MMMCar Sales Center ပိုင်ရှင် ဦးမင်းမင်းမောင် (မြန်မာ့မော်တော်ယာဉ် တင်သွင်းထုတ်လုပ် ဖြန့်ဖြူး ရောင်းချရေးအသင်း အတွင်းရေးမှူး) နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်တွင်းကားဈေးကွက်က ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာတယ်၊ ကားအရောင်းစင်တာတွေ ထပ်မံဖွင့်လှစ်လာကြတာတွေကြောင့် ကားဈေးမြင့်တက်တာ ဖြစ်ပါတယ် . . . .

၂၀၂၆ ၊ နိုဝင်ဘာ ၁၀

    ပြည်တွင်းကားဈေးကွက်တွင် ၁၀ နှစ်ကျော်ကြာ ရပ်တည်လာပြီး ကားအရောင်းစင်တာများ ၁၅ ခုအထိ တိုးချဲ့ဖွင့်လှစ်ထားသည့် MMMCar Sales Center ပိုင်ရှင် ဦးမင်းမင်းမောင် (မြန်မာ့မော်တော်ယာဉ် တင်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးအသင်း အတွင်းရေးမှူး) နှင့်တွေ့ဆုံ၍ လတ်တလော ကားဈေးကွက်နှင့် EV ကားဈေးကွက် အခြေအနေများနှင့်ပတ်သက်၍ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။


TREND    ။    ။ ပြည်တွင်းကားဈေးကွက်အနေနဲ့ အရောင်းအဝယ် ဘယ်လိုအခြေအနေလေးရှိလဲဆိုတာ ပြောပြပေးပါဦး။ 
UMMM    ။    ။
ပြည်တွင်းမှာ ကားဈေးကွက်ကတော့ နည်းနည်းငြိမ်တယ်။ ကားရောင်းအဝယ် လည်းငြိမ်တယ်။ အမြင့်ဆုံးဈေးကနေပြီးတော့ ၅၀၊ ၁၀၀ ဝန်းကျင် လောက်တော့ ဈေးတက်တဲ့ SKD ကားတွေ ဈေးလျှော့ရောင်းတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။ ဈေးနှုန်းကတော့ အရမ်းကြီး မပြောင်းဘူး။ ပုံမှန်အတိုင်းပဲ ဈေးက ဖြစ်နေတယ်။

TREND    ။    ။ EV ကားဈေးကွက်မှာဈေးက အတက်နဲ့ရပ်နေတယ်၊ ကားဈေးကျဖို့ရောရှိလား။ EV ဈေးကွက်အခြေအနေလေးလည်း ပြောပြပေးပါဦး။ 
UMMM    ။    ။
EV ကားတွေထုတ်လို့ရတဲ့ အရေအတွက်နဲ့ ဈေးကွက်ထဲမှာ ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူတွေကို လုံလောက်အောင် ပံ့ပိုးပေးနိုင်ရင်တော့ ကားဈေးက အထိုက်အလျောက်တော့ ကျသွားမှာပေါ့။ EV ကားဈေးကွက်မှာ အခုက ပုံမှန်ပဲ၊ ဒါပေမဲ့ စုံ၊ မ ပြီးသွား တဲ့နောက်ပိုင်းမှာ EV ကို မေးတဲ့သူတွေက ရာခိုင်နှုန်းနည်းနည်း နည်းသွားတယ်။ ဈေးကတော့ ပုံမှန်ပါပဲ။ကားဈေးကွက်က မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ ကားအစီးရေ အရေအတွက်ပေါ် မူတည်ပြီး ဈေးနှုန်းက အတက်အကျ သွားနေတဲ့အခါကြ တော့ ကျသွားတာတော့ မတွေ့သေးဘူး။ EV ကဏ္ဍမှာတော့ တက္ကစီကဏ္ဍတော့ တော်တော်ကြီးကို ကျယ်ပြန့်လာတာတွေ့ရတယ်။  EV တက္ကစီတွေ တော်တော်များများ ဝင်လာတယ်။ ကဏ္ဍကျယ်ပြန့်လာ တယ်ဆိုတာ လိုအပ်တဲ့ အရေအတွက်ထက် ပိုများပြားလာတာ တွေ့ရတယ်။

TREND    ။    ။ မြန်မာနိုင်ငံမှာ EV ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတယ်။ ဘယ်ကဏ္ဍတွေကို အဓိကဆောင်ရွက်ပေးသင့်တယ်လို့ မြင်ပါသလဲ၊ ဘာတွေလိုအပ်နေသေးလဲဆိုတာ ပြောပြပေးပါဦး။ 
UMMM    ။    ။
EV ကားတွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် အခုဆိုရင် EV Changer တွေကို တိုးမြှင့်ဆောက်လုပ်နေတာ တွေ့ရတယ်။ အားသွင်းတဲ့နေရာတွေကို နေရာကဏ္ဍအသီးသီးမှာ ဆောင်ရွက်ပေးနေတာ တွေ့ရတယ်။ ကုမ္ပဏီတွေ၊ ဈေးဝယ်စင်တာတွေမှာလည်း တွေ့ရတယ်။ စီးတဲ့သူ၊ သုံးစွဲတဲ့သူ များလာတဲ့အတွက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်လာတာတွေ့ရတယ်။ ဒါပေမဲ့ အဓိက ပြဿနာက တည်ထောင်တဲ့သူတွေမှာ စီးပွားရေးကဏ္ဍအရ တွက်ခြေမကိုက်တာ ရှိတာပေါ့။ ဘာကြောင့်လဲဆိုရင် သတ်မှတ်နှုန်းထားတစ်ခုနဲ့ ကောက်ခံနေရတော့ မကိုက်တာတော့ ရှိတာပေါ့။ ဒါကြောင့် တချို့ကတော့ သွင်းတဲ့ကုမ္ပဏီကဖွင့်ပေးတာရှိတယ်။ နောက်ဟိုတယ်တွေက ဝန်ဆောင်မှုတစ်ခုအနေနဲ့ ပံ့ပိုး တာရှိတယ်။ ဒီလောက်ပဲရှိတယ်။ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်လာတဲ့ သူတွေအတွက် ဆောင်ရွက် ပေးနိုင်တဲ့ အရေအတွက်ကတော့ နည်းနေသေးတယ်။ ဒါပေမဲ့ မနှစ်ကထက် စာရင်တော့ များလာပါပြီ။ ရန်ကုန်၊ မန္တလေး၊ လမ်းတစ်လျှောက်မှာတော့ လိုအပ်တဲ့အရေအတွက်ကို ပံ့ပိုးပေးနိုင်တဲ့အထိရှိပြီ။ နောက်တစ်ခုက ရန်ကုန်၊ မန္တလေး ပြီးသွားရင်၊ ရန်ကုန်-တောင်ကြီး၊ ရန်ကုန်-မကွေး၊ ရန်ကုန်-ဧရာဝတီ-ပုသိမ်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြဝတီ အဲဒီလိုလမ်းတွေမှာလည်း လုပ်ဖို့ လိုအပ်နေသေးတယ်။ လုပ်တာတွေတော့ ရှိတယ်။ ကလောဆိုရင်လည်း ဆောင်ရွက်နေတယ်ဆိုတာကို ကြားသိနေရတယ်။

TREND    ။    ။ ပြည်တွင်းကားဈေးတက်တာက အကျိုးဆောင်ကြောင့်လား၊ ဒါမှမဟုတ်၊ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေကြောင့် ဖြစ်တာလား။ ဘာကြောင့် ဖြစ်တာလဲဆိုတာ ဆရာ့အမြင်လေး ပြောပြပေးပါဦး။
UMMM    ။    ။
ကားဈေးတက်တယ်ဆိုတာက အကျိုးဆောင်ကြောင့်လည်းမဟုတ်ဘူး။ ကျန်တဲ့ပယောဂကြောင့်လည်းမဟုတ်ဘူး။ အဓိကတော့ မြန်မာနိုင်ငံမှာ Automobile မှာ ရင်းနှီးမြှုပ်နှံမှု ပိုပြီးများလာတယ်။ အရေအတွက်များလာတယ်။ အဲဒီအပေါ်မှာ ဝယ်လိုအား ပိုများလာတယ်။ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်လာကြတယ်။ ဆိုတော့ အရောင်းစင်တာတွေမှာ ကားတွေ ဝယ်လာကြတယ်။ နောက် ကားအ ရောင်းစင်တာတွေက အရင်က  ၇၀ လောက်ပဲရှိတာ အခုက ၁၀၀ လောက် ရှိလာတယ်။ တစ်နိုင်တစ်ပိုင် ဝယ်ရောင်းတွေကလည်း အရင်တုန်းက အယောက်တစ်ထောင် ရှိမယ်ဆိုရင် အခုက ၃၀၀၀ လောက်ရှိ လာမယ်။ ဒါမျိုးလေးတွေကြောင့် ဖြစ်တာပါ။ ကားကို စက်ရုံက ထုတ်တာက ၆၀ လောက် ဝယ်လိုအားက ၁၀၀၀ လောက် ဖြစ်တယ်ဆိုရင် မလောက်ငတဲ့ ပြဿနာပေါ့၊ အဲဒါမျိုးဆိုရင် ကားဈေးက အထိုက်အ လျောက် တက်သွားတာပဲ။ စက်ရုံတွေရဲ့ ပံ့ပိုးနိုင်တဲ့ စွမ်းအားလည်း အဓိက သက်ရောက်မှု ရှိပါတယ်။ ကားအရောင်းစင်တာက အရင်က ရန်ကုန်၊ မန္တလေးပဲရှိတာကနေ အခုဆိုရင် တစ်နိုင်ငံလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လာတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပြင် တောင်ကြီးနဲ့ အခြားမြို့တွေမှာလည်း ဖွင့်လာကြတယ်။ ကားအရောင်းစင်တာတစ်ခုမှာ ကား ၁၀၊ အစီး၂၀ တင် ရင် ၁၀ ဦးဆို ဘယ်လောက်ဖြစ်သွားပြီ။ ဒါမျိုးတွေနဲ့လည်း ကားဈေးတက်တာက သက်ဆိုင်ပါတယ်။

TREND    ။    ။ ကိုယ်တိုင်ကလည်း MMMCar Showroom ဖွင့်ထားတယ်။ ဘယ်လိုမျိုးဆောင်ရွက်ခဲ့ရလဲဆိုတာ ပြောပြပေးပါဦး။ 
UMMM    ။    ။
ကားလုပ်ငန်း စတင်လုပ်ကိုင်တဲ့ အခြေအနေမှာ ကားတစ်စီးတည်းကနေ စတင်လုပ် ကိုင်ခဲ့တာ  ဘက်ပေါင်းစုံ၊ အခက်အခဲပေါင်းစုံ တွေ့ကြုံခဲ့ရပါတယ်။ အခက်အခဲကတော့ MMMCar Showroom မှာ ကားနည်းနည်းများများ ပြနိုင်ဖို့ဆိုတာက အခက်အခဲတစ်ခုပေါ့။ ကိုယ့်အရင်းအနှီးလေး မပြည့်မစုံနဲ့ လုပ်လိုက်တာဆိုတော့ ကားအရောင်းစင်တာမှာ ကားစုံအောင် ပြနိုင်ပါ့မလား စိုးရိမ်စိတ်ပေါ့။ နောက် တစ်ခုကတော့ ကိုယ့်မိတ်ဆွေက ကားလုပ်ငန်းနဲ့ပတ်သက်လို့ မိတ်ဆွေတွေ ပေါသော်ငြားလည်း ဝယ်ယူသူတွေ ငါ့ကို သတိရပါ့မလား။ ယုံကြည်မှုလေး တစ်ခုပေါ့။ အားငယ်စိတ်လေးတော့ရှိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ လက်ရှိမှာက ကားအရောင်းစင်တာတွေအနေနဲ့ ၁၀ နှစ်အတွင်းမှာ ၁၅ ခု ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ MMM Car Showroom စင်တာလေးတွေ ဖွင့်ချင်တယ်။ ဖွင့်တဲ့နေရာ တိုင်းမှာလည်း Service အပြည့်ပေးနိုင်တဲ့၊ ယုံကြည်မှုအပြည့်ပေးနိုင်တဲ့ ဝန်ထမ်းကောင်းလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Showroom တွေကို  နိုင်ငံတကာအဆင့်မီ ဖွင့်လှစ်နိုင်အောင် ရည်မှန်းထားပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး ။
UMMM    ။    ။
ကားဈေးကွက်က ဒီရက်ပိုင်းမှာ နည်းနည်း ငြိမ်တယ်။ ငြိမ်ပေမယ့် သူ့ဈေးနဲ့သူကတော့ အရောင်းအဝယ် ဖြစ်တယ်။ ကားဈေးအရမ်းတက်ရင်လည်း တက်တဲ့ မော်ဒယ်နဲ့ Brand နဲ့ကို ကြည့်ပြီး သူ့ ထက်ကောင်းတဲ့ မော်ဒယ်က ဈေးသိပ်မကွာဘူးဆိုရင် ပိုကောင်းတဲ့ မော်ဒယ်ကို ရွေးယူ၊ ဝယ်ဖို့ အကြံပေးချင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ EV ကားသုံးစွဲမှုက ၂၀၅၀ ပြည့်နှစ်မှာ ၁၀၀ ရာခိုင်နှုန်း ပြည့်မီအသုံးပြုဖို့ နည်းနည်းလေး လိုနေဦးမယ်လို့ သုံးသပ်မိတယ်။ အားလုံးကတော့ ဝိုင်းဝန်းကြိုးစားနေတယ်။ ဒါပေမဲ့ နည်းနည်းလေး အားလုံးဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ ဦးဆောင်တဲ့ အစိုးရတစ်ရပ်တည်း မဟုတ်ဘဲ၊ သုံးစွဲတဲ့သူ၊ ဘေးနားမှာ တာဝန်ရှိတဲ့သူတွေလည်း ရှိတဲ့အတွက် အဲဒီသူတွေ အကုန်လုံး ဝိုင်းဝန်းဆောင်ရွက်ရင်တော့ ရည်ရွယ်ထားတဲ့ သတ်မှတ်ချက် ပြည့်မီမယ်လို့ မြင်ပါတယ်။ လက်ရှိသွားနေတဲ့ အတိုင်းအ တာမှာတော့ လိုအပ်ချက်တွေ ရှိပါသေးတယ်။ အခုက အားသွင်းတဲ့ Charging Station တွေ ထပ်မံဖွင့်လှစ်ဖို့ လုပ်ဆောင်နေတာတွေ့ရပါတယ်။ အခြားလိုအပ်ချက်တွေကိုလည်း ပံ့ပိုး ပေးဖို့ လိုအပ်နေပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 18

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66238

© 2022 - 2026 News. All Rights Reserved.