'မြန်မာအလှ ပုဂံကဆိုရင် တော်လှန်ရေးအစ အညာဖြစ်မယ်ထင်'ဆိုသည့် တေးသီချင်းသံက အညာဒေသကို ယခုလို အဖြစ်ဆိုးများ ကြုံတွေ့စေရန် စတင်အားပေးအားမြှောက်ပြုခဲ့သည်ဟု ဆိုရမည် ဖြစ်သည်။ ဒေသခံအညာသူအညာသားတို့၏ ပင်ကိုရိုးသားစိတ်များအစား ရုန့်ရင်းကြမ်းတမ်းသော စိတ်ထားများ အသွင်ပြောင်းသွားစေရန် လှုံဆော်မှုများက ထိရောက်ခဲ့ပြီး ယနေ့အချိန်တွင် အညာဒေသ အချို့၌ လက်ရဲဇက်ရဲ သတ်ဖြတ်ရဲသည့် လူငယ်များကြီးစိုးကာ တော်လှန်ရေးဆိုသည့် အမှောင်တိုက်၌ ပျော်မွေ့နေကြသည်ကို စိတ်မကောင်းဖွယ် မြင်တွေ့ရသည်။ အညာသားယဉ်ကျေးမှုများက အချိန်ကာလ ငါးနှစ်တာကို ကျော်ဖြတ်ခဲ့ပြီးနောက် ပျက်သုဉ်းသွားခဲ့ရပြီဟု ဆိုရမည်ဖြစ်သည်။ လူငယ်များလက်ဝယ် လက်နက်များရောက်လာပြီးနောက် စိတ်ကြမ်းကိုယ်ကြမ်း ဓလေ့စရိုက်များအဖြစ် ရုပ်ချည်းအသွင် ပြောင်းသွားခဲ့ကြပြီး သွေးဆာနေသော တော်လှန်ရေးသမားများအဖြစ် ကူးပြောင်းကာ အညာဒေသ၊ မြို့ ရွာများ၏ ဂုဏ်သိက္ခာကို ၎င်းင်းတို့ကိုယ်တိုင် ဆွဲချနေကြပြီ ဖြစ်သည်။ ယခုရက်ပိုင်းအတွင်း အညာဒေသ ချောက်မြို့နယ် ကျေးရွာတစ်ရွာက လူငယ်တစ်ဦး၏ တိုက်ရိုက်ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ လူမှုကွန်ရက်တွင်လည်း မိတ်ဆွေအဖြစ်လက်ခံထားသည့် ထိုလူငယ်က သတင်းသမားဖြစ်သူ မိမိထံသို့ အားကိုးတကြီး သူတို့ ရပ်ရွာ၌ ဖြစ်ပွားနေသည့် အနိုင်ကျင့် ဗိုလ်ကျမှုများ၊ တရားလက်လွတ် သတ်ဖြတ်မှုများ၊ ရွာသားအချင်းချင်း ဖမ်းဆီးမှုများ၊ မတရားဖမ်းဆီးကာ အကြမ်းဖက်အဖွဲ့ အစည်းများ၏ လူသစ်စု ဆောင်းမှုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။
"ကျွန်တော်တို့ရွာမှာ ခုဖြစ်နေတာလေးကို တာဝန်ရှိတဲ့သူတွေကိုလည်း သိစေချင်သလို၊ ပြည်သူတွေကိုလည်း သိစေချင်တာကြောင့်ပါ။ ခုဆိုရင် ကျွန်တော် တို့ရွာမှာ ရွာသားအချင်းချင်းကပဲ အနိုင်ကျင့် ဗိုလ်ကျပြီး အိမ်ထောင်စုစာရင်းတွေ ကောက်တယ်။ သူတို့သတ်မှတ် ထားတဲ့ အသက်အရွယ်စာရင်းဝင်တဲ့ လူငယ်တွေကို လူသစ်စုဆောင်းတယ်။ PDF ထဲ အတင်းဝင်ခိုင်းတယ်။တစ်အိမ်ထောင်မှာ လူတစ်ယောက် ကို တစ်သောင်းနှုန်းနဲ့ ငွေကြေး ကောက်ခံနေပါတယ်။ မိသားစုငါးယောက်ရှိရင် ငါးသောင်းကျပ် ပေးရတယ်။ တချို့ကလည်း မပေးနိုင်ဘူးဆိုပြီး ပြန်ပြောရင် အမျိုးမျိုးစွပ်စွဲပြီး ဖမ်းဆီးခေါ် ဆောင်သွားကြတယ်။ ရွာမှာ သူတို့ရိုက်နှက်နှိပ်စက်ခံရ တဲ့ရွာသားတွေစာရင်း အတိအကျကို ကျွန်တော်မှတ်ထားတယ်။ သိပ်မကြာသေးဘူး ကျွန်တော်တို့ရွာက မြောက်ဘက်က အသက် (၄၀) အရွယ် ကျန်းမာရေးဝန်ထမ်း မသင်းသင်းခိုင်ကို PDF တွေ အခြေစိုက်ရာ နရွဲတောရွာကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြတယ်။ ပြီးတော့ သေဆုံးသူရဲ့မိဘတွေသို့ နားတောင်း(နားစွဲ)လာပေးပြီး သေသွားပြီလို့ သတင်းပေးတယ်။ အလောင်းတောင် ပြန်မရဘူး"ဟု သတင်းစကားဖြင့် စတင် အစပျိုး ပြောကြားသည်။
သတင်းပေးလာသူ လူငယ်က ချောက်မြို့နယ်အနီး တောင်သာကျေးရွာမှ လူငယ်တစ်ဦးဖြစ်သည်။ အဆိုပါ ကျေးရွာက မကြာသေးမီလပိုင်းအတွင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး အကြမ်းဖက် ၂၀ အထိ သေဆုံးခဲ့သည့် ဖြစ်စဉ်ကို လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ စာသင်ကျောင်းအတွင်း သတ်ဖြတ်သယောင် ပုံဖော်ကာ ပြည်ဖျက်မီဒီယာများက သတင်းမှား ထုတ်လွှင့်ခဲ့သည့် ကျေးရွာဖြစ်သည်။ ယင်းဖြစ်စဉ်နှောင်းပိုင်း နရွဲတော ကျေးရွာရှိ အကြမ်းဖက်စခန်း များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့ပြီးနောက် လက်ကျန်အကြမ်းဖက်အဖွဲ့ဝင်များ နီးစပ်ရာ ရွာများသို့ ဝင်ရောက်ကာ အခြေချ၍ ဒေသခံ ပြည်သူများကို ဒုက္ခပေးနေကြခြင်း ဖြစ်သည်။
"သြဂုတ် ၂၀ ရက် နံနက်ကလည်း တောင်သာ တောင်ရွာက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး ရေးပါတီဝင် ဦးသန်းထိုက်အောင်နဲ့ မြောက်ရွာက ဦးမောင်ဝင်းတို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ ကျွန်တော်တို့ရွာမှာလည်း သူတို့က စိတ်မထင်ရင် မထင်သလို ဖမ်းဆီးရိုက်နှက် နှိပ်စက်နေကြတော့ ပြည်သူတွေက ဘယ်လိုမှ သူတို့ကို မလိုလားကြတော့ဘူး။ မြောက်ရွာဆိုတာက အရင်တုန်းက သူတို့လုပ် တာကို ထောက်ခံကြတယ်။ နောက်တော့ တဖြည်းဖြည်း သူတို့လုပ်ရပ်က မမှန်တော့ မထောက်ခံကြဘူး။ အခုလို အဓမ္မ လူသစ်စုဆောင်းတာ တွေကိုလည်း မြောက်ရွာက လက်မခံဘူး အချေအတင် ဖြစ်ကြတယ်။ တောင်ရွာကတော့ လူတွေက စိုးရိမ်ထိတ်လန့်ကြတော့ သူတို့တောင်းသမျှ ပေးနေရသလို ဖြစ်နေ တယ်။ ရွာကို ဒုက္ခပေးတာက ရွာကလူ ဖြစ်နေတာကို ကျွန်တော်တို့ မခံနိုင်ကြတာပါ"ဟု ဆက်လက်ရင်ဖွင့် ပြောကြားသည်။ ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကြောင့် ရပ်ရွာများတွင် ဆက်လက်နေထိုင်ရန် မသင့် ကြောင်းပြောဆိုကာ ရပ်ရွာများကို စွန့်ခွာကာ အခြားဒေသများသို့ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း ကိုလည်း ၎င်းက ဆက်လက်ပြောကြားသည်။ အကြမ်းဖက်များ၏ လုပ်ရပ်များကြောင့် ပညာရေး ဝန် ထမ်းများကလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြသဖြင့် ကျောင်းများ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ခြင်းမရှိသည့်အတွက် ကျောင်းနေအရွယ် ကလေးငယ်များ၏ ပညာသင်ကြား ရေးအခွင့်အလမ်းများ ဆုံးရှုံးနေရကြောင်း၊ နေရပ်ကိုစွန့်ခွာရန် အခက်အခဲရှိကြသူများသာ ရပ်ရွာအတွင်း ဒုက္ခအဖုံဖုံကို ခါးစည်းခံကာ နေထိုင်နေသည်ဟု စိတ်မကောင်းဖွယ်ရာ ပြောကြားသည်။
"အခုဆိုရင် တောင်သာတောင်ရွာကိုလည်း PDF တွေကပဲ သူတို့ခိုင်းလို့ရတဲ့သူကို ရပ်ရွာအုပ်ချုပ် ရေးမှူးဆိုပြီး ခန့်ထားတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဆိုသူရဲ့ သမီးကိုယ်တိုင်က PDF ထောက်ပို့ခေါင်းဆောင်ဆိုတော့ ရွာကလူတွေ ဘယ်လို ဒုက္ခရောက်သလဲဆိုတာ စဉ်းစားကြည့်ပေါ့ဗျာ။ ခုလူသစ်စုဖို့ ရွာမှာ အိမ်ထောင်စုစာရင်းတွေ လိုက်တောင်းတယ်။ မပေးရင် အိမ်ကို ချိတ်ပိတ်မယ် ပြောကြတယ်။ တချို့ သူတို့ရန် ကြောက်လို့ တိမ်းရှောင်နေတဲ့ ရွာသူရွာသားတွေကို ဖုန်းတွေနဲ့ဆက်ပြီး ပိုက်ဆံတောင်းကြတယ်။ ပိုက်ဆံမပေးရင် အိမ်ကို ချိတ်ပိတ်မယ်။ မီးရှို့မယ် ခြိမ်းခြောက်ကြတယ်။ ဒီတော့ ရွာခံတွေကတော့ သူတို့လုပ်နိုင်တာ နောက်ဆုံးက အိမ်ကိုဖျက် ဆီးတာပဲ တတ်နိုင်တာပဲ၊ လုပ်ချင်လုပ်ကြပါစေ။ သူတို့က အစိုးရမှမဟုတ်တာ ချိတ်ပိတ်လည်း ပိတ်ပါစေ။တပ်မတော်က ပြန်စိုးမိုးရင် ငါတို့အိမ် ငါတို့ပြန်လာကြ မယ်ဆိုပြီး တပ်မတော် နယ်မြေစိုးမိုးရေးလုပ်ဖို့ပဲ စောင့်နေကြတာဗျ"ဟု ဆက်လက်ပြောကြားသည်။
ထိုလူငယ်၏ စကားသံက တစ်ခါတစ်ရံ မခံ ချင်စိတ် ဒေါသသံများပါသလို တစ်ခါတစ်ရံ ရွာသူ ရွာသားတို့ မတရား နှိပ်စက်သတ်ဖြတ်ခံရမှုများကြောင့် ဝမ်းနည်းသံပါနေသည်ကို သတိထားမိသည်။ "အခုရွာ ကို နှိပ်စက်နေတာက တောင်သာတောင်ရွာက ဦးဟံငွေဆိုတဲ့လူပဲဗျ။ သူက မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ရေးနဲ့ ထောက်ပို့ဆိုပြီး PDF ခေါင်းဆောင်လုပ်နေတာ။ သူသားဖြစ်တဲ့ သက်နိုင်လင်း ဆိုတာက PDF ရဲ့ဒရုန်း တပ်ဖွဲ့ကလို့ သိရတယ်။ သားအဖနှစ်ယောက်ပေါင်းပြီး ရွာကိုလက်နက်နဲ့ အနိုင်ကျင့်နေတာပါ။ နရွဲတောရွာ ဘက်ကို တပ်မတော်က ရှင်းပြီး ဒီကောင်တွေ အဖွဲ့တွေ ခွဲပြီး ရွာဘက်ကို ရောက်လာတယ်။ ခံပြင်းတာက ဦးဟံငွေဆိုတဲ့လူက သူရဲ့မိန်းမနဲ့ သားသမီးအချို့ကို ရန်ကုန် ပို့ထားတယ်။ သူတို့ရဲ့နေရပ်လိပ်စာကို ကျွန်တော်ပြော ပြမယ်အစ်ကို'ဟုဆိုကာ ရွာသားအချင်းချင်း အနိုင်ကျင့် ဗိုလ်ကျမှုကို ထုတ်ဖော်ပြောဆိုသည်။ ယခင်က တစ်ရွာတည်းနေ တစ်ရေတည်းသောက် လာကြသူ အချင်းချင်း လက်နက်အားကိုးဖြင့် အနိုင်ကျင့်နေသည့် လုပ်ရပ်များကို ရွာသူရွာသားများ မခံမရပ်နိုင်ဖြစ်နေကြသည်က ပေါ်လွင်လှသည်။ ရွာသားအချင်းချင်း အကြမ်းဖက် လက်နက်ကိုင်ဆောင် ထားကြသူများက ဆက်ကြေး ကောက်ခံခြင်း၊ ဆက်ကြေးမပေးနိုင်သည့် မိသားစုများကို နှိပ်စက်ညှဉ်း ပန်းခြင်း၊ အဓမ္မလူသစ်စုဆောင်းမှုများကို လက်မခံသည့်အိမ်များကို ချိတ်ပိတ်ခြင်း၊ ဖျက်ဆီးခြင်းများ အပေါ် ရွံမုန်းလာကြသည်။ မိသားစုကို ဘေးလွတ်ရာ ပို့၍ ရွာ၌ ထင်တိုင်းကြဲနေသည့် PDF အမည်ခံအ ကြမ်းဖက်အဖွဲ့များ၏ လုပ်ရပ်က လူသားမဆန်မှုများကို လှစ်ဟပြနေပြီး အနိုင်ကျင့်ဗိုလ်ကျနေသည့် လုပ်ရပ် ဖြစ်နေသည်။
အထက်ပါ လုပ်ရပ်များထက်ဆိုးရွားသောလုပ်ရပ်တစ်ခုက သာသနိကအဆောင်အအုံများကို အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုနေသည့် သတင်းက အံ့သြဖွယ်ရာပင်ဖြစ်သည်။ ပြည်ဖျက်မီဒီယာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သာသနိက အဆောက်အအုံများဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများကို ပစ်ခတ်တိုက် ခိုက်သည်ဟူသော သတင်းများဖြင့် မကြာခဏ ပုံဖျက်ဖော်ပြလေ့ရှိကြသော်လည်း ယင်းနေရာများကို အကြမ်းဖက်အဖွဲ့များက ရည်ရွယ်ချက်ရှိရှိ အသုံးချနေကြသည်ကို မည်သည့် ပြည်ဖျက်မီဒီယာများက ထုတ်ဖော်ရေးသားခြင်းမရှိသည်ကို တွေ့မြင်ရသည်။ ရပ်ရွာပြည်သူများ အတိဒုက္ခခံ စားနေရမှုသတင်းကို ဆက်သွယ်ပြောဆိုလာ သူ လူငယ်၏ နောက်ဆက်တွဲပြောဆိုမှုက ဘာသာ၊ သာ သနာအတွက် စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။ သာသနအရေခြုံကာ အကြမ်းဖက်လုပ်ရပ်များကို ကူညီထောက်ပံ့နေသည့် အယောင်ဆောင်များ၏ လုပ်ရပ်များကြောင့် သာသနိက အဆောက်အအုံများက အကြမ်း ဖက်စခန်း ဖြစ်လာရသည်။ "ကျွန်တော်တို့ရွာမှာ မဟာဆုတောင်းပြည့် မြတ်စွာဘုရားကုန်း ပေါ်မှာ တိုက်ကျောင်းကြီး ဇရပ်ရှိတယ်။ အဲဒီကျောင်းကို ထိန်စမ်းရွာက တောထွက်ဘုန်းကြီး ဦးတေ ဇနိယဆိုသူ ကျောင်းထိုင်တယ်။ သူကိုယ်တိုင် အသောက်အစားရှိတယ်။ ပွေတယ် ရှုပ်တယ်ဗျာ။ သူကိုယ် တိုင်က PDF တွေကို မွေးထားပြီး လက်နက်ရိက္ခာကို သူ့စီးတဲ့ ကားအဖြူလေးနဲ့ ပို့ဆောင် ပေးတယ်။ ကားမှာကတော့ ဆုတောင်းပြည့်တောင်ပေါ် ကျောင်းလို့ ရေးထားတယ်"ဟု ဆက်လက် ပြောကြားသည်။
ထို့အပြင် "ခုဆိုရင်ရွာက ရွှေတိမ်တောင် ဘုရားကုန်းက PDF တွေ ဒရုန်းကင်းထောက်တဲ့စခန်း ကုန်းလို ဖြစ်နေပြီ။ ရွာက PDF ခေါင်း ဆောင် ဦးဟံငွေ အိမ်ကလည်း PDF စခန်းလို ဖြစ်နေပြီ။ ရွာရဲ့ သာသနိက အဆောက်အအုံတွေကို အခုလို အသုံးချတာ စိတ်မကောင်း ဖြစ်ရတယ်။ နောက်ပြီး သာသနအရေခြုံပြီး အကြမ်းဖက်တွေအလိုကျ လိုက်လုပ်နေတဲ့ သံဃာတုတွေ ရှိနေတာဟာ ကျန်တဲ့သံဃာတော်တွေအတွက် အရမ်းအန္တရာယ်များလို့ ခုလိုပြောရတာပါ"ဟု လူငယ်လေးက လေးပင်စွာ မှတ် ချက်ပြုပြောကြားသည်။
အထက်ပါ သတင်းပေးပို့ချက်တွင် ဖော်ပြထားသော ဖြစ်စဉ်များသည် စစ်ဘေးစစ်ဒဏ်ကို ခါး စည်းခံနေရသည့် ဒေသခံပြည်သူများ၏ ပူဆွေးသောကနှင့် ရင်ဆိုင်နေရသော အခက်အခဲများကို ထင်းလင်းစွာ မီးမောင်းထိုးပြနေပါသည်။ ယခင်က အေးချမ်းသာယာပြီး ရိုးသားစွာ နေထိုင်ခဲ့ကြသော အညာဒေသ ရွာသူရွာသားများမှာ ယခုအခါ လက်နက်ကိုင် အကြမ်းဖက် မှုများ၏ အကျိုးဆက်ကြောင့် အဓမ္မ ငွေကြေးကောက်ခံမှု၊ လူသစ်စုဆောင်းမှုနှင့် စိတ္တဇဆန်သော ခြိမ်းခြောက်မှု များကို နေ့စဉ်နှင့်အမျှ စိုးရိမ်ထိတ်လန့်စွာ ရင်ဆိုင်ဖြတ် သန်းနေကြရသည်။
ထို့အပြင် ကျန်းမာရေးနှင့် ပညာရေး ဝန်ထမ်းများ၏ လုံခြုံရေး ပျက်ပြားလာမှုကြောင့် ဒေသတွင်း ပညာရေးစနစ်များ အဟန့်အတားဖြစ်ကာ ရင်သွေးငယ်များ၏ အနာဂတ် ပညာသင်ကြားခွင့်များ ဆုံးရှုံးနေရသလို၊ မြင့်မြတ်လှသော သာသနိက အဆောက်အအုံများနှင့် ဘုန်းတော်ကြီးကျောင်းများပါ စစ်ရေး ဆိုင်ရာ ရည်ရွယ်ချက်များတွင် တလွဲအသုံးချခံနေရခြင်းမှာ အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ပါသည်။
ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးများ ပျက်စီးယိုယွင်းလာခြင်းသည် ဒေသခံများ၏ လူမှုဘ၀ လုံခြုံရေးကို ပိုမိုယိမ်းယိုင်စေသည့် အဓိက အကြောင်းရင်း ဖြစ်လာခဲ့သည်။
ထို့ကြောင့် အညာဒေသ ရပ်ရွာများအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်းသာယာရေး ပြန် လည်ရရှိရန်၊ ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိဘဲ ပုံမှန်ဘဝများကို စိတ်အေးချမ်းစွာ ပြန်လည် လုပ်ကိုင် စားသောက်နိုင်ရန်နှင့် ကလေးငယ်များ ပညာသင်ကြားခွင့် ပြန်လည်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများ၏ ထိရောက်သော အကာအကွယ်ပေးမှုများကို ဒေသခံများက မျှော်လင့်တောင့်တလျက်ရှိပြီး တော်လှန်ရေးဆူးတောကြားက အညာမြေတို့သည် ခြောက်သွေ့ကာ အဓမ္မမြေဆီသြဇာများက အကြမ်းဖက်မှုများကို မြေတောင်မြှောက်ပေးနေကြဆဲပင် ဖြစ်သည်။။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )