၂၀၂၆ ၊ ဇန်နဝါရီ ၃
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အပိုင်း(၁) ကို ဒီဇင်ဘာ ၂၈ ရက်မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ နှောင့်ယှက်မှုပေါင်း များစွာထဲက အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဖျက်လိုဖျက်ဆီး လုပ်ချင်သူတွေက မတိုင်ခင်မှာရော ပြီးတဲ့နောက်မှာရော နည်းမျိုးစုံနဲ့ ဝေဖန်ပြစ်တင်ကြတာတွေ၊ နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ကြတာတွေ ရှိခဲ့ကြပေမယ့် သူတို့မှန်းထားသလို မဖြစ်ဘဲ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ဖြစ်တည်ပြောင်းလဲလာမယ့် အနာဂတ်အတွက် အားရဝမ်းသာစရာလို့ ဆိုရမှာပါ။
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်က တိုးတက်ပြောင်းလဲလာမယ့် အခြေအနေကို မနာလို မရှုဆိတ်နိုင်သူတွေကို လေ့လာကြည့်ရင် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းတချို့၊ NUG အပါအဝင် ပြည်ပြေးအဖွဲ့အစည်းတွေနဲ့ PDF အဖွဲ့အစည်း အသီးသီးပဲ ဖြစ်ကြပါတယ်။ ဒီအဖွဲ့အစည်း အသီးသီးရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ရင် ရွေးကောက်ပွဲကို သိက္ခာကျအောင်၊ ပြည်သူတွေ မလာအောင် နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုးဆုံးက ခြိမ်းခြောက်ကြတာ ပဲဖြစ်ပါတယ်။ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ တွင်တွင်ပြောနေကြသူတွေက ရွေးကောက်ပွဲပျက်စေဖို့ ဗုံးခွဲ တိုက်ခိုက်တာ၊ ရှော့ခ်တိုက်ဒုံးနဲ့ပစ်တာ၊ မဲပေးရမယ့်ရက် မတိုင်ခင်မှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမှာမို့လို့ ပြည်သူတွေ ရှောင်ကြပါဆိုတာတွေဟာ လုပ်သင့်တဲ့အလုပ် ဟုတ်၊ မဟုတ်ဆိုတာ ပြည်သူတွေ စဉ်းစားကြရမှာ ဖြစ်ပါတယ်။
စစ်တပ်က ပြည်သူတွေကို ဗုံးကြဲတယ်၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွေး ကောက်ပွဲ ကျင်းပမယ့်ရက်မှာ အချိန်ကိုက် ဗုံးခွဲတာ၊ ရှော့ခ်တိုက် ဒုံးနဲ့ပစ်လို့ ပြည်သူတွေ ဒဏ်ရာရတာတွေနဲ့ ယှဉ်ကြည့်ဘယ်သူက ယုတ်မာတယ်ဆိုတာ ရှင်းတယ်။ တပ်မတော်က ဘယ်ပြည်သူ့ဆေးရုံ၊ ဘယ်စာသင်ကျောင်းမှ အသားလွတ်လိုက်ပြီး ဗုံးမကြဲဘူး။ နိုင်ငံတော် ပိုင်ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို စစ်စခန်းအဖြစ် အကာအကွယ်ယူထားလို့သာ ဗုံးကြဲတာ။ တပ်မတော်က ခေတ္တဆုတ်ပေးထားပြီး လက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးထားတဲ့နေရာမှာ ကလေးတွေ စာသင်လို့ ရ ၊ မရ အရင် စုံစမ်းကြည့်ကြပါဦး။ ရွေးကောက်ပွဲနဲ့ အချိန်ကိုက်တိုက်ခိုက်တာဟာ တမင်သက်သက် အကြမ်းဖက်တာသာ ဖြစ်ပါတယ်။ စစ်ကော်မရှင်က ခြိမ်းခြောက်လို့ မဲပေးရမှာ စိုးရိမ်နေရတာတို့၊ မဲ လာမပေးရင် အဖမ်းခံရမှာစိုးလို့ ဆိုတာတွေကလည်း ခြေခြေမြစ်မြစ် မရှိတဲ့ ပြောဆိုချက်တွေပဲ ဖြစ်ပါတယ်။ အမှန်တကယ်က မဲလာပေးနိုင်မယ့် ပြည်သူတွေကို မဲလာမပေးရဲအောင် သူတို့ကသာ နည်းမျိုးစုံနဲ့ခြိမ်း ခြောက်နေကြတာပဲ ဖြစ်ပါတယ်။
တပ်မတော်က ဦးဆောင်ကျင်းပပေးတဲ့လက် ရှိရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်နေကြတာတွေကို ကြည့်ရင် လူပြိန်းနည်းနဲ့ တိုက်ခိုက်နေကြတာတွေက ပိုများပါတယ်။ တချို့နိုင်ငံတွေကပင် လူပြိန်း နည်းနောက်လိုက်ပြီး ထင်ကြေးပေး သံယောင်လိုက်နေ ကြတာတွေ့ရပါတယ်။ ဇော်ဝေစိုးတို့၊ မင်းကိုနိုင်တို့အပြော တွေကိုကြည့်ရင် တကယ့်လူပြိန်းကြိုက်တွေပါ။ တိုင်းပြည်အတွက် ဘာတန်ဖိုးမှမရှိ ဘူး။ ဒီလိုလူပြိန်းကြိုက်အသားလွတ် စွပ်စွဲပုတ်ခတ် ပြောနေကြသလို တကယ်ပဲ ပညာရှင်လိုလို၊ ဘာလိုလိုနဲ့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် လိုရာဆွဲပြောကြသူတွေလည်း တွေ့ရပါတယ်။
ဧရာဝတီက ဗျူးထားတဲ့ Spring Sprouts Myanmar က ထင်ကျော်အေးနဲ့ အင်တာဗျူးကိုကြည့်ရင် ရဲနီက ထောင်ပေးလိုက်၊ ထင်ကျော်အေးက ခုတ်ချလိုက်နဲ့ အတိုင်အဖောက်ညီနေကြတာကို တွေ့ရပါလိမ့်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အားနည်းချက်ရှာအပုပ်ချ ထားတာပဲဖြစ်ပါတယ်။ မသိရင်တော့ ဟုတ်သလို လို၊ ဘာလိုလိုပါ။ တချို့ဟာတွေက အားနည်းချက်မဟုတ်ဘဲ လိုရာဆွဲပြီး ပြောနေတာကို သတိထားကြည့် ရင်တွေ့ ရမှာ ဖြစ်ပါတယ်။ Spring Sprouts Myanmar ဆိုတာကလည်း ၂၀၂၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး လက်ရှိ အစိုးရကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် အမှန်အတိုင်း သုံးသပ်ပြောဆိုမှာ မဟုတ်တာ ရှင်းပါတယ်။ ပြည်သူကို နဝေတိမ်တောင် ဖြစ်အောင်လုပ်ပြီး သူတို့ ဘက်ပါအောင်၊ သူတို့ လိုတာရ အောင် လုပ်လိမ့်မယ်ဆိုတာ နားမထောင်ခင်ကတည်းက အဖြေထွက်ပြီးသားပါ။ ဝေဖန်သုံးသပ်တာကို လက်ခံလို့ရပါတယ်။ လိုရာဆွဲ ဝါဒဖြန့်နေတာကတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။ ဒါကို ပြည်သူတွေမြင်ဖို့ လိုပါတယ်။
အဲဒီအင်တာဗျူးကို ခေါင်းစဉ်တပ်ထားတာက 'ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ'ပါ။ ဒီလိုခေါင်းစဉ်တပ်ထားတာကို ကြည့်ရုံနဲ့တင် အထဲမှာ ဘယ်လိုလမ်းကြောင်း မျိုးနဲ့ဆွေးနွေးမေးမြန်းမယ်၊ ဖြေကြားမယ်ဆိုတာ ရှင်းပါတယ်။ ဘယ်အရာတွေကများ ပုံပျက်ပန်းပျက်ဖြစ်ခဲ့လို့လဲ။ ရွေးကောက်ပွဲတိုင်းမှာ လိုအပ်ချက်ဆိုတာ ရှိစမြဲပါ။ ပြီးပြည့်စုံတယ်ဆိုတာ၊ ပုံမပျက်တဲ့ စတိုင်ကျတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုအခြေ အနေမျိုးကို ဆိုလိုတာလဲ။ NLD အစိုးရလက်ထက်က ရန်ကုန်စည်ပင်သာယာ ရေးကော်မတီအတွက် ကော်မတီဝင်ကို မဲပေးပြီး ရွေးတဲ့ရွေး ကောက်ပွဲ မှတ်မိကြသေးရဲ့လား။ မဲလာပေးတဲ့သူ မရှိလို့ နှစ်ယောက် တစ်ပိုင်းမဲနဲ့ ကော်မတီဝင်ဖြစ်သွားတာလေ။ ဘယ်သူတွေက ဘာတွေများ ဝေဖန်ကြလို့လဲ။ သူ့ ဥပဒေနဲ့သူ ညီနေတာကိုက ရွေးကောက်ပွဲအောင်မြင်တဲ့ သဘောပဲ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက် ခွဲခြားကျင်းပ တာနဲ့ပတ်သက်ပြီး လုံခြုံရေးအခြေအနေအရဆိုတဲ့ အခြေအနေအပြင် နှစ်ချက်ပြောတာ တွေ့ရတယ်။ မဲပေးစက် မလုံလောက်လို့ဆိုတာနဲ့ ပထမရွေးကောက် ပွဲ မဲမရရင် နောက်ရွေးကောက်ပွဲမှာ နည်းမျိုးစုံနဲ့ ဖိအားပေး မဲရအောင်လုပ်ဖို့၊ စစ်အုပ်စုနဲ့ စစ်အုပ်စု လိုလားသူတွေအကျိုးရှိဖို့အတွက် လိုသလိုလုပ်လို့ ရသွားအောင်လို့ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိဘဲ ထင်ကြေးနဲ့ ပြောသွားတာ တွေ့ရပါတယ်။ မဲပေးစက်ကိစ္စနဲ့ပတ်သက်ပြီး လက်နက်ခဲယမ်းတွေကို ငွေကြေးမြောက်မြားစွာသုံး စွဲဝယ်ယူနေပေမယ့် ရွေးကောက်ပွဲအတွက်လိုအပ်တာကို စနစ်တကျ ပြင် ဆင်ခြင်းမရှိဘူးဆိုတဲ့ သဘောနဲ့ပြောသွား တာတွေ့ရတယ်။ ဒီအပြောကို ကြည့်ရုံနဲ့တင် ပညာရှင်ဆန်ဆန် လိုအပ်ချက်ကို အထောက်အထားနဲ့ ထောက်ပြတာထက် အပုပ်ချ ပြောနေတယ်ဆိုတာက ပိုထင်ရှားပါတယ်။ ဒုတိယရွေးကောက်ပွဲမှာ ဖိအားပေး၊ မဲရအောင် လုပ်မယ်ဆိုတာက ပြည်သူတွေနဲ့ နိုင်ငံတကာကို မသမာတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်ဆိုတဲ့ အချက်ကို အသံလွှင့်တာ၊ ရွေးကောက်ပွဲနဲ့ တပ်မတော်ကို အပုပ်ချတာသာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ မဲစာရင်းနဲ့ပတ်သက်လို့ ၂၀၁၅ -၂၀ တုန်းက ဆောင်ရွက်သွားတာတွေနဲ့ယှဉ်ပြီး ပြောဆိုသွားတာ တွေ့ရပါတယ်။ မဲစာရင်းတွေရဲ့ သဘာဝက မှန်ကန်ဖို့ ခက်ခဲတဲ့အတွက် ပြန်လည် ပြင်ဆင်ဖို့အချိန်ပေးရတာကို ပြောပြီး ၂၀၂၀ တုန်းက မဲစာရင်းပြန်ပြင်ဖို့ အချိန်ယူခဲ့တဲ့အ တွက် မှန်ကန်တဲ့ မဲစာရင်းပုံစံမျိုးပြောသွားတာ တွေ့ရပါတယ်။ အခုရွေးကောက်ပွဲက မဲစာရင်းအတွက် အချိန်လုံလောက် စွာမပေးလို့ ၂၀၂၀ ကလောက် မမှန်နိုင်ဘူးလို့ ဆိုပါတယ်။ ဒီပြောကြားချက်ရဲ့ အဖြေက တစ်ခုတည်းပါ။ ၂၀၂၁ ခုနှစ်က မဲစာရင်းနဲ့ မဲမသမာမှုကိစ္စကို တပ်မတော်က ဆောင်ရွက်ခဲ့တာတွေနဲ့ပတ်သက်လို့ ပြန်လည်ချေဖျက်ပြီး လက်ရှိရွေးကောက်ပွဲကို ၂၀၂၀ က ရွေးကောက်ပွဲလောက်တောင် အဆင့်မရှိဘူးလို့ ဆိုတာပဲ ဖြစ်ပါတယ်။ ၂၀၂၀ မဲမသမာမှု ဖြစ်စဉ်မဲစာရင်းက မဲစာရင်းမပါလို့၊ မှားနေလို့ ပြန်ပြင်ရုံသက် သက်မဟုတ်ဘူး။ လူ့သဘာဝအရ ကိုယ့်နာမည်မပါလို့၊ မှားလို့ မဲစာရင်းပြင်တာ သဘာဝကျပါတယ်။ ဖြစ်လည်းဖြစ်သင့်ပါတယ်။ ဒါပေမဲ့ သူများနာမည်တွေထပ်နေတာ၊ သေတဲ့သူ မဲစာရင်းမှာပါပြီး မဲလာပေးတဲ့စာရင်းမှာလည်း ထပ်ခါထပ်ခါ ပါနေတာကို ဘယ်သူမှ ရေးကြီးခွင်ကျယ်လုပ်နေကြမှာ မဟုတ်ဘူး။ ပြင်ဖို့၊ ထောက်ပြဖို့လည်း လုပ်ကြမှာမဟုတ်ဘူး။ အဲဒီအပေါ်မှာ အခွင့်ကောင်းယူ ဆောင် ရွက်ခဲ့ကြတဲ့ အတွက် အမှန်တကယ် ကျူးလွန်ခဲ့တဲ့ စာရင်းပို၊ စာရင်းလိမ်တွေဟာ သက်သေအထောက်အထားတွေနဲ့ ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုချိန်ထိ ဒီစာရင်းတွေ သက်သေအဖြစ် သိမ်းဆည်းထားတုန်းပဲ ရှိပါသေးတယ်။ အခုရွေးကောက်ပွဲရဲ့ မဲစာရင်းမှားနိုင်မှုကို အခြေခံအပုပ်ချပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် တပ်မတော်လုပ်တဲ့ ရွေးကောက်ပွဲလည်း သိက္ခာကျ၊ ၂၀၂၀ မဲ မသမာမှုကိုလည်း အမြတ်ထုတ် ရှင်းလင်း ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။
ဒီအင်တာဗျူးက မဲမပေးမီ ဘယ်အချိန်ကတည်းက မေးထားမှန်းမသိပေမယ့် ၂၈ ရက် ရွေးကောက်ပွဲအပြီး ၂၉ ရက်မှာ ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။ ဒီအချိန်မှာ ထုတ်လွှင့်တာက ရွေးကောက်ပွဲ ကို သေးသိမ်အောင်နဲ့ ကျန်နှစ်ပိုင်းကို မအောင်မြင်အောင် ရည်ရွယ်တိုက်ခိုက်ခြင်းသာ ဖြစ်ပါတယ်။ အား လုံးကို ခြုံကြည့်လိုက်ရင် တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ ရွေးကောက်ပွဲအင်္ဂါရပ်နဲ့ မညီဘူးလို့ ဆိုထားတာပဲဖြစ်ပါတယ်။ မေးလိုတာက တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘာလဲ။ ရွေးကောက်ပွဲ အင်္ဂါရပ်ဆိုတာဘာလဲ။ ဘယ်စနစ်အပေါ်မှာ အခြေခံပါသလဲ။ ကွန်မြူနစ်၊ ဆိုရှယ်လစ်တွေရဲ့ရွေးကောက် ပွဲနဲ့ အရင်းရှင်စနစ် ရွေးကောက်ပွဲတွေ တူပါရဲ့လား။ စံဆိုတာ ကိုယ့်နိုင်ငံနဲ့ လက်ရှိအခြေအနေကို ထည့်သွင်းစဉ်းစားမှသာ အကျိုးရှိမှာပါ။ ဖိုးလမင်းကြီးကို 'ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါ'လို့ တောင်းနေလို့ မရပါဘူး။ ဟိုလူမပါလို့၊ ဒီလူမပါလို့၊ တရားမျှတမှု မရှိဘူးလို့ ဆိုလို့လည်း မရပါဘူး။ မပါဖြစ်တဲ့ အကြောင်းရင်းနဲ့ မပါနိုင်တဲ့အခြေအနေကို မပါလို့ တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးဆိုရင်လည်း ပြောချင်တာက 'ဘေးထိုင် ဘုပြောသာ လုပ်နေလိုက်ပါ'လို့ ပြောရုံကလွဲလို့ တခြားအဖြေမရှိဘူး။
ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအတွက် အခြေခံအားဖြင့် အင်္ဂါရပ် ငါးခုပဲရှိပါတယ်။ ဒါကလည်း စံမဟုတ်ဘူး။ လွတ်လပ်မှု၊ မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ လုံခြုံမှု၊ ပြည်သူ့ဆန္ဒကို တိကျစွာ ကိုယ်စားပြုနိုင်မှုသာ ဖြစ်ပါတယ်။ အဲဒီအချက်တွေအတွက်လည်း သီးခြားစံမရှိဘူး။ ဒီအချက်တွေအပေါ်မှာလည်း အယူအဆအမျိုးမျိုး၊ အမြင်အမျိုးမျိုး၊ စံအမျိုးမျိုးနဲ့ ပြောနေကြဦးမှာပါပဲ။ ရွေးကောက်ပွဲ အင်္ဂါရပ်နဲ့စံဆို တာ သိပ္ပံပညာမှာလို ဟိုက်ဒရို ဂျင်နှစ်ဆ၊ အောက်စီဂျင်တစ်ဆရောလို့ ရေဖြစ်သလိုမျိုး စံမရှိဘူး။ ဒါကြောင့်လည်း ၂၀၂၀ မှာ NLD က မဲမသမာမှုလုပ်ခဲ့တာ။ အောင်မြင်ခဲ့ရင် ဘယ်သူဘာပြောမှာလဲ။ အဖြေကဒါပဲ။ ဥပမာ ပြည်သူ့ဆန္ဒကို တိကျစွာ ကိုယ်စားပြုမှုဆိုတာကို ဖွင့်ဆိုကြည့်။ မဲပေးခွင့်ရှိရဲ့သားနဲ့ မဲလာမပေးတာ ဘာမှပြောလို့ မရသလို သူပေးထားတဲ့မဲကို တန်ဖိုးထားပြီး မခိုးဖို့လည်း လိုပါတယ်။ ဒါပေမဲ့ ပြည်သူ့ဆန္ဒ ဘယ်လိုပဲပြောပြော ဥပဒေနဲ့စနစ်ကိုတော့ ပြည်သူလည်း ကျော်လို့မရပါဘူး။ စနစ်အရ ပယ်မဲ ဖြစ်သွားတာတွေဟာ ပြည်သူ့ဆန္ဒကို ကိုယ် စားပြုရာ မရောက်ဘူးဆိုတာ နားလည်ဖို့လိုပါတယ်။
ဘယ်လိုပဲပြောပြော၊ ဘာတွေပဲ ဝေဖန်ဝေဖန် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲ အပိုင်း (၁) ကတော့ အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ။ ပူစပ်ပူလောင် ခံစားရသူတွေရှိသလို ဝမ်းမြောက်ဝမ်းသာ ဖြစ်တဲ့သူတွေလည်း တွေ့ရပါတယ်။ ရွေးကောက်ပွဲအပြီး ဒီဇင်ဘာ ၂၉ ရက်မှာ ဧရာဝတီက သတင်းတစ်ပုဒ် ထုတ်ပြန်တယ်။ 'ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ် စားလှယ် တွမ်အင်ဒရူးက နိုင်ငံတ ကာ အသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံမှာ ပြုလုပ်နေတဲ့ တရားမဝင်ရွေးကောက်ပွဲကို ပြတ်ပြတ်သား သား ငြင်းပယ်ကြရန် တိုက်တွန်းတယ်'လို့ ရေးသားထားတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲအပိုင်း(၁)နဲ့ ပတ်သက်ပြီး ဒီလူ အတော်စပ် သွားပုံရပါတယ်။ နဂိုကတည်းက အခံမကောင်းတဲ့သူ ဒီစကားဆိုပြီဆိုက တည်းက ရွေးကောက်ပွဲ အတော်အောင်မြင်တယ်ဆိုတာ ထင်ရှားပါတယ်။
Pan Orient News ကတော့ 'မြန်မာနိုင်ငံ၏သမိုင်းဝင်ရွေးကောက်ပွဲကြောင့် စီးပွားရေးအခွင့်အလမ်းများ တိုးတက်လာနိုင်။ အာရပ်သတင်းအရင်းအမြစ်များ (Myanmar Historical Elections Enhance Economic Opportunities : Arab Sources)'ဆိုတဲ့ခေါင်းစဉ်နဲ့ အပြု သဘောဆောင်စွာ ဖော်ပြခဲ့တာကိုလည်း တွေ့ရပါတယ်။ သဘောကတော့ မိမိတို့နိုင်ငံအပေါ် အပြုသဘော ဆောင်တဲ့သူတွေရှိသလို ဖျက်လိုဖျက်ဆီးလုပ်ချင်ကြတဲ့ သူတွေလည်း ရှိနေကြတဲ့အတွက် အရေးကြီးတာက ကိုယ်လျှောက်မယ့်လမ်းကို မှန်ကန်စွာ ဆက် လျှောက်ရမှာပဲ ဖြစ်ပါတယ်။ ပထမပိုင်း အောင်မြင်မှုနောက်မှာ ကျန်အပိုင်းတွေ ပျက်စီးဖို့ ပိုမိုတိုက်ခိုက် လာနိုင်မှာကို တွက်ဆပြီး တပ်နဲ့ပြည်သူ ယခုထက်ပိုပြီး ကျောချင်းကပ်ထားကြရမှာ ဖြစ်ပါတယ်။ မလျှော့သော ဇွဲ၊ လုံ့လ၊ သတိနဲ့ အပိုင်း(၂)နဲ့ အပိုင်း(၃)ကို ဆက်လက်လျှောက်လှမ်းကြရမှာပဲ ဖြစ်ပါ တယ်။ (ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၅၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )