၂၀၂၆ ၊ ဇူလိုင် ၉
မြန်မာ့နက္ခတ်ဗေဒလောကတွင် ထင်ရှားကျော်ကြားလှသည့် ပညာရှင်ကြီး ဒေါက်တာဖေဉာဏ်သည် ပညာရပ်ပိုင်းဆိုင်ရာတွင်သာမက၊ သမိုင်းကြောင်းအရလည်း ကုန်းဘောင်မင်းဆက်၏ မင်းမျိုးမင်းနွယ်တစ်ဦး ဖြစ်သည်။ ၎င်း၏ ပညာရပ်ဆိုင်ရာ ထက်မြက်မှုကြောင့်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ လက်ထက်တွင် နိုင်ငံတော်၏အရေးပါသော နက္ခတ်ဗေဒအကြံပေးအဖြစ် တာဝန်ယူကာ နိုင်ငံတော်အဆင့် ဆုံးဖြတ်ချက်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူ ဖြစ်သည်။ နေပြည်တော်တည်ဆောက်ရေးတွင်လည်း ထဲထဲဝင်ဝင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။ သို့သော်လည်း နိုင်ငံတော်၏ အထွတ်အထိပ်နေရာများအထိ သြဇာညောင်းခဲ့သူ တစ်ဦးသည် ရဟန်းဝတ်ဖြင့် သီတင်းသုံးနေစဉ် ၂၀၂၆ ခုနှစ် ဇူလိုင် ၂ ရက် နံနက်ပိုင်းက မှော်ဘီမြို့နယ် စန္ဒကူးမြိုင်ကျောင်းတိုက်၌ လုပ်ကြံ သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ရသည်။ နက်နဲသော နက္ခတ်ပညာများကို ပိုင်နိုင်စွာတတ်ကျွမ်းပြီး နိုင်ငံရေးလောက၏အတွင်းရေးများကို သိရှိသူတစ်ဦးအနေဖြင့် ဤသို့သော အသတ်ခံရသည့်ဖြစ်စဉ်သည် မည်သို့သော နောက်ကွယ်အကြောင်းအရင်းများ ရှိနေမည်နည်း။ လက်ရှိတွင် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါလုပ်ကြံမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။
ဒေါက်တာဖေဉာဏ်၏ နက္ခဗေဒပညာရပ်ဖြင့် နိုင်ငံတော်အပေါ် အကျိုးပြုခဲ့ပုံများ၊ သူဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့် ကြေကွဲဖွယ်ရာ ဖြစ်ရပ်ဆိုးအကြောင်းကို ဒေါက်တာဖေဉာဏ်၏ တပည့်ရင်းဖြစ်သူ ဦးရန်နိုင်သိန်းနှင့် ဆက်သွယ်မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ ဒေါက်တာဖေဉာဏ်နဲ့ အတူတူ နေခဲ့တဲ့အချိန် အမှတ်တရတွေ ပြောပြပါဦး။
UYNT ။ ။ ဆရာဖေဉာဏ်နဲ့က ၁၉၉၄ ခုနှစ် ကနေ စတွေ့တာ။ ဆရာ့ဆီမှာ ကျွန်တော်က အနောက်တိုင်း နက္ခတ်ပညာကို သင်ယူခွင့်ရတာပေါ့။ သင်ယူခွင့်ရတော့ ဆရာက ကျွန်တော့်ကို အနောက်တိုင်း နက္ခတ်တင်မကဘဲနဲ့ အခြားသောဟိန္ဒူနက္ခတ်တွေရော၊ နက္ခတ်နဲ့ပတ် သက်တဲ့ ပညာတွေကို ပြည့်ပြည့် စုံစုံ သင်ကြားပေးခဲ့တယ်။ ကျွန်တော်တို့ ခေတ်ကတော့ ဆရာက ပညာသင်ကြားပေးတဲ့အခါမှာ သင်တန်း ဖွင့်ပြီးတော့ အခကြေးငွေနဲ့ သင်တာမဟုတ်ပါဘူး။ မေတ္တာနဲ့ပဲ သင်ပေးခဲ့တာ။ ဆရာက ကျွန်တော်တို့နဲ့ မတွေ့ခင် ၁၉၉၀ ပြည့်နှစ် အရှေ့ပိုင်းတွေမှာ ၁၉၈၇၊ ၈၈၊ ၈၉ လောက်က အနောက်တိုင်းနဲ့ပတ်သက်တဲ့ စာအုပ်သုံးအုပ်ကို ရေးသားထုတ်ဝေပြီးသားဖြစ်တယ်။ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာ၏ လျှို့ဝှက် ချက်များ ဆိုတာရယ်၊ နောက်တစ်ခါ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာ၏ အခြေခံသဘောတရားများ ဆိုတာရယ်၊ နောက်တစ်ခါ အနောက်တိုင်း နက္ခတ်ဗေဒင်ပညာ၏ အခြေခံသဘောတရားများနှင့် ဆက်စပ်သော သင်ရိုးညွှန်းတမ်းဆိုပြီး သုံးအုပ် ထုတ်ထားပြီးသွားပြီ။
TREND ။ ။ အဲဒီအချိန်တုန်းက ဒေါက်တာဖေဉာဏ်က in service လား။
UYNT ။ ။ ဒေါက်တာဖေဉာဏ်က ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်မှာတော့ သူက in service မဟုတ် သေးဘူးဗျ။ ဝေဒသုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ နက္ခတ္တဗေဒ ပညာရှင်တစ်ယောက် ပဲရှိသေးတယ်။ ဆရာက ၁၉၉၆ လောက်မှ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ဝင်ဖြစ်လာတာ။ အဖွဲ့ဝင်ကနေမှ အတွင်းရေးမှူး ဖြစ်တာ။ ၁၉၉၈ လောက်မှ ဖြစ်တယ် ထင်ပါတယ်။ ကျွန်တော် ခန့်မှန်းတာပေါ့လေ။ ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်မှာ နက္ခတ္တဗေဒ ပညာရှင်တစ်ယောက်အနေနဲ့ပဲ ရှိနေသေးတယ်။ နောက်ကျမှ နိုင်ငံတော် ပြက္ခဒိန်အကြံပေးအဖွဲ့ရဲ့ အတွင်းရေးမှူးဖြစ်တာ။ ဒီစာအုပ်တွေ ထုတ်တဲ့ အချိန်မှာတော့ သူက မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ အတွင်းရေးမှူးအနေနဲ့ ထွက်တာမဟုတ်ဘဲ ဝေဒသုတေသနအဖွဲ့ရဲ့ အဖွဲ့ဝင်အနေနဲ့ပဲ စာအုပ်မှာလည်း ရေးထားပါတယ်။ အဲဒီလို စာအုပ်သုံးအုပ်ကို ထုတ်ခဲ့တာပေါ့။ သင်တဲ့အခါကျတော့ နက္ခတ်ဗေဒင်ပညာကို ကျွန်တော်လေ့လာသင်ယူတဲ့အခါကျတော့ ဒီစာအုပ်သုံးအုပ်ကိုတော့ သူကပြဋ္ဌာန်းစာအုပ်လို သဘော ထားပြီး ဒီအထဲက အကြောင်းအရာတွေကို သင်တယ်။ ပြီးတော့ ကျွန်တော်တို့ကို ဇာတာတွေ ဖွဲ့တတ်အောင်လို့ ကျွန်တော်တို့ခေတ်ကတော့ ဇာတာ ဖွဲ့တာက Software တွေ၊ Application တွေ မရှိသေးဘူး။ လူတစ်ယောက်ရဲ့ မွေးနေ့၊ မွေးရက် အချိန်ရောက်ရင် ဇာတာကို အဲဒီတုန်းက ဂြိုဟ်သွားပြက္ခဒိန်တွေ ရှိတယ်။ ဂြိုဟ်သွားပြက္ခဒိန်တွေကို ကြည့်ပြီး ဇာတာဖွဲ့ရတာ။ ဇာတာဖွဲ့တာကနေစပြီး ဆရာက စနစ်တကျ သင်ပေးပါတယ်။ ဗမာလိုနည်းစနစ်နဲ့ဖွဲ့ရင် ဘယ်လို၊ အနောက်တိုင်း ပုံစံနဲ့ဖွဲ့ရင် ဘယ်လိုဆိုတာ သင်ပေးတာပေါ့လေ။
TREND ။ ။ ကျွန်တော်သိချင်တာက ဒေါက်တာဖေဉာဏ် ဆရာတို့နဲ့တွေ့တဲ့အချိန်မှာ ဝန်ကြီးဌာနတစ်ခုမှာ in service လားလို့ သိချင်တာပါ။
UYNT ။ ။ အဲဒါကတော့ ဟုတ်ပါတယ်။ သူက တိရစ္ဆာန်ဆေးကုဆရာဝန်အနေနဲ့ သစ်တော တိရ စ္ဆာန်ရုံမှာ Attach လုပ်ထားတာ အဲဒီလို ဟုတ်ပါတယ်။ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့မှာ မဟုတ်သေး တာ တစ်ခုပါပဲ။


TREND ။ ။ ဒေါက်တာဖေဉာဏ်နဲ့ ဆရာနဲ့ စတင်ဆုံစည်းခဲ့ပုံကိုလည်း ပြောပြပါဦး။
UYNT ။ ။ တွေ့တာကတော့ ကျွန်တော် ၁၀ တန်းအောင်ပြီးတဲ့အခါမှာ နက္ခတ်ပညာကို စိတ်ဝင်စားတော့ ဆရာကလည်း အဲဒီအချိန်မှာ စာအုပ်သုံးအုပ်က ထုတ်ထားပြီးပြီ။ ဒီအနောက်တိုင်း နက္ခတ်ကို ကျွန်တော်က စာအုပ်လေးတွေ ဖတ်ကြည့်တဲ့ အခါကျတော့ စိတ်ဝင်စားသွားတယ်။ ဆရာ့ဆီမှာ သွားသင် ရရင် ကောင်းမှာပဲဆိုပြီးတော့ စဉ်းစားကြံစည်နေတဲ့အချိန်မှာ ကျွန်တော်တို့ ရွယ်တူသူငယ်ချင်းတွေလည်း ရှိပါတယ်။ ဝါသနာပါကြတဲ့အခါကျတော့ ဆရာ့ဆီမှာ သွားပြောကြမယ်ဆိုပြီးတော့ အဲဒီလိုပြောကြရင်း၊ ဆိုကြရင်းနဲ့ နက္ခတ်ပညာကိုသင်ဖို့ သွားကြရင်းနဲ့ ဆရာနဲ့စပြီး ဆုံဖြစ်တာပါ။
TREND ။ ။ ဆရာ ဒေါက်တာဖေဉာဏ်နဲ့ ဆုံခဲ့တဲ့အချိန်မှာ အမှတ်တရ ဘာတွေထပ်ရှိဦးမလဲ။
UYNT ။ ။ ဆရာနဲ့ကတော့ ကျွန်တော်တို့က နက္ခတ်ပညာနဲ့ပတ်သက်ပြီး သင်ကြားတဲ့ ကိစ္စတွေက တော့အမှတ်တရတွေ အများကြီးပါ။ ဆရာကလည်း နက္ခတ်ဗေဒင်ပညာကို သူကိုယ်တိုင်လည်း ထဲထဲဝင်ဝင် စိတ်ဝင်စားတယ်။ နောက်တစ်ခါကျန်တဲ့ Next Generation တွေအတွက် သင်ကြားပို့ချပြီးတော့ လုပ်တယ်။ သူ့ခေတ်မှာပေါ်ထွန်းတဲ့ နက္ခတ်ဗေဒင်ပညာရှင်တွေကိုလည်း ပေါင်းသင်းဆက်ဆံတယ်။ ဆရာ တော် (ဦးသတ္တိယ)နဲ့လည်း ဆရာပဲခေါ်သွားပြီးတော့ မိတ်ဆက် ပေးခဲ့တာ။ ဆရာဒဂုန်ဆီကိုလည်း ဆရာကပဲ ခေါ်သွားတာပဲ။ ဆရာဘဲလားတို့ အတူတူပါပဲ။ နက္ခတ္တဗေဒ ပညာရှင်တွေ တော်တော်များများနဲ့ အဲဒီအချိန်မှာ ဆက်ဆံပြီးတော့၊ ပညာရပ်ကို နှီးနှောဖလှယ်ပြီးတော့ နေကြတာပေါ့။ ဆရာရဲ့ ထူးခြားချက် တစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ပညာရပ်အပေါ်မှာ ချစ်မြတ်နိုးတယ်။ ဒါက တစ်အချက်ပေါ့။ နှစ်အချက်က နောင်ကျတော့ မြန်မာနိုင်ငံပြက္ခဒိန် အကြံပေးအဖွဲ့ အတွင်းရေးမှူး အနေနဲ့ လုပ်တဲ့အခါကျတော့ ဆောင်ရွက်ချက် နှစ်ပိုင်းရှိသွားတယ်။ အဖွဲ့အစည်းအနေနဲ့ ဆောင်ရွက်တာကတော့ ဆရာတစ်ယောက်တည်း ဆောင်ရွက်တာလို့ ပြောလို့မရဘူး။ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ အဖွဲ့ကြီးက ဆောင်ရွက်တာပေါ့လေ။ သူကိုယ်တိုင် ဆောင်ရွက်တာတွေကတော့ မှတ်မှတ်ရရ သူဘာလုပ်လဲဆိုတော့ နက္ခတ်ဗေဒင်ပညာမဂ္ဂဇင်းဆိုပြီး မဂ္ဂဇင်းလေးတစ်စောင် ထုတ်တယ်။ ၂၀၀၀ ပြည့်နှစ်လောက်က စပြီးတော့ ၂၀၀၃ လောက်အထိ ထုတ်ပါတယ်။ နက္ခတ်ပညာနဲ့ပတ်သက်တဲ့ ပညာတွေကို သူကိုယ်တိုင် စာတည်းမှူးချုပ်လုပ်ပြီးတော့ နက္ခတ်ဗေဒင်ပညာတင်မကဘဲနဲ့ အဲဒီအထဲမှာ တခြားသော ဘာသာရေးဆိုင်ရာ အကြောင်းအရာတွေ၊ ဆရာတော်ကြီးတွေရဲ့ အကြောင်းတွေ၊ ဝိပဿနာရှုနည်းတွေပါ ပါပြီးတော့ ဗေဒင်လည်း ပါပါတယ်။ နက္ခတ်ဗေဒင် မဂ္ဂဇင်းဆိုပြီးတော့ လုပ်ခဲ့တယ်။ ဒါက အမှတ်တရတစ်ခုပါပဲ။ နောက်တစ်ခုက ဆရာနဲ့ပတ်သက်တဲ့ ထူးခြားချက်အမှတ်တရကတော့ ဆရာက အဲဒီခေတ်က Software တွေ၊ Application တွေ မပေါ်သေးတဲ့အခါမှာ ဇာတာတွေကို ဂြိုဟ်သွားပြက္ခဒိန်တွေကို ကြည့်ပြီးတော့ ဇာတာတွေကို ဖွဲ့ရတာ ပေါ့။ ဆရာက အံ့သြဖို့ကောင်းတာက ဇာတာတွေကို သူက ဂြိုဟ်သွားပြက္ခဒိန်တွေ ကြည့်စရာမလိုဘဲနဲ့ တန်းပြီးတော့ ဖွဲ့နိုင်တယ်။ ဥပမာ လူတစ်ယောက်က သူ့ရဲ့မွေးနေ့ သက္ကရာဇ်ကို ပြောတယ်။ သူ့ရဲ့မွေးချိန်၊ မွေးရက်ကိုပြောတဲ့အခါမှာ ဘာစာအုပ်မှမလိုဘဲ တစ်ခါတည်း တန်းပြီးတော့ သူ့ဇာတာကို ဆွဲနိုင်တယ်။ ဆရာ ဦးဖေဉာဏ်က ဆရာတော်ဦးပညာဝံသပေါ့လေ။ ဇာတာတစ်စောင်ကို မှတ်ပြီးသွားရင် လူတစ် ယောက်ရဲ့ ဇာတာကို ဘယ်တော့မှ မမေ့တော့ဘူး။ ဒါကတော့ ဆရာရဲ့ မှတ်မှတ်ရရ ဖြစ်ရတဲ့ ထူးခြားချက်ပေါ့။ အခုအချိန်အထိ ကျွန်တော်တို့က ဇာတာဖွဲ့မယ်ဆိုရင် ဂြိုဟ်သွားပြက္ခဒိန်ကြီးဖွင့်ရင် ဖွင့်၊ မဖွင့်ရင် Application သုံးမှသာလျှင် ဇာတာကို ဖွဲ့နိုင်တာ။ ဆရာကတော့ အဲဒီလိုမဟုတ်ဘူး။ ဒါတွေ မလိုဘဲနဲ့ ဇာတာ တစ်စောင်ကို ဖွဲ့နိုင်တယ်။ အဲဒါကလည်း ထူးခြားချက်တစ်ခုပါပဲ။
TREND ။ ။ ဆရာတို့က သူ့ဆီမှာ ပညာသင်နေတဲ့အချိန်မှာ သူက တစ်ဖက်မှာလည်း ဝန်ထမ်းလုပ်နေတဲ့အချိန်လို့ ပြောလို့ရလား။ သူ့အသက်က အဲဒီအချိန်မှာ ဘယ်လောက်ရှိပြီလဲ။
UYNT ။ ။ ဆရာက တကယ်တော့ ၁၉၅၁ မှာ မွေးတာပါ။ ကျွန်တော်တို့နဲ့တွေ့တဲ့ အချိန်က ၁၉၉၄ ဖြစ်နေပြီဆိုတော့ သူက ဝန်ထမ်းလည်း လုပ်နေသလို အားတဲ့အချိန်မှာလည်း ဇာတာတွေ၊ နက္ခတ်ပညာ တွေကို လေ့လာနေတဲ့ အချိန်ပေါ့။ အဲဒီလိုအချိန်မှာ တွေ့တာပါ။ နှစ်ခုလုံးလည်း သူလုပ်နေပါတယ်။ ဒါပေမဲ့ ကျွန်တော် တွေ့တဲ့အချိန်မှာ သူ့ကို in Service အစိုးရဝန်ထမ်းအနေနဲ့ စသိတာတော့ မဟုတ်ပါဘူး။ နက္ခတ္တဗေဒပညာရှင်အနေနဲ့ စသိတာပါ။ နောက်ကျတော့ အစိုးရဝန်ထမ်းကနေ သူအနားယူပြီးတော့ နက္ခတ်ဗေဒင်လိုင်းတွေကို လိုက်ခဲ့တာပေါ့။ နောက်ပိုင်း ဒီဘက်ကိုပဲ ဇောက်ချလုပ် ပြီးတော့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့မှာ သူ လုပ်ပါတယ်။
TREND ။ ။ ဆရာဒေါက်တာဖေဉာဏ်နဲ့ ဆရာရန်နိုင်သိန်းနဲ့အတူတူ ဆရာ့ဆီကနေ ပညာသင်ယူနေတဲ့အချိန်မှာ အမှတ်တရတွေ အများကြီးရှိတယ် ပြောတယ်။ နောက်တစ်ခါ ဒေါက်တာဖေဉာဏ်ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူတွေလည်း အများကြီးတွေ့ခဲ့ ကြုံခဲ့ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အဲဒီကာလက နယကအစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပေါ့။ အဲဒီ ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ ဆရာဖေဉာဏ်နဲ့ အဆက်အသွယ်ရှိတယ်လို့ ပြောတယ်။ ဆရာသိသလောက်ပြောပြပါဦး။
UYNT ။ ။ ကျွန်တော်တို့ကလည်း အဲဒီအချိန်မှာတော့ ဆရာဖေဉာဏ်က နိုင်ငံတော်မှာရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံနေတယ်လို့တော့ သိတယ်။ သိတယ်ဆိုတာ ဆရာပြောပြလို့ သိတာပါ။ သို့သော်လည်း ဆရာ့ရဲ့သဘာဝက အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ သူဘယ်လိုလုပ်တယ်။ ဘာတွေ အကြံပြုတယ်။ ဒါမျိုး တွေတော့ ကျွန်တော်တို့ကို ပြောလေ့ပြောထ မရှိဘူး။ သူကိုယ်တိုင်ကလည်း အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့တော့ နှစ်ပိုင်းခွဲထားတယ်။ ပြောသင့်တဲ့ဟာတော့ ပြောတယ်။ မပြောသင့်တာကိုတော့ လုံးဝမပြောတော့ ကျွန်တော်တို့ လည်း နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူနိုင်တဲ့ဘက်က ဆောင်ရွက်နေတယ်လို့တော့ သိထားတယ်။ သိထားတာပဲရှိတယ်။ တိတိကျကျတော့ ဘယ်ဟာတွေလို့ ဆရာကိုယ်တိုင်က ပြောဖူးတာမရှိဘူး။ သို့သော်လည်းပဲ တချို့ကိစ္စတွေကိုတော့ သူကိုယ်တိုင် အများသိအောင် မီဒီယာတွေကနေ ပြောထားတဲ့ ကိစ္စတွေကတော့ ဝိပဿနာကျောင်းတွေ ဆောက်တယ်၊လုပ် တယ်ပေါ့။ ဒါမျိုးတွေပဲ ကျွန်တော်တို့ကို ပြောပြပါတယ်။ တခြားသီး ခြားတော့ ဂဃနဏ ရှင်းပြတာတွေ မလုပ်ခဲ့ပါဘူး။
TREND ။ ။ အဲဒီခေတ်မှာပဲ ဒေါက်တာဖေဉာဏ်က နေပြည်တော် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ လူကြီးပိုင်းတွေကို နက္ခတ္တဗေဒနဲ့ ပတ်သက်ပြီးတော့ ဥပမာ လမ်းနာမည်ပေးတာကအစ အကြံဉာဏ်ပေးခဲ့တယ်လို့ ကြားဖူးတယ်။ အဲဒါလေးတွေ ပြောပြပါဦး။
UYNT ။ ။ ကျွန်တော် သိသလောက်တော့ နေပြည်တော် တည်ဆောက်ရေး ကိစ္စတစ်ခုလုံးကတော့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က ပညာရှင်တွေပါဝင်ပြီး လုပ်ဆောင်ခဲ့တယ်လို့ပဲ သိပါတယ်။ ဆရာလည်း ပါတာပေါ့လေ။ သူက အတွင်းရေးမှူးဆိုတော့။ သို့သော် တခြားဆရာကြီးများလည်း ပါဝင်ပြီးတော့ လုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ဆရာ့အနေနဲ့ အကြံပြုပြီးလုပ်ခဲ့တဲ့ဟာတွေ မလွဲမသွေရှိမှာပါ။
TREND ။ ။ ဆရာဒေါက်တာဖေဉာဏ်နဲ့ ဆရာက အများကြီး တွဲခဲ့တယ်။ နက္ခတ္တဗေဒနဲ့ ပတ်သက်လို့ ပညာတွေ သင်ယူခဲ့တယ်။ အဲဒီတော့ ဆရာဒေါက်တာဖေဉာဏ် သတင်းကြားတဲ့ အချိန်မှာ ဆရာ့ရဲ့ စိတ်ခံစားချက် ဘယ်လိုဖြစ်သွားလဲ။ လွန်ခဲ့တဲ့ သုံး၊ လေး ရက်လောက်က ။
UYNT ။ ။ ကျွန်တော်ကတော့ နက္ခတ္တဗေဒ ပညာရှင်တစ်ဦးအနေနဲ့ရော၊ ဆရာတစ်ယောက်အနေနဲ့ရော အလွန်နှမြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပညာရှင်ဖြစ်တော့ ပညာရပ်တစ်ခုကို နှံ့နှံ့စပ်စပ်သိအောင် နှစ်ပေါင်းများစွာ လေ့လာခဲ့ရတယ်။ စာတွေဆိုလည်း အများကြီး ဖတ်ခဲ့ရတယ်။ ကျမ်းတွေ လည်း အများကြီး သိအောင်၊ နားလည်အောင်လေ့လာခဲ့ရတယ်။ ပညာရှင်တစ်ဦးဟာ ရုတ်တရက်ကြီး ပျောက်ကွယ်သွားတဲ့ဟာ ကျတော့ နှမြောလည်း နှမြောတယ်။ ဝမ်းလည်း ဝမ်းနည်းရပါတယ်။ ဒါကတော့ ကျွန်တော်တို့ ခံစားချက်ပါ။
TREND ။ ။ နောက်တစ်ခုက ဆရာဒေါက်တာဖေဉာဏ်က ၂၀၁၀မှာ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ နက္ခတ္တဗေဒအကြောင်းတွေ ဆွေးနွေးခဲ့ တယ်လို့ ကြားဖူးတယ်။ အဲဒါ ဟုတ်ပါသလား။
UYNT ။ ။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တော့ အသေးစိတ်မပြောနိုင်ဘူး။ သို့သော်လည်းပဲ ကျွန်တော်တို့ တရားဝင်သိတာကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မဟုတ်ဘဲနဲ့ သမ္မတကြီး ဦးသိန်းစိန် လက်ထက်မှာတော့ ဆရာ့ကို သမ္မတရုံး အကြံပေးအနေနဲ့ ခန့်တဲ့အတွက်ကြောင့် သမ္မတကြီးနဲ့ နီးနီးစပ်စပ် ရှိလိမ့်မယ်လို့တော့ အပြင်ကနေ ခန့်မှန်းရတာပေါ့။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာတော့ ဆရာ့အနေနဲ့ အဆက်အဆံရှိတယ်လို့တော့ သိထားတယ်။ စောစောက ပြောသလို နက္ခတ္တဗေဒ ပညာရပ်တွေကို ဆွေးနွေးရတယ်။ တိုင်ပင်ရလောက်တဲ့ အထိတော့ ကျွန်တော်တို့ ရှိခဲ့သလား၊ မရှိခဲ့သလားဆိုတာကတော့ ကျွန်တော်တို့လည်း ဆရာ့ရဲ့ သဘာဝအရ အဲဒီလောက်ကြီးလည်း မပြောပြဘူး။ ဇာတာပိုင်းဆိုင်ရာလောက်ပဲ ကျွန်တော်တို့ကို သင်ကြားပြသတာရှိပြီးတော့ နိုင်ငံရေးနဲ့ပတ်သက်တာ၊ နိုင်ငံတော်နဲ့ ပတ် သက်တာတွေမှာတော့ ဆရာက ပြောခဲတယ်။
TREND ။ ။ သမ္မတဦးသိန်းစိန်လက်ထက်မှာ ဆရာက အကြံပေးလုပ်တယ်ဆိုတာ ဘယ်အပိုင်းကို အကြံပေးလုပ်တာလဲ။ ရှင်းပြပါဦး။
UYNT ။ ။ သမ္မတဦးသိန်းစိန်လက်ထက်မှာတော့ တရားဝင် သမ္မတရုံးရဲ့ အကြံပေးပုဂ္ဂိုလ် ငါးဦးထဲမှာ ဆရာ့ကို တရားဝင်ခန့်ခဲ့တာပေါ့။ ကျွန်တော်တို့ကို ဆရာပြောပြသလောက်တော့ သာသနာရေးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေကို အကြံပေးတယ်လို့ သိထားတယ်။ အဲဒီအချိန်မှာ ဆရာက ဝန်ကြီးဌာနရဲ့ ရှေးဟောင်းသုတေသနရဲ့ အကြံပေးလည်း လုပ်နေတာကိုး။ လုပ်နေတော့ မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ရော၊ ရှေးဟောင်းသုတေသန အကြံပေးရော လုပ်ခဲ့တာဆိုတော့ အဲဒါတွေနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကိုပဲ ကျွန်တော်တို့ အကြံပေးတယ်လို့ အကြမ်းဖျင်း နားလည်တယ်။
TREND ။ ။ ဆရာဒေါက်တာဖေဉာဏ်က နက္ခတ္တဗေဒနဲ့ပတ်သက်ပြီး တကယ်ကို အဲဒီလောကမှာ နာမည်ကြီးတယ်။ ပညာ ရှင်တစ်ယောက်လို့လည်း ပြောကြတယ်။ အဲဒီတော့ သူရဲ့နောက်ဆုံးအချိန်တွေကိုရော သူတွက်သွားတာတို့၊ ပြောသွားတာတို့ ကြားဖူးလား။ ပြောခဲ့တာရှိလား။
UYNT ။ ။ ကျွန်တော်တို့ နက္ခတ်ပညာသင် ကြားနေတဲ့အချိန်မှာ သူ့ဇာတာနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ကို တစ်ကြိမ် ပြောပြဖူးတယ်။ သူ့ဇာတာ အနေအထားတစ်ခုကို ကျွန်တော်တို့ကို ရှင်းပြပြီးတော့ သူ့ဇာတာက ဒီလိုပဲ လုပ်ကြံခံရတဲ့ ဇာတာမျိုးပါတဲ့ အတွက်ကြောင့် သူ့အသက် (၃၀) ကျော်လောက်မှာ ဒီလိုကိန်းတစ်ကြိမ် ကြုံခဲ့ရတဲ့အတွက်ကြောင့် ထွက်ပြေးခဲ့ရတယ်ဆိုတာ ပြောဖူးတယ်။ အကြောင်း အရာကိုတော့ ဂဃနဏ ဘာကြောင့်၊ ဘာရယ်လို့တော့ မပြောပြဖူးဘူး။ သူပြောပြတာ မှတ်မိသလောက်တော့ ဂြိုဟ်အနေအထားတွေ၊ ဇာတာအနေအထားအရ သူ့မှာ ဒါမျိုးကြုံခဲ့ရတယ် ဆိုတာကိုတော့ ရှင်းပြဖူးတယ်။ တခြားတော့ သီခြားပြော တာမရှိဘူး။ သူ့မိသားစု၊ သူ့ညီမကိုတော့ သူ့အသက် (၇၀)ကျော်၊ (၇၅)၊ (၇၆)လောက်နေရမယ်လို့ ပြောတယ်လို့တော့ သူ့မိသားစုက ပြောပြတာ ကြားဖူးတယ်။ ကိုယ်တိုင်တော့ ကျွန်တော်တို့ကို မပြောပြဖူးဘူး။ သူ့ဇာတာက စနေဂြိုဟ်ရယ်၊ တနင်္လာဂြိုဟ်ရယ်။ ဂြိုဟ်နှစ်လုံးရဲ့ အနေအထားကြောင့် အသက် (၃၀)ကျော် ကာလအတွင်းမှာ ဒီလိုကိန်းတွေ သူ့မှာ ပါတယ်ဆိုတာ ပြောပြဖူးတယ်။ လုပ်ကြံခံရတဲ့ ကိန်းမျိုးတွေပါတယ်လို့ ပြောပြဖူးပါတယ်။
TREND ။ ။ ဆရာဒေါက်တာဖေဉာဏ်နဲ့ ပတ်သက်ပြီး သီးခြားပြောစရာရှိရင် ပြောပြပါဦး။
UYNT ။ ။ နက္ခတ်ဗေဒင် ပညာနဲ့ပတ်သက်လို့ ဆရာရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ အနောက်တိုင်း နက္ခတ်ရော၊ အရှေ့တိုင်း ဟိန္နူ နက္ခတ် ဗေဒင်ပညာရော၊ အခြားသောခေတ်မီ စနစ်တွေ၊ ခေတ်ဟောင်းစနစ်တွေ အသုံးချပြီးတော့ နက္ခတ်ဗေဒင်ပညာကို အသုံးပြုခဲ့တာ။ ဟောပြောခဲ့တာ။ ဆရာက စာအရမ်းဖတ်တယ်။ မှတ်ဉာဏ်အရမ်းကောင်းတယ်။ စာအုပ်တစ်အုပ်ကို ဖတ်ပြီးသွားရင်လည်း ဒီကျမ်းထဲမှာပါတဲ့ အချက်အလက်တွေ အကုန်လုံးကို မှတ်မိတယ်။ နောက် ဇာတာတွေ အကုန်မှတ်မိတယ်။ သူ့ဆီမှာ မေးထားတဲ့ ဇာတာတွေ၊ ဂြိုဟ်နေဂြိုဟ်ထား ဘယ်လိုဆိုတာ မှတ်ဉာဏ် အရမ်းကောင်း တယ်။ နက္ခတ်ဗေဒင်ပညာနဲ့ပတ်သက်လို့ တော်တော်ကို နှံ့နှံ့စပ်စပ် ဖတ်ပါတယ်။ အင်္ဂလိပ်စာအုပ်လည်း ဖတ်တယ်။ မြန်မာစာအုပ်လည်း ဖတ်တယ်။ ကျွန် တော်တို့ကို အစုံသင်တာ။ အနောက်တိုင်း နက္ခတ်ပညာ လျှို့ဝှက်ချက်များကို အရင်သင်တယ်။ ဟိန္ဒူနက္ခတ် ဗေဒင်နဲ့ ပတ်သက်တဲ့ကျမ်းတွေကိုလည်း အများကြီး ဖတ်ခဲ့ရတယ်။ အဲဒီလိုပဲ သူကြိုက်တဲ့ အနောက်တိုင်း စာအုပ်လေးတွေ ကျွန်တော်တို့ကို ဖတ်ခိုင်းတယ်။ ဒါလွန်ခဲ့တဲ့ တစ်လ၊ နှစ်လလောက်ကပဲ သူ ကျွန်တော့်ဆီကို ဖုန်းဆက်ပါတယ်။ ဆက်ပြီးတော့ သူ့ဆီမှာ တစ်ယောက်က ဗေဒင်လာပြီးတော့ လေ့လာချင်လို့ဆိုပြီး မေးတော့ သူက သဗ္ဗဒစိန္တာမဏိဆိုတဲ့ ဦးအုန်းမြိုင် ရေးခဲ့တဲ့ စာအုပ်ရှိပါတယ်။ သုံးအုပ်တွဲကို မိတ္တူကူးပေးဖို့ ပြောပါတယ်။ မိတ္တူကူးထားလိုက်တဲ့ အဲဒီတစ်ယောက်ကို ပေးချင်တယ်ပေါ့။ အဲဒီလိုပဲ လွန်ခဲ့တဲ့ သုံးလလောက်ကပဲ The Degrees of the Zodiac Symbolised ဆိုတာရှိတယ် ၃၆၀ နဲ့ဟောတဲ့ အင်္ဂလိပ်စာအုပ် အဲဒါလည်း မိတ္တူလိုချင် တယ်ဆိုပြီးတော့ သူ့ဆီလာသင်တဲ့ လူတစ်ယောက်ကို ပေးဖို့ဆိုပြီး ပြောပါတယ်။ အဲဒီတော့ နက္ခတ်ပညာနဲ့ ပတ်သက်လို့ ဆရာက တော်တော်ကို နှံ့စပ်ပါတယ်။ တော်တော်ကို လေ့လာခဲ့ပါတယ်။ အနောက်တိုင်းနက္ခတ် စာအုပ်သုံးအုပ်ကို သူထုတ်ခဲ့ဖူးပေမယ့်လည်း အနောက်တိုင်း နက္ခတ်ပညာ ရပ်တစ်ခုတည်းကို လေ့လာခဲ့တာ မဟုတ်ဘူူး။ သူက ဟိန္ဒူနက္ခတ်၊ ဗမာနက္ခတ်ကိုလည်း သူလေ့လာတယ်။ မဟာသုဇာတက ကျမ်းတွေကိုလည်း လေ့လာခဲ့တယ်။
TREND ။ ။ ဆရာဒေါက်တာဖေဉာဏ်ရဲ့ ဇနီးရော ရှိသေးလား။
UYNT ။ ။ ဆရာ့ဇနီးက ဆရာမဆုံးခင်ကပဲ ဆုံးသွားပါတယ်။ သားသမီးတစ်ယောက်ပဲ ရှိပါတယ်။ ဆရာ့သားက နဂိုအိမ်မှာပဲ နေပါတယ်။ ဆရာလူ့ဘဝက နေတဲ့အိမ် စမ်းချောင်းမှာ နေပါတယ်။
TREND ။ ။ ဆရာဆုံးတာ (၇၆) လို့ပြောလို့ရ လား။
UYNT ။ ။ ရပါတယ်။ ဧပြီမှာ မွေးတာဆိုတော့ (၇၅)နှစ် ကျော်သွားပါပြီ။ ၇၆ ထဲမှာပါ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အွန်လိုင်းဝဏ္ဏ
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )