အမေရိကန်သမ္မတမှ NDAAအက်ဥပဒေအတည်ပြုခဲ့မှုသည် ပြည်တွင်းရေးကို ဝင်စွက်ဖက်ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း မြန်မာက ပြင်းထန်စွာကန့်ကွက်

နေပြည်တော် ၊ ဒီဇင်ဘာ ၂၇ 

အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ အတည်ပြုခဲ့သည့်ကိစ္စသည်ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်နှောင့်ယှက်ခြင်းဖြစ်ပြီး အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း နိုင်ငံခြားရေဝန်ကြီးဌာနက ပြင်းထန်စွာကန့်ကွက်ခဲ့သည်။

အမေရိကန်သမ္မတမှ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (National Defense Authorization ActNDAA) (H.R.7900) ကို ဒီဇင်ဘာ၂၃ ရက်တွင် အတည်ပြုခဲ့ရာ ယင်းအက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် BURMA Act of 2022 အား ထည့်သွင်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အထက်ဖော်ပြပါ အက်ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖော်ပြချက်များသည် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်ခြင်း၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့သည်။ 

ထို့ပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် NUG ၊ NUCC ၊ CRPH နှင့် PDF များအား ကူညီထောက်ပံ့မှု များသည် အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (Independent Investigative Mechanism for Myanmar  IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ကြောင်း အသိပေးခဲ့ပြီး  ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၏ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြပါရှိသည့် သံတမန်စာကို ဒီဇင်ဘာ  ၁၃ ရက်တွင် မြန်မာသံရုံး၊ ဝါရှင်တန်မြို့ မှတစ်ဆင့် နိုင်ငံခြားရေးဝန်ကြီးဌာနကပေးပို့ခဲ့ ကြောင်း သိရသည်။

ယင်းအပြင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆  ရက်တွင် ဆက်သွယ်၍ တရားဝင် ထပ်မံကန့်ကွက်ပြောကြားခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန် ကြားရေးမှူးချုပ်ကလည်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှ သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn အား ယင်းနေ့မှာပင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)သို့ ဆင့်ခေါ်တွေ့ဆုံ၍ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့် သံတမန်စာ(မူရင်း) အား လက်ရောက်ပေး အပ်ခြင်းဖြင့် မြန်မာဘက်မှ တုံ့ပြန်မှုများ ဆောင် ရွက်ခဲ့ကြောင်း သိရရသည်။

Total Views ~ 349

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60624

© 2022 - 2026 News. All Rights Reserved.