သည်ဟိဂ် (သို့) မြန်မာ့မျိုးချစ်စိတ်ကို စမ်းသပ်နေသည့် မြို့

၂၀၂၆ ၊ ဇန်နဝါရီ ၂၃

    ဂမ်ဘီယာနိုင်ငံဟူသော နိုင်ငံမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ ၂၀၁၉ ခုနှစ်မတိုင်မီက ကြားပင် မကြားဖူးကြသော နိုင်ငံဖြစ်သည်။ မြန်မာ့အရေးနှင့် စိုးစဉ်းမျှ ပတ်သတ်ဆက်နွှယ်မှု မရှိသော နိုင်ငံဖြစ်သည့် ဂမ်ဘီယာဆိုသည့် နိုင်ငံကို စတင်ကြားဖူးသည်က မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှုများ ဖြစ်ခဲ့သည်ဟူသော တစ်ဖက်သတ်စွပ်စွဲချက်ကို ကိုင်စွဲကာ တရားလိုပြု၍ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ကို တိုင်ကြားမှသာ မြန်မာနိုင်ငံသူနိုင်ငံသားများ ထိုနိုင်ငံ၏ အမည်ကို ကြားဖူးကြသည်။ ထိုနိုင်ငံကလည်း နောက်ကွယ်မှ ထောက်ပံ့ပေးသည့် နိုင်ငံအစုအဖွဲ့တစ်ခုကို ကျောထောက်နောက်ခံ ပြု၍ ဓားခုတ်ရာ လက်ဝင်လျှိုသည့် နိုင်ငံအဆင့်သာရှိပြီး မြန်မာ့အရေးကို ထဲထဲဝင်ဝင်သိရှိသည့် နိုင်ငံမဟုတ်သည်ကို တွေ့မြင်ရသည်။ ၎င်းတို့နိုင်ငံမှ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုသည့် ဖြစ်စဉ်အစကို ပြန်လည် တင်ပြရပါက ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်က နယ်မြေလုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်နိုင်ရန် အတွက် အကြမ်းဖက်တိုက်ဖျက်ရေးကို စစ်ဆင်ရေးတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ် ရပ်များ၏ အဓိကလက်သည်တရားခံမှာ အိမ်နီးချင်းနိုင်ငံကို အခြေပြု၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားခဲ့သော ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် ဖြစ်သည်။
    ARSA အကြမ်းဖက်အဖွဲ့၏ ကျူးကျော်စော် ကားသောလုပ်ရပ်ကို မြန်မာ့တပ်မတော်မှ နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးပွန်းပဲ့မှု မရှိစေရေး တုံ့ပြန်ဆောင်ရွက်ခြင်းက လူမျိုးသုဉ်းတိုက်ခိုက်မှုဟု သတ်မှတ်၍ မရသလို အချုပ်အခြာအာဏာပိုင်နိုင်ငံတိုင်း ယခုကဲ့သို့ ကျူးကျော်စော်ကားမှုတိုင်းကို လက်သင့်ခံမည် မဟုတ်ကြောင်း ထောက်ပြလိုသည်။
    ထိုသို့သောဖြစ်ရပ်ကို အခြေခံကာ ဂမ်ဘီယာနိုင်ငံက ကြားဝင်၍ တရားလိုပြုကာ ICJ ကို စတင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး သတိပြုရမည့်အချက်မှာ ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုသည် လူပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ရပ်ကို ရည် ရွယ်၍ တရားစွဲဆိုခြင်း မဟုတ်ကြောင်း သတိပြုရမည်ဖြစ်သည်။ နောက်ကွယ်က ကြိုးကိုင်သော နိုင်ငံများနှင့် ဂမ်ဘီယာတို့၏ ပစ်မှတ်မှာ မြန်မာနိုင်ငံ၏ အစိုးရတစ်ရပ်သော်လည်းကောင်း၊ တပ်မတော်အကြီးအကဲနှင့်  တပ်မတော် တစ်ရပ်လုံးကိုလည်းကောင်း ထားရှိခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသား တစ်ရပ်လုံး၏ ဂုဏ်သိက္ခာကို ပစ်မှတ်ထားတရားစွဲဆိုခြင်းဖြစ်သည်။ ၎င်းတို့ စွပ်စွဲထားသကဲ့သို့ မြန်မာနိုင်ငံက လူမျိုး သုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သည်ဟုဆိုပါက သားစဉ်မြေးဆက် ယင်းလုပ်ရပ်ကို ကျူးလွန်ကြသော နိုင်ငံဟု ကမ္ဘာ့အလယ်တွင် လက်ညှိုးထိုးခြင်း ခံရစေရေးနှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် မြေပေါ်တွင် လူဦးရေ ပေါက်ဖွားနှုန်းများသည့် အိမ်နီးချင်းနိုင်ငံ၏ လူဦးရေပြိုကြမှုကို အသာတကြည် လက်ခံရမည့်သဘောကို ဆောင်နေသည်။ ထို့ကြောင့် ယခုတရားစွဲဆိုမှုသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာ နှင့် နိုင်ငံသူနိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာတ်များကို ထိပါးစော်ကားခြင်းဖြစ်သည်ကို အပြည့်အ၀ လက်ခံ ထားရမည်ဖြစ်သည်။
    ဆက်လက်၍ အများပြည်သူ အလွယ်တကူ သိရှိနားလည်စေရန် တင်ပြရေးသားရလျှင် ဂမ်ဘီယာနိုင်ငံအနေဖြင့် တရားရင်ဆိုင်နေစဉ်အတွင်း မူမမှန်သော ပြောဆိုမှုများ၊ လုပ်ဆောင်ချက်များက ၎င်းတို့ ခြေလှမ်းကို တွေ့မြင်ရသည်။ ပထမအချက်အနေဖြင့် တရားရင်ဆိုင်နေမှု အခွင့်ကိုယူကာ မူလစွပ်စွဲချက်ဖြစ်သည့် လူမျိုးသုဉ်းစေမှုဆိုင်ရာနှင့် မသက်ဆိုင်သော ဘင်္ဂါလီများကို သမိုင်းတွင်မရှိသော "ရိုဟင်ဂျာ" အမည်ကို တရားဝင်အသုံးပြုခွင့်ရရေး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်း များတွင် ရောက်ရှိနေသူများအား မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိသည်နှင့် အလိုအလျောက် နိုင်ငံသားရေး စသည့် မူမမှန်သော ပြောဆိုချက်များဖြင့် ၎င်တို့ ခြေလှမ်းများကို မြင်သာစေခဲ့သည်။ နိုင်ငံသား ဖြစ်ခွင့် တောင်းဆိုမှုနှင့် သမိုင်းတွင် မရှိသော လူမျိုးအမည်နာမကို မြန်မာ့ဌာနေ တိုင်းရင်းသားအမည် ဖြစ်ခွင့်ရရေး ကြိုးပမ်းမှုက ၎င်းတို့ တရားစွဲဆိုထားသော အကြောင်းခြင်းရာနှင့် သက်ဆိုင်ခြင်း အလျဉ်းမရှိကြောင်း သိရသည်။ ထင်ရှားသော သက်သေထူရလျှင် ၎င်းတို့တွင် တွင်ပြောကြားနေသည့် 'ရိုဟင်ဂျာ' အမည်နာမ နှင့်လူမျိုးဆိုသည်မှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ပင် မရှိသည်ကို သတိထားမိသည်။ ထိုသို့ တစ်ဖက်နိုင်ငံတွင်မရှိသော လူမျိုးစုအမည်နာမကို သုံးကာ တစ်ဖက်နိုင်ငံမှ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ရေး ကြိုးပမ်းပေးနေမှုများက အစ္စလာမ္မစ်နိုင်ငံများ၏ အလိုကျ ဂမ်ဘီယာနိုင်ငံက လိုက်ပါ ဆောင်ရွက်ပေးနေရသော ထင်ရှားသည့် သက်သေပင်ဖြစ်သည်။
    မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးအတွက် နိုင်ငံသားဖြစ်ရေး ဥပဒေတစ်ရပ် ရှိနေပြီး ယင်းဥပဒေကို ကျော်လွန်၍ နိုင်ငံသားဖြစ်ရေး တောင်းဆိုမှုများက နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါးစော် ကားခြင်းသာဖြစ်သည်။ ၂၀၁၆-၁၇ ဖြစ်စဉ်များအပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက်များ ရှိထား ပြီး မြန်မာနိုင်ငံအနေဖြင့်  နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ကာ  ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်လက်ခံ နေရာချထားရေး၊ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားနပ်ရိက္ခာနှင့် အလုပ်အကိုင် ဖော်ဆောင်ရေး စသည်တို့ကို ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ၂၀၂၀ ပြည့်နှစ်မှစတင်ကာ တစ်ကမ္ဘာလုံး ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဘေး၊ ၂၀၂၃ ခုနှစ်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်းမိုခါ၏ သဘာဝကပ်ဘေးနှင့် ၂၀၂၃ ခုနှစ်အလွန် ဖြစ်ပွားနေသည့် နယ်မြေလုံခြုံရေး မတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအစီအစဉ် နှောင့်နှေးကြန့်ကြာနေခြင်းဖြစ်သည်။ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ခြင်းကြောင့် နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ဥပဒေအရသာ အကျုံးဝင်မည်ဖြစ်ပြီး မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့အစည်း၏ သြဇာအာဏာဖြင့် နိုင်ငံသား ဖြစ်ခွင့်ရမည် မဟုတ်ကြောင်း ဤနေရာတွင် အတိအလင်း ရေးသား လိုသည်။
    ဂမ်ဘီယာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတ ကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံက တင်သွင်းခဲ့သောကနဦး ကန့်ကွက်လွှာနှင့် ပတ်သက်သည့် ကြားနာမှုကို နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က မြန်မာနိုင်ငံ ကိုယ်စားပြု နိုင်ငံတကာရှေ့နေဖြစ်သော Dr. Christo-pher Staker က ဂမ်ဘီယာ နိုင်ငံသည် OIC ၏တာဝန်ပေးချက်အရ OIC ကိုယ်စား တရားစွဲပေးခြင်းဖြစ်၍ ယခုအမှုကို တရားရုံးက လက်မခံသင့် ကြောင်း၊ OIC သည် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်၍ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့်မရှိသဖြင့် ကန့်ကွက်ကြောင်း လျှောက်လဲချက်ကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်၏ Article (၉)အရ တရားရုံးသို့ အမှုတင်သွင်းရန် အဖွဲ့ဝင် နှစ်နိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှုရှိရန် လိုအပ်ကြောင်း၊ ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဥပဒေကြောင်းအရ အငြင်းပွားမှု လုံး၀မရှိကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တရားရုံးသို့ တင်သွင်း ခဲ့သည်။ ရှေ့နေတစ်ဦးဖြစ်သူ Professor Stefan Talmon ကလည်း ဂမ်ဘီယာနိုင်ငံသည် နစ်နာသူနိုင်ငံ မဟုတ်၍ တရားစွဲခွင့် မရှိကြောင်း၊ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာ သဘောတူစာချုပ်က အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၎င်းတို့အပေါ် ထိခိုက်မှုမရှိပါက တရားစွဲခွင့် ပေးမထားကြောင်း လျှောက်လဲချက်ကိုလည်းကောင်း တင်သွင်းနိုင်ခဲ့သည်။
    ယခုအခါ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ရက်မှ ၂၉ ရက် အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံမှ ပထမအကြိမ်လျှောက်လဲခြင်းကို ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံ၏ကိုယ်စားလှယ် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးက ဂမ်ဘီယာနိုင်ငံ၏ စွပ်စွဲချက်များကို ခုခံကာကွယ် ပြောကြားခဲ့သည်။ ဂမ်ဘီယာနိုင်ငံအနေဖြင့် အမှု၏ ဖြစ်ရပ်မှန်များ နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ ယုံကြည်စိတ်ချမှု မရှိသည့် ဘက်လိုက်မှုရှိသော သာမန်အချက်များကို ကိုးကားပြီး စွပ်စွဲခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် တရားစီရင်ခြင်း မပြုမီ တရားရုံးကို ကျော်လွန်၍ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း၊ တရားရုံး၏ ရှေ့မှောက်တွင် ရိုးသားဖြောင့်မတ်စွာ လိုက်နာရမည့် တာဝန်ကို ပစ်ပယ်၍ မမှန်ကန်သော သတင်းအရင်းအမြစ်များမှ အချက်အလက်များကို လိုအပ်သလို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း၊ လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကို စနစ်ကျနမှုမရှိ၊ သတ်မှတ်သည့် စံနှုန်း များနှင့်လည်း ကိုက်ညီမှုမရှိဘဲ အတည်မပြုနိုင်သည့် တစ်ဆင့်စကားများဖြင့် ထွက်ဆိုထားသော အ ထောက်အထားများ ခိုင်မာမှု ရှိ/မရှိနှင့်ပတ်သက်၍ ထောက်ပြ ပြောဆိုခဲ့သည်။
    မြန်မာနိုင်ငံအပေါ် မမှန်မကန် စွပ်စွဲချက်များဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ရောက်ရှိစေရန် ဖန်တီးခဲ့ကြသော ဂမ်ဘီယာနိုင်ငံနှင့် ၎င်းနိုင်ငံကိုနောက်ကွယ်မှ ကြိုးကိုင်နေသော OIC နိုင်ငံများ၏ လုပ်ရပ်က ပိုမို ပီပြင်လာခဲ့သည်။ လူမျိုးသုဉ်းဟူသည့် အချက်ကို အကြောင်းပြု၍ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်ခွင့်ကို ဝင်ရောက်စွက်ဖက်ရန်၊ သမိုင်းတွင်မရှိသော လူမျိုးသစ်အမည်ကို ပွဲထုတ်ရန် အတွက် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ကမ္ဘာ့အလယ်တွင် ကျဆင်းစေရန် ရည်ရွယ်ချက်က ထင်ရှားနေ သည်။ ထို့အပြင် မြန်မာနိုင်ငံသူ နိုင်ငံသားများ သတိပြုရမည့် အချက်တစ်ခုမှာ တရားစွဲဆိုမှုတွင် ပါဝင်လာသော ဘာသာရေးနှင့် ဆက်နွှယ်သော အကြောင်းအရာပင်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အားကိုးအားထား ပြုရာ သက်တော်ထင်ရှား ဆရာတော်ဘုရားကြီးအပြင်၊ အမျိုးသားရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသော ဆရာတော်များကို တရားရုံးတွင် အမည်နာမ ထုတ်ဖော်လာခဲ့သည်အထိ အတင့်ရဲလာကြသည်။ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ မီဒီယာသည် သက်သေခံတွင် ပါဝင်ခြင်း မရှိသော်လည်း ပြည်ပမီဒီယာ စာမျက်နှာများထက်တွင် ဗုဒ္ဓဘာသာနှင့် ရဟန်းတော်များကို ဂုဏ်သိက္ခာကျဆင်းစေရန် ဖော်ပြခဲ့ သော အကြောင်းအရာများကို ထည့်သွင်းခြင်းက ဗုဒ္ဓဘာသာဝင်အပေါင်း၏ ကိုးကွယ်ယုံကြည်မှုကို စော်ကားခဲ့သလို မျိုးချစ်စိတ်ဓာတ်ကို ထိပါးခဲ့ခြင်းဖြစ်သည်။
    ထို့ကြောင့် ဒီမိုကရေစီခရီးလမ်း လျှောက်လှမ်းရန်အတွက် နောက်ဆုံးတက်ရမည့် လှေကားထစ် ဖြစ်သည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) အပြီးတွင် အမျိုးသားရေးမျက်နှာစာသစ်ကို ဖွင့်လှစ် ၍ နိုင်ငံတကာကို မြန်မာနိုင်ငံသူနိုင်ငံသားတို့၏ မျိုးချစ်စိတ်ကို ဖွင့်လှစ်ပြသရန် စီစဉ်နေမှုများရှိနေကြောင်း အမျိုးသားရေးတက်ကြွလှုပ်ရှားသော ရဟန်းသံဃာတော်များနှင့် မျိုးချစ်စိတ်ဓာတ်ပြင်း ထန်သော နိုင်ငံသူနိုင်ငံသားများထံမှ သတင်းစကားများ ကြားသိနေရသည်။ "မြန်မာနိုင်ငံအပေါ် ICJ ကနေတစ်ဆင့် ဂမ်ဘီယာကတရားစွဲဆို တဲ့အပေါ် ပြည်သူပြည်သား ဒါယကာ ဒါယိကာမတွေ သိထားရမှာက ဒါက နိုင်ငံတော်အကြီးအကဲတွေ၊ နိုင်ငံတော်အစိုးရတွေနဲ့ မြန်မာ့တပ်မတော် တစ်ရပ်လုံးကို တရားစွဲဆိုထားတာမဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးဖို့လုပ်တဲ့ ဆောင်ရွက်ချက်ပဲ။ နောက်ပြီး အရေးကြီးဆုံးတစ်ချက်က အမျိုး၊ ဘာသာ၊ သာသနာကို တိတိပပ ထိပါးဖို့ ကြိုးစားလာတာပဲ ဖြစ်တယ်။ ဒါကြောင့် ဆရာတော်တို့ကတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သည်ဟိဂ်ကိုသွားပြီး ခုခံချေပနေတဲ့ နိုင်ငံတော်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံသွား မှာဖြစ်သလို၊ မြန်မာ့အရေးကို မဆီမဆိုင် ဝင်ရောက်စွက်ဖက်နေတဲ့ ဂမ်ဘီယာနဲ့ တရားစွဲဆိုခွင့်ပြုတဲ့ ICJ ကို ကန့်ကွက်ရှုတ်ချပွဲတွေ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရော၊ မျိုးချစ်စိတ်ဓာတ်ရှိတဲ့ နိုင်ငံသူနိုင်ငံသားတွေ ပါဝင်ကြဖို့တိုက်တွန်းချင်ပါတယ်"ဟု အမျိုးသားရေးဦးဆောင် ဆရာတော်တစ် ပါးက မိန့်ကြားသည်။
    နိုင်ငံသူနိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာတ်ကို ပြသရန်အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို အပြည့်အ၀ ထောက်ခံကြောင်းနှင့် ဂမ်ဘီယာနှင့် ICJ ကို ကန့်ကွက်ဆန္ဒပြရန်အတွက် နိုင်ငံတစ်ဝန်းစီစဉ်နေမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားပြု၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်နေသူ  ဦးကျော်မျိုးရွှေကလည်း "တစ်နေ့ ကပဲ အမျိုး သားရေးတက် ကြွလှုပ်ရှားသူတွေနဲ့ မန္တလေးအခြေစိုက် မဘသအဖွဲ့တွေ အစည်းအဝေးလုပ်ခဲ့တယ်။ ကျွန်တော်လည်းသွားရောက်ခဲ့တော့ အစည်းအဝေးမှာတော့ တရားသွားရောက်ရင် ဆိုင်နေတဲ့ ဦးကိုကိုလှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စား လှယ်အဖွဲ့ကို ထောက်ခံဝန်းရံဖို့နဲ့ နောက်တစ်ချက် ကျွန် တော်တို့ ဗုဒ္ဓဘာသာဝင် ကြည်ညိုလေးစားရတဲ့ ဆရာ တော်ကြီးတွေကိုပါ စော်ကားတံဆိပ်ကပ်ထားတဲ့ အပေါ် မှာ ကန့်ကွက်ဆန့်ကျင်သွားဖို့နဲ့ ICJ နဲ့ ဂမ်ဘီယာကို ဆန့်ကျင်ကန့်ကွက်သွားဖို့ စီစဉ်နေပါတယ်။ ကျွန်တော်တို့တိုင်းပြည်သည် ဒို့တာဝန်အရေးသုံးပါးနဲ့ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်စောင့် ရှောက်ရာကနေ စပြီး ဖြစ်တဲ့ကိစ္စပါ။ အချုပ်အခြာကို ထိပါးလို့ ကိုင်တွယ်ဖြေရှင်းတာကို ပြဿနာလုပ်တဲ့ ကိစ္စ ဖြစ်တယ်။ OIC အထောက်အပံ့ယူပြီး ဂမ်ဘီယာက ပြောနေသလို လူမျိုးသုဉ်းဖြစ်စဉ် မဟုတ်ဘူး။ နောက်တစ်ခုက ရိုဟင်ဂျာလူမျိုးဆိုတာ တို့တိုင်းပြည်နဲ့ တို့လူမျိုးမှာ မရှိဘူးဆိုတာကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသွားမှာပါ"ဟု ပြောကြားသည်။
    မြန်မာနိုင်ငံသူ နိုင်ငံသားတို့၏ မျိုးချစ်စိတ်ဓာတ်သည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အပေါ် မူတည်၍ထားရှိသော ပုဂ္ဂိုလ်စွဲ မျိုးချစ်စိတ်ဓာတ်မျိုး မဟုတ်ကြောင်း၊ အစိုးရတစ်ရပ်အပေါ် သစ္စာခံ၍ ထားရှိသော မျက်ကန်းမျိုးချစ်စိတ် မဟုတ်ကြောင်း ပြသကြတော့မည့် အရိပ်လက္ခဏာမျိုးကို တွေ့မြင်နေရသည်။ တိကျခိုင်မာမှုမရှိသော အချက်အလက်အမှားများကို ယူဆောင်၍ နောက်ကွယ်မှ အထောက်အ ပံ့များကို မျှော်ကိုးကာ အမှုပွဲစားသဖွယ် ဆောင်ရွက်နေသည့် ဂမ်ဘီယာနိုင်ငံ၏ ဆောင် ရွက်ချက်များကို လက်သင့်မခံကြောင်း၊ ဥပဒေကို ကျော် လွန်ကာ လက်ခံစစ်ဆေးပေးနေသည့် အပြည်ပြည်ဆိုင် ရာတရားရုံး ICJ ၏ လုပ်ရပ်အပေါ် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ လက်မခံကြောင်း ပြသရန်မှာ အမျိုး သားရေး တာဝန်တစ်ရပ် ဖြစ်လာပြီ ဖြစ်သည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းစေရေးအတွက် ဒီမိုကရေစီနိုင်ငံဆီသို့ ရောက်ရှိစေရေး ဆန္ဒမဲများဖြင့် တွန်းပို့နေသည့် ပြည်သူတို့၏ အင်အားများကိုလည်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာအတွက် မျိုးချစ်စိတ်ဓာတ်များအဖြစ် ပြောင်းလဲကာကွယ်ရန် အချိန်ကျခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် သည်ဟိဂ်မြို့သည် မြန်မာတို့၏ မျိုးချစ်စိတ်ကို စမ်းသပ်နေသော မြို့တစ်မြို့ဖြစ်နေပြီး မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ နိုင်ငံနှင့် လူမျိုးအပေါ်ထားရှိသော မျိုးချစ်စိတ်ဓာတ်များသည် ခိုင်မာအားကောင်းနေဆဲဟု ကမ္ဘာ့နိုင်ငံအသီးသီးကို ပြသရန်လိုအပ်နေပြီ ဖြစ်သည်။
(ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( 2 ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 1

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59912

© 2022 - 2026 News. All Rights Reserved.