မြန်မာ့ရိုးရာ ရုပ်သေးသဘင်ပညာရပ်က ကမ္ဘာမှာ ဘယ်နိုင်ငံရဲ့ ရုပ်သေးနဲ့မှ နှိုင်းယှဉ်လို့မရအောင် အောင်မြင်ခဲ့တယ် . . . မြန်မာနိုင်ငံရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇူလိုင် ၃၁

    မြန်မာ့ရုပ်သေးသဘင်ပညာရပ် ရေရှည်တည်တံ့ခိုင်မြဲစေရန် ရည်ရွယ်၍ 'အ‌မွေအနှစ်မှ အနာဂတ်ဆီ' မြန်မာ့ရုပ်သေးစကားဝိုင်းကို ဇူလိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ Governor’s Residence တွင် ကျင်းပခဲ့သည်။ ထို့အပြင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့မှ ပူးပေါင်းကျင်းပသော 'မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးရုပ်ပြုလုပ်ခြင်း အတတ် ပညာသင်တန်း'ကိုလည်း ဇူလိုင်၂၆ ရက်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေ အနှစ်တစ်ခုဖြစ်သည့် ကြိုးဆွဲရုပ်သေးရုပ် ပြုလုပ်ခြင်းအတတ်ပညာ မပျောက်ပျက်စေရန်နှင့် နောင်လာ နောက်သားများ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ရန် အနာ ဂတ်မျိုးဆက်သစ်များအား ရုပ်သေးပညာရပ်ကို လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ရေး၊ ရုပ်သေးပညာရပ်၏ စိန်ခေါ်မှုများ၊ လူငယ်များ ရုပ်သေးပညာရပ်အပေါ် စိတ်ဝင်စားမှု မြင့်မားလာစေရန်အတွက် ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရုပ်သေးကော်မတီဥက္ကဋ္ဌ ဒေါ်မမနိုင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။ 'အ‌မွေအနှစ်မှ အနာဂတ်ဆီ'  မြန်မာ့ရုပ်သေးစကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်လေး ပြောပြပေးပါဦး။
DMMN    ။    ။
ဒီစကားဝိုင်းလေးကျင်းပတာကတော့ ရုပ်သေးကို လူတွေစိတ်ဝင်စားအောင် ဘယ်လိုပြန်ပြီးတော့ လုပ်ကြမလဲ စဉ်းစားတာပေါ့။ ဇာတ်သဘင်က တအားကို တစ်ရှိန်ထိုး တိုးတက်အောင်မြင်နေတဲ့အခါ ဆရာမတို့ ရုပ်သေးက မျက်နှာငယ်ရတာပေါ့။ ရုပ်သေးက မျက်နှာငယ်ရပြီး ခေါင်းမဖော်နိုင်ဘူး ဖြစ်နေတယ်။ ရုပ်သေးဆရာကြီးတွေလည်း ဆုံးပါးကွယ်လွန်သွားကြပြီ။ အသက်အကြီးဆုံးဆိုလို့ ဆရာမနဲ့ ဦးရွှေကြည် နှစ်ယောက်ပဲ ကျန်တော့တယ်ဆိုတော့ အားငယ်တာပေါ့။ အဲဒီအခါကျတော့ ဆရာမရဲ့ တတိယအရွယ်မှာ ရုပ်သေးဥက္ကဋ္ဌ နေရာကနေ နောက်တစ်ဦးကို လွှဲပြောင်းမပေးခင်မှာ ဆရာမ တတ်နိုင်သမျှ လုပ်သွားချင်တဲ့ အနေအထားပါ။ တာဝန်ကျေသွားချင်တဲ့အခါမှာ ဘာနဲ့စရင် ကောင်းမလဲဆိုတဲ့အခါ ရုပ်သေးစကားဝိုင်းလေးနဲ့ အခုလို မီဒီယာနဲ့ စလိုက်ရင် ရုပ်သေးကို "သြော်... လူတွေ သြော်.. ဟုတ်သားပဲ၊ ရုပ်သေးဆိုတာ အမြင့်သဘင် ရုပ်သေးလည်းရှိပါလား" ရုပ်သေးစကားဝိုင်းလေး စလိုက်ရင် ရုပ်သေးဆိုတာ ရှိပါလားဆိုပြီး လူတွေပြန် သတိရလာမလားဆိုတဲ့စိတ်နဲ့ စကားဝိုင်းဆွေးနွေးပွဲလေးကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်။  


TREND    ။    ။ မြန်မာ့ရိုးရာရုပ်သေးပညာရပ်အကြောင်းကိုလည်း အများပြည်သူသိအောင် ရှင်းပြပြာ ကြားပေးပါဦး။
DMMN    ။    ။
ရှေးရှေးခေတ်တုန်းကတော့ သူက အစောပိုင်းကတော့ ရုပ်စုံလို့ခေါ်ခဲ့ရင်းနဲ့ နောက်ပိုင်းကျတော့ စဉ့်ကူးမင်းလက်ထက်မှာ ရှေးတုန်းကနန်းတော်တွင်းမှာ ကပြဖျော်ဖြေတဲ့အခါမှာ ရှင်ဘုရင်ရဲ့အထက် အမြင့်ကနေပြီးတော့မှ လူကချေသည်ပေါ့။ လူကြီးသူမတွေကို အရိုအသေမဲ့ဖြစ်မှာစိုးတဲ့အတွက်ကြောင့်မို့လို့ စင်မြင့်ပေါ်မှာ မကစေဘဲနဲ့ မြေဝိုင်းအဖြစ်နဲ့ပဲ ကပြစေပြီးတော့ အဲ့ဒီအခါမှာ ရုပ်သေးရုပ် က လေးတွေက စင်ပေါ်မှာတက်ပြီး ကပြခွင့်ရတဲ့အတွက် 'အမြင့်သဘင်'လို့  ခေါ်တွင်ခဲ့တာ။ အဲဒီတော့ နေရာအမြင့်အလိုက် အနိမ့်အမြင့်ကို လိုက်ပြီးတော့မှ ရုပ်သေးကို 'အမြင့်သဘင်'၊ ဇာတ်ကိုတော့ မြေဝိုင်း ခေတ်ပဲရှိသေးတာမို့လို့ 'အနိမ့်သဘင်'လို့ ခေါ်ခဲ့တာပေါ့လေ။ အဲဒီကနေပြီးတော့ နောက်ပိုင်းကျတော့ ရုပ်သေးက လျှမ်းလျှမ်းတောက်လာတာ၊ ကုန်းဘောင်ခေတ်မှာတော့ တကယ့်ကိုအထွတ်အထိပ် အအောင်မြင်ဆုံးကာလပေါ့။ ဒါပေမဲ့ သီပေါမင်း ပါတော်မူသွားတဲ့အခါမှာ ရုပ်သေးက မှေးမှိန်သွားတဲ့ အချိန်မှာ ဇာတ်သဘင်က မြေဝိုင်းကနေပြီးတော့မှ သူက ပြုပြင်မွမ်းမံမှုတွေနဲ့ ဇာတ်က တဖြည်းဖြည်းနဲ့ တိုးတက် လာတဲ့အခါမှာ ရုပ်သေးက တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်သွားတာ။ ကြားထဲမှာ နောက်ခေတ်ကာလတွေ ကျော်ဖြတ်လာခဲ့ပြီး ကြိုးစားကြပေမယ့်လို့ ဒီနေ့အချိန်ထိ ရုပ်သေးရဲ့ အခြေအနေကတော့ အများမြင်တဲ့ အတိုင်းပါပဲ၊ တအားကြီးတော့ မရှိဘူးပေါ့။ တချို့နိုင်ငံတွေမှာတော့ ကမ္ဘာမှာလည်းပဲ ရုပ်သေးက ဒီလိုပဲ Dying Art ပေါ့နော်၊ တိမ်မြုပ်ပျောက်ကွယ်နေတယ်။ သို့သော် ငြားလည်းပဲ ကျွန်မတို့ မြန်မာနိုင်ငံက ပိုဆိုးပါတယ်။ ကျွန်မတို့ဆီမှာ လက်ချိုးရေလို့ရတယ်၊ ရုပ်သေးသမား Puppeteer ဘယ်နှ ယောက်ရှိသလဲ၊ အခုဆို ရုပ်သေး ဆရာကြီး ဘယ်နှယောက်ကျန်သလဲဆိုတာ လက်ချိုးရေလို့ရတယ်။ ဟိုနိုင်ငံမှာ ပေါတယ်၊ ရုပ်သေးအဖွဲ့တွေလည်း ပေါတယ်။ ဘာလို့လဲဆိုတော့ Puppeteer တွေလည်း ပေါတယ်၊ သူတို့ဆီမှာကတော့ အစုံစုံအလင်အလင်ပေါ့၊ Organization တွေလည်း များတယ်။ အဲဒီလိုမျိုး ထောက်ပံ့ပေးတဲ့သူတွေ၊ အဖွဲ့အစည်းတွေလည်းများတဲ့အခါကျတော့ ဒီရုပ်သေး တိမ်မြုပ်နေတဲ့ ပညာ ဖြစ်သော်ငြားလည်းပဲ ကိုယ်တို့မြန်မာနိုင်ငံက နည်းနည်းပိုပြီးတော့ ဆိုးတဲ့အခြေအနေမှာရှိတယ်။ ဒါကြောင့်မို့လို့ ကျွန်မက  အဲဒါကို အားမလိုအားမရဖြစ်ပြီး အခုလို ကြိုးစားနေရခြင်းဖြစ်ပါတယ်။


TREND    ။    ။ ရုပ်သေးပညာရပ်ကို ပိုမိုစိတ်ဝင်စားလာအောင် ဘယ်လိုမျိုး လုပ်ဆောင်သွားဖို့ ရှိပါသလဲ။ 
DMMN    ။    ။
ရှေးခေတ်တုန်းက ရုပ်သေးပညာ လျှမ်းလျှမ်းတောက်ခဲ့တုန်းက ရုပ်သေးမှာ နှစ်မျိုးရှိပါ တယ်။ ဆို၊ ငို၊ ပြော ပညာနဲ့ ကြိုးဆွဲပညာဆိုပြီးတော့ ရှိတဲ့အခါမှာ ရှေးခေတ်တုန်းက ရုပ်သေးဆရာကြီးတွေက စာတတ်ပညာတတ်တွေများတယ်။ ကဗျာ၊ လင်္ကာတွေကို တတ်မြောက်ပြီး အင်မတန်တော်တဲ့ ဒီလိုမျိုးပညာရှင် တွေဖြစ်တယ်။ အဲဒီမှာ ကြိုးဆွဲပညာရှင်က ဘယ်လောက်ပဲတော်တော် သူက ပရိသတ်ကို စိတ်ဝင်စားစေတာက အသံနဲ့ ဆိုငိုပြောပါ။ ပရိသတ်တွေအနေနဲ့ကလည်း ရုပ်သေးကတာလေးကို ကြည့်ဖို့အတွက် ရုပ်သေးလေးကို အဝေးကြီးကနေ မမြင်ရတဲ့အချိန်မှာ ကဗျာ၊ လင်္ကာစာတွေကို နားထောင်တယ်။ ဆို၊ ငို၊ ပြောတွေကို နားအရသာခံတဲ့ခေတ် အဲဒီလိုကနေပြီးတော့မှ  ဇာတ်ကြီးတွေနဲ့ အင်မတန် တိုးတက်ထွန်းကား အောင်မြင်ခဲ့တာပေါ့။ သီပေါမင်းပါတော်မူသွားပြီးနောက်ပိုင်း ရုပ်သေးက ပံ့ပိုးပေးမှုအားနည်းသွားတဲ့အခါကျတော့ ရုပ်သေးသမားတွေ စားဝတ်နေရေး အကျပ်အတည်းတွေ ရင်ဆိုင်ရပြီး အောက်ပြည်အောက်ရွာ စုန်ဆင်းလာရတယ်။ တဖြည်းဖြည်း ပြန်ပြီးတော့မှ အမျိုးမျိုး ကြိုး စားကြတာပေါ့။ 

  
TREND    ။    ။ လက်ရှိ ရုပ်သေးဇာတ်သဘင်ရဲ့ အခြေအနေ ဘယ်လိုရှိပါသလဲ။ 
DMMN    ။    ။
မန္တလေးငလျင်ကြီး လှုပ်ပြီးနောက်ပိုင်း မန္တလေးမှာ ကျွန်မတို့ ရုပ်သေးဇာတ်ရုံတွေ ရှိပါတယ်။ ကိုဗစ်ပြီးသွားတဲ့အချိန် ပွဲတွေကတော့ နည်းသွားတယ်။ သို့သော်လည်း ကျွန်မရဲ့ တပည့်တွေကလည်း ဝါသနာအရ သူတို့ရွာတွေမှာ ကပြနေကြပါတယ်။ ကျွန်မတို့ ဇာတ်ရုံတွေမှာတော့ ရုရှားတွေ လာပြီးတော့ ကတယ်ပေါ့နော်။ ငလျင်လှုပ်လိုက်တော့ မန္တလေးမြို့က ပိုဆိုးသွားပြီး  ရုပ်သေးကပြဖို့ ခက်ခဲသွားတယ်။ ဒီနှစ်အတွက် ဧည့်သည်တွေကိုလည်း မျှော်လင့်တဲ့အတွက် ဒီလိုမျိုး ရုပ်သေးစကားဝိုင်း အစီအစဉ်‌လေးကို စလိုက်တယ်။ ဒီနေ့ခေတ်ကလေးတွေဆို ရုပ်သေးကို မသိတော့ဘူး။ ရုပ်သေးဆိုတာက တကယ့်ကို အဆင့်အတန်း မြင့်မားတဲ့၊ ကမ္ဘာက လေးစားတန်ဖိုးထားတဲ့ အမြင့်သဘင် ဖြစ်ပါတယ်။ အောင်မြင်ထွန်းပေါက်ခဲ့ပြီး ကမ္ဘာမှာ ဘယ်နိုင်ငံရဲ့ ရုပ်သေးနဲ့မှ နှိုင်းယှဉ်လို့မရအောင်ကို  အောင်မြင်ခဲ့တဲ့ ရုပ်သေးပါ။ ဒီလိုမျိုး အနုပညာတစ်ရပ်ကို ကျွန်မတို့အနေနဲ့ ပိုင်ဆိုင်ထားပါလားဆိုတာကို ဒီနေ့ခေတ် ကလေးတွေကို သိစေချင်တယ်။ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားတတ်စေချင်တယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံ ရုပ်သေးကော်မတီဆိုပြီး ဖွဲ့ထားတဲ့အခါမှာ သဘင်အစည်းအရုံးရဲ့ အောက်အလွှာတစ်ခုပါ။ ကိုဗစ်မဖြစ်ခင်တုန်းကတော့ သဘင်အစည်းအရုံးဥက္ကဋ္ဌ ကိုဖိုးချစ်က နိုင်ငံတကာ ရုပ်သေးပွဲတော်ကြီး ကျင်းပချင်တယ်၊ ဆရာမကြီး လုပ်ပေးလို့ရမလားဆိုတော့ နိုင်ငံပေါင်း ၁၀ နိုင်ငံ ကို ဖိတ်ပြီးတော့မှ ရန်ကုန်မြို့က အမျိုးသားဇာတ်ရုံမှာ သုံးရက်တိတိကျင်းပခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ကိုဗစ်ဖြစ်သွားတဲ့နောက်ပိုင်း လက်ရှိဒီလိုဖြစ်နေတဲ့ အခြေအနေတစ်ခုမှာ ကျွန်မအနေနဲ့ ကြိုးစားနေပါတယ်။ စာသင်ကျောင်း ၁၀ ကျောင်းကတော့ မန္တလေးမြို့မှာကတော့ ကခဲ့ပြီးပါပြီ။ ထို့အတူ ရန်ကုန်မြို့မှာရှိတဲ့ စာသင်ကျောင်းတွေမှာလည်း ကပြချင်ပါတယ်။ ဒီလိုမျိုး အနုပညာကို လူကြီးတွေက ချပြဖို့ အရေးကြီးပါတယ်။ လူကြီးတွေက ပြောပြမှလည်း ကလေးတွေက ကြည့်ရမှာပါ။ အဲဒါမှလည်း ပွဲကြည့်ပရိသတ်ရှေ့ ကပြရမှာပါ။ ပွဲကြည့် ပရိသတ်ရှိမှလည်း ဖြစ်မှာပါ။ ရုပ်သေးကို ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ရောက်စေချင်လို့ပါ။ အထူးသဖြင့် လူငယ်တွေရဲ့စိတ်ထဲကို ရောက်စေချင်လို့ ဖြစ်ပါတယ်။ လူငယ်တွေက ဒီရုပ်သေးပညာကို သင်ယူတဲ့အစမှာ အားပါးတရ သင်ယူပါတယ်။ ဒါပေမဲ့ အရုပ်ကလေးတဲ့အခါကျတော့ တစ်ပတ်အတွင်း စိတ်ဓာတ် ကျသွားကြတယ်။ အစောပိုင်းမှာ အရုပ်က လေးတဲ့အတွက် အဲဒီနာတဲ့၊ ပင်ပန်းတဲ့ဒဏ်ကို ခံနိုင်ပြီးတော့ ဇွဲရှိပြီးတော့မှ တစ်ပတ်၊ နှစ်ပတ်၊ နောက်ဆုံး တစ်လအထိ အဲဒါကို ကျော်ဖြတ်နိုင်လို့ရှိရင် တတ်မြောက်ပါတယ်။  


TREND    ။    ။ ဖြည့်စွက်ဖြေကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
DMMN    ။    ။
မြန်မာ့ရုပ်သေးက အင်မတန်ကို စိတ်ဝင်စားစရာကောင်းပြီး လေးနက်ပါတယ်။ ဒါကြောင့်မို့ ရုပ်သေးပညာရပ်ကို စိတ်ဝင်စားတဲ့သူ မည်သူမဆို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ နိုင်ငံတော်အနေနဲ့ကလည်း တစ်ဖက်တစ်လမ်းကနေ ဆို၊ က၊ ရေး၊ တီးတွေ လုပ်ပါတယ်။ ဒီရုပ်သေးပညာရပ် ပြန့်ပွားရေးအတွက် ဒါတွေရဲ့အကျိုးကျေးဇူးကလည်း အများကြီးရှိပါတယ်။ အခြားနိုင်ငံတွေမှာဆိုရင် လည်း ဒီပညာရပ်နဲ့ပတ်သက်ပြီး နိုင်ငံတော်က ပံ့ပိုးပေးပါတယ်။ ကျွန်မတို့အနေနဲ့လည်း နိုင်ငံတော် ကပဲဖြစ်ဖြစ်၊ မြို့မိမြို့ဖများကပဲဖြစ်ဖြစ် ပံ့ပိုးပေးမယ်ဆိုရင် ရုပ်သေးက ပြန်ပြီးဦးမော့လာမှာ ဖြစ်ပါတယ်။ သက်မှူး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 33

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64434

© 2022 - 2026 News. All Rights Reserved.