လေပုဏ္ဏကတိုက်ခံရတဲ့ ရွှေပြည်ကြီး

၂၀၂၆ ၊ မေ ၁

            မြို့တော်ရန်ကုန်၏ မြို့နယ်တစ်ခုဖြစ်သော သာကေတီးယားက အိမ်တစ်အိမ်မှာ ပုဏ္ဏကတိုက်သည်ဟူသော သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်သွားလေသည်။ ရန်ကုန်သူ ရန်ကုန်သားတို့အတွက် ဒီကိစ္စက အထူးအဆန်း ဖြစ်လေတော့ အိမ်ရှေ့အရောက် သွားကြည့်ကြသူတွေ များလှသည်။ သတင်းမီဒီယာတွေလည်း အပြေးအလွှား သတင်းဦးသတင်းထူး တင်ဆက်ဖို့ သွားကြသည်။ အောက်လမ်းဆရာ၊ အထက်လမ်း ဆရာတို့နဲ့ အင်တာဗျူးတွေ တင်ကြသည်။ သတင်းထူး ဆိုတော့လည်း မောင်ထူးမြတ်လေးလည်း မနေသာတော့ဘဲ ပုဏ္ဏကတိုက်တယ်ဆိုတဲ့ သတင်းကို မျက်ခြည်မပြတ် လေ့လာရတော့သည်။ အနီးပတ်ဝန်းကျင်က လူတွေကို သတင်းဌာနတွေက အင်တာဗျူးတာကို နားထောင်ရသည်။ ထိုအိမ်ကြီးကနေပြီး လမ်းမပေါ်လို့ လက်ဖက် ရည်ပန်းကန်လုံးတွေ၊ ခွက်တွေ ပစ်ချသည်ဟု ဖြေကြသည်။ ရဲတပ်ဖွဲ့တွေရောက်လာပြီး ဘယ်ကောင်လက်က မြင်းတာလဲဆိုပြီး ရှာကြဖွေကြတော့လည်း လက်သည်မပေါ်တာကြောင့် ဒီအိမ်ကြီးမှာ ပုဏ္ဏကတိုက်သည်ဟူသော သတင်းက ပျံ့နှံ့သွားပြီး အိမ်ရှေ့အရောက်လာ စပ်စုသောသူတွေ များလာသည်။

            သရဲတစ္ဆေ ပရလောက စိတ်ဝင်စားကြသည့် မီဒီယာတွေကလည်း ကင်မရာကြီးတွေ တကားကားနဲ့ ရောက်လာပြီး ဟိုဆရာ၊ ဒီဆရာတွေနဲ့ အင်တာဗျူးပြီး ပြည်သူကို သတင်းပေးကြသည်။ အောင်မာ ပုဏ္ဏကဆိုသည့်ကောင်ကလည်း အချိန်မှန်တိုက်တာ ဖြစ်သည်။နေ့လယ်တစ်ကြိမ်၊ ညနေတစ်ကြိမ် လမ်းပေါ်ကို ဟိုဟာတွေပစ်ချ၊ ဒီဟာတွေပစ်ချနဲ့ ပညာခန်းပြလေသည်။ခုခေတ်ကလည်း အင်တာနက်ခေတ် ကြီးဆိုတော့ လူတစ်ယောက်ဖုန်းတစ်လုံးဖြင့် မည်းမည်းမြင်ရာ အကုန်တင်ကြသည်။ တချို့ကလည်း ကွယ်လွန်သွားရှာပြီဖြစ်သော အနုပညာရှင်ကြီးရဲ့ ဓာတ်ပုံမှာပဲ သရဲသဘက် ပူးကပ်နေသလို ရုပ်သံလေးတွေ ရိုက်တင်ကြသည်။ တချို့ကလည်း ဘီလူးပန်းချီကားကြီးကြောင့် ပုဏ္ဏကတိုက်တာက စတာဟု ဆိုကြပြန်သည်။ ဒီတော့ ဆရာသမားတွေလည်း မနေသာတော့ဘဲ မိုက်ထိုးမီဒီယာ စာမျက်နှာများထက် တွင် ပညာခန်းတွေ ပြကြလေတော့သည်။ တချို့ဆရာတွေကလည်း ကျိုးကြောင်းဆီလျော်စွာ ပြောကြသလို တချို့ကလည်း လူစိတ်ဝင်စားအောင် ပြောကြသည်။ ဒါကလည်း ပညာခန်းတွေဆိုတော့ ထူးမြတ် တို့လို ဉာဏ်လေးတစ်ထွာ၊ တစ်မိုက်လောက်ဖြင့် လိုက်မမီသော ကိစ္စရပ်များ ဖြစ်သည်။

            မြို့ကြီးပြကြီး လူစည်ကားရာ မြို့နယ်ကြီးမှာ တစ်အိမ်တည်းကွက်ပြီး အုတ်အော်သောင်းတင်းဖြစ်တာက အိမ်ရှင်တွေအဖို့ နည်းနည်းတော့ စိတ်ကသိကအောက် ဖြစ်ပေလိမ့်မည်။ နောက်ပြီး အသဲယားဖို့လည်း ကောင်းလှသည်။ မည်သူမည်ဝါ လက်သည်မပေါ်ဘဲ သူ့ပိုက်ဆံနဲ့ ဝယ်ထားတာမဟုတ်တဲ့ ပစ္စည်းတွေကို ပေါက်လိုက်ခွဲလိုက်နဲ့ တော်တော် အထက်စီးဆန်တဲ့ ပုဏ္ဏက ဖြစ်သည်။ သူများအိမ်ပေါ်တက်ပြီး ခပ် တည် တည်သောင်းကျန်းနေသော ပုဏ္ဏကဆိုတာက ဘာကြီးမှန်း မသိသော်လည်း စိတ်ဝင်စားဖို့ ကောင်းလှသည်။ ဒီတော့ မောင်စပ်စု ထူးမြတ်တစ်ယောက် ပုဏ္ဏကတိုက် ခြင်းအကြောင်းအရာကို တီး ခေါက်ကြည့်ရတော့သည်။ပုဏ္ဏကတိုက်ခြင်းဆိုသည်က ကမ္ဘာအရပ်ရပ်မှာ ဖြစ်လေ့ဖြစ်ထရှိသည်ဟု ဆိုသည်။ ပုဏ္ဏကတိုက်ခြင်းသည် ပုဏ္ဏက နတ်ဘီလူးကြီးက တိုက်ခိုက်လုပ်ဆောင်တာ မဟုတ်ဘဲ အောက်လမ်းဆရာက သရဲ၊ တစ္ဆေ၊ ဘီလူး၊ အောက်နတ်များကို ခိုင်းစေပြီး လုပ်ဆောင်ခိုင်းတာရှိသလို အင်းပညာ၊ ဆေးရုပ်ပညာများနဲ့ စေခိုင်းတတ်ကြသည်ဟု ကြားဖူးသည်။ ပုဏ္ဏကတိုက်နည်း သုံးနည်းရှိပြီး မီးပုဏ္ဏက၊ လေပုဏ္ဏက၊ ခဲပုဏ္ဏကဟု ခွဲခြားထားသည်ဟု ဆိုကြ ပြန်သည်။

            ပုဏ္ဏကတိုက်တဲ့အထဲမှာ အဆိုးဆုံးကတော့ နိုင်ငံရေးပုဏ္ဏကများပင် ဖြစ်သည်။ အောင်မာ ဒီကောင် ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောပြန်ပြီဟု ထင်ကြပေလိမ့်မည်။ ထူးမြတ်တို့နိုင်ငံကြီး လည်း ပုဏ္ဏကတိုက် တာ ခံခဲ့ရဖူးသည်ဟုပြောရင် စာဖတ်နေရင်း မျက်လုံးပြူးသွားကြပေလိမ့်မည်။ တစ်အိမ်စ၊ နှစ်အိမ်စ ဖြစ်တာမဟုတ်ဘဲ နိုင်ငံကြီးနဲ့ချီပြီး ပုဏ္ဏကတိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူးဆိုပြီး လာငြင်းကြပေလိမ့်မည်။ ဒါမျိုးဆိုလို့ကတော့ မောင်ထူးမြတ်က အထောက်အထားနဲ့တောင် ပြောလိုက်ချင်သေးသည်။ ရွှေပြည်ကြီး ပုဏ္ဏကအတိုက်ခံရတာက ပြည်သူတွေက စတာဖြစ်သည်။ ဟို နွေဦးကာလက ပြည်သူတွေကို ဘယ်သူမြှောက်ပေးလိုက်မှန်းမသိ ည ၈ နာရီဆိုရင် ဒန်အိုး၊ ဒန်ခွက်၊ သံပုံးတွေ မြိုင်မြိုင်ဆိုင်ဆိုင် တီးကြသည်။ ဒီလိုလုပ်တာက မြန်မာတွေရဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ လုပ်လေ့လုပ်ထရှိသော အလေ့အထဖြစ်ပြီး တောထုတ်တာဆိုပြီး သုံးနှုန်းလေ့ ရှိသည်။ ရပ်ရွာတွေမှာကပ်နေတဲ့ မကောင်း ဆိုးရွားတွေကို သံပုံးတီး ဆူညံသံပြုပြီး နှင်ထုတ်ကြသည့်သဘော ဖြစ်သည်။ အချိန်အခါမဟုတ် ဘယ်သူ မြှောက်ပေးလိုက်မှန်း မသိဘဲ ပြည်သူတွေ သံပုံးတွေ ထတီးကြတော့ သရဲသဘက် တွေတော့မသိ တချို့တွေ ပြေးလိုက်ကြတာမှ မဲဆောက်ရောက်တဲ့လူကရောက်၊ သြဇီရောက်တဲ့သူက ရောက်ကုန်ကြသည်။ တချို့ဆိုရင် သံပုံးတီးတဲ့အသံ မခံနိုင်တော့ အမေရိကားအထိကို ခပ်ဝေးဝေး ပြေးကြသည်။ ဒါကြောင့် ရွှေပြည်ကြီး ပုဏ္ဏကအတိုက်ခံရဖို့ ပြည်သူတွေက စတာဟု ပြောရခြင်းဖြစ်သည်။

            ဒီလိုနဲ့ သံပုံးသံ မခံနိုင်လို့ ပြေးကြလွှားကြပြီး နောက် ဆရာကြီးတွေ၊ ဆရာမကြီးတွေ ပညာခန်း တွေ စလာတော့သည်။ ပုံတူပန်းချီကားကြီးတွေ ထုတ်ရောင်းပြီး ပုဏ္ဏကတိုက်ဖို့ စတင် စီမံကြတော့သည်။ ပုံတူပန်း ချီကားတစ်ကားကို ဒေါ်လာထောင်သောင်းချီရအောင် ရောင်းချပြီး အစီအရင်တွေ စလုပ်တော့ သည်။ ဒါတင် အားမရသေးဘဲ ဟိုအန်တီကြီးရဲ့ အဝတ်အစား၊ ထီး၊ ဖိနပ်ပါမကျန် အစီအရင်တွေနဲ့ ရောင်းချပြီး တိုင်းပြည်ကို ပုဏ္ဏကတိုက်ဖို့ အောက်လမ်းနည်းတွေ သုံးလာခဲ့ကြသည်။ တချို့ဆရာကြီးတွေ ကလည်း ပြည်တော်ဝင် ယတြာတွေချေဖို့အတွက် အလှူတွေခံကြသေးသည်။ ယုံကြည်တဲ့လူတွေက လည်း ပြည်တော်ဝင်ဖို့အတွက်ဆိုရင် လှူမယ်တန်းမယ်ဟေ့ဆိုပြီး တစ်ရွက်နှစ်ရာတန် အေဖိုးစာရွက်ကြီး တွေကို ဒေါ်လာထောင်ချီဖြင့် ဝယ်ကြသည်။ တချို့ကလည်း လေပေါ်က တိုက်အိမ်တွေကို စာချုပ်စာတမ်းဖြင့် ကြိုဝယ်လိုက်ကြသေးသည်။ ဒီလိုဆိုတော့ မျက်ဖြူစိုက်လေ ဆရာကြိုက်လေဆိုသလို ဖြစ်ကုန်ကြတော့သည်။ သံပုံးသံ နားမခံနိုင်ကြသူတွေ နိုင်ငံရပ်ခြား ရောက်သွားကြတာနဲ့ တစ်ပြိုင်နက် တိုင်းပြည်ကို ပုဏ္ဏက စတိုက်ရုံတင်မက နိုင်ငံတကာရောက် ရွှေပြည်သူ ရွှေပြည်သားတို့လည်း ဂြိုဟ်ဆိုး စဝင်ကြတော့သည်။ နိုင်ငံရေးအောက်လမ်းပညာနဲ့ဆိုတော့ သူတို့ခိုင်းတာမှန်သမျှ အကုန်လိုက်လုပ်ရ လေသည်။ ဘယ်နေရာသွားပြီး ဘယ်လို အစီအမံနဲ့ ဆန္ဒပြကြဆိုရင်လည်း ပြကြရသည်။ ဘယ်လိုပွဲတွေ ကျင်းပမယ်လာခဲ့ကြဆိုရင်လည်း ကိုယ့်စရိတ်ကိုယ်စားပြီး သွားကြရသေးသည်။

            တချို့ အမေရိကားရောက်သွားတဲ့ ပုဏ္ဏက တွေကတော့ ပုဏ္ဏကတိုက်နည်း သုံးနည်းထဲက လေပုဏ္ဏက ပညာရပ်ကို တစ်ဖက်ကမ်းခပ်အောင် ကျွမ်းကျင်ကြသည်။ ရွှေပြည်ကြီးမှာ ပြည်သူတွေ ပျော်ပျော် ပါးပါးဖြစ်နေရင် အလိုလို ကြည့်မရဘဲ 'လိပ်ပြာလုံပါစေ'ဆိုပြီး လေပုဏ္ဏက တိုက်ကြသည်။ ဒါတင်မကသေးဘဲ 'ငါတို့နိုင်နေပြီ'၊ 'မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်'ဆိုတာမျိုးနဲ့ ရွှေပြည်ကြီးဘက် လှည့်ပြီး အတိုက်အခိုက် ပညာခန်းတွေ ပြကြသည်။ ရွှေပြည်ကြီးမှာ မတည်မငြိမ်ဖြစ်အောင် နိုင်ငံရေး အောက်လမ်းပညာနဲ့ သရဲ၊ တစ္ဆေ  ပေါက်စလေးတွေကို မွေးမြူပြီး ခိုင်းစားကြသေးသည်။သရဲ၊ တစ္ဆေပေါက်စလေးတွေကလည်း နိုင်ငံရေးအောက် လမ်းဆရာတွေ လေလှိုင်းပေါ်က ပုဏ္ဏက တိုက်တာကို ယုံမှတ်ပြီး ပုံအပ်ခဲ့ကြသည်။ နိုင်ငံရေးအောက်လမ်းဆရာတို့၏ အတိုက်အခိုက်ထဲတွင် လေပုဏ္ဏက တိုက်နည်းက တော်တော်လေး အလုပ်ဖြစ်ခဲ့သည်။ တစ်နှစ်နဲ့ နိုင်နိုးနိုး၊ သုံးနှစ်နဲ့ ပြီးနိုးနိုး၊ ငါးနှစ်ပြည့်တဲ့ အထိ တောင့်ခံရနိုးနိုးနဲ့  သို့လောသို့လော တော်ကီများကျွေးပြီး လေတိုက်လာ လိုက်တာ ဒီနေ့၊ ဒီအချိန်ထိ လေကတော့ တစ်ပြားသားမှ မလျှော့ကြသေးတာ တွေ့ရသည်။ ခုဆိုရင် ရွှေပြည်ကြီးက ပုဏ္ဏက အတိုက်ခံ ရသည့်ဘေးက လွတ်မြောက်လာခဲ့ ပြီဖြစ်သည်။ ဆရာကြီးတွေရဲ့ ပညာခန်းကလည်း ကုန် လုနီးပါး ဖြစ်သွားကြပြီ ဖြစ်သည်။ အရင်ကလို ပုဏ္ဏကက ဘယ်လိုတိုက်တာလဲဆိုပြီး စိတ်ဝင်တစားရပ်ကြည့် သည့် လူအုပ်ကြီးလည်း မရှိတော့ချေ။ အားလုံးက ကိုယ့်အလုပ်ကိုယ်လုပ်ကြပြီး အမေရိကားက အောက် လမ်းဆရာကြီး၊ ဆရာမကြီးများကိုလည်း ဖုတ်လေတဲ့ငါးပိ ရှိ တယ်တောင် မထင်ကြတော့ပေ။

            သို့သော်လည်း ဆရာကြီး၊ ဆရာမကြီးများကတော့ ကိုယ့်ပညာ ကိုယ်ပြန်နုတ်ဖို့ အခက်တွေ့ နေကြ လေတော့သည်။

ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 43

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61790

© 2022 - 2026 News. All Rights Reserved.