၂၀၂၆ ၊ ဇူလိုင် ၁၀
အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်ခုမှ မစ္စတာထူးဆိုသူ ပိုင်ဆိုင်သည့် Spring space အာကာသဆိုင်ရာ ကုမ္ပဏီကြီးတစ်ခုမှ ထုတ်ပြန်ကြေညာ ချက်တစ်ခုကြောင့် နိုင်ငံတကာ အာကာသစခန်းများ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ အာကာသဆိုင်ရာ စူးစမ်းလေ့လာမှုများကို နိုင်ငံကြီးများ အပြိုင်အဆိုင် ပြုလုပ်ကြသည်ကလည်း ယနေ့ခေတ်ကာလတွင် ပြိုင်ဆိုင်မှုတစ်ခုပင်ဖြစ်သည်။
ဒီတော့ ကုမ္ပဏီတစ်ခုနှင့်တစ်ခု လူသိမခံသော စူးစမ်းလေ့လာမှုများကိုပြုလုပ်ကြရင်း အာကာသတစ်ခွင် ခရီးဆန့်ဖို့ ကြိုးစားနေကြသည်။ ဒီလိုဆိုတော့ တစ်နိုင်ငံ နှင့်တစ်နိုင်ငံ၊ ကုမ္ပဏီတစ်ခုနှစ်တစ်ခု အကြောမခံဘဲ အာကာသဆိုင်ရာ စူးစမ်းလေ့လာတွေ့ရှိချက်များကို ထုတ်ပြန်ရင်း သူ့ထက်ငါ အပြိုင်အဆိုင်လုပ်လာကြသည်။ ဒီလိုအခြေအနေမှာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံငယ်လေးကနေ ပေါ်ထွက်လာသော Spring space အမည်ရ အာကာသ ကုမ္ပဏီလေးတစ်ခုမှ ကြေညာချက်တစ်စောင်က ကမ္ဘာကြီးကို တုန်လှုပ်သွားစေသည်။ ခုကာလကလည်း ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနှင့် လူစိတ်ဝင်စားမှုအများဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကကျင်းပနေချိန်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းက အားကစားဝါ သနာရှင်များက ကမ္ဘာ့ဖလားတွင် မည်သည့်အသင်းဖလား ရနိုင်မည်ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေချိန် ဖြစ် သည်။ ဒီလိုအချိန်မျိုးမှာ ကောက်ခါငင်ခါ အာကာသကုမ္ပဏီလေးတစ်ခုက ကြေညာချက် ထွက်တာဆိုတော့ ကမ္ဘာကျော် အာကာသဆိုင်ရာအဖွဲ့အစည်းများ ခေါင်းထောင်ကြည့်ကုန်သည်။
ကမ္ဘာ့ဖလားပြိုင်ပွဲကလည်း မည်မျှပြိုင်ဆိုင်မှု ပြင်းထန်သနည်းဆိုရင် အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့သည့် အမေရိကန်အသင်းကို သူ့နိုင်ငံသားတွေကလည်း တစ်ခဲနက်အားပေးနေကြသည်။ ဒီလိုအခြေအနေမှာ အမေရိကန်နိုင်ငံ ပိုင်နာဆာ၏ အကြီးအကဲဖြစ်သူ ဂျရယ်အိုင်ဆက်မန်း ကအမေရိကန်အသင်းသာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပါက လပေါ်သို့ ဘောလုံးပို့ပေးမည်ဟု လပေါ်တွင် အခြေစိုက်စခန်း တည်ဆောက်မည့် နာဆာ၏ စီမံကိန်း အသေးစိတ်ကို ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ခပ်ကြွားကြွားလေးပြောပြီး သူ့နိုင်ငံအသင်းကို စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးလေသည်။ အမေရိကန်အသင်းသည် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခြေ အလှမ်းဝေးနေသော်လည်း အကယ်၍သာ အမှန်တကယ် ဗိုလ်စွဲမည်ဆိုပါက ဘောလုံးတစ်လုံးကို ယခင်ကထက် ပိုမိုဝေးလံ သောနေရာသို့ ပို့ပေးမည်ဟု အိုင်ဆက်မန်းက ကတိပြုခဲ့ကြောင်း နိုင်ငံ တကာသတင်းဌာနတွေမှာ ဝေဝေဆာဆာ ဖော်ပြခဲ့ကြသည်။
၁၉၇၁ ခုနှစ်တွင် အာကာသယာဉ်မှူး အလန်ရှက်ပတ်သည် ဂေါက်ရိုက်တံနှင့် ဂေါက်သီးနှစ် လုံးကို လျှို့ဝှက် သယ်ဆောင်သွားပြီး လကမ္ဘာပေါ်တွင် ဂေါက်သီးရိုက်ပြခဲ့ဖူးသည့် သမိုင်းကလည်း ရှိတော့ အမေရိကန်တို့ လေကြီးလေကျယ် ပြောလို့ရသည်။
လကမ္ဘာကို ဘောလုံးပို့မည့် သတင်းနှင့် အပြိုင် Spring space ၏ အကြီးအကဲ မစ္စတာထူး၏ ပြောဆိုချက်ကိုလည်း ကမ္ဘာ့သတင်းဌာနကြီးရဲ့ မျက်နှာဖုံးသတင်းမှာ အပြိုင်အဆိုင်ဖော်ပြကြဖို့ အာရုံစိုက်လာကြသည်။ ထိုသတင်းကိုနာဆာ (NASA) နဲ့ အပြိုင် လကမ္ဘာပေါ်မှာ လူသားတွေ အခြေချနိုင်တာနဲ့ လကမ္ဘာဆီ ခရီးစဉ်တွေစေလွှတ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေတဲ့ SpaceX ရဲ့အကြီးအကဲ အီလွန်မက်ခ် တစ် ယောက်လည်း ပြာပြာသလဲ ဖြစ်သွားသည်။ လကမ္ဘာပေါ်ကို ခရီးသည်တွေ ပို့ဆောင်နိုင်ဖို့ လူစီးလွန်း ပြန်ယာဉ် Starship တွေ ဖန်တီးတဲ့စီမံကိန်းတွေ ရပ်ဆိုင်းလိုက်ပြီး ၎င်းတို့ကို ဖြတ်ကျော်သွားနိုင်မည့် အန္တရာယ်ရှိသော မစ္စတာထူး၏ Spring space ကုမ္ပဏီသတင်းကို နားစွင့်ကြလေသည်။ ဒါတင်မကသေး နာဆာ၏ အဓိကပြိုင်ဘက်ဖြစ်သော တရုတ်နိုင်ငံ၏ CNSA ကလည်း ပြာပြာသလဲဖြစ် ကုန်သည်။ CNSA လို အာကာသအေဂျင်စီကြီးကလည်း ၂၀၃၀ မတိုင်ခင် လကမ္ဘာပေါ် လူသားစေလွှတ်ဖို့နဲ့ လကမ္ဘာ တောင်ဝင်ရိုးစွန်းမှာ သုတေသနစခန်း တည်ဆောက်ဖို့ ပြင်ဆင်နေသည့် အေဂျင်စီဖြစ်သည်။ ကမ္ဘာကျော် အာ ကာသအေဂျင်စီကြီးတွေ ယခင်ကလို အပြိုင် အဆိုင်မဟုတ်တော့ဘဲ Spring space ကို အာရုံစိုက်နိုင်ဖို့ ခေါင်းချင်ဆိုင်ကုန်ကြသည်။
ကမ္ဘာကျော် သတင်းဌာနကြီးတွေကလည်း 'လကမ္ဘာ အခြေစိုက်စခန်းတွေ Spring space တိတ်တဆိတ်ဆောက်နေသလား'၊ 'နာဆာကို စိန်ခေါ်လိုက်တဲ့ မစ္စတာထူး'၊ 'အီလွန်မက်ခ် နားရွက်ကို တံတွေးစွတ်မယ့် မစ္စတာထူး'၊ 'CNSA မျက်ခြည်မပြတ် စောင့်ကြည့်ရမည့် အနီးကပ် ဆုံးပြိုင်ဘက်' စသဖြင့် အာကာသဆိုင်ရာ ပြိုင်ဆိုင်မှုပြင်းထန်စေသည့် သတင်းတွေအပြိုင်အဆိုင် ဖော်ပြကြသည်။ နာဆာကလည်း မနေသာတော့ဘဲ လကမ္ဘာပေါ်မှာ ဓာတ်ပုံတွေကိုပတ်ရိုက်ပြီး ကမ္ဘာကို အာကာသ ဓာတ်ပုံတွေ ထုတ်ပြန်ကာ လကမ္ဘာကို သူတို့စိုးမိုးထားကြောင်း လူသိရှင်ကြား ထုတ်ပြန်ကုန်ကြသည်။ နိုင်ငံတကာ အာကာသစခန်းက လူတွေလည်း မနေသာတော့ဘဲ အထူးစောင့်ကြည့်လေ့လာရေး ယာဉ်ကြီးများဖြင့် လကမ္ဘာကိုပတ်ကာ ကင်းလှည့်ကုန်ကြသည်။ ဒါတင်မကသေး အာကာသဆိုင်ရာနည်းပညာ ကုမ္ပဏီကြီး တွေကလည်း ဒါဟာ နာဆာက စတဲ့ ဇာတ်လမ်းဖြစ်ကြောင်း၊ နာဆာဟာ အိပ်ပျော်နေတဲ့ အာရှကျား ကြီးကို လှုပ်နှိုးလိုက်တာဖြစ်ကြောင်း အပြစ်ဝိုင်းပြောကြသည်။
အီလွန်မက်ခ်ကြီးကလည်း ကမ္ဘာကျော် သတင်းဌာနကြီးတွေကို "ဒါဟာနာဆာကြောင့်ဖြစ်ရတာပဲ၊ ဘောလုံးတစ်လုံးကို လပေါ်ပို့မယ်ဆိုပြီး အာချောင်တာကနေစတဲ့ ဇာတ်လမ်းပဲ။ ဘယ်နှယ့်ဗျာ အမေရိကန် ဘောလုံးအသင်းကို စိတ်ဓာတ်တက်ကြွအောင် လုပ်ချင်တာပဲ အခြားနည်းတွေ အများကြီး ရှိပါတယ်။ အခုတော့ ဘာမှမဟုတ်တဲ့ ဖီဖာက ဘောလုံးတစ်လုံးကို အမေရိကန်အသင်း ကမ္ဘာ့ဖလားရရင် လပေါ် ပို့ပေးမယ်ဆိုတာကြောင့် အာရှကျားကြီးကို သွားစမိသလိုဖြစ်သွားပြီ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ အိပ်မက်ဗျ။ ဘယ်နှယ့်ဗျာ သမိုင်းတစ်လျှောက် အမေရိကန်အသင်းက ၁၉၃၀ ပြည့်နှစ် ကမ္ဘာ့ဖလားမှာ တတိယလေးတစ်ကြိမ် ရဖူးတာများ ပရီးမီးယားလိဂ်က မန်ယူဖန်တွေလို စကားကြီးစကားကျယ်တွေပြောပြီး သမိုင်းလှန်နေတာပဲ"ဟု ထပြော လေသည်။
ဒီတော့ နာဆာအကြီးအကဲ ဂျရယ်အိုင်ဆက် မန်းကလည်း "အီလွန်မက်ခ်ဆိုတဲ့ ကောင်က ဘာစကားပြောတာလည်း ဒီကောင်နဲ့ အကျိုးတူပူးပေါင်းဖို့ လုပ်ထားတဲ့ အစီအစဉ်တွေ အကုန်ဖျက်ပစ်မယ်။ ကမ္ဘာ့ဖလားမှာ ငါတို့အသင်းသားတွေ စိတ်ဓာတ်တက်ကြွအောင် ဖလားရရင် လကမ္ဘာပေါ် ဘောလုံးပို့ရုံတင်မကဘူး စကြဝဠာ တစ်ခုလုံးပဲပို့ပို့ မင်းအပူပါလား"ဆိုပြီး ဖြစ်ကုန်ကြသည်။
ဒီလောက် ကမ္ဘာကျော်အာကာသအေဂျင်စီကြီးတွေ အုတ်အော်သောင်းတင်းဖြစ်သွားအောင် အရှေ့တောင်အာရှ နိုင်ငံငယ်လေးက Spring Space ကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဘာများပြောလိုက်တာလဲ၊ ဘယ်နေရာမှာ ပြောလိုက်တာလဲ ဆိုတာကို တစ်ကမ္ဘာလုံး အာရုံစိုက်ကုန်ကြသည်။ အမေရိကန်အသင်းဖလား ရမယ်ဆိုတာက ဖြစ်နိုင်ခြေနည်းလို့ နာဆာက အာချောင်တာ အသာထား ခုကိစ္စကပေါ့သေး သေး တွက်လို့မရချေ။ Spring Space အကြီးအကဲပြောသလိုအပြည်အပြည်ဆိုင်ရာက အာကာသ အေဂျင်စီကြီးတွေထက် ဦးအောင် လုပ်ပြလိုက်ရင် ကမ္ဘာပေါ်က နာမည်ကြီးကုမ္ပဏီတွေ တံတွေးခွက် ပက်လက်မျောမည့်ကိန်း ဆိုက်နိုင်သည်။မစ္စတာထူးတစ်ယောက် ပြုံးပြုံးကြီး ကမ္ဘာပေါ်ပြော လိုက်သည် စကားက တစ်ခွန်းတည်း ဖြစ်သည်။
မစ္စတာထူး၏ လူမှုကွန်ရက်စာမျက်နှာထက်ကနေ ရေးသားပြောဆိုထားသည့် 'တော်လှန်ရေး ပြီးရင် အလှူခံတဲ့ဖလားတွေကို လကမ္ဘာပေါ် ပို့ပေးမယ်'ဆိုတဲ့ စကားဖြစ်သည်။ ဒီတော့ မြန်မာလို ရေးထားတဲ့ သတင်းမှန်သမျှ နိုင်ငံတကာက ဘာသာပြန်ဖတ်ကြရင်း မြန်မာလူမျိုးတွေ တွေ့ရင် မျက်နှာငယ်လေးတွေနှင့် 'တော်လှန်ရေးဘယ်တော့ ပြီးမှာလဲ'ဟု လိုက်မေးရတာက အလုပ်တစ်ခု ဖြစ်နေသည်။ အမေရိကန်က လကမ္ဘာပေါ်ပို့မယ့် ဘောလုံးနဲ့ တော်လှန်ရေးခွက်တစ်လုံး ဘယ်ဟာ အရင်ရောက်မယ် ထင်လဲ ဆိုတာကလည်း နိုင်ငံတကာ အသိအမှတ်ပြု လောင်းကစား ကုမ္ပဏီကြီးတွေကလည်း လောင်း ကြေးဖွင့်ကြပြီ ဖြစ်သည်။ ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )