နေပြည်တော်၊ စက်တင်ဘာ ၂၄
နိုင်ငံရေးပါတီများ အနေဖြင့် အစိုးရနှင့် EAOs များကြား စေ့စပ်ညှိနှိုင်းရေးကိစ္စ ဆောင်ရွက်ရန် အလို့ငှာ EAOs များနှင့် တွေ့ဆုံမည်ဆိုရင် မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)နှင့် မငြိစွန်းရန် NSPNC ထံသို့ ခွင့်ပြုချက်တောင်းခံရန် လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းက ပြောသည်။
“စေ့စပ်ညှိနှိုင်းရေးက လုပ်ဖို့လိုတယ်။ နိုင်ငံရေးပါတီတွေဘက်ကလည်းပြောတယ်။ NSPNC က ဘာပြောလဲဆိုတော့ အဓိက ငြိမ်းချမ်းရေးအတွက်ဆိုရင်ရတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ EAOs တွေနဲ့ တွေ့မယ်။ အကျိုးဆောင်လုပ်တော့မယ် ဆိုရင် NSPNC ကို အကြောင်းကြားဖို့။ သူတို့ကို အသိပေးရင် ညှိနှိုင်းဆောင်ရွက်ပေးမယ်။ အဲဒီပုဒ်မ ၁၇(၁)နဲ့ မငြိစွန်းအောင်လို့။ အဲဒီ ပုဒ်မနဲ့ ငြိ၊ မငြိပေါ့။ နိုင်ငံရေး ပါတီတွေအနေနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းတာကို လုပ်လို့ရတယ်။ သွားမယ်၊ တွေ့မယ်ဆိုရင်တော့ အသိပေး အကြောင်းကြားရမယ်။ NSPNC ဆီက ထောက်ခံချက်ရပြီဆိုရင်တော့ တစ်ခုခုပြဿနာဖြစ်ရင် သူတို့ ဖြေရှင်းပေးလို့ရတယ်။ တကယ်လို့ အကြောင်းမကြားဘူး။ တွေ့ကြဆုံကြတယ်၊ ပြဿနာ ဖြစ်ခဲ့ရင် အာမခံပေးရတာ ခက်တယ်။ အဲဒီလိုသဘောမျိုးတော့ ရှိတယ်”ဟု ၎င်းကပြောသည်။
ယခုအခါ အစိုးရနှင့် EAOs များကြား သံတမန်အဖြစ် ရှိလိုသည့် နိုင်ငံရေးပါတီများ ရှိကြသော်လည်း ပုဒ်မ ၁၇(၁) နှင့် ငြိစွန်းမည်ကို ကြောက်ကြသည့် ပါတီများလည်းရှိကြောင်း ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
“နိုင်ငံရေးပါတီတွေက အစိုးရနဲ့ EAOs တွေကြားမှာ သံတမန်အဖြစ် နေချင်တယ်။ ဒါပေမဲ့ တချို့ ပါတီတွေကျတော့လည်း ကြောက်တယ်။ မလုပ်ရဲတဲ့ပါတီတွေ လည်းရှိတယ်။ နည်းပါတယ် အဲဒါကတော့။ အများစုကတော့ လုပ်ချင်တယ်။ လုပ်ချင်တယ်ဆိုတာက ဥပမာ ကရင် ပြည်နယ်က ပါတီတွေကျတော့ ကရင်လူထုနဲ့ အသားကျ ပြီးသားဖြစ်တော့ လုပ်လို့ရတယ်။ ဗမာပါတီတွေက EAOs တွေနဲ့ ဘယ်လိုမှ ဆက် စပ်မှုမရှိဘူးလေ။ ဆက်စပ်မှုရှိမှ သွားလို့လာလို့ရ မယ်။ စကားပြောဆွေးနွေးလို့ရမယ်။ အဓိကတော့ EAOs တွေရှိတဲ့ ဒေသတွေက နိုင်ငံရေးပါတီတွေအနေနဲ့ ပြောနိုင်ဆိုနိုင်၊ ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အရည်အချင်းမျိုး ရှိရင်ပို ကောင်းတယ်။ အစိုးရနဲ့ EAOs တွေကြားမှာ သံတမန်အဖြစ်ရှိဖို့ NSPNC ကို တင်ပြတာ တွေရှိတယ်။ ၁၇(၁)ကို ကြောက်တယ်။ အဲဒါကို ပါတီတွေဘက်ကလည်း ပြောတယ်။ တချို့ PDF သင်းကွဲလေးတွေက ပြန်လာချင်ကြတာ ရှိတယ်။ ဘယ်လိုလုပ်ရမလဲ။ နီးစပ်ရာလေးတွေ လာပြောကြတော့ ပုဒ်မ ၁၇(၁) ကလည်းရှိနေတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောကြတယ်။ ဗိုလ်ချုပ်ရာပြည့် ပြောတာကတော့ သူတို့ထောက်ခံစာရေးပေးမယ်။ လုပ်ပေးမယ် ဆိုတာမျိုး ပြောကြပါတယ်”ဟု ၎င်းကပြောသည်။
၁၉၀၈ ခုနှစ် မတရားအသင်း (အက်ဥပဒေအမှတ် ၁၄/၁၉၀၈) (The Unlawful Association Act, 1908) တွင် ဖော်ပြချက်အရ ပုဒ်မ ၁၇ (၁) ပြစ်မှု၊ ပြစ်ဒဏ်ပြဋ္ဌာန်းချက်မှာ ထောင်ဒဏ်နှစ်နှစ်ထက် မနည်း၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ကိုပါ စီရင်ခြင်း ခံရမည်ဟု ဖော်ပြထားသည်။
ပြစ်မှုမြောက်ရန် လိုအပ်သည့် အင်္ဂါရပ်များမှာ မည်သူမဆို မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်လျှင် သို့တည်းမဟုတ် ယင်းအသင်း၏ အစည်း အဝေး၌ ပါဝင်ဆောင် ရွက်လျှင် သိုတည်းမဟုတ် ယင်းအသင်းအတွက် ဝင်ကြေးထည့်ဝင်၊ ရယူတောင်းခံလျှင် သို့တည်းမဟုတ် တစ်နည်းနည်းဖြင့် ယင်းအသင်း၏ လုပ် ကိုင်ဆောင်ရွက်ရာတွင် ကူညီလျှင်ဟု ဖော်ပြထားသည်။
မတရားအသင်းဆိုသည်မှာ ရုန့်ရင်းကြမ်းတမ်းမှုနှင့် ခြိမ်းခြောက်မှုများကို ကျူးလွန်ရန် အားပေးသော သိုတည်းမဟုတ် ကူညီအားပေးသော အဖွဲအစည်း သို့တည်းမဟုတ် ထိုကဲ့သိုသော ပြုမူချက်များကို ပြုကျင့်လေ့ရှိသော အဖွဲဝင်များ ပါဝင်သော အသင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကွန်းဈာန်