အညာရေဘေးကူညီသဖြင့် PDF များက သေနတ်ဖြင့် အချိန်ခံခဲ့ရသူ

ရေပြန်ကျသွားချိန် ငိုနေကြရသည့် ရွှေဘို PDF များ
    သူတို့မယုံနိုင် ဖြစ်နေကြလေသည်။ ဤကဲ့သို့ မြင်ကွင်းမျိုးကိုလည်း သူတို့ မျှော်လင့်မထားသည့် အခြေအနေဖြစ်သည်။ မိုးနည်းရေရှားဒေသဖြစ်သည့် အညာတွင် ယခုကဲ့သို့ ရေကြီးရေလျှံ မှုဆိုသည်မှာလည်း ဖြစ်တောင့်ဖြစ်ခဲပင် ဖြစ်သည်။ အညာတွင် ရေကြီးရေလျှံမှု ကြုံတွေ့ဖူးကြသော်လည်း သည်နှစ်ရေကြီးသည့်ဒဏ်က တော်လှန်ရေးရပ်ဝန်းကသူများကို ရွေးပြီး ထိခိုက်စေသလားဟု ထင်ရအောင် ဖြစ်နေ လေသည်။
    တော်လှန်ရေးရပ်ဝန်းက သူတို့ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဝန်းကျင်က PDF များ ကြီးစိုးသည့်နေရာတွင် ဖြစ်သည်။ ရွှေဘို ပ.က.ဖအဖွဲ့က လက်ရှိ သူတို့ကြုံတွေ့နေရသည့် အခြေအနေကို သြဂုတ် ၁၆ ရက် ရက်စွဲဖြင့် လူမှုကွန်ရက်တွင် တင်ပြထားသည်။ "ဟ ငါ့ညီက ဘယ့်နှယ့်ကြောင့် လမ်းလယ်ကောင်လာ ပြီးငိုနေတာလဲ"ဟု ငိုနေသူကို တစ်ယောက်ကမေးနေ၏။ ငိုနေသူက "ဘယ်လိုဖြစ်ရမှာ လဲဗျ၊ မူးရေလေ၊ မူးရေကြောင့်ဗျ"ရှင်းပြရာ မေးခွန်းမေးသူက "အဲဒီမူးရေက  တစ်တောင့်ထွာလောက် ပြန်ကျသွားပြီ"ဟု ဆိုလေသည်။ သူတို့ငို၍ အပြန်အလှန်ပြောနေသည့် အကြောင်းက မူးမြစ်ရေကြီးပြီး ပြန်ကျသွားချိန်တွင် ကြုံတွေ့နေရသည့် အခြေအနေများအကြောင်းပင် ဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က စစ်ကိုင်းတိုင်း ရွှေဘို၊ ဝက်လက်၊ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း စသည့် နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်အပြီး ရေတိုက်စားမှုများကြောင့် အချို့သောရွာများသည် ရေမကြီးခင်က အခြေအနေမျိုး ပြန်ရောက်ရန်မှာ မလွယ်ကူသည့် အခြေအနေမျိုး ဖြစ်သွားကြောင်း အပြန်အလှန် ငိုကြွေး၍ ရှင်းပြနေခြင်းပင်ဖြစ်သည်။ "ဒီမှာ ကြည့် ပါဦးဗျာ၊ ကျွန်တော်တို့ရွာက လမ်းကြီးကို ဒီလိုဖြတ်ပြီးဝင်သွားတာ၊ အခုကား ဆိုင်ကယ်သွားဖို့ နေနေသာသာ လူတောင်ဘယ်လိုသွားရမယ် မသိတော့ဘူး"ဟု ငိုကြီးချက်မဖြင့် ပြောနေကြလေသည်။ 
    ရွာသားတစ်ဦးက ထိုကဲ့သို့ ငို၍ ပြောနေစဉ်  ရွှေဘို ပ.က.ဖဆိုသူက "ပျက်အစဉ် ပြင်ခဏပါကွာ၊ အလှူရှင်တွေလည်း လာကြဦးမှာပါ"ဟုဆိုနေလေသည်။ PDF နှင့် ပ.က.ဖဆိုသူတို့သည် သူတို့ရွာ လမ်းပျက်သွားသည့်အချိန်တွင် ငိုကြီးချက်မဖြင့် မျက်ရည်ချူပြီး အလှူခံကောင်းအောင် တင်ထားလေသည်။ ထိုဒေသက PDF များနှင့် ပသုံးလုံးဆိုသည့်အဖွဲ့များကပဲ မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား လမ်းတစ်လျှောက် အများပြည်သူ သွားလာသည့် လမ်းပိုင်း၊ နိုင်ငံတော်ပိုင်လမ်းပိုင်းကို ပိတ်ဆို့ဂိတ် ကြေးကောက်ကြသူများ ဖြစ်သည်။ အချို့နေရာများတွင် နိုင်ငံတော်လမ်းပိုင်းက သွားလာသူများကိုပင်လျှင် အဓိက လမ်းမကြီးများမှ မဖြတ်သန်းစေဘဲ လယ်ခင်းယာခင်း တောလမ်းများမှကွင်း၍ ဖြတ်သန်းခိုင်းကြသဖြင့် ခရီး သွားပြည်သူ နှင့် ယာဉ်မောင်းများမှာ ဒုက္ခရောက်ကြရသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သူတို့ခရီးသွားပြည် သူများကွင်းလမ်းက ဖြတ်သန်းခိုင်း၊ ဂိတ်ဖွင့်ဆက်ကြေး ကောက်ဆိုးရွားသည့် လမ်းကြောင်းပေါ်တွင် ထွန်စက်များဖြင့် အခကြေးငွေယူ ဆွဲခဲ့စဉ်က ဝင်ငွေရလမ်းဖြောင့်ပြီး ငြိမ်နေကြသူများ ဖြစ်သည်။ ထိုစဉ်က သူတို့ လုပ်ရပ်ကြောင့် ပြည်သူများစွာ မည်မျှဒုက္ခရောက်၊ အခက်အခဲတွေ့ခဲ့ရကြောင်းကို နည်းနည်းလေးမျှ ကိုယ်ချင်းမစာခဲ့သည့် PDF တို့က ယခုရေဘေးတွင် ရင်ထဲကလာသည့် မျက်ရည်အစစ်အမှန် မဟုတ်ဘဲ မျက်ရည်ချူပြသည့်ပုံစံဖြင့် ငိုချင်းချပြနေလေသည်။ 
    PDF နှင့် ပသုံးလုံးတို့က သဘာဝဘေးမှနေ၍ မည်သို့အမြတ်ထုတ်ရမည်ကို စဉ်းစားနေခြင်းဖြစ်သည်။ သဘာဝတရားကြီးက ဒဏ်ခတ်နေ သည်ကိုပင် "မငိုပါနဲ့ကွာ လမ်းပျက်သွားလည်း ပြည်သူက ကူညီကြမှာပါ"ဟုဆိုသည့် ကိုယ့်ခွန်ကိုယ့်အားကိုးမည့်စိတ်မမွေးဘဲ ပြည်သူ့ဆီကမည်သို့ လက်ဖြန့် တောင်းရမည်ကိုသာ အကြံထုတ်နေခြင်း ဖြစ်သည်။


BNRA တပ်ရင်းမှူးနှစ်ဦး၏ပဟေဠိ
    သည်ရက်ပိုင်း BNRA တပ်ဖွဲ့မှ တပ်ရင်းမှူး သုဘရာဇာနှင့် ဒေါင်းညိုတို့ကို NUG က ဖမ်းဆီးထိန်း သိမ်းထားရာက ထွက်ပြေးလွတ်မြောက်သွားသည် ဆိုသည့်သတင်းကြောင့် တော်လှန်ရေးဘက်အခြမ်းက ပွဲပျက်နေခြင်း ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ အမြင်အမျိုးမျိုး ကွဲပြားနေကြပြီး ပထမအမြင်က တော်လှန်ရေးဘက်အခြမ်းက လူများ၏ မကျေနပ်သံများအကြောင်းပင် ဖြစ်သည်။
    NUG သည် တော်လှန်ရေးခရီးလမ်းကြောင်း တူပါသည်ဟုဆိုသည့် BNRA တပ်ကို စတင်ဖြိုခွဲစဉ်ကတည်းက အဖတ်ဆည်၍မရအောင် အမည်ပျက်ခဲ့သော်လည်း ထိုအမည်ပျက်ကို အဖတ်ဆည်ချင်သဖြင့် ဒေါင်းညိုနှင့် သုဘရာဇာတို့ကို ကောင်းမွန်စွာ ထားသည့် ပုံရိပ်ကလည်း လိုချင်ပြန်သေး၏။ ပြဿနာက NUG ကိုယ်တိုင်က တပ်ရင်းတပ်ဖွဲ့များကို မစို့မပို့ထောက်ပံ့မှုပေးပြီး မြေပြင်တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့ အချင်းချင်း ဖြိုခွင်းခိုင်းခဲ့သည့် ပြဿနာကို မေ့နေဟန်ရှိ၏။ ထို့ကြောင့် ဒေါင်းညိုနှင့် သုဘရာဇာတို့ကို ဆေးကုသခွင့်ပေးနေသည်ဟု သတင်းလွှင့်ထားခဲ့သော်လည်း မြေပြင်တွင် မသေရုံတမယ် နှိပ်စက်ထားကြသည်။ နှိပ်စက်ထားသည့် အကြောင်းအရာကို ဖုံးကွယ်ပြီး ဆေးကုပေးသည့်သတင်းကိုသာ ပျံ့နှံ့စေချင်ကာ ထိုအဖြစ်အပျက်ပေါ်မှနေ၍ အမည်ကောင်း ဝင်ယူချင်နေလေသည်။ NUG ကပဲ စေတနာရှင်ကြီးများ သဖွယ် ဒေါင်းညိုနှင့် သုဘရာဇာတို့ကို ဘာမှမဖြစ်ဘဲ ဆေးကုပေးသယောင် သတင်းလွှင့်နေကြသည်။ သူတို့နှိပ်စက်ပြီးမှ သူတို့ဆေးကုပေးခြင်းဖြစ်ပြီး  အနာပေးလိုက် ဆေးပေးလိုက်ဆိုသည့် အခြေအနေမျိုး ဖန်တီးထားခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် NUG ကို တော်လှန်ရမည်ဆိုသည့် သူများလည်း NUG ဘက်အခြမ်းတွင် များစွာရှိကြောင်းကို သည်ဖြစ်ရပ်က သက်သေပြလိုက်လေသည်။
    တော်လှန်ရေးသမားအချင်းချင်း ဖမ်းဆီးညှဉ်း ပန်းနှိပ်စက်ခိုင်းသည့် NUG ၏ အမိန့်ကို လွန်ဆန်ပြီး သုဘရာဇာနှင့် ဒေါင်းညိုတို့ကို လွှတ်ပေးပြီး အတိတ်မေ့သယောင်၊ ရွှေပျောက်သယောင် သတင်းလွှင့်ပြီး အိပ် ဆေးခပ်ခံရသည်ဟု ပြောနေကြလေသည်။ သို့သော်လည်း တော်လှန်ရေးဘက်အခြမ်းတွင် အခွင့်သာပါက NUG ကို ဆန့်ကျင်မည့် တော်လှန်ရေးသမားများ အများအပြားရှိကြောင်း လူမသိစေလို၍ အကြောင်း အရာကိုလမ်းကြောင်းလွှဲ၍ ပြောဆိုနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် NUG အဖွဲ့ ပွဲပျက်နေခြင်းဖြစ်သည်ဟု ဆိုခြင်း ဖြစ်သည်။ BNRA က ဒေါင်းညိုနှင့် သုဘရာဇာတို့နှင့် NUG ကို ဆန့်ကျင်သူတို့သည်လည်း မည်မျှ အစွမ်းပြလိုက်သည်မသိ။ သြဂုတ် ၁၅ရက်က ထွက်ပြေးလွတ်မြောက်ပြီး ၁၆ ရက်တွင် NUG ၏ အရေးကြီးနေရာများတွင် ဗုံးကြဲခံလိုက်ရလေသည်။ ထိုဗုံးကြဲခံရမှုတွင်လည်း NUG ဘက်အခြမ်းက တော်တော် များများကြီး ထိခိုက်ဆုံးရှုံးသွားကြောင်း သူတို့အချင်းချင်း အပြစ်တင် လက်ညှိုးထိုး၍ ပြောနေကြလေသည်။
    ထိုကဲ့သို့ ဒေါင်းညိုနှင့်သုဘရာဇာတို့ကြောင့်  တော်လှန်ရေးဘက်အခြမ်းတွင် ပြဿနာအကြီးကြီး တက်သွားသည်မှာ ဖုံးမရဖိမရ ဖြစ်နေလေသည်။ နောက်ထပ် အမြင်တစ်မျိုးက သုဘရာဇာနှင့် ဒေါင်းညိုတို့သည်  NUG ဘက်က ဖမ်းဆီးထားခြင်းမှ ထွက်ပြေးသွားနိုင်သော်လည်း အသက်ရှင်လျက် မရှိနိုင်တော့ဆိုသည့် အမြင်များပင်ဖြစ်သည်။ 
    အသက်ရှင်လျက် မရှိနိုင်တော့ဆိုသည့် အမြင်များဘက်တွင် 'ပင်လယ်ဘူးမြို့နယ်ဟာ မူးမြစ်ရဲ့ တစ်ဖက်တစ်ချက်မှာ တည်ရှိပါတယ်။ KIA တွေ ရှိနေတဲ့ ကောလင်းမြို့နယ်နဲ့ ထိစပ်နေပြီး တောင်ဘက်က ရေကြီးရေ လျှံဖြစ်နေတဲ့ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ဖြစ်တယ်။ နောက် သဖန်းဆိပ်ဆည်အထက်ပိုင်း နဲ့  အောက်ပိုင်းရွှေ ဘိုခရိုင်မှာ ရေကြီးရေလျှံဖြစ်နေလို့ သွားလာဖို့ ခက်ပါတယ်။ ဒီအချက်တွေကြောင့် သုဘရာဇာနဲ့ ဒေါင်းညိုတို့ ဟာလွတ်မြောက်ဖို့ထက် ထွက်ပြေးဖို့ကြိုးစားလို့ အသေဖမ်းခံလိုက်ရတာ ဖြစ်နိုင်တယ်"ဆိုသည့် အမြင်များလည်း ရှိနေသည်။ မည်သို့ပင်ဆိုစေ သုဘရာဇာနှင့်ဒေါင်းညိုတို့သည် လတ်တလောအချိန်အထိ ပဟေဠိအဖြစ် ရှိနေဆဲ ဖြစ်ပြီး NUG ထိန်းချုပ်ထားပါသည်ဆိုသည့် နေရာများတွင် ဒေါင်းညိုနှင့်သုဘရာဇာတို့ လွတ်မြောက်သွားသည်ဆိုသည့် သတင်းထွက်ပေါ်အပြီး ဗုံးကြဲခံရမှု ကြောင့်  ထိခိုက်သေဆုံးမှု အများအပြားရှိကြောင်းကို NUG နှင့် တော်လှန်ရေးဘက်အခြမ်းက ဝန်ခံနေကြသည်။

အစွန်းနှစ်ဖက်ကြားက အညာရေဘေး
    'ငါတို့မှာ ငါတို့ပဲရှိတယ်' ဆိုသည့် ကြွေးကြော်သံနှင့် ၂၀၂၁ ကတည်းက တော်လှန်ရေးလုပ်လာ ခဲ့ကြသူများသည် ယခု ၂၀၂၆ နှစ်ဝက် ကျော်လာချိန်ရောက်မှ ထိုစကားအတိအကျ မှန်ကန်လာကြောင်း သိလာကြသည်။ ပြီးခဲ့သည့်ရက်က အညာတွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေချိန်တွင် အညာရေဘေးအ တွက် လှူသင့်ကူ သင့်ဆိုသည့် ကိစ္စနှင့်ပတ်သက်၍ အငြင်းပွားမှုများ အစွန်းနှစ်ဖက်တွင် ရှိနေကြသည်။ အညာရေဘေးကြုံ နေရသူများက 'ဆယ်လီတွေ မလာတဲ့ အညာ'ဟုဆိုကာ စကားနာထိုးကြသည်။
    အညာသည် သူတို့ဆိုစကားအရ တစ်နိုင်ငံလုံး၏ ဒီမိုကရေစီအရေးအတွက် အညာက ထမ်းပိုးထားရကြောင်း၊ တစ်နိုင်ငံလုံး၏ အရေးကို သူတို့ပဲဆောင်ရွက်နေကြောင်း ပြောနေကြ၏။ ဒါက သူတို့ အမြင်ဖြစ်ပြီး သူတို့ထိုကဲ့သို့ ထမ်းပိုထားသည့် အညာရေဘေးကြုံသည့်အခါ တစ်နိုင်ငံလုံးက အထူးသဖြင့် ဆယ်လီဆိုသူများသည် အညာရေဘေးကို လျစ်လျူရှုထားသည်ဟု ထင်မြင်နေကြသည်။ ထို့ကြောင့် သူတို့ဆိုစကားအရ "ငါတို့မှာ ငါတို့ပဲရှိတယ်"ဆိုပြီး အညာရေဘေးကို အချင်းချင်း ကူညီရမည်ဟု ပြောနေကြသည်။
    အခြားတစ်ဖက်တွင်လည်း အညာရေဘေးကို လူသားချင်းစာနာမှုအဖြစ် ကူညီချင်သော်လည်း သွားလမ်းသာ၍ လာလမ်းက ဖြောင့်ဖြူးပါမည်လောဆိုသည့် မေးခွန်းအတွက် မည်သူကမျှ တိကျသည့် အဖြေကိုမပေးနိုင်ကြပေ။ အညာရေဘေးဒုက္ခ စတင်ချိန်တွင် ပရဟိတ သမားတစ်ဦးဖြစ်သည့် ထွန်းမင်းက အညာရေဘေးအတွက်လာမည်ဟု ပြောခဲ့သည်။ ထိုကဲ့သို့ ပရဟိတသမား ထွန်းမင်းအညာကို လာ မည်ဆိုသည့် စကားကြားရချိန်ကစပြီး တော်လှန်ရေးဘက်အခြမ်းက လူများသည် တော်လှန်ရေးတည် နေရာများကို စုံစမ်းရန်လာခြင်း ဖြစ်နိုင် သည်ဟု ဆိုသည့် စကားသံများ ကြိုတင်ထွက်နေလေသည်။ 
    ပရဟိတသမားထွန်းမင်းသည်လည်း စစ်ကိုင်းရေဘေးတွင် ညောင်ပင်ဝန်းနှင့် မြင်းမူမြို့နယ်အတွင်းရေ ကြီးရာနေရာများသို့ သွားရောက်ချိန်တွင် တော်လှန်ရေးသမားတို့က 'ထွန်းမင်းက ပျူရွာ တွေရွေးပြီး ကူညီတယ်'ဆိုပြီး ရေဘေးဒုက္ခရောက်နေသူများ ကူညီခြင်းကိုပင် ပုံဖျက်ကြပြန်၏။ လက်နက်ကိုင်များရှိသည့် အရပ်သို့သွားရောက်ကူညီမည်ဆိုလျှင်လည်း အသက်နှင့်ခန္ဓာ ကိုယ်ကိုအာမခံချက် မပေးသကဲ့သို့ အနည်း ငယ် အေးချမ်းသည့်နေရာကို လှူပြန်ကူပြန်သောအခါ ပျူများကိုကူသည်ဟု သမုတ်ပြန်၏။ လှည်းဆွဲသည့် နွားများ၏သဘောဖြင့် ပြောရလျှင် အတိုင်ဘက်တွင်လည်း ထားမရ၊ အလှည့်ဘက်တွင်လည်း ထားမရနှင့် ကန့်လန့်ခံနေကြသည်။ အညာရေဘေးနှင့်ပတ်သက်၍ တော်လှန် ရေးဘက်အခြမ်းက လူတို့သည် ယခုမှ အမြတ်ထုတ်ခဲ့သည်မဟုတ် ယခင်ကတည်းက အမြတ်ထုတ်ခဲ့ သည်ဆိုသည့်အကြောင်း အညာရေဘေး အကူအညီပေးစဉ် ကိုယ်တွေ့ကြုံသူပြောသမျှ ဖောက်သည်ချ ချင်ပါ၏။
    "ဒီလိုရေဘေးမျိုး ၂၀၂၂ လောက်ကလည်း တစ်ကြိမ် ကျွန်တော်တို့ဆီမှာ ကြုံဖူးတယ်ဟု အညာရေဘေးကယ်ဆယ်ရေး လုပ်ခဲ့ဖူးသူက သူ၏အတွေ့အကြုံကို ပြောပြလေသည်။ ထိုစဉ်က လက်နက်ကိုင် PDF များသည် ယခုလောက် မများသေးပေ။ လက်နက်ကိုင်များ ယခုလောက် မများသော်လည်း လက်နက်ရှိသူတို့က ရေဘေးကူညီသည့်သူများကို လွတ်လွတ်လပ်လပ် ခွင့်ပြုခြင်းမရှိကြောင်းကို "ကျွန်တော် တို့နယ်ဘက်မှာရေတွေ အများကြီး နစ်ကုန်တယ်၊ ရေဘေးကူညီရေးအတွက် ကျွန်တော်တို့ ကြိုးပမ်းကြတာပေါ့။ အဲဒီအချိန်မှာ မြို့နယ်ကြက်ခြေနီကလည်း လက်နက်ကိုင်တွေရှိလို့ ရွာတွေအထိ လာပြီးမကူညီ နိုင်ဘူး။ ကျွန်တော်တို့ နယ်ဘက်က ရွာတွေက မြို့နယ်ကြက်ခြေနီဆီသွားဖို့ မြေသားလမ်းကိုက ၁၀ မိုင် ကျော်တယ်။ အဲဒီ ၁၀ မိုင်ကျော်ကို ဖြတ်ပြီးသွားရတယ်။ သွားပြီး မြို့နယ်ကြက်ခြေနီနဲ့တွေ့ပြီး၊ သူတို့ ကူညီထောက်ပံ့တာတွေယူပြီး ကိုယ့်အရပ်၊ ကိုယ့်ဒေသကို ပြန်ကူညီ ထောက်ပံ့မယ်ပေါ့။ အဲဒီလိုကူညီ ထောက်ပံ့ရေးပစ္စည်းတွေနဲ့သယ်ပြီး ကူညီဖို့ ကိုယ့်ဒေသကို ပြန်တဲ့အချိန် PDF တွေက လမ်းမှာတားပြီး ကူညီကယ်ဆယ် ရေးသမားတွေအားလုံးရဲ့ နားထင်ကို သေနတ်နဲ့ထောက်ထားတာ၊ PDF တွေက ဒီပစ္စည်း တွေက စစ်တပ်ကလက်နက်တွေ ပျူရွာတွေ ထောက်ပံ့ဖို့ မဟုတ်လားဆိုပြီး စစ်မေးတာ"ဟု သူတို့ကြုံ တွေ့ရသည်များကို ရှင်းပြသည်။ ထိုအခြေအနေက ကူညီကယ်ဆယ်မည့်သူများသည်လည်း ဒေသခံများ ဖြစ်ကြပြီး PDF များသည်လည်း ဒေသခံများပင် ဖြစ်သည်။ ကူညီမည့်သူများက စစ်လက်နက်ပစ္စည်းများ လုံး၀မဟုတ်ဘဲ အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ၊ ချက်ပြီးသား ထမင်းထုပ်များသာဖြစ်ကြောင်း မယုံလျှင်ဖွင့် ဖောက်စစ်ဆေးနိုင်ကြောင်း ပြောရသည်ဟုဆိုသည်။ သို့နှင့်ပါလာသည့်ပစ္စည်းများကို PDF တို့က ဖွင့်ဖောက်စစ်ဆေးရာ ထမင်းထုပ်များနှင့် စားရေရိက္ခာများ ရေဘေးအတွက်ဖြစ်ကြောင်း တွေ့ရှိသွားမှ သူတို့ကို ပြန်လွှတ်လိုက်လေသည်။ PDF တို့က ပြန်လွှတ်ခြင်းကိုပင်လျှင်  လွတ်လွတ်လပ်လပ် လွှတ်ပေးခြင်းမဟုတ်ဘဲ ယခုဖြစ်စဉ် အကြောင်းကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြန်မပြောရန်နှင့် ပြန်ပြောသည်ဟု ကြားသိရသည်နှင့် ပြောသူအပါအဝင် မိသားစု၏ အသက်ကိုပင် တာဝန်မယူကြောင်း သတိပေး၍ လွှတ်လိုက်လေသည်။ သို့နှင့် ဒေသခံကူညီမည့်သူများက ရေဘေးအသံ ကြားလျှင်ကို ကြောက်နေရပြီး ထိုအချိန်ကတည်းက ကိုယ့်အရပ်၊ ကိုယ့်ဒေသကို စွန့်ခဲ့သည်မှာ ယနေ့အထိပင်ဖြစ်သည်ဟု အညာရေဘေးက ကိုယ်တွေ့ကြုံသူ၏ ပြောစကားများ ပင် ဖြစ်သည်။
ရွှေထီး  

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 75

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64752

© 2022 - 2026 News. All Rights Reserved.