၂၀၂၆ ၊ ဧပြီ ၂၄
ထူးတဲ့သင်္ကြန်
မြန်မာနှစ်သစ်ကူးသည် ကမ္ဘာကျော်သွားခဲ့သည်။ သည်အကြောင်းအရာလေး ဂျပန်ရောက် မြန်မာတစ်ယောက် ပြောစကားကို ခံစားကြည့်ပါ။
"ကျွန်တော်တို့ မြန်မာတွေရဲ့ သင်္ကြန်ကနေ တဖြည်းဖြည်းနဲ့ ကမ္ဘာပေါ်မှာ လူသိများလာပါပြီ။ အရင်တုန်းက ထိုင်းက ဆုန်ကရန် (Songkran) လောက်ပဲ လူတွေက သိကြတာ။ အခုဆိုရင် ကျွန်တော့်ကိုလည်း အလုပ်မှာ၊ ရုံးမှာ ဒီမြန်မာ့သင်္ကြန်နဲ့ ပတ်သက်ပြီး လာလာမေးတဲ့ ဂျပန်တွေ အများကြီး ရှိလာပါပြီ။ ဒါကျွန်တော် သတိထားမိတာ။ နောက်တစ်ခု လိုင်းပေါ်မှာဆိုရင်လည်း တခြားသော နိုင်ငံသား၊ အနောက် ဥရောပနိုင်ငံသားတွေကပါ လိုင်းပေါ်မှာ ပြန်တင်ပြီးတော့ မြန်မာသင်္ကြန်အကြောင်းကို ပြန်တင်ထားကြတာ ကျွန်တော် ခပ်စိပ်စိပ် တွေ့လာရတယ်ပေါ့နော်။
လတ်တလောမှာဆိုရင် ကျွန်တော်ကိုယ်တိုင် ကိုယ်တွေ့ ရုံးကဂျပန်တွေအချို့က ကျွန်တော့်ကို ဖုန်းထဲမှာ ပုံလေးတွေ သိမ်းထားပြီးတော့ လာမေးကြတယ်။ သင်္ကြန်ပွဲနဲ့ ပတ်သက်ပြီးတော့ပေါ့။ ကျွန်တော်က အစကထင်တာ ထိုင်းကဆုန်ကရန်ပွဲကိုပဲ သူတို့လာမေးတယ်ထင်တာ။ မ ဟုတ်ဘူးဗျ၊ မြန်မာမှာ ဒီနှစ်မန္တလေးမှာ ယိမ်းအဖွဲ့တွေ တန်းစီပြီးတော့ ကနေတဲ့ပုံကို သိမ်းထားပြီး ကျွန်တော့်ကို လာပြတာ။ ကျွန်တော် အံ့သြသွားတယ်။ ပျော်လည်း ပျော်သွားတယ်၊ ဂုဏ်လည်းယူသွားတယ် သိလား။
"ဟာ... သူတို့ ဒီလောက်တောင် သိမ်းထားပြီး ငါ့ကို လာမေးတယ်ဆိုတော့ သူတို့ စိတ်ဝင်စားမှု ရှိလို့ပဲ"ဆိုပြီးတော့ ကျွန်တော်လည်း သေချာပြန်ပြောပြ လိုက်ပါတယ်။ ဒါကို Mizumatsuri (ရေပွဲတော်)လို့ ခေါ်တယ်၊ ရေကစားတဲ့ပွဲတော်၊ သင်္ကြန်ပွဲတော်လို့ ခေါ်တယ်၊ နှစ်သစ်ကူးအနေနဲ့လုပ်တဲ့ ပွဲတော်ဆိုပြီး ကျွန်တော် သေချာလေး ရှင်းပြလိုက်ပါတယ်။
နောက်တစ်ခုက ကျွန်တော်တို့ တကယ်လည်း မှန်ကန်တဲ့အရာတွေ ထပ်ပြောပြလိုက်တယ်။ စတုဒိသာ ကျွေးတာ၊ တခြားနိုင်ငံတွေမှာ မရှိဘူး။ ကျွန်တော်တို့ ဒီ စတုဒိသာကျွေးတဲ့ အလေ့အထက။ နောက်တစ်ခုက ထိုင်းက ဆုန်ကရန်ဆိုရင်ရေတွေကို ဝယ်ပြီးမှ ပက်ရတာ၊ စီးတဲ့နေရာတွေက နည်းနည်းကွက်ကျားကွက်ကျားပဲစီးတာ။ ဒါပေမဲ့ မြန်မာမှာဆိုရင် ရေက ဝယ်စရာမလိုဘူး၊ အလကားတောင်ထည့် ပေးတယ်၊ စားစရာတွေလည်း အလကားကျွေးတယ်ဆိုတာ ပြောလိုက်တော့ အကုန်လုံးက အံ့သြသွားကြတာ။ သူတို့တောင် ပြောသေးတယ် "မြန်မာတွေရဲ့ Hospitality (ဧည့်ဝတ်ကျေပွန်မှု)ကတော့ တကယ့်ကို ရှယ်ပဲ"ဆိုပြီး ပြန်ပြောကြတယ်။
ဂျပန်တင်မကဘဲ တဖြည်းဖြည်းနဲ့ ကမ္ဘာကပါ ပိုသိလာပြီ။ နောက်တစ်ခုက ကျွန်တော်တို့က UNESCO (ယူနက်စကို) ဒြပ်မဲ့ယဉ်ကျေးမှုအနေနဲ့လည်း ဝင်ထားတယ်၊ တရားဝင် အမွေအနှစ်တစ်ခုလည်း သမိုင်းဝင်သွားပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ ပိုပိုပြီးတော့ အခုကစပြီး သိလာဖို့ပဲ ရှိတော့တယ်ဆိုတာ ကျွန်တော် တော်တော်လေး ဂုဏ်ယူမိပါတယ်။ ကျွန်တော်တောင် ဒီလောက် ဂုဏ်ယူနေရင် မြန်မာနိုင်ငံ မှာရှိတဲ့၊ လက်ရှိမှာ သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပါဝင်ဆင်နွှဲနေတဲ့ မြန်မာတွေဆိုရင် ပိုတောင်ဂုဏ်ယူ ဦးမယ်။
မြန်မာ့သင်္ကြန်က တခြား ဘယ်နိုင်ငံမှာပဲလုပ်လုပ် မတူဘူး။ တကယ်ကို ရှယ်ကြီး။ ကျွန်တော် ကြည့်ပြီးတော့ အပျော်တွေ ကူးစက်လိုက်တာဆိုတာ တကယ်ပါ။ ကိုယ်တိုင်တောင် မြန်မာနိုင်ငံကို ပြန်လာပြီး လမ်းလျှောက်သင်္ကြန်တွေ ပါဝင်ပြီး ကလေးတွေနဲ့အတူ ရေပက်ခံတောင် ထွက်လိုက်ချင်တယ်။ ကိုယ့်ရဲ့ ဆယ်ကျော်သက် ဘဝကိုတောင် ပြန်လွမ်းသွားတယ်ပေါ့နော်။ ဒီနေ့ဆိုရင် အကြတ်နေ့ ဖြစ်သွား ပြီ။ အတက်နေ့မှာလည်း အားလုံးပဲ ပျော်ပျော်ရွှင်ရွှင် ရေကစားကြပြီး ဘေးအန္တရာယ် ကင်းဝေးကြပါစေ။ နှစ်သစ်မှာလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး လိုရာဆန္ဒတွေ အကုန်လုံး ပြည့်ဝကြပါစေ။ ရာသီဥတုလည်း ပူတဲ့အတွက် ကျန်းမာရေးလည်း ဂရုစိုက်ကြပါဦး။ နှစ်သစ်မင်္ဂလာမှာ အားလုံးပဲ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပြည့်စုံကြပါစေခင်ဗျာ"သည်စကားများကို ခံစားကြည့်ပါမိတ်ဆွေ။ တကယ်ထူးခဲ့ပါပြီ။
သူတို့ပဲ အမျိုးမျိုးပြော
တော်လှန်ရေးဘက်အခြမ်းက အကြောင်းအရာနှစ်ခုကို ဖတ်ကြည့်စေချင်ပါသည်။
"မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်ဟောင်းတစ်ဦး တပ်မတော်ထံ အလင်းဝင်သွားခြင်းသည် တော်လှန်ရေးအတွက် အဟန့်အတား ဖြစ်နေကြောင်း မိုးကုတ် ပ.က.ဖ က ထုတ်ပြန်ထားပါတယ်။ မိုးကုတ်မြို့နယ် ပ.က.ဖ ရဲဘော်ဟောင်း (တပ်ပြေး) မနှင်းနှင်းဦး (ခ) ရိုးမဟာ စစ်တပ်ထဲ လက်နက်ချအရှုံးပေးပြီးနောက် တော်လှန်ရေး ရဲဘော်တွေကို လိုက်လံစည်းရုံးခြင်း၊ မိသားစု တွေကို အကျပ်ကိုင်ခြိမ်း ခြောက်ခြင်းနဲ့ သတင်းပေးဒလန်အဖြစ် လုပ်ဆောင်ခြင်းတွေသည် တော်လှန်ရေးသည် အဟန့်အတားဖြစ်စေဖို့ စစ်တပ်နဲ့ ပူးပေါင်းပြုလုပ်နေကြောင်း မိုးကုတ်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) က ဧပြီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်အသိပေးထားပါတယ်"ဟု တွေ့လိုက်ရသည်။
နောက်ထပ် အကြောင်းအရာတစ်ခုက "စစ်တပ်ထံသို့ ပူးပေါင်းသွားသူများမှာ ပ.လ.ဖ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ စည်းကမ်းမလိုက်နာ၍ ထုတ်ပယ်ခံထား ရသူများဖြစ်ပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဟု ပ.လ.ဖ ဗဟိုက ရှင်းလင်းချက် ထုတ်ပြန်ဆိုသည့် သတင်းဖြစ်သည်။ အဆိုပါသတင်းတွင် "စစ်ကောင်စီထံသို့ လက်နက်ချ ပူးပေါင်းသွားသူများသည် အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)၊ စစ်ကိုင်း မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)မှ တပ်ဖွဲ့ဝင်များမဟုတ်ဘဲ စည်းကမ်းမလိုက်နာ၍ ထုတ်ပယ်ခံ ထားရသူများသာဖြစ်ကြောင်း ပ.လ.ဖ ဗဟို ပြောရေးဆိုခွင့်ရှိသူက NUG ၏ ပြန်ကြားရေး PVTV မှတစ်ဆင့် အသိပေးချက် ထုတ်ပြန်သည်။
ဧပြီ ၁၇ ရက်တွင် စစ်ကောင်စီထံ လက်နက်ချ ပူးပေါင်းသွားသည့် 'ကျောက်ကြီး'ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးသည် စစ်ကိုင်းမြို့နယ် ပလဖအဖွဲ့ဝင်များ မဟုတ်သကဲ့သို့ ၎င်းတို့ယူဆောင်သွားသည့် လက်နက်များသည်လည်း မြို့နယ် ပ.လ.ဖ က တပ်ဆင်ပေးထားသည့် လက်နက်ခဲယမ်းများ မဟုတ် ကြောင်း သိရသည်။
ရဲဘော်ကျောက်ကြီးကို မင်းကွန်းတိုက်နယ် တာဝန်ခံက တိုက်နယ် ဒု-တာဝန်ခံနှင့် စစ်ရေးတာဝန်ခံအဖြစ် တာဝန်ပေးအပ်ခဲ့ဖူးသော်လည်း ၎င်းသည် မြို့နယ် ပ.လ.ဖ က ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ထုံး လုပ်နည်းများကို လိုက်နာခြင်းမရှိဘဲ စင်ပြိုင်လုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ စည်းကမ်းဖောက်ဖျက်မှုများကြောင့် မြို့နယ် ပ.လ.ဖက တိုက်နယ်တာဝန်ခံအား ခေါ်ယူသတိပေးခဲ့သော်လည်း ရဲဘော်ကျောက်ကြီးက ဆက်လက် ဖောက်ဖျက်နေခဲ့သည့်အတွက် ၂၀၂၅ ခုနှစ် ဒီဇင် ဘာ ၂၃ ရက်တွင် တိုက်နယ်တပ်ဖွဲ့မှ အပြီးအပိုင် ထုတ်ပယ်ခဲ့ပြီးဖြစ်သည်။ စစ်တပ်က ၎င်းင်းတို့ထံ ပူးပေါင်းလာသူများကို ပ.လ.ဖ အဖွဲ့ဝင်များဖြစ်သည်ဟု မဟုတ်မမှန် ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်းနှင့် အဆိုပါ ပူးပေါင်းသွားသူများသည် အဖွဲ့အစည်းမှ အရေးယူခံထားရသူများသာဖြစ်ကြောင်း ပ.လ.ဖ ဗဟိုက အတည်ပြုထုတ်ပြန်သည်"ဆိုသည့် သတင်းပင်ဖြစ်သည်။ အညာဘက်က အဖြစ်အပျက်နှစ်ခု 'လည်တော့လည်တယ် တစ်ပတ်မပြည့်'ဆိုသည်မှာ ဤကဲ့သို့အချက်များကို ဆိုလိုခြင်းဖြစ် မည်ထင်ပါ၏။
ကိုယ့်ရိက္ခာကိုယ်ရှာ၊ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဆေးဝါးနှင့်ကိုယ်ကု၊ ကိုယ်ဖြစ်ကိုယ်ခံ တော်လှန် ငါးနှစ်ကြာချိန် အသိတရားရ၍ အလင်း ဝင်ခြင်းအပေါ် ဝါဒဖြန့်သည်ဟု စွပ်စွဲကြပြန်၏။ တော်လှန်ရေးဖြင့် အကျိုးဖြစ်ထွန်းနေသူများကတော့ လူငယ်များ လက်နက်စွန့်၍ အလင်းဝင်ခြင်းအပေါ် အသာ တကြည်မည်သူက ခွင့်ပြုနိုင်ကြပါမည်နည်း။
စစ်ရှောင်ကိုယ်တွေ့ဘ၀ ဒဿနများ
သည်ဇာတ်လမ်းကို ယုံကြည်ခဲ့၍ ဘဝပျက်သူများ များစွာရှိနေပါသည်။ အကြောင်းအရင်းကို မသိဘဲ စိတ်ခံစားချက်နောက်လိုက်ရင်းဖြင့် ဘဝများစွာ ပေးဆပ်ခဲ့ကြရသည်။ ထိုကဲ့သို့ ပေးဆပ်ချင်အောင်လည်း ဇာတ်ညွှန်းကောင်းကောင်း၊ ဝါဒဖြန့်ချိရေးကောင်းကောင်းနှင့် သရုပ်ဆောင်မှုများလည်း ကောင်းခဲ့ကြသည် မဟုတ်ပါလား။ သည်ဇာတ်လမ်း စတင်သည့်အချိန်ကတော့ တပ်မတော်ကို လက်ညှိုးထိုးအပြစ်ပုံချ တပ်နှင့်ဆက်စပ်သူမှန်သမျှ သတ်ဖြတ်ခဲ့ကြသည့်အပြင် တော်လှန်ရေးသည် အာဏာစွန့်ခဲ့ရ သူတို့၏ အကျိုးအတွက်ဟု ရှုမြင်၍တော်လှန်ရေးနှင့် ကင်းကင်းနေသူများ မည်သည့်ဘက်ကိုမျှ လိုက်ပါခြင်းမရှိသူများကိုပင် သတ်ခဲ့၊ ဖြတ်ခဲ့ကြရဲ့ မဟုတ်လား။ အချိန်ကာလအားဖြင့် ငါးနှစ်ကြာမြင့်ချိန် တွင် ဓမ္မနှင့် အဓမ္မဆိုသည်ကို ကွဲကွဲပြားပြား သိလာသူတို့က သူတို့လက်ညှိုးထိုး အပြစ် ပြောရမည့်သူ အဖြစ် သူတို့အား ကိုးမျှော်လင့်ထားသည့် NUG ဆိုသူ တော်လှန်ရေးမျက် လှည့်ပြစားသူများဘက်သို့ လှည့်သွားသည်ကို တွေ့မြင်လာရသည်။ တော်တော်ကြီးခံရပြီးမှသိသည့် အသိဟုဆိုလျှင် မမှားနိုင်ခြေ။ ထိုကဲ့သို့ တော်တော်ကြီးခံခဲ့ရပြီးမှ သိလာရသည့် အညာက NUG ကိုထောက်ခံခဲ့သည့် စစ်ဘေးရှောင် တစ်ဦးပြောထားသည့် စကားသံကို ကြည့်ကြည့်ပါဟုသာ ဆို ချင်ပါသည်။
"အညာနွေရဲ့ နေပူရှိန်အောက်မှာ အမိုးမလုံတဲ့ တဲစုတ်လေးတွေထဲမှာ ကျောချနေရတဲ့ စစ်ရှောင် တစ်ယောက်ရဲ့ရင်ထဲမှာ ဘယ်လိုမီးတွေတောက်နေလဲဆိုတာ ခင်ဗျားတို့ သိကြရဲ့လား။ ခင်ဗျားတို့ ပြောပြောနေတဲ့ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပြည်သူတွေဟာ သူတို့ဘဝတွေနဲ့ရင်းပြီး ပေးဆပ်နေကြရတာ နှစ်ချီ နေပါပြီ။ ဒါပေမဲ့ အလှူငွေလေး နည်းနည်းပါးပါးကောက်၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံက ဆိုဖာအိအိပေါ်မှာထိုင်ပြီး လေလုံး ထွားနေတဲ့ NUG ခေါင်းဆောင်ဆိုသူတွေအတွက်တော့ ဒါဟာ ဇာတ်မျောကြီး တစ်ခုလို ဖြစ်နေပုံရပါတယ်။ ပြောပြချင်တာက စစ်ရှောင်တွေဆိုတာ ခင်ဗျားတို့ပေး ကမ်းတဲ့ ဆန်တစ်ပြည်၊ ဆီတစ်ဘူးကို မျှော်လင့်နေရတဲ့ သူတောင်းစားတွေ မဟုတ်ဘူးဆိုတာပါပဲ။ ကျုပ်တို့ဟာ ကိုယ့်အိမ်၊ ကိုယ့်ဝိုင်း၊ ကိုယ့်လယ်၊ ကိုယ့်ယာနဲ့ ဆန်အိတ်ခြေကန်၊ ဆီပုံးတိုင်ထောင်ပြီး ဂုဏ်သိက္ခာရှိရှိ နေခဲ့ကြတဲ့ သူတွေပါ။ အခုတော့ ခေတ်ပျက်ကြီးထဲမှာ တော်လှန်ရေး ဆိုတဲ့စကားကို ယုံကြည်ပြီးတော့ အရာရာကို စတေးခဲ့ကြရပါတယ်။ ခင်ဗျားတို့ပေးတဲ့ အလှူငွေလေးတွေက ဆင်ပါးစပ် နှမ်းပက်သ လောက်တောင် မရှိပါဘူး။
ဒါကိုပဲ ဟုတ်လှပြီမှတ်ပြီး လူမှုကွန်ရက်ပေါ်မှာ ကယ်တင်ရှင်ပုံစံ ဖမ်းနေတာတွေက စစ်ရှောင်တွေ အတွက်တော့ ရယ်စရာပြက်လုံးတစ်ခုလိုပါပဲ။ မဟောသဓာ သားတရားစီရင်ခန်းမှာ မိခင်ရင်းဖြစ်သူက သူ့ကလေးကို နာကျင်မှာစိုးလို့ လွှတ်ပေးခဲ့သလိုမျိုး ခင်ဗျားတို့မှာ ကျုပ်တို့ဒုက္ခတွေကို သနားပြီး မဖြစ်နိုင် တော့တဲ့ ဒီတော်လှန်ရေးကြီးကို စွန့်လွှတ်ဖို့ရော စိတ်ကူးမရှိကြတော့ဘူးလား၊ မြို့တွေတော့ သိမ်းခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီမြို့တွေ မပျက်စီးအောင်၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ မဆုံးရှုံးအောင် ကာကွယ်ပေးနိုင်တဲ့ အင်အားနဲ့ စီမံခန့်ခွဲမှုကျတော့ ခင်ဗျားတို့မှာ ရှိမနေဘူး။ ကြားထဲမှာ အဖတ်တင် ကျန်ရစ်တာ ကတော့ ပြည်သူတွေရဲ့ တစ်သက်လုံး စုဆောင်းထားသမျှ အရင်းအမြစ်တွေ ဆုံးရှုံးသွားခဲ့တာပါပဲ။ ခင်ဗျားတို့ တိုက်ပွဲခေါ်တိုင်း ပြည်သူက တာဝန်ကျေခဲ့ပါတယ်။ အလှူခံရင် ထည့်တယ်၊ ကတုတ်ကျင်း တူးဆို တူးပေးခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာအပြင် သားသမီးတွေကိုတောင် တော်လှန်ရေးရဲဘော်အဖြစ်နဲ့ ယုံယုံကြည်ကြည် ပေးအပ်ခဲ့ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ကတော့ တာဝန်မကျေခဲ့ဘူး။ ဘာတစ်ခုမှ အရာထင်အောင် မလုပ်နိုင်ဘဲ အလှူခံစားရင်း ပျော်ပွဲစားထွက်သလို ဘ၀ကို ခင်ဗျားတို့ ဖြတ်သန်းနေကြတယ်။ နောက်ထပ် ဘယ်နှနှစ်လောက် ကျုပ်တို့ပြည်သူတွေကို ဒီဒုက္ခတွေ ထမ်းပိုးပြီးတော့ ခရီးဆက်ဖို့ မျှော်လင့်နေကြတာလဲ။ တကယ်တော့ ခင်ဗျားတို့က ကိုယ်ချင်းမစာတဲ့၊ လူသားမဆန်တဲ့ လူ့အန္ဓတွေပါပဲ။ ခင်ဗျားတို့ တတိယနိုင်ငံတွေမှာ လုံခြုံနွေးထွေးစွာ အိပ်စက်နေချိန်မှာ အညာက သက်ကြီးရွယ် အိုတွေဟာ တဲစုတ်ထဲမှာ သိမ်ငယ်စွာ ကျောချနေကြရပါတယ်။
နောက်ထပ် ၁၀ နှစ်ဆိုတာ ဘယ်သူမှ မစောင့်နိုင်တော့ဘူး။ ခင်ဗျားတို့ကတော့ အကျိုးအမြတ် တစ်ခုခုကြောင့် တောင့်ခံနိုင်ရင် တောင့်ခံနိုင်လိမ့်မယ်။ ဒါပေမဲ့ စစ်ရှောင်ပြည်သူတွေအတွက်ကတော့ အရိုးထိအောင် နာကျင်နေကြရပါပြီ။ တကယ်လို့ ခင်ဗျားတို့ မနိုင်တော့ဘူးဆိုရင် ပြည်သူတွေ ဒုက္ခမများ ရ အောင် အခြေအနေကို ပြန်ပြီးသုံးသပ်သင့်ပါပြီ။
ဇာတ်မျောကြီးကို ဆက်ကပြနေမယ့်အစား ပြည်သူတွေ အိမ်ပြန်နိုင်မယ့်လမ်းစကို ခင်ဗျားတို့ ရှာသင့်ပါတယ်။ တော်လှန်ရေးကို လက်တစ်လုံးခြားလုပ်ပြီး ကိုယ်ကျိုးအတွက် အသုံးချနေသူတွေ၊ ပြည်သူ့ မျက်ရည်ကို အရင်းအနှီးလုပ်ပြီး ဇိမ်ခံနေသူတွေ သတိထားဖို့ကတော့ ပြည်သူတွေရဲ့ ကျိန်စာဟာ ခင်ဗျား တို့ရဲ့မျိုး ဆက်တွေအထိ လိုက်နေလိမ့်မယ်ဆိုတာပါပဲ"ဆိုသည့် NUG နှင့် ပြည်ပြေးတစ်သိုက်ကို ကျိန်စာ ပါတိုက်သွားလေရဲ့။ သူတို့ရင်ထဲကသောက သူတို့သာ အသိဆုံးမို့ မခံစားနိုင်သည့်အဆုံး ကျိန်စာပ တိုက် သွားခြင်းဖြစ်မည် ထင်ပါသည်။ ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )