စက်သုံးဆီဂယက်၊ NUG နှင့် ထိပ်တိုက် ပြဿနာတက်လာနေသည့် PDF များ

၂၀၂၆ ၊ မတ် ၁၆

စက်သုံးဆီဂယက်နှင့် EV ဈေးကွက်

            ''လတ်တလော ဆီပြဿနာနဲ့ EV ဆိုင်ကယ်လေး ဝယ်စီးမယ်လို့ စုံစမ်းကြည့်ဖြစ်တယ်။ ၃၂ သိန်း ဆိုတော့ ဝယ်မယ်ဆုံးဖြတ်လိုက်တယ်"ဟု ဆီတန်းစီရသည့်ဒုက္ခ၊ ယာဉ်နံပါတ် 'စုံ'၊ 'မ'ပြဿနာ ကောလာဟလ မျိုးစုံကို ရင်မဆိုင်ချင်သူတစ်ဦးက EV ဆိုင်ကယ် ဝယ်ယူရန် ဆုံးဖြတ်ဖြစ်ခဲ့ပုံကို ပြောပြခဲ့သည်။ သူ EV ဆိုင်ကယ်ဝယ်ယူရန် စုံစမ်းသည့်အချိန်က နံနက် ၉ နာရီဝန်း ကျင်ခန့်ဖြစ်ရာ EV ဆိုင်ကယ် တစ်စီးဝယ်၍ စီးနင်းလျှင်  တစ်နေ့ကုန်ကျစရိတ် ရေရှည်အကျိုးအမြတ်များကို တွက်ချက်ချိန်ဆကာ ဝယ်မည်ဟု ဆုံးဖြတ်လိုက်သည် ဟုဆိုသည်။ သူ EV ဆိုင်ကယ်ဝယ်ယူရန် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်လိုက်ပြီး ရရန်ရှိသည့်ငွေကို ငွေလွှဲစောင့်ဆိုင်း ကာနေရင်း EV ဆိုင်သို့ အရောက်သွားခဲ့သည်။ ထိုအချိန်တွင် နံနက်ခင်းက ၃၂ သိန်းဆိုသော EV ဆိုင်ကယ်သည် ကျပ် ၃၅ သိန်း ဖြစ်သွားပြီး ချက်ချင်းဈေးတက်သွားသည့်အပြင် မနက်ကရှိသည့် EV ရောင်းချနေသည့် ဆိုင်ကယ်များလည်း ဝယ်ယူသူ များပြားသောကြောင့် အနည်းငယ်သာ ကျန်ရှိတော့သည်ကို တွေ့လိုက်ရသည်။ သို့နှင့် ဝယ်မည်ဟု ဆုံးဖြတ်ချက်ကို မပြင်တော့ ဘဲ "၃၅ သိန်းလည်း ၃၅သိန်းပေါ့"ဟုဆုံးဖြတ်ကာ e-Money  ဖြင့် ငွေ ၁၀ သိန်းချေထားကာ ရွေးချယ်ရမည့် EV ဆိုင်ကယ်ကို ကြည့်ရှုနေလေသည်။ ထိုသို့ EV ဆိုင်ကယ်ကြည့် ရှုနေချိန်တွင် EV Showroom ထံသို့ ဖုန်းဝင်လာပြီး ၃၅ သိန်းဈေး ဖြစ်သွားသည့် EV ဆိုင်ကယ်များကို ၃၆ သိန်း ငါးသောင်း ဈေးတက်သွားကြောင်း အကြောင်းကြားလာ သည်ဟု ဆိုလေသည်။ ထိုအချိန်တွင် ပြဿနာ စလေတော့သည်။ နံနက်ခင်းက ဤ Showroom အတွင်းတွင် ရှိသည့် EV ဆိုင်ကယ်သည် ၃၂ သိန်းသာ ဈေးရှိပြီး နာရီအနည်း ငယ်ကြာသောအခါ ၃၅ သိန်း ဖြစ်သွား၏။ထို ၃၅ သိန်းဖြစ်သွားသော ဈေးတွင်လည်း ရွေးချယ်စရာ အများအပြားမရှိတော့ဘဲ ရွေးချယ်စရာ အနည်းငယ်ထဲမှ ရွေးချယ်ရမည်ဖြစ်ပြီး ကျပ် ၁၀ သိန်းပင် ငွေချေပြီးပြီဖြစ်ရာ နောက်ထပ် ကျပ်တစ်သိန်းခွဲ ချက်ချင်းလက်ငင်း ဈေးတင်ရောင်းသည်ဟု ခံစားလိုက်ရသည်။

            သို့နှင့် EV အရောင်းဆိုင်ကို ငွေ ၁၀ သိန်း လည်း ချေးပြီးပြီဖြစ်ရာ ကျပ် ၃၅ သိန်းနှင့်သာ ရောင်းချရမည်ဟု အချေအတင်ပြော၍ ဝယ်ယူခဲ့ရကြောင်း ပြောပြလေသည်။ "ဒီအခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ဟာကို ရွေးချယ်ရတဲ့အခါမျိုးဆိုတော့ မတတ်နိုင်ဘူးလေ"ဟု သူ၏ ဆုံးဖြတ်ချက်အပေါ် ဖေးဖေး မမနှင့် ပြောရှာလေသည်။ ယခင်က ထို EV ဆိုင်ကယ်များသည်  Showroom တစ်ခုတွင် တစ်လလုံးနေမှ သုံး၊ လေးစီး ရောင်းရလျှင် ရောင်းကောင်းသည်ဟု ဆိုနိုင်ပြီး ယခုကာလသည် EV ဈေးကွက်က ပျိုတိုင်း ကြိုက်သည့် နှင်းဆီခိုင်အဖြစ် ခေါင်းမော့ရင်ကော့နေလေတော့သည်။ ထို့အပြင် EV ဆိုင်ကယ်သာမက EV ကားဈေးကွက်သည်လည်း စံချိန်တင်ဝယ်ယူမှု များပြားနေကာ ကျပ်သိန်းထောင် ဂဏန်းအထိ ဈေးနှုန်း မြင့်တက်သွားကြောင်း သတင်းစကားများ ကြားသိနေရလေသည်။ စက်သုံးဆီဂယက်က EV ဈေးကွက် အချက်ဖြစ်သွားစေသလား၊ ယခင်က EV ကားဈေးကွက်အတွက် ထင်ရှားကျော်ကြားသူများနှင့် Promotion ဆင်းခဲ့ကြသော်လည်း ထင်ထားသလောက် မအောင်မြင်ခဲ့ပေ။ ငွေကြေးတတ်နိုင်သူတို့အတွက် အသစ်အဆန်းပေါ်သည်ကို စမ်းသုံးကြည့်ရုံမျှ အခြေအနေ မျိုးသာရှိနေခဲ့ရာက ယခုအချိုးအကွေ့ မြန်မြန်ဆန်ဆန် နှင့် EV အပေါ် စိတ်ဝင်စားမှု မြင့်တက်လာနေခဲ့သည်။

            သို့သော်လည်း သဘာဝမကျသည်က ယခင်က သည်ဈေးသည်ကြေးနှင့် ဝယ်ယူ ရောင်းချသည့်နေ သည့် EV ကား၊ ဆိုင်ကယ်များသည် ဝယ်လိုအားမြင့်တက်မှုကို အခွင့်ကောင်းယူပြီး ဈေးကို စိတ်ထဲရှိသလို တင်၍ ရောင်းချကြခြင်းသည် မနှစ်မြို့စရာ သဘာဝမကျဟုလည်း ခံစားရမိပါ၏။

စက်သုံးဆီနှင့် ပြည်သူ့အသံ

            "၂၀၂၆ စွမ်းအင်ချွေတာရေးတွင် 'စုံ'၊ 'မ'စနစ်ဖြင့် ယာဉ်အသွားအလာ ကန့်သတ်၍ ဆီချွေတာသည့်နိုင်ငံ ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းသာရှိနေ"ဟူသည့် သတင်းဆောင်းပါးတစ်ပုဒ်ကို Eleven Media Group က တင်ဆက်၍ ဖတ်လိုက်ရသည်။ ပြောလိုသည်က ထိုသတင်းဆောင်းပါးအကြောင်းထက် ထိုသတင်း ဆောင်းပါးအပေါ် ပြန်လည်တုံ့ပြန်သည့် ပြည်သူတို့၏ ရင်တွင်းမှလာသည့် အသံများကို ပို၍ စိတ်ဝင်စားမိခြင်း ဖြစ်သည်။ 'စုံ'၊ 'မ' ယာဉ်ထွက်သည့် စနစ်အကြောင်း ဖတ်ကြည့်ပြီး Comment ထဲက ပြည်သူများ၏ခံစားချက်ကို နှလုံးသားဖြင့် နားထောင်ကြည့်ပါဟု တစ်စုံတစ်ယောက်၏ မှတ်ချက်ကိုလည်း သဘောကျမိပါသည်။ဤ စနစ်အရ ပြည်သူများ ပိုမိုလွယ်ကူချောမွေ့သွားသည်လား သို့မဟုတ် ပို၍ဝန်ထုပ်ဝန်ပိုးဖြစ်သွားနိုင်လားဆိုသည်ကို အသေအချာ တွေ့မြင်နိုင်မည် ဖြစ်သကဲ့သို့ ပြည်တွင်းတွင်ရှိနေ သည့် အများပြည်သူများသည်လည်း  ယနေ့အချိန်အထိ ထိုစနစ်အပေါ် ရှင်းရှင်းလင်းလင်း တိတိကျကျ နားလည်ရန် ခက်ခဲနေသေးသည်ကိုလည်း တွေ့ရသည်။

            မိတ်ဆွေတစ်ယောက်က နွေရာသီကျောင်း ပိတ်ရက်ဖြစ်သောကြောင့် ရပ်ဝေးက ဆွေမျိုးများသူ့ထံသို့ အလည်အပတ်ရောက်ရှိလာခဲ့သည်။ အလည်အပတ်ခရီး ပြီးဆုံး၍ သူ၏ ဆွေမျိုးသားချင်းများ နေရပ်အသီးသီးသို့ ပြန်မည့်အချိန်တွင် မီးရထားစီးနင်းပြန်မည့်သူ၏ အမျိုးများကို ဘူတာရုံသို့ သူ၏ ဟိုက်ဂျက်ကားလေးဖြင့် လိုက်၍ ပို့ဆောင်လိုသည်။ ထိုသို့ လိုက်ပါပို့ဆောင်လိုသော်လည်း သူ၏အမျိုးများ ပြန်မည့်ရက်သည် မဂဏန်း ရက်ဖြစ်နေလေရာ သူနှင့်နီးစပ်သည့် မဂဏန်းယာဉ်တစ် စီးကိုငှား၍ ဘူတာရုံသို့ လိုက်ပို့ခဲ့ရကြောင်း ဆိုလေသည်။ သူ၏ ယာဉ်ဖြင့် လိုက်ပါပို့ဆောင်လျှင် အသွားအပြန် ကုန်ကျစ ရိတ်မှာ ကျပ်တစ်သောင်းခွဲပင် မကုန်သော်လည်း အခြားယာဉ်တစ်စီးကို ငှားရမ်းခ ကျပ်ငါးသောင်းပေးရသဖြင့် သူ၏ အိတ်ကတ်ထဲက ကျပ်သုံးသောင်းကျော် အလဟဿ ကုန်သွားရသည်ဟု ဆိုလေသည်။ သည်စနစ်ဖော် ဆောင်လိုက်ခြင်းကြောင့် ပြည်သူများ သွားလာရေးအတွက် ငွေချွေတာရာ ရောက်၊ မရောက်၊ ငွေပို သုံးစွဲရခြင်း ရှိ၊ မရှိ စရိတ်စက အပိုကုန်ကျမှု ရှိ၊ မရှိ စသည်တို့ဖြင့် တွက်ချက်ရမည့်အပြင် လုပ်ငန်းအတွက်ဆိုလျှင်ပင် လုပ်ငန်းတွင်ကျယ်မှု ရှိ၊ မရှိစသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ချိန်ဆသင့် သည်ဟု ဆိုလေသည်။

            စက်သုံးဆီ ပြဿနာသည် နိုင်ငံအများစုအပေါ်သက်ရောက်သည့် ပြဿနာဖြစ်သော်လည်း ထိုပြဿနာအပေါ် ဖြေရှင်းသည့် နည်းလမ်းများမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီနိုင်ကြောင်း Eleven ၏ ဆောင်းပါးပါ အချက်အလက်အရ သိနိုင်သည်။ လတ်တလော စက်သုံးဆီပြဿနာကြောင့် အများပြည်သူ အဓိကစိုးရိမ်နေသည့်အချက်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမည်ကို အထူးစိုးရိမ်နေကြလေသည်။ ပုံမှန်အခြေအနေတွင်ပင်လျှင် အကြောင်းမရှိ အကြောင်းရှာပြီး ကုန်ဈေးနှုန်းတက်လေ့ရှိ သော မြန်မာနိုင်ငံတွင် ယခု အခြေအနေက ကုန်ဈေးနှုန်းတက်ရန် အကြောင်းပြချက် တစ်ခုအဖြစ် ဈေးတက်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ထို့အပြင် စက်သုံးဆီပြသနာကြောင့် 'စုံ'၊ 'မ'ခွဲ ခြားသည့် စနစ်အပေါ် အဓိကထောက်ပြကြသည့်အထဲတွင် မြန်မာနိုင်ငံသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်က ရန်ကုန်ကဲ့သို့ မြို့ကြီးမှလွဲ၍ အခြားသော မြို့များတွင် အားထားလောက်စရာ မရှိခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကိုယ်ပိုင်ယာဉ်များဖြင့်သာ ဖြေရှင်းနေခဲ့ပြီး ယခုကန့် သတ်ချက်များကြောင့် အများပြည်သူသည် အပိုကုန်ကျ စရိတ်ထွက်ငွေ ပိုမို များပြားလာကြောင်း ထောက်ပြကြ လေသည်။

            လတ်တလော 'စုံ'၊ 'မ'စနစ်ကြောင့် စက်သုံးဆီဆိုင်များတွင် ဆီတန်းစီရသည့် ပြဿနာလျော့ပါး သွားသည်က ထင်သာမြင်သာသည့် ရလဒ်တစ်ခုအဖြစ် ရှုမြင်နိုင်သည်။ သို့သော်လည်း 'စုံ'၊ 'မ'ခွဲခြားသည့် စနစ် နှင့်ပတ်သက်၍ ယခုထက်တိုင် တိတိကျကျ ရှင်းရှင်း လင်းလင်း မရှိကြသေးကြောင်း ကြားနေမြင် နေရလေသည်။ စက်သုံးဆီဆိုင်များတွင် 65W ဆိုလျှင် ရှေ့ဂဏန်း ၆ ကိုယူပြီးစုံဟု သတ်မှတ်ကြောင်း အချို့ဆီဆိုင်က ယူဆကြသည်။ အချို့ဆီဆိုင်က နောက်ဂဏန်းမကိုယူကာ မအက္ခရာဟု သတ်မှတ်ကြ သည်ဟုဆိုသည်။ အချို့သော ဆီဆိုင်များကတော့ ထိုကဲ့သို့ ဂဏန်းနှစ်လုံးကို နှစ်ဖြင့် စားပြီး ရလဒ်သုည ကြွင်းလျှင် 'စုံ'ဟုသတ်မှတ်ပြီး တစ် ကြွင်းလျှင် 'မ'သတ်မှတ်ကြပြီး 'စုံ'၊ 'မ' ဝိဝါဒ မကွဲပြားသဖြင့် ဆီတန်းပြီး ဆီမထည့်ရသည့် ပြဿနာများလည်း ကြုံတွေ့နေရလေသည်။ ထိုအကြောင်းနှင့်ပတ်သက်ပြီး မန္တလေးမြို့ခံတစ်ဦးက မရှင်းလင်းသည့်အချက်ကို ယာဉ်ထိန်းရဲကို မေးကြည့်ရသည်ဟုဆိုသည်။ ထိုသို့ မေးကြည့်ရာ ပထမက ဆီဆိုင်များတွင် ရေးထားသည့်အတိုင်း ရှေ့ဂဏန်းယူသည့်သူနှင့် နောက်ဂဏန်း ယူသည့်သူဟု ဝိဝါဒကွဲပြားနေရာမှ နောက်ဆုံးတွင် နှစ်ဖြင့်စား၍ ပြတ်သည့်ဟာကို 'စုံ'၊ 'မ'ယူရမည်ဆို သည်က အကြောင်းအချက်တစ်ခု ပါဝင်လာနေလေရာ ဖမ်းမည့်ယာဉ်ထိန်း ရဲကိုယ်တိုင်က မည်သည့်အချက်အလက်ကို အတည်ယူ ရ မည် မသိသေးကြောင်း ၁၄ ရက်တွင် ပညာပေးကာလ ကုန်ဆုံးမည်ဖြစ်၍ ၁၃ ရက်တွင် တိကျသည့် ညွှန်ကြားချက်ကို စောင့်ကြည့်ရဦးမည်ဟုသာ ပြန်လည်ဖြေကြားကြောင်း မန္တလေးမြို့ခံ မယ်သီဆိုသူက မတ် ၉ ရက်တွင် ရှင်းပြထားလေသည်။

          လက်ရှိ ဝေဖန် ထောက်ပြနေသူများက 'စုံ'၊ 'မ' ပြဿနာအပြင် အများပြည်သူ ငွေကြေး ပိုမို ကုန်ကျနေသည့် ပြဿနာများကို အကောင်းဆုံးနည်းလမ်းများအဖြစ် စဉ်းစားနိုင်လျှင် နိုင်ငံသူနိုင်ငံသားများ ပို၍ အသက်ရှူချောင်မည်ဟု သုံးသပ်နေသူများလည်း ရှိနေလေသည်။ အနာသိ၍ ဆေးရှိရမည် မဟုတ် ပါလား။

 

NUG ၏ လုပ်ရပ်အပေါ် စိတ်ကုန်လာကြသည့် PDF များ

            NUG ၏ လုပ်ရည်ကိုင်ရည်နှင့် အမိန့်ညွှန် ကြားချက်များကြောင့် NUG လက်အောက်ခံ PDF များ ကိုယ်တိုင် NUG ကို ပြန်လည်ဆန့်ကျင်ရမည့် အခြေအနေဖြစ်လာနေကြောင်း PDF များကိုယ်တိုင် အသံထွက်လာပြီဟု ဆိုနိုင်သည်။ ပထမဦးဆုံး တော်လှန်ရေးခေါင်းစဉ်အောက်က လမ်းချင်းတူပါလျက် ဗိုလ်နဂါးကို စစ်အင်အား အလွန်အကျွံအသုံးပြု၍ တိုက်ခိုက်ခြင်းကြောင့် တော်လှန်ရေးသမားအချင်းချင်း အင်အား ပြုန်းတီးရသည့်အပြင် စိတ်ဝမ်းပါကွဲကြရသည်ဟုဆိုကြလေသည်။ ထိုဝေဖန်သံများ မဆိတ်သုဉ်းသေးချိန် NUG က ဖေဖော်ဝါရီ ၁၇ ရက်တွင် လမ်းပိုင်းဂိတ်များကို ဖျက်သိမ်းရန် ညွှန်ကြားလာခဲ့သည်။ PDF အများစုသည် ထိုလမ်းပိုင်း ဂိတ်ဖွင့်၍ ဆက်ကြေးကောက်ကာ အသက်ရှူချောင် နေရာမှ ယခုအခါ ဂိတ်မဖွင့်ရဆိုသည့် ညွှန်ကြားချက်အပေါ် မလိုက်နာလိုသော်လည်း တော်လှန်ရေး ခေါင်းစဉ်အောက်တွင် NUG ကို မပြောသာမဆိုသာ အခြေအနေ ဆိုက်လာနေရသည်။ ထိုညွှန်ကြားချက်အပြီး မြင်းခြံ၊ နွားထိုးကြီးမှ အမြန်လမ်းအထိ PDF ကင်းစင် သွားကာ ထိုလမ်းပိုင်းတွင် ဂိတ်ထိုင်၍ ငွေကြေးကောက်ခံခဲ့သည့် PDF တို့က သူတို့၏ အခက်အခဲများအတွက် NUG ကို မကျေမနပ် ဖြစ်နေ လေသည်။ PDF တို့က မကျေနပ်ချက်ကို ပေါ်ပေါ်တင်တင် ပြောဆိုလိုသော်လည်း NUG က ၎င်း အတို့မိန့်ကို မနာခံလျှင် ဗိုလ်နဂါးကဲ့သို့ အင်အားသုံး ရှင်းလင်းခံရမည်ကိုလည်း စိုးရိမ်နေရ ပြန်သည်။

            ထို့ကြောင့် သူတို့၏ မကျေနပ်ချက်များကို PDF အချို့က လမ်းမပေါ်ထွက်ပြီး တောင်းစားရသည့် ဘဝကို ပြန်လွမ်းကြောင်း ပြသည့်အနေဖြင့် လမ်းမထက်တွင် ထမင်းစားပြကာ အလှူခံနေကြလေသည်။ ထိုသို့ လမ်းမထက်တက်၍ ထမင်းစား အလှူခံနေရခြင်းသည် NUG ၏ ထောက်ပံ့မှုမရဘဲ ဂိတ်မဖွင့်ခိုင်းသောကြောင့် ဟုဆိုလေသည်။ ထို့အပြင် အချို့သော PDF တို့သည်လည်း ယခင်က ဂိတ်ပေါင်းများစွာ ဖွင့်ပြီး ကိုယ်ရသည့်ငွေ ကိုယ်ယူရသည့်စနစ်မှ စုပေါင်းဂိတ်ထိုင်သည့် စနစ်ကို ကျင့်သုံးကာ ထိုစုပေါင်း ဂိတ်မှ ရရှိသည့်ငွေကို အချိုးကျခေါင်းစဉ်ဖြင့် ခွဲဝေ၍ ယူနေကြရလေသည်။ အချိုးကျ ခွဲဝေယူနေကြရ သည့် PDF ယခင်ကလောက် ဝင်ငွေရရှိခြင်း မရရှိကြသောအခါ NUG အပေါ် မကျေနပ်မှုများ တိုးလာနေလေသည်။ NUG အပေါ်မကျေနပ်မှုအပြင်  အချင်းချင်း ခွဲဝေယူရသည့် အချိန်တွင်လည်း အဝေမတည့်မှုများ ဖြစ်ပေါ်လာနေရာ သည်ပြဿနာ၏ အစက NUG ဖြစ်ကြောင်း NUG ကိုသာ အပြစ်ပုံချနေကြ လေသည်။

            PDF တို့က ထိုကဲ့သို့ စဉ်းစားချက်မျိုးရှိနေသော်လည်း NUG အနေဖြင့် ဂိတ်ပေါင်းများစွာ ဖွင့်၍   ကာလရှည်ကြာ ငွေကြေးရှာဖွေလာခဲ့ခြင်းကြောင့် အများပြည်သူ ကုန်ဈေးနှုန်း ကြီးမြင့်သည့်ဒဏ်ကို ခံစားလာရသဖြင့် ပြည်သူက NUG ကို မုန်းတီးလာခဲ့လေသည်။ NUG ဘက်က ပြည်သူများ၏ မုန်းတီးမှုဒဏ်မှ လွတ်မြောက်စေရန် ဂိတ်ကြေးဖွင့်လှစ်ခြင်းကို ပိတ်ပင်ခဲ့သော်လည်း ဂိတ်ဖွင့်၍ ငွေကြေး အဆင်ပြေခဲ့ သည့် PDF တို့နှင့် ထိပ်တိုက်ပြဿနာတက်၍ လာလေတော့သည်။ လတ်တလော မြင်းခြံ၊ နွားထိုးကြီး ဘက်မှ PDF များ၊ မင်းဘူးဘက်မှ PDF များ၊ ရွှေဘို-ဝက်လက်ဘက်မှ PDF များ၏ မကျေနပ်မှုက အမြင့်ဆုံးသို့ ရောက်ရှိလာနေ ကြောင်းကို PDF တွေကိုယ်တိုင် ရင်ဖွင့်လာလေတော့သည်။

            တော်လှန်ရေးခေါင်းစဉ်အောက်က ဂိတ်ကြေးကောက်၍ မရတော့သည့် PDF များက အလှူခံသည့် ဘက်သို့ပြန်၍ လှည့်မည်ဆိုလျှင်လည်း အလှူငွေထည့် သူများ မရှိတော့သောကြောင့် NUG နှင့် PDF တို့၏ ထိပ်တိုက်ပြဿနာများ မည်သည့်နေရာကစ၍ ပေါက်ကွဲမှုကြီးထွားလာမည်ကို စောင့်ကြည့်ရ တော့မည် ဖြစ်သည်။ မျိုးစေ့မမှန်လျှင် အပင်သန်စရာအကြောင်းလည်း  ရှိမည်မဟုတ်ဆိုသည့်စကား အလကား ဖြစ်ပေါ်လာရခြင်း မဟုတ်ဟုသာ ဆိုချင်ပါသည်။  ရွှေထီး

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60933

© 2022 - 2026 News. All Rights Reserved.