဖိုးမထားကြဘူး။ စစ်တပ်အုပ်ချုပ်တာကို မလိုချင်ဘူး။ စစ်အာဏာရှင်ကို မကြိုက်ဘူးသာ ဆိုကြတယ်။ ရွေးကောက်ပွဲကြတော့ လက်မခံ။ ဒါဆို ခင်ဗျားတို့ဖြစ်ချင်တာဘာလဲ။ ငါ အာဏာရဖို့၊ ဖြစ်ချင်တာဖြစ်ဖို့ ဆိုတာကလွဲလို့ တခြားမရှိတဲ့သဘောဆိုတာ ထင်ရှားတယ်။ မရေရာမသေချာတဲ့ စစ်အာဏာရှင် ပြုတ်ကျမှ ဆက်လုပ်စရာရှိတာ လုပ်ရမှာလို့ အကြောင်းမပြနဲ့။ တိုင်းပြည်အတွက် အကျိုးလည်းမရှိ၊ ယုတ္တိလည်းမရှိဘူး။ စစ်အာဏာရှင်ဆိုတာလည်းမရှိဘူး။ 
    ခင်ဗျားတို့ဘယ်လိုပြောပြော အခုဆိုရင် ရွေးကောက်ပွဲပြီးလို့ ရွေးကောက်ခံအရပ်သားအစိုးရနဲ့ လွှတ်တော်အသီးသီး ပေါ်လာတော့မှာ ဖြစ်တယ်။ ဖြစ်လာ မယ့်အစိုးရအပေါ်မှာလည်း အရပ်သားတစ် ပိုင်း အစိုးရတို့၊ စစ်အာဏာရှင်တစ်ပိုင်း အသွင်ပြောင်း အစိုးရတို့၊ ဘာတို့ ပြောကြဦးမှာလည်း သေချာတယ်။ ဘယ်သူတွေ  ဘယ်လိုပဲပြောပြော တိုင်းပြည်အတွက် လုပ်သင့်တာတွေလုပ်ဖို့၊ ဖြစ်သင့်တာတွေ ဖြစ်လာဖို့သာ အရေးကြီးပါတယ်။ မြန်မာနိုင်ငံကိုဒုက္ခပေးနေကြတာက ကိုယ်ကျိုးအတ္တကို ရှေးရှုကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေး လုပ်စားနေကြသူတွေ၊ တစ်ယူသန်တဲ့ လက်ဝဲလက်ယာ စာရေးဆရာ တွေနဲ့ ပြည်ဖျက်မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒီအသိုင်းအဝိုင်းရဲ့ ပြောဆိုလုပ်ကိုင်တာတွေ၊ ဝါဒဖြန့် တာတွေက ဉာဏ်နည်းတဲ့ ပြည်သူတွေ၊ လူငယ်တွေအတွက် အဆိပ်ဖြစ်စေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အတိတ်မှာလည်း ဖြစ်ခဲ့ပြီးပြီ။ အခုလည်း မီဒီယာတွေကတစ်ဆင့် မှိုင်းတိုက်နေတုန်းပဲဆိုတာ သတိထား ဖို့လိုပါတယ်။ 
    ဧရာဝတီသတင်းဌာနရဲ့ ဒီအပတ် အယ်ဒီတာ့စကားဝိုင်း ထုတ်လွှင့်ချက်ဆိုရင်အတော်ဆိုးပါတယ်။ ထုတ်လွှင့်တာကတော့ အမေရိကန်ပြည် ထောင်စုမှာ ထေရဝါဒဗုဒ္ဓဘာသာဝင် သံဃာတော်တွေ တောင်ပိုင်း တက္ကဆက်ပြည်နယ်ကနေ မြို့တော်ဝါရှင်တန်ဒီစီအထိ မိုင်ပေါင်း ၂၃၀၀ ကျော်ခရီးကို ငြိမ်း ချမ်းရေးအတွက် လမ်းလျှောက်နေတဲ့အကြောင်းကို ဆွေးနွေးကြတာပဲ ဖြစ်ပါတယ်။ ဒီသံဃာတော်တွေနဲ့ ပတ်သက်တဲ့ကိစ္စကို ချီးကျူးတာ လက်ခံစရာပါ။ ဗုဒ္ဓဘာသာအနေနဲ့ လူသားတွေအပေါ် တန်ဖိုးထားတာ၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားတာ ပေါ်လွင်စေတဲ့အတွက် ဆောင်ရွက်သူတွေရော၊ ထုတ်လွှင့်သူတွေပါ ချီး ကျူးရမယ့်ကိစ္စ ဖြစ်ပါတယ်။ 
    သို့သော် ဒီကိစ္စနဲ့ နှိုင်းယှဉ်အသုံးချပြီး မိမိတို့ရဲ့ အထင်ကရ ဆရာတော်တွေ၊ သံဃာ့မဟာနာယက အဖွဲ့က ဆရာတော်တွေကို စော်ကားတာတွေကတော့ အတော်လေး စိတ်မကောင်းဖြစ်မိပါတယ်။ အထူးသဖြင့် အခုလို ICJ ပြဿနာမှာ အစွပ်စွဲခံထားရတဲ့ ဆရာတော်တွေနဲ့ပတ် သက်ပြီး ဆရာတော်တွေရဲ့ သဘောထားနဲ့ အခြေအနေမှန်ကို ရှင်းပြရမယ့်အစား ဖိနင်းပြီး ရယ်သံကျဲကျဲနဲ့အတူ ရိသဲ့သဲ့ ပြောဆို သုံးနှုန်းသွားတာကတော့ အတော်အသည်းနာစရာ ကောင်းပါတယ်။ အောင်ဇော်သုံးတဲ့ အသုံးအနှုန်း အတိုင်းဖော်ပြရရင် 'တစ်ယောက်က သီတဂူဆရာ တော် ဦးဉာဏိဿရ၊ တစ်ယောက်က ဦးဝီရသူ'လို့ သုံးသွားတာ သတိထားမိတယ်။ တစ်နေရာမှာ ဦးဝီရသူကို ဦးမတတ်ဘဲ ဝီရသူလို့ သုံးသွားတာလည်း သတိထားမိပါတယ်။ မြန်မာဖြစ်ရဲ့သားနဲ့၊ မြန်မာစကား သုံးရဲ့သားနဲ့ ရဟန်းတော်တွေကို 'ယောက်' လို့သုံးသွားတာ ဘာသဘောလဲ။ အမှုမဲ့ အမှတ်မဲ့လား၊ မသိလို့လား၊ နှိမ့်ချပြီး သုံးတာလား ဆိုတာတော့ သူ့တို့ဘာသာပဲ သိလိမ့်မယ်ထင်တယ်။ မီဒီယာသမားတွေအနေနဲ့ စာအသုံးအနှုန်း၊ စကားအသုံးအနှုန်းကို အဓိကထားကြတဲ့အတွက် တမင်များနှိမ့်ချပြီး သုံးသလားတော့မသိပါ။ သူ့သဘာ၀အရ အဲဒီလိုသုံးတာ သတိထားမိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သုံးတာ 'ဗိုလ်ချုပ်မင်းအောင်လှိုင်၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်}စသဖြင့် ခဏခဏသုံးတာ တွေ့ရတယ်။ ဒါဟာ ဘာသဘောလဲဆိုတာ မီဒီယာသမားအချင်းချင်း သိကြပါတယ်။ ဒီဆရာတော်နှစ်ပါးဟာ ဗုဒ္ဓဘာသာအရ ပြောမယ်ဆိုရင် သုတဗုဒ္ဓထိုက်တဲ့ ဆရာတော်တွေပါ။ 
   သီတဂူဆရာတော်ကြီးဆိုရင် လက်ရှိအချိန်မှာ ထေရဝါဒ ဗုဒ္ဓသာသနာရဲ့သံဃာ့ ဦးသျှောင် ဆရာတော် တစ်ပါးလို့ဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးကိစ္စမှာ ပါဝင်မိန့်ခွန်းပြောခဲ့တာတွေ အများကြီးပါ။ အခု Walk For Peace သံဃာတော်တွေထက် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အများကြီး စွမ်းဆောင်ခဲ့တာ၊ ဟောပြောခဲ့တာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာသံဃာ တစ်ပါးအနေနဲ့ ကုလသမဂ္ဂအဆင့် ငြိမ်းချမ်းရေးဆွေး နွေးနိုင်သူအဖြစ်ကမ္ဘာက လက်ခံထားတာပါ။ ၂၀၁၄ ခုနှစ်ကစပြီး United Nations - UN Vesak  (ကမ္ဘာ့ဗုဒ္ဓနေ့)ဆွေးနွေးပွဲတွေမှာ အကြိမ်ကြိမ် ဖိတ်ကြားခံရပြီး တက်ရောက်ခဲ့တာ၊ World Buddhist Summit? Global Buddhist Conferences တွေ တက်ရောက်ခဲ့တာ၊ ဘာသာပေါင်းစုံ ဘာသာရေး အပြန်အလှန်ဆွေး နွေးပွဲ (Interfaith Dialogue)တွေ တက်ရောက်ခဲ့တာ၊ သီတဂူအပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆောင်ရွက်ခဲ့တာတွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာအတွက် ဂုဏ်ဆောင်ခဲ့ တာတွေပဲ ဖြစ်ပါတယ်။ 
    ဒီပွဲတွေမှာ ဆရာတော်ကြီးဟောပြောခဲ့တဲ့ ဗုဒ္ဓအလိုကျ ငြိမ်းချမ်းရေးတရားတွေကို လက်မခံတဲ့သူ ဘယ်သူရှိသလဲ။ ဆရာတော်ကြီးရဲ့ ငြိမ်းချမ်းရေးတရားမိန့်ခွန်းတွေရဲ့ အနှစ်ချုပ်က "အကြမ်းဖက်မှုကို လက် နက်နဲ့မပျောက်နိုင်ဘဲ စိတ်ဓာတ်အတွေးအခေါ်ပြောင်းလဲမှ ပျောက်နိုင်မယ်။ ဘာသာရေးတွေဟာ ပဋိပက္ခရဲ့အကြောင်းရင်း မဟုတ်ဘဲ မသိမြင်မှုနဲ့ အစွန်းရောက်မှုကသာ အကြောင်းရင်းဖြစ်တယ်။ ငြိမ်း ချမ်းရေးဆိုတာ အစိုးရစာချုပ်သာမကဘဲ လူ့စိတ်ထဲက စည်းကမ်းဖြစ်မှသာ ခိုင်မြဲမယ်၊ ငြိမ်းချမ်းရေးဆိုတာ စစ်ရပ်ခြင်းမဟုတ်ဘဲ မတရားမှုရပ်ခြင်းသာ ဖြစ်တယ်။ ပညာရေးနဲ့ သာသနာရေး မပေါင်းရင် အကြမ်းဖက်စိတ်ဓာတ် မပျောက်နိုင်ဘူး၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းဘက်ကနေသာ ကြီးမြတ်ကြပါစေ" ဆိုတာပဲ ဖြစ်ပါတယ်။ လူသားအဖွဲ့အစည်း အချင်းချင်းသာမက လူတစ်ဦးချင်းအထိပါ လိုက်နာသင့်တယ်ဆိုတဲ့အထိ ချဉ်းကပ်ဟောပြောခဲ့တာ ကမ္ဘာမှာ ဘယ်သူ၊ ဘယ်အဖွဲ့အစည်း ရှိပါသလဲ။ ကမ္ဘာအနှံ့မှာ ဘာသာရေးအမည်နဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေချိန်မှာ ဆရာတော်ကြီးရဲ့ မိန့်ခွန်းတွေဟာ Moderate Voice အဖြစ် ကမ္ဘာမှာ သတ်မှတ်ခဲ့ကြတာပဲဖြစ်ပါတယ်။ မကြိုက်တဲ့သူ၊ မကြိုက်တဲ့ အဖွဲ့အစည်းတွေ ရှိကြမှာပါ။ ဘယ်သူတွေလဲဆိုတာတော့ ခန့်မှန်းလို့ရကြလိမ့်မယ်ထင် ပါတယ်။ 
    ဒီလို ကမ္ဘာ့အသိုင်းအဝိုင်းက လက်ခံတဲ့ဆရာတော်ကြီးကို ICJ မှာ ထည့်သွင်းခဲ့တာ ဘာကြောင့်လဲဆိုရင် ဘာသာရေးအရ မရိုးသားမှုလို့သာ ဆိုရမှာဖြစ်ပါတယ်။ ဆရာတော်ကြီး ဟောပြောခဲ့တဲ့ တရားကို နေရာဌာနလိုက်ပြီး လိုတဲ့အပိုင်းကို ဖြတ်ညှပ်ကပ် စွပ်စွဲပြော ဆိုခြင်းသာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်(မြောက်ပိုင်း)မှာ ဖြစ်ခဲ့တဲ့ပြဿနာဟာ ရိုးရှင်းတဲ့ပြဿနာမဟုတ်ဘဲ ကမ္ဘာ့မွတ် ဆလင်အဖွဲ့အသီးသီးရဲ့ ကျောထောက်နောက်ခံနဲ့ အချိန်ကိုက်ဖောက်ခွဲတဲ့ ပြဿနာဖြစ်တယ်ဆိုတာ မြန်မာတစ်နိုင်ငံလုံး နားလည်ကြတယ်။ သိလည်းသိကြတယ်။ ကျူးလွန်ခဲ့ကြတဲ့သူတွေကိုယ်တိုင်လည်း မလိမ်ညာစတမ်းပြောရရင် သိကြမှာအမှန်ပါ။ သိသိကြီးနဲ့ ဘာကြောင့်လုပ်တာလဲဆိုရင် အမှုဆင်ပြဿ နာဖြစ်တဲ့အခါမှာ အနိမ့်ဆုံးအဆင့် အငြင်းအခုံဖြစ်တာနဲ့တင် သူတို့အတွက် အမြတ်ဆိုပြီး ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။ ဒီကျူးကျော်မှုကို ဖြေရှင်းနေရတဲ့တပ်မတော် သားတွေအနေနဲ့ အမျိုး၊ ဘာသာ၊ သာသနာ၊ မိမိနိုင်ငံ၊ မိမိနယ်မြေကို ကာကွယ်ရမယ့်တာဝန် ထမ်းဆောင်နေ ရတာဖြစ်တယ်ဆိုတာကို စိတ်အားတက်ကြွစွာနဲ့ တာဝန်ထမ်းဆောင်ဖို့ ဟောပြောတာပဲရှိတယ်။ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်ဖို့ အားပေးတာ အပြစ်လို့ဆိုမလား။ သူများက စွပ်စွဲပြောဆိုရင်တောင် ကိုယ်ကဖြေရှင်းပေးရမှာ၊ မှန်နေရင်တောင်ဖုံးပေးရမယ့်ကိစ္စမှာ အောင်ဇော်နဲ့ ရဲနည်က ဝမ်း မြောက်ဝမ်းသာစွာ အပြစ်တင်ပြောဆိုတဲ့သဘောကဘာလဲ။ ဒီလူတွေက ဘာတွေလဲ။ မြန်မာတွေမှ ဟုတ်ရဲ့လား။ မြန်မာနဲ့ မြန်မာပြည်ကို တကယ်ချစ်ရဲ့လားဆိုတာ သုံးသပ်သတိထားရမှာပါ။ 
    ဦးဝီရသူနဲ့ပတ်သက်လို့ ဆွေးနွေးရရင် အငြင်းအခုံဖြစ်စရာ အများကြီးရှိမှာပါ။ အောင်ဇော်တို့ ကြည့်နေတဲ့အကြည့်၊ မြင်နေတဲ့အမြင်က ဘက်အနေနဲ့ဆိုတာ ရှင်းပါတယ်။ ဦးဝီရသူကို တပ်မတော်က မွေးထားတာဆို တဲ့စကားဟာ မမှန်ပါဘူး။ ဆရာတော်ဟာ ပြောင်းလဲလာ တဲ့ခေတ်မှာ သူ့အမြင်နဲ့ ဘာသာခြား လွှမ်းမိုးမှုကို ကာကွယ်နေတဲ့သူသာ ဖြစ်ပါတယ်။ သူပထမဆုံးထောင်ကျခဲ့တာက ၂၀၀၃ ခုနှစ် တပ်မတော်အစိုးရ လက်ထက်မှာပါ။ မိတ္ထီလာ ဘာသာရေးပဋိပက္ခအရ ထောင်ဒဏ် ၂၅ နှစ် ကျခံခဲ့ရပြီး ၂၀၁၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာ ခဲ့တာပဲဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တပ်မတော်က မွေးထားတယ်ဆိုတာ ဟုတ်ပါ့မလား။ NLD လက်ထက်မှာ NLD နဲ့ ဖြစ်တဲ့ပြဿနာက NLD က ဦးဆောင်ပြီး ဘာသာအားလုံး တန်းတူဆိုတာတွေ၊ ဘာသာခြားတွေကို အထက်မှာထိုင်ခိုင်းပြီး ကိုရင်လေးတွေကို အောက်မှာ ထိုင်ခိုင်းတာတွေ စသဖြင့် မိမိတို့ဘာသာကို နှိမ့်ချဆက်ဆံတဲ့အစိုးရအဖြစ် မြင်ရာက ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မတော်နဲ့ ဘာမှမဆိုင်ပါ။ ဆိုင်တာက အမျိုး၊ ဘာသာ၊ သာသနာအပေါ် တန်ဖိုးထားတာခြင်းတူတာပဲ ဖြစ်တယ်။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မုန်းတီးမှုအကြောင်းရင်း တွေက ဆရာတော်ကြောင့် ဖြစ်လာခဲ့တာ မဟုတ်ဘဲ အဲဒီအကြောင်းရင်းတွေကြောင့် ဦးဝီရသူဖြစ်လာတာလို့ ဆိုရမှာပါ။ အတူယှဉ်တွဲနေထိုင်ရာမှာ လူ့စည်း ဘီလူးစည်း၊ သူ့စည်း ကိုယ့်စည်းနဲ့ မနေသမျှ၊ ဒီအကြောင်းရင်းတွေ ရှိနေသမျှ လက်ရှိ ဦးဝီရသူမရှိတော့ ရင်တောင် ဦးဝီရသူအသစ်တွေ ပေါ်လာဦးမှာပဲ ဖြစ်ပါတယ်။ ဒါကို နိုင်ငံကိုဦးဆောင်နေသူတွေ၊ Stakeholder တွေ သတိထားဖို့လိုမှာပါ။ ဆရာတော် အပေါ် အောင်ဇော်တို့မြင်တဲ့အမြင်က ရန်ဘက်အမြင်သက်သက်လို့သာ ဆိုရမှာပဲ ဖြစ်ပါတယ်။ 
    နောက်ထပ်တွေ့ရတာက ဒီဆရာတော် နှစ်ပါးကို စော်ကားထားတာအပြင် သံဃာ့မဟာနာယက ဆရာတော်တွေကိုပါ စော်ကားထားတာပဲ ဖြစ်ပါတယ်။ ဆရာတော်တွေက တပ်မတော်ရဲ့ ပေးစာကမ်း စာစားထားတဲ့အတွက် ဓမ္မဘက်က မလိုက်ဘဲ အဓမ္မဘက်ကလိုက်တဲ့သဘော စွပ်စွဲထားတာ၊ ဆရာ တော်တွေနဲ့  သံဃာငယ်တွေကို ရန်တိုက်ပေးထားတာ တွေ့ရပါတယ်။ ခြုံကြည့် ရင် ၂၀၂၁ ဖြစ်စဉ်အရ တပ်မတော်က အဓမ္မ၊ NLD နဲ့ လက်ရှိဖြစ်နေကြတဲ့ NUG ၊ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဓမ္မလို့ဆိုပြီး ဆရာတော်တွေရဲ့ အသံထွက်လာအောင် ဖိအားပေးလှုံ့ဆော်တဲ့သဘော၊ အဲဒီလို အသံမထွက်လာရင် သံဃာငယ်တွေက ဆရာတော်တွေကို ဖိအားပေးရမယ်ဆိုတဲ့ သဘောမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်အရေးအခင်းကို ညွှန်းပြပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာတွေအပေါ်မှာ သံဃာထုအနေနဲ့ လမ်းပေါ်ထွက်လာအောင် လှုံ့ဆော်တာပဲ ဖြစ်ပါတယ်။ 
    အောင်ဇော်တို့ပြောတဲ့ ဓမ္မ၊ အဓမ္မက အတော်တော့ ရယ်စရာကောင်းတယ်။ ငါ့ဘက်က ဘာလုပ် လုပ် ဓမ္မ၊ ငါမုန်းတဲ့ဘက်က ဘာလုပ်လုပ် အဓမ္မ၊ ဒီလို မဟုတ်လား။ ဆရာတော် သံဃာတော်တွေဟာ ဓမ္မ၊ အဓမ္မနဲ့ အကောင်းအဆိုးကို ခွဲခြားနားလည်တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ရဟန်းသံဃာတွေပါ စော်ကား ပြီး သတ်နေတာ ဘယ်သူတွေလဲဆိုတာလည်း မြင်တွေ့နေရတာပဲ မဟုတ်လား။ ဒီအချိန်မှာ ဆရာ တော်တွေ၊ သံဃာတော်တွေကို ဘေးအန္တရာယ်ကင်းအောင် အေးချမ်းစွာ သီတင်းသုံးနိုင်အောင် တပည့် ဒါယကာ၊ ဒါယိကာမတွေက စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်။ မိမိတို့ကိုးကွယ်ရာကို  ပြစ်တင်ဝေဖန်၊ မခံချိမခံသာဖြစ်အောင်လှုံ့ဆော်ပြီး နိုင်ငံရေးမှာ ပါဝင်လာအောင် အသုံးချဖို့ ကြိုးစားတာကတော့ အောက်တန်းကျလှပါတယ်။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 28

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60127

© 2022 - 2026 News. All Rights Reserved.