မွေးမိတဲ့မျောက် ပြန်ခြောက်ခံနေရတဲ့ အညာ

၂၀၂၆ ၊ ဧပြီ ၂၈

    အညာဒေသ၏ တော်လှန်ရေးမျှော်လင့်ချက်များက တစ်စတစ်စ ပိုမိုမှေးမှိန်လာခဲ့သည်။ လက်နက်သည် ပညာရေးအားနည်းသည့် လူငယ်များလက်သို့ ရောက်ရှိသွားချိန်တွင် အာဏာပြစရာ အဆောင်အယောင်တစ်ခု ဖြစ်လာခဲ့ရသည်။ သင်္ကြန်တွင်းကာလ အလုပ်များကို ဘေးချ၍ အနားယူချိန်၌ ဖုန်းနံပါတ် မှတ်ထားခြင်းမရှိသော ဖုန်းနံပါတ်အစိမ်းတစ်ခု စာရေးသူဖုန်း ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ စာရေးသူ၏ ဖုန်းနံပါတ်ကို သူတို့ထံ မည်သို့ရောက်သွားသည်ကို သေချာစွာ မေးမြန်းဖို့ထက် သူတို့၏ သောကတွေကို ဦးစားပေး နားထောင်ဖြစ်သည်။ ဖုန်းဆက်လာသူက အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူကိုယ်တိုင်က ကနဦးတွင် တော်လှန်ရေးဆိုတာကို ယုံကြည်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို အကြမ်းဖက်လူငယ် အင်အားစုများနှင့် ဝင်ရောက်စီးနင်းပြီး ဒေသခံတွေကိုမောင်းထုတ်၊ ရပ်ရွာက အများပိုင် ပစ္စည်းတွေကို ထုခွဲရောင်းချ လက်နက်များရရှိစေဖို့ ကြိုးပမ်းပေးခဲ့သူတစ်ယောက် ဖြစ်နေသည်။ ၎င်းကိုယ်တိုင်ကပင် အကြမ်းဖက် ပကဖခေါင်းဆောင်ကိုင်ဆောင်သည့် သေနတ်ကို ဝယ်ပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း အချိန်ကာလတစ်ခု အရောက်တွင် သူမ သိလိုက်ရသည်က ဝယ်ပေးခဲ့ရသည့် လက်နက် များနှင့် ပြန်လည်ခြိမ်းခြောက်ခံနေရသည့် အမျိုးသမီးတစ်ယောက် ဖြစ်နေပြီး အချိန်မရွေး အန္တရာယ်တွေ ဝိုင်းပတ်ခံနေရပြီး မလုံခြုံမှုကို ခံစားနေရခြင်း ဖြစ်သည်။ သူမ၏ ပြောဆိုချက်များတွင် မခံချင်စိတ်များ၊ နာကြည်းချက်များ၊ ရပ်ရွာလူထုအပေါ် သေနတ်ပြပြီး ခြိမ်းခြောက်နေသည့် အကြမ်းဖက်လက်နက်ကိုင် ခေါင်းဆောင်များ၏ လုပ်ရပ်များအပေါ် ရွံရှာ မုန်းတီးစိတ်များ ပါဝင်နေသည်။
    "ကျွန်မက ရွှေဘိုမြို့နယ်က ရွာတစ်ရွာမှာ နေပါတယ်။ ကျွန်မတို့ရွာမှာ ပသုံးလုံးယန္တရားဆိုတာ ရှိပါတယ်။ လတ်တလောမှာ ကျွန်မတို့ ကြုံတွေ့နေရ တာက ကျွန်မတို့ရွာက လူငယ်ကလေးတွေက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဒီ ပကဖ တာဝန်ကို မထမ်းဆောင်ချင်တော့ဘူး၊ ထွက်ချင်တယ် ဆိုတာကို ကျွန်မကို ပြောထားတာ ရှိပါတယ်။ ကျွန်မက ကလေးတွေကို မထွက်ဖို့ တားထားမိသေးတယ်။ ဒါပေမဲ့ ပကဖ ရပ်^ကျေး တာဝန်ခံတွေက ချက်ချင်း အစည်းအဝေးခေါ်ပြီး တိုက်ပွဲဖော်ဆောင်တဲ့နေရာကို လိုက်ရမယ်။
    ပြည်သူတွေ တစ်အိမ်တစ်ယောက် မလိုက်မနေ လိုက်ရမယ်ဆိုပြီး ခေါ်တယ်။ နောက် ပကဖအဖွဲ့ဝင်ကလေးတွေကလည်း သူတို့ရဲ့ သဘောဆန္ဒအရ တာဝန်မထမ်းဆောင်ချင်လို့ နုတ်ထွက်တဲ့အနေအထားမှာ ခရိုင်ပကဖခေါင်းဆောင်ဆိုသူတွေက ထွက်လို့မရဘူး။ ကိုယ်ပိုင်နံပါတ် ကျပြီးသား။ ထွက်ရင် ထိထိရောက်ရောက် အရေးယူမယ်လို့ ပြောတယ်။ အဲဒီတော့ ကျွန်မက သူတို့ကိုမေးလိုက်တာက ကိုယ့် စရိတ်ကိုယ်စား၊ ကိုယ့်ထမင်းကိုယ်စားပြီး တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ခဲ့တာ ခုမထမ်းဆောင် ချင်တော့လို့ မထမ်းဆောင်တာကို အပြစ်ပေးဦးမှာလားလို့ မေးလိုက်တယ်။ ပြောချင်တာက ရပ်/ကျေး ပကဖ တာဝန်ခံလောက်က ပြည်သူတွေကို တိုက်ပွဲတွေမှာ မဖြစ်မနေလိုက်ဖို့ စာထုတ်ခေါ်တာတွေ၊ တာဝန် မထမ်းဆောင်ချင်လို့ထွက်တဲ့ လူငယ်တွေကို ဒဏ်ခတ်အရေးယူမယ်ဆိုတာတွေအထိ ခြိမ်း ခြောက်တဲ့ဒဏ်ကို ခံနေရပါတယ်။ တော်လှန်ရေး လုပ်နေပါတယ်ဆိုတဲ့ လူတွေကိုယ်တိုင် အာဏာကို ယစ်မူးနေကြပြီဆိုတာ ပြည်သူကို သိစေချင်ပါတယ်"ဟု အကြမ်းဖက်များ၏အနိုင်ကျင့်မှုများကို ကိုယ် တိုင်ကြုံတွေ့နေရသူ အမျိုးသမီးက ဆက်သွယ်ပြောဆိုခဲ့သည်။


    တော်လှန်ရေးအယုံသွင်းခံရပြီး အညာဒေသတစ်ခွင်က ပြည်သူများ စစ်၏ဆိုးကျိုးများကို နဖူးတွေ့ဒူးတွေ့ ခံစားစေခဲ့ကြသည်။ အညာဒေသ ပြည်သူများ၏ တော်လှန်ရေးဆိုသည့် ဆောင်ရွက်ချက်အ ပေါ် မည်သိအတိုင်းအတာအထိ ယုံကြည်ခဲ့ကြသနည်း။ မိမိရပ်ရွာကို ပျက်စီးခံခဲ့ရပြီး ကိုယ့်ကို ပြန်လည် ခြောက်လှန့်မည့် မျောက်များကို တယုတယ မွေးမြူခဲ့ကြသည်။ "တော်လှန်ရေးအစကတော့ ကျွန်မတို့ရွာ က လူငယ်တွေကတော့ အရမ်းယုံကြည်ခဲ့ကြတာပေါ့။ နောက်ပိုင်းမှာဘာ ဖြစ်လာလဲဆိုတော့ရတဲ့ အကျိုးအမြတ်တွေကျတော့ သူတို့ပဲယူတယ်။ ခိုင်းစရာရှိရင်၊ အသက်ပေးစရာရှိရင် ပြည်သူတွေကိုပဲ အသက်ပေးခိုင်းတယ်။ တိုက်ပွဲနယ်မြေတွေဆိုရင် တစ်အိမ်တစ်ယောက် မလိုက်မနေရခေါ် ပြီး တိုက်ပွဲမှာ သေသွားရင် ဒေသခံပြည်သူတွေကို တစ်ဖက်က ပစ်ခတ်လို့ သေရပါတယ်ဆိုပြီး သတင်းလွှင့်ကြတယ်။ လူငယ်တွေက ကြာလာတော့ စိတ်ပျက်လာတယ်။ ဒါကြောင့် တော်လှန်ရေးကို ဆက်မလုပ်နိုင်ကြ တော့ဘူး၊ နုတ်ထွက်မယ်ဆိုတော့ သူတို့က နုတ်ထွက်တဲ့ သူကို သုံးလ ထိပ်တုံးခတ်ပြီး အပေါ့အလေးနဲ့ ထမင်းစားချိန်ပဲ ထိပ်တုံးဖြုတ်ပေးမယ်။ အဲဒီအပြစ်ဒဏ်ကို ခံရမယ်ဆိုတော့ ကလေးတွေကတော့ အပြစ် ပေးချင်လည်းပေးဗျာ။ စိတ်မပါတဲ့ တော်လှန်ရေးကို ဆက်မလုပ်ချင်တော့ဘူး"ဟု အဆိုပါအမျိုးသမီးက လူငယ်တွေ၏ ဆန္ဒများကို ပြောဆိုသည်။
    လက်ရှိကာလတွင် အညာဒေသရှိ ပြည်သူများ၏ခံစားချက်က မိမိတို့ရပ်ရွာ ပျက်စီးခံရပြီး ရပ်ရွာပိုင် ငွေကြေးများဖြင့် လက်နက်များ ဝယ်ယူပေးထားကြကာ လက်နက်များ ရရှိချိန်တွင် ရပ်ရွာဒေသအတွင်း လက်နက်ဖြင့် အာဏာတည်ဆောက်ကာ ပြည်သူလူထုအပေါ် ခြိမ်းခြောက်အကျပ်ကိုင် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များတွင် မြေစာပင်ဖြစ်စေသည်ဟူသော အချက်ပင် ဖြစ်သည်။ "ကျွန်မ ဇာတိရွာက တော့ တော်လှန်ရေးဆိုတာတွေ စဖြစ်တော့ ရွာနီးချုပ်စပ်က ရွာကိုပျူရွာလို့ခေါ်ကြတာပေါ့။ တပ်ကို ထောက်ခံတဲ့ ရွာပေါ့လေ။ ၂၀၂၄ခုနှစ် ၇ လပိုင်းလောက်မှာ ရွာမှာတိုက်ပွဲတွေ ဖြစ်ကြတယ်။ အဲဒီမှာ ရွာသူ ရွာသားတွေက တိုက်ပွဲဖြစ်ရင် ထိခိုက်မှာပဲဆိုပြီး ရွာကိုစွန့်ခွာ ထွက်ပြေးသွားကြတယ်။ ထွက်သွားတော့ ကျွန်မတို့က ရွာကို ဝင်စီးလိုက်တယ်။ ဝင်စီးပြီး ကျွန်မတို့က ပျူတွေအိမ်ကပစ္စည်းတွေ၊ နောက်သံတိုသံစ ပစ္စည်းတွေ ရောင်းလိုက်တာ ၁၁၅ သိန်းရတယ်။ အဲဒီရတဲ့ ပိုက်ဆံနဲ့ ကျွန်မက လူငယ်တွေကို သေနတ် သုံးလက်နဲ့ ကျည်တွေ ဝယ်ပေးလိုက်တယ်။ ပိုတဲ့ပိုက် ဆံတွေကိုတော့ သူတို့စားဖို့သောက်ဖို့ ဝယ်ပေးရ တယ်။ နောက်ပြီးတော့ ပကဖတာဝန်ခံကိုင်ဖို့ဆိုပြီးတော့ ကျွန်မတို့ရွာမှာရှိတဲ့ လူမှုကူညီရေးကားတွေရှိ တယ်။ အဲဒီကားတွေကို ဈေးဖြတ်ပြီး ရောင်းကြတယ်။ စူပါကာစတန်ကားကို သိန်း ၄၀ နဲ့ ရောင်းတယ်။ ပါကျဲဒိုးကားကို သိန်း ၂၀ နဲ့ ရောင်းတယ်။ စုစုပေါင်း သိန်း ၆၀ ရတယ်။ အဲဒီသိန်း ၆၀ ကို ပကဖ တာဝန်ခံ ကိုင်ဖို့ဆိုပြီး အတိုတစ်လက်ကို ၆၅ သိန်း ပေးရတယ်။ အဲဒီမှာတင် ငါးသိန်းအကြွေး တင်သွားတယ်။ အဲဒီအကြွေးဆပ်ဖို့ ရွာထဲကို ခိုးဝင်ပြီးတော့ သူများပစ္စည်းတွေကို ထုတ်ရောင်းလို့ရတဲ့ငွေနဲ့ အကြွေးဆပ်ခဲ့ ရတယ်။ ဝယ်ပေးထားတဲ့ သေနတ်တွေ အားလုံးကို ပကဖကပဲ ကိုင်ထားတာပါ"ဟု အများပြည်သူပိုင် ပစ္စည်းများကို လက်နက်များအဖြစ် အသွင်ပြောင်း ပေးခဲ့ရသည့်ဖြစ်စဉ်ကို ဆက်လက် ထုတ်ဖော် ပြောဆိုသည်။
    ထိုကဲ့သို့ ပြည်သူများ၏ အများပိုင်ပစ္စည်းများကို ခိုးဝှက်ရောင်းချကာ လက်နက်များ ဝယ်ယူပေးခဲ့ရပြီး လက်နက်များ ရရှိချိန်တွင် လက်နက်များကို အပိုင်စီး၍ ပြည်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အကြမ်းဖက်အဖွဲ့ဝင် လူငယ်များအပေါ် လက်နက်ပြ ခြိမ်းခြောက်ခြင်း၊ အဓမ္မစစ်မှုထမ်းစေခြင်း စသည့်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သဖြင့် ယင်းလုပ်ရပ်များအပေါ် ဒေသခံများ၏ မကျေ လည်မှု စတင်ဖြစ်ပေါ်ခဲ့ရသည် ဟုဆိုသည်။ "သူတို့ကိုင်ထားတဲ့ ဂန်းတွေက ဘယ်အဖွဲ့အစည်းကမှ ပေးတာမဟုတ်ဘူး။ ရပ်ရွာက ပြည်သူတွေ ပိုင်တဲ့ ပစ္စည်းတွေကို ထုခွဲရောင်းချပြီး ဝယ်ပေးထားတဲ့ ဂန်း တွေလေ။ ခုကြတော့ လက်နက်အားကိုးနဲ့ ပြည်သူတွေကို စစ်ဖြစ်တဲ့နေရာ မလိုက်မနေရ ခေါ်နေပြီ။ ကလေးတွေကလည်း ဘာလို့ ပကဖအဖွဲ့တွေမှာ တာဝန်မထမ်းဆောင်ချင်ကြတော့တာလဲဆိုတော့ ကျွန်မတို့ရွာက ဖွဲ့စည်းထားတဲ့အဖွဲ့က  နဂိုက တပ်ကို တိုက်ဖို့မဟုတ်ဘူး။ ကျွန်မတို့ရွာက ပျူရွာဆိုတော့ ပတ်ဝန်းကျင်ရွာတွေနဲ့ ဆက်ဆံရင် မျက်နှာငယ်တော့ အခြားရွာတွေလို ပကဖဖွဲ့ကြတယ်။ ရွာမှာ တိုက်ပွဲဖြစ်ပြီး ရွာခံတွေတိမ်းရှောင်သွားချိန်မှာ ကျွန်မတို့ရွာကို ပြန်ထိုင်ကြတယ်။ ဒီမှာတင် ပကဖခေါင်းဆောင် ဆိုသူတွေက အချိုးပြောင်းသွားကြပြီး ဖိနှိပ်ကြတော့တာပဲ။ ကလေးတွေကို ခိုင်းစရာရှိရင် ခေါ်ခိုင်းကြတယ်။ ဒါပေမဲ့ ငွေကြေးရပေါက်ရလမ်းရှိရင် သူတို့ပဲ ခွဲဝေစားသောက်ကြတယ်။ ဒီတော့ ကလေးတွေက လိုမှခေါ်၊ ခိုင်းစရာရှိမှ ခေါ်တယ်ဆိုတာသိတော့ စိတ်ပျက်သွားကြတယ်။ မိသားစုတွေကလည်း ကြာတော့ အဆင်မပြေကြဘူးလေ။ သူတို့ခိုင်းတာပဲလုပ်ရပြီး ကိုယ့်စီးပွားရေးလည်း မလုပ်ရတော့ တဖြည်းဖြည်း ဒုက္ခ ရောက်လာကြတယ်။ မိသားစုကလည်း ငြိုငြင်လာသလို ပကဖခေါင်းဆောင် ဆိုသူတွေကလည်း ခိုင်းရုံလေးပဲ ခေါ်ခိုင်းကြတာဆိုတော့ သူတို့ကိုယ်တိုင်က ပကဖအဖွဲ့တွေကနေ နုတ်ထွက်ချင်ခဲ့ကြတာပါ။ ခိုင်းတာမှ တပ်မတော်စစ်ကြောင်းတွေနဲ့ အနီးမှာရှိတဲ့နေရာတွေမှာ ကင်းစောင့်ခိုင်းတယ်။ တိုက်ပွဲတွေဆီ ပို့တယ်။ ဒီတော့ မိဘတွေကလည်း လက်မခံကြတော့ဘူး။ ကိုယ့်သားသမီးကို ဘယ်သူမှ မသေစေချင်ဘူး။ ဒီမှာတင် ပြည်သူတွေက လက်မခံကြဘူး။ ခုနောက်ပိုင်း ဘယ် လောက်ထိ ဆိုးလာကြသလဲဆိုရင် တိုက်ပွဲ ဖော်ရင် တစ်အိမ်တစ်ယောက် မလိုက်မနေရဆိုပြီး ခေါ်နေကြပြီ။ခင်ဗျားတို့ ဝယ်ပေးထားတဲ့ သေနတ်တွေ လို့ပြောရင် ခင်ဗျားတို့ သေနတ်ကိုယူပြီး တိုက်ပွဲကို လိုက်ခဲ့ကြဆိုပြီး ပြည်သူတွေကို ခေါ်တာ ဖြစ်ပါတယ်" ဟု အကြမ်းဖက်အဖွဲ့အစည်း ခေါင်းဆောင်များနှင့် မူလထောက်ခံခဲ့ကြသည့် ပြည်သူများအကြား သဘော ထားကွဲလွဲမှုများ၏ မြေပြင်အခြေအနေများကို ဆက်လက်ပြောကြားသည်။
    အထက်ပါ အမျိုးသမီးတစ်ဦး၏ ကိုယ်တွေ့ ဖြစ်စဉ်များ ဆက်သွယ်ပြောဆိုချက်များကို ထောက်ရှုကြည့်ရာတွင် အညာဒေသခံပြည်သူများ၏ ဖြစ်စဉ်မှာ  'မြွေပါလည်းဆုံး သားလည်းဆုံး'ဆိုသလို ဖြစ်နေ ကြရသည်။ မိမိရပ်ရွာပိုင် ပစ္စည်းများ ထုခွဲရောင်းချခြင်း၊ အခြားသူပိုင် ပစ္စည်းများ ခိုးယူရောင်းချခြင်းဖြင့်  ရရှိခဲ့သော ငွေကြေးများကို တော်လှန်ရေးဘက်သို့ ပုံအောခဲ့ကြသည်။ ထို့အပြင် မိမိရပ်ရွာ ဒေသကိုလည်း စစ်တလင်း ဖြစ်စေရန် မိမိတို့သဘောဆန္ဒအရ ဆောင်ရွက်ခဲ့ကြသည်။ ထိုတော်လှန်ရေး ငါးနှစ်တာ အရောက်တွင် တော်လှန်ရေးက အစွယ် ပေါက်လာခဲ့ပြီ ဖြစ်သည်။ လက်နက်အားကိုးလာသည့် အကြမ်း ဖက်လူတစ်စုက ရပ်ရွာနှင့် ပြည်သူများကို ပြန်လည်ခြိမ်းခြောက်လာကြပြီဖြစ်သည်။ ၎င်းတို့အင်အား နည်းပါးလာကြပြီးနောက် ပြည်သူများကို အဓမ္မစစ်မှုထမ်းစေရန် ဆောင်ရွက်လာကြသည်။ ထိုသို့သော အညာပြည်သူတို့၏ ကြုံတွေ့နေရသော ဒုက္ခများက ကိုယ်တိုင် ဖန်တီးခဲ့ကြခြင်းဖြစ်ပြီး တစ်နည်းအား ဖြင့်ဆိုသော် ကိုယ်မွေးခဲ့သည့်မျောက်များက ကိုယ့်ကိုယ် ပြန်ခြောက်နေကြခြင်းဖြစ်သည်။
    ထိုသို့ ကြုံတွေ့ရမှုများအနက်မှ စိတ်ချမ်းသာစရာ အချက်တစ်ခုကလည်း ပါဝင်လာသည်။ ထိုအချက်က စဉ်းစားတွေးခေါ်တတ်လာသော လူငယ်များက ၎င်းတို့သည် အသုံးချခံ ဖြစ်နေသည်ကို ရှင်း လင်းပြတ်သားစွာ သိရှိလာပြီး အကြမ်းဖက်အဖွဲ့များနှင့် ရှင်းလင်းပြတ်သားစွာ လမ်းခွဲလိုလာကြခြင်းပင် ဖြစ်သည်။ သူတစ်ပါး ကိုယ်ကျိုးစီးပွားအတွက် လူငယ်များ၏ အသက်များ၊ ဘဝတက်လမ်းများကို အကျိုးမဲ့ စတေးခဲ့ရသည်ကို အမှန်အတိုင်း နားလည်သဘောပေါက်ခဲ့ကြပြီး လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တက်ရောက်ရန် အမှားကို အမှန်ပြင်ခြင်းအပေါ် ထောက်ခံ ကြိုဆိုမိသည်။ လူငယ်များအနေဖြင့် ခေတ်ပြောင်း၊ စနစ်ပြောင်းလာသည့် အခြေအနေကို မျက်ခြည်မပြတ်သင့်ကြောင်း တိုက်တွန်း ပြောဆို လိုသည်။ နိုင်ငံတော်သမ္မတကြီး၏ နှစ်သစ်မိန့်ခွန်းပါ အကြောင်းအရာကို လူငယ်များ လေ့လာနိုင်ရန် ထည့်သွင်း ရေးသားလိုသည်။
    နိုင်ငံတော်သမ္မတကြီးက ပြောကြားရာတွင် "အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေး ရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါ သဘောတူညီ ချက်များအတိုင်း တစိုက်မတ်မတ် အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာ ဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင် အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး နိုင်ငံရေး လမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်"ဟု ပြောကြားထားခြင်း ဖြစ်သည်။
    အထက်ပါ ပြောကြားချက်ကို နားလည်သဘောပေါက်၍ အကြမ်းဖက်အဖွဲ့ လက်တစ်ဆုပ်စာ လူတစ်စု၏ ကြိုးကိုင်ခြယ်လှယ်ခံရပြီး အသုံးချခံ ဖြစ်နေသော လူငယ်များအနေဖြင့် လမ်းကြောင်းမှန် ပြန်လည် ရောက်ရှိစေလိုသည်။ ထို့အပြင် အကြမ်းဖက်ကြီးစိုးရာ ဒေသရှိ ပြည်သူများအနေဖြင့်လည်း လက်နက်အားကိုး အကြမ်းဖက်အဖွဲ့များကို ဆန့်ကျင်ကြောင်းပြသပြီး မိမိတို့ကို ခြောက်လှန့်နေသော မွေးခဲ့မိသည့် မျောက်များသည် မိမိရပ်ရွာ၊ မိမိဒေသ၊ မိမိတိုင်းပြည်အတွက် ကောင်းကျိုး မပေးကြ သူများအဖြစ် ရှုမြင်၍  ပူးပေါင်းနှိမ် နင်းသွားကြမည်ဖြစ်သည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ (၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 42

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61716

© 2022 - 2026 News. All Rights Reserved.