၂၀၂၆ ၊ ဇန်နဝါရီ ၂၃
နိုင်ငံရေး ဘာသာရပ်မှာ ဘာသာဗေဒလို့ခေါ်တဲ့ ဘာသာရပ်တစ်ခုက လက်ရှိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားလိုဖြစ်တဲ့ ဂမ်ဘီယာနဲ့ ခုခံချေပနေတဲ့ မြန်မာတို့ရဲ့ တရားရင်ဆိုင်မှုကြားမှာ အတော်လေးအရေးပါနေတာ တွေ့လာရတယ်။ ဒါကတော့ တစ်ဖက်က စွပ်စွဲနေတဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုဆိုတဲ့ တရားစွဲဆိုမှုမှာ မြန်မာနိုင်ငံမှာမရှိတဲ့ လူမျိုးစုတစ်ခုကို နိုင်ငံ သားပါဆိုတဲ့ သမိုင်းသက်သေအမှား၊ အချက်အလက်တွေနဲ့ တင်ပြလျှောက်ထားလာခဲ့ကြလို့လည်း ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ တရားရင်ဆိုင်မှုတွေက တစ်ဖက်နဲ့တစ်ဖက် ကြားနာမှုအဆင့် ဆိုပေမယ့် ဂမ်ဘီယာ နောက်ကွယ်မှာရှိတဲ့ နိုင်ငံ ၁၁ နိုင်ငံရဲ့ ပူးပေါင်းပါဝင်မှုတွေက နိုင်ငံရေးအရ အရေး ပါမှုတွေ ရှိနိုင်သလို ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှုတွေအပြင် အနာဂတ်မြန်မာ့နိုင်ငံရေး အလားအလာကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ သက်ရောက်မှုတွေလည်း ရှိနေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်း ဆန်နိုင်မယ် မထင်ဘူး။
အမှုရဲ့ လက်ရှိအခြေအနေကတော့ ၂၀၁၇ ခုနှစ်တုန်းက ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုအပေါ် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်ဟာ ဘင်္ဂါလီလူမျိုးစုတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နစ်နာသူမဟုတ်တဲ့ ဂမ်ဘီယာနိုင်ငံကနေ OIC အဖွဲ့ရဲ့ ကြားကိုယ်စား Proxy ခံပြီး ICJ မှာ တရားစွဲဆိုနေခဲ့တာလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်တုန်းက မြန်မာနိုင်ငံရဲ့ ကန့်ကွက်ချက်ကို ပယ်ချပြီး ဒီအမှုကို ဆက်လက်ကြားနာဖို့ ဆုံးဖြတ်ခဲ့သလို ကြားဖြတ်လုပ်ဆောင်ရမယ့် အမိန့်တွေလည်း ချမှတ်ခဲ့ဖူးတယ်။ ၂၀၂၃ ခုနှစ် နိုဝင် ဘာ ၁၅ ရက်ကနေစပြီး အိမ်ရှင် နယ်သာလန်နိုင်ငံအပြင် ဒိန်းမိတ်၊ ပြင်သစ်၊ ဂျာမနီ၊ UK နဲ့ ကနေဒါတို့အနေနဲ့ ၁၉၄၈ လူမျိုးသုဉ်း သတ်ဖြတ်မှု ကာကွယ်တားဆီးရေး ကွန်ဗင်းရှင်း (Genocide Convention) ပုဒ်မ ၆၃ ကို အသုံးချပြီး ဂမ်ဘီယာရဲ့ စွက်စွဲချက်ကို ထောက်ခံကြောင်း၊ ဝင်ရောက် စွက်ဖက်မှု ကြေညာချက် (Joint Declaration of Intervention) ကို ထုတ်ပြန်ပြီး ICJ ကို တင်သွင်းခဲ့သလို လက်ရှိတရားရေးကို လူ့အခွင့်အရေး ရပ်တည်ချက်ပုံစံအနေနဲ့ နိုင်ငံတကာအဆင့်ပုံစံ မြှင့်တင်နေတာလည်း ထူးခြားချက်အဖြစ် မြင်တွေ့နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ဂရုပြုရမယ့် အချက်က ဂမ်ဘီယာရဲ့ နောက်ကွယ်မှာ နယ်သာလန်နိုင်ငံရဲ့ ပါဝင်မှုက EU နဲ့ပါ ဆက်စပ်နေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ နဂိုကတည်းက ဘင်္ဂါလီအရေးကိစ္စတွေနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ဖူးတဲ့ EU နဲ့ နယ်သာလန်ကြားမှာ တစ်မျိုးတစ်ဖုံတော့ ဆက်နွှယ်မှု ရှိနေနိုင်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံအနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်၊ မမြောက်ဆိုတဲ့ တရားစွဲဆိုချက်နဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ရင်ဆိုင်နေရတာမျိုး မဟုတ်နေတာ တွေ့ ရပါလိမ့်မယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကလည်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်ကစပြီး ကြားနာပွဲတွေမှာ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေကို သက်သေ အထောက်အ ထား ခိုင်ခိုင်မာမာနဲ့ ခုခံ ချေပကာကွယ်နေတာလည်း တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ အရေးကြီးတဲ့အချက်ကတော့ လက်ရှိ ဂမ်ဘီယာစွဲဆိုထားတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတဲ့အမှုက ဥပဒေသတ်မှတ်ချက်အရ အမှု မြောက်၊ မမြောက်ဆိုတဲ့ အချက်ကပဲ အဓိက အဆုံးအဖြတ် ဖြစ်သွားနိုင်တာပါ။ လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide) ဆိုတာက နိုင်ငံတကာ ရာဇဝတ်ဥပဒေမှာတော့ အဆိုးရွားဆုံး ရာဇဝတ်မှုတစ်ခုအဖြစ် နိုင်ငံတကာက သတ်မှတ်ထားပါတယ်။ ဒီအချက်ကို ပြည်ထောင် စုဝန်ကြီး ဦးကို ကိုလှိုင်ရဲ့ အဖွင့်ဖြေရှင်းချက်မှာလည်း တွေ့နိုင်ပါတယ်။ ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို အဓိက အခြေခံထားတာက ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကာကွယ်တားဆီး ရေးနဲ့ ပြစ်ဒဏ်ပေးရေး ကွန်ဗင်းရှင်း (Convention on the Prevention and Punishment of the Crime of Genocide)ပါ။ ဒီကွန်ဗင်းရှင်းကို ကုလသမဂ္ဂ အထွေထွေညီလာခံကလည်း အတည်ပြုထားသလို လက်ရှိ နိုင်ငံအများစုအနေနဲ့ လက်ခံ အတည်ပြုထားကြပါတယ်။ ICJ အပြင် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ရဲ့ Rome Statute ပုဒ်မ(၆) မှာလည်း ဒီအတိုင်းပဲ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာတော့ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုတာ လူမျိုး၊ လူနည်းစု၊ လူမျိုးရင်း၊ ဒါမှမဟုတ် ဘာသာရေး အဖွဲ့အစည်းတစ်ခုခုကို တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်အ၀ ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက်နဲ့ ကျူး လွန်ခဲ့တဲ့ လုပ်ရပ်ဆိုပြီး ဖွင့်ဆိုထားကြပါတယ်။ အဓိကကျတဲ့အချက်ကတော့ ပစ်မှတ်အဖြစ် သတ်မှတ် ထားတဲ့ လူမျိုး၊ လူနည်းစု၊ လူမျိုးရင်း၊ ဘာသာရေးအဖွဲ့ တစ်ခုခုအပေါ်မှာ ရည်ရွယ်ချက်ဆိုတဲ့ Intent၊ ဒီနှစ်ခုလုံး အကျုံးဝင်မှ အထမြောက်မှာပါ။ ထူးခြားချက်အနေနဲ့က ဒီလို ကျူးလွန်မှုဟာ စစ်ပွဲဖြစ်စေ၊ ငြိမ်း ချမ်းချိန်ဖြစ်စေ ဘယ်အချိန်မှာပဲကျူးလွန်ပါစေ ရာဇဝတ်မှုမြောက်တာကတော့ ဒီအမှုရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။
ဂမ်ဘီယာရဲ့တရားစွဲဆိုချက်တွေထဲမှာ ပထမအချက်က ၂၀၁၆-၁၇ ရခိုင်ပြည်နယ် စစ်ဆင်ရေးဟာ ဘင်္ဂါလီလူမျိုးစုတွေကို ရည်ရွယ်ချက်ရှိရှိ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်း ဖြစ်တယ်ဆိုပြီး အစပျိုးထားပါတယ်။ ဒုတိယအချက်ကတော့ တရားစွဲဆိုချိန်ကစပြီး သက်သေ ခံအဖြစ် စုဆောင်းခဲ့တဲ့ အချက်အလက်တွေဟာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး (FFM) ရဲ့ ဒေတာတွေကို အသုံးပြုထား တာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ အပေါ်က နိဒါန်းပျိုးခဲ့တဲ့ နိုင်ငံရေးဗေဒဘာသာရပ်ရဲ့ အရေး ကြီးမှုအတိုင်း ရိုဟင်ဂျာနဲ့ ဘင်္ဂါလီဆိုတဲ့ လူမျိုးစု ဆိုင်ရာ သမိုင်းအချက်အလက်အပေါ် ငြင်းခုံလာတာပဲ ဖြစ်ပါတယ်။ နောက်ဆုံးအချက်တွေကတော့ ဒီအမှုဖြစ်စဉ်ရဲ့ နောက်ဆက်တွဲ ရည်ရွယ်ချက်ဖြစ်တဲ့ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ တောင်းဆိုချက်၊ ဒီလူမျိုးစုတွေကို မြန်မာနိုင်ငံအနေနဲ့ တည်ရှိမှုနဲ့ နေထိုင်ခွင့်တွေအပေါ် လက်သင့်ခံခြင်းမရှိဘဲ ခွဲခြားဆက်ဆံပါတယ်ဆိုတဲ့ လျှောက်ထားချက်တွေပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်ရဲ့ ခုခံချေပချက်ကလည်း အတော်လေး ရှင်းလင်းပြတ်သားတာ တွေ့ရပါလိမ့်မယ်။ ဒီနေရာမှာ ဂမ်ဘီယာရဲ့ စွဲဆိုချက်ဟာ ၂၀၁၆-၁၇ တုန်းက တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ လူမျိုးသုဉ်းသတ်ဖြတ်မှု မြောက်ပါတယ်လို့ အသားပေးပြောဆိုထားပေမယ့် ဘာကြောင့် လုပ်ရ ပါတယ်ဆိုတဲ့ အကြောင်းရင်းကိုတော့ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့တာပါ။ ဒီဖြစ်စဉ်အကျဉ်းကို ပြန်ပြော ရရင် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှာ ရဲစခန်းသုံးခုကို ARSA ကဝင်တိုက်ခဲ့ပြီး ကိုးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ကပဲ အစပြုခဲ့ တာလို့ပြောရင် မှန်ပါလိမ့်မယ်။ အဲဒီ ARSA ဆိုတာက ၂၀၁၃ ခုနှစ်မှာ အာတာအူလာဆိုတဲ့ ဘင်္ဂါလီလူမျိုး ခေါင်းဆောင်တည်ထောင်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ နောက်ပိုင်း ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှာ ဟိန္ဒူလူမျိုးတွေ အများဆုံးနေထိုင်တဲ့ မောင်တောခရိုင်၊ ခမောင်းဆိပ်၊ ရဲဘော်ကျန် ရွာတွေကို ARSA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စုစုပေါင်း ၁၅၄ ဦးအထိ သေဆုံးခဲ့သလို တစ်ချိန်တည်းမှာပဲ နယ်ခြားစောင့်တပ် အပါအဝင် ရဲစခန်း ၃၀ ကျော် ကိုလည်း ချိန်သား ကိုက်တိုက်ခိုက်ခဲ့ကြတဲ့ ဖြစ်စဉ်ကို ကြုံခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဒေသခံတိုင်းရင်းသား တွေဖြစ်တဲ့မြို၊ ဒိုင်းနက်နဲ့ ခမီဆိုတဲ့ မျိုးနွယ်စုတွေ အများအပြား အသတ်ခံလိုက်ရသလို ရွာလုံး ကျွတ် သေဆုံးခဲ့ကြတာတွေလည်း ရှိခဲ့တာပါ။ ဒါတွေအားလုံးကို ခြုံကြည့်လိုက်ရင် နိုင်ငံသားမဟုတ်တဲ့ ခိုးဝင်လူမျိုးစု အကြမ်းဖက်သမားတွေကြောင့် တိုင်းရင်းသားဖြစ်တဲ့ မျိုးနွယ်စုတွေ အသတ်ခံရမှုနဲ့ နိုင်ငံတော်ရဲ့ လုံခြုံ ရေးဆိုင်ရာ တပ်၊ စခန်းတွေ အတိုက်ခံရမှုဆိုတဲ့ အချက်အလက်တွေကိုတော့ ဂမ်ဘီယာအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ထားတာ တွေ့ရပါလိမ့်မယ်။
ဒါကြောင့်လည်း ဦးကိုကိုလှိုင်ရဲ့ ဖြေရှင်းတင် ပြချက်ထဲမှာ ဂမ်ဘီယာဘက်က ထိမ်ချန်ထားပြီး အဓိက အကြောင်းအရင်းဖြစ်တဲ့ ARSA တိုက်ခိုက်မှုလုပ်လာလို့ နယ်မြေရှင်းလင်းရေး လုပ်ရတာဖြစ်တယ်၊ လူမျိုးသုဉ်း သတ်ဖြတ်မှုမဟုတ်ဘဲ အကြမ်းဖက်မှု ချေမှုန်းရေးသာဖြစ်ကြောင်း တင်ပြထားတာက အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ချက်ဖြစ်လို့ အတော်လေး သဟဇာတ ဖြစ်တယ် လို့သာ ဆိုရမှာပါ။ ဒါ့အပြင်ရှေ့နေအလီနာမီရွန် (Alina Miron) ရဲ့ လျှောက်ထားချက်မှာလည်း ဥပဒေဆိုင်ရာ အသားပေး တင်ပြချက်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါသေးတယ်။ အပေါ်မှာဆိုခဲ့သလို လူမျိုး သုဉ်းသတ်ဖြတ်မှုကို အထမြောက်စေဖို့ ပစ်မှတ်နဲ့ ရည်ရွယ်ချက်နှစ်ခုလုံး ထပ်တူကျရမှာ ဖြစ်ပေမယ့် တပ်မတော်ရဲ့ လုပ်ဆောင်ချက်ဟာ နယ်မြေရှင်းလင်းရေးဆိုတဲ့ အခန်းကဏ္ဍကိုသာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်အရကိုက အကြမ်းဖက်နှိမ်နင်းရေးဖြစ်လို့ ဖြစ်စဉ်မှာ လူသေဆုံးမှု ရှိနေခဲ့ရင်တောင် လူမျိုးသုဉ်းသတ်ဖြတ်မှု မမြောက်စေပါ ဘူးလို့ ချက်ကျလက်ကျ လျှောက်ထားခဲ့တာပါ။ ဆိုတော့ ဒီနေရာမှာ ဂမ်ဘီယာအနေနဲ့ ဥပဒေကြောင်းအရ အားနည်းချက်တွေရှိနေတယ်ဆိုတာကို အဓိက မီး မောင်းထိုး ပြနိုင်ခဲ့တာလည်း တွေ့ခဲ့ရပါတယ်။
ဒုတိယအချက်ချေပမှုကတော့ ဂမ်ဘီယာတင်သွင်းတဲ့ သက်သေအစီရင်ခံစာတွေဖြစ်တဲ့ (FFM,IIMM) ဆိုတဲ့ အစီရင်ခံစာတွေရဲ့ ဘက်လိုက်မှုနဲ့ ခိုင်လုံမှုမရှိဘူးဆိုတဲ့ မြန်မာဘက်က တုံ့ပြန်ခုခံ ချေပချက်ကလည်း အတော်လေး အားရစရာ ဖြစ်မိတယ်။ တရားလိုဖြစ်တဲ့ ဂမ်ဘီယာဘက်က ရှေ့နေ ပရော်ဖက်ဆာ ဆန်းစ့်နဲ့ မစ္စတာ ဆူလေမန်တို့ကတော့ ဘင်္ဂါလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ဘင်္ဂါလီတွေရဲ့ တစ်ဆင့် ပြောကြားချက်ကို အခြေခံတဲ့ FFM ရဲ့ အစီရင်ခံစာတွေက ခိုင်မာမှုရှိ တယ်ဆိုပြီး စောဒကတက်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ICJ မှာ ဂမ်ဘီယာဘက်က တင်လာတဲ့ သက်သေအများစုဟာ FFM နဲ့ IIMM တို့ အပေါ်မှာပဲ အတိအကျ အခြေခံထားတာ တွေ့မြင်ကြရမှာပါ။ တကယ်တော့ ဒါတွေက မျက်မြင်သက်သေတွေလည်း မဟုတ်ပါဘူး။ အင်တာဗျူးလုပ်တဲ့သူတွေ ကိုယ်တိုင်တောင် ချမပြနိုင်တဲ့ တစ်ဆင့်ခံ သက်သေအများစုသာ ဖြစ်နေပြန်တာပါ။ တရားစွဲဆိုချိန်ကနေ လက်ရှိကာလ အထိ ခုနစ်နှစ်တာ ကာလအတွင်းမှာလည်း IIMM ရဲ့ သက်သေစုဆောင်းထားမှု ၄၂ ချက်ထဲကနေ ဂမ်ဘီယာ အနေနဲ့ ၁၂ ချက်ကိုသာ ကိုးကားတင်ပြနိုင်တာကိုကြည့်ရင် သက်သေအထောက်အထား တင်ပြမှုအပိုင်း မှာ အဆင့်အတန်းပြည့်မီခြင်း မရှိဘူး၊ တရားရုံး သဘောသဘာ၀အရဆိုရင်လည်း ခိုင်မာမှု မရှိဘူးဆိုပြီး မြန်မာဘက်က တုံ့ပြန်ခဲ့တာပါ။ ဒီနေရာမှာ မြန်မာဘက်က ရှေ့နေဖြစ်တဲ့ ပါမောက္ခ စတေကာကတော့ IIMM ဆိုတဲ့ ယန္တရားတွေဟာ ၂၀၁၆-၁၇ တုန်းက မြေပြင်ဖြစ်စဉ်တွေကို တိုက်ရိုက် ကိုင်တွယ်ခဲ့တာမဟုတ်ဘဲ နောက်ဆက်တွဲ ဖြစ်ရပ်တွေပေါ်မှာပဲ စာရင်းပြုစုထားတာလို့ဖြစ်လို့ မူလအခြေ အနေအမှန်ကို မသိနိုင်ဘူးလို့ ခုခံချေပခဲ့တာကလည်း သဘာဝကျပါတယ်။ တစ်ဖက်မှာ ဇန်နဝါရီ ၁၉ ရက်တုန်းက မြန်မာရဲ့ ခုခံချေပချက်မှာတော့ ARSA အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်သတ်ဖြတ်ခဲ့မှုအပေါ်မှာ မြေပုံတင်ပြချက်တွေနဲ့တကွ အသေးစိတ် ရှင်းလင်းတင်ပြခဲ့တာလည်း ဘာကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး၊ အကြမ်းဖက် နှိမ်နင်းရေး လုပ်ရပါတယ် ဆိုတဲ့ အချက်ကို ပေါ်လွင်စေခဲ့တာ တွေ့ရတယ်။
တတိယအပိုင်းမှာတော့ လက်ရှိ အငြင်းပွားနေဆဲဖြစ်တဲ့ ရိုဟင်ဂျာနဲ့ ဘင်္ဂါလီဆိုတဲ့ အငြင်းပွားမှု ပြဿနာပါပဲ။ ICJ မှာ မြန်မာဘက်က ရှေ့နေဖြစ်တဲ့ Christpher Staker ရဲ့ ရှင်းပြချက်တွေကလည်း အတော်လေး ကောင်းပါတယ်။ သူ့ရဲ့တင်ပြချက်ထဲမှာ အင်္ဂလိပ်တွေ ကိုလိုနီအဖြစ် မြန်မာကို သိမ်းပိုက်ခဲ့တဲ့ သက်တမ်းကာလတစ်လျှောက် ၁၂၄ နှစ် အတွင်း (၁၈၂၄-၁၉၄၈) အထိ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မတွေ့ရပါဘူးဆိုပြီး ခိုင်ခိုင်မာမာ တင်ပြသွားတဲ့အချက်က ဒီအမှုအတွက် အဓိက အသားပေးအချက်ပဲ ဖြစ်နေပါလိမ့်မယ်။ စွပ်စွဲ သူတွေအတွက် အထိနာစေတဲ့ အဓိကအချက်ကတော့ ၂၀၀၃ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်ကထုတ်တဲ့ နိုင်ငံတကာဘာသာဗေဒ စွယ်စုံကျမ်းမှာပါတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို တိုက်ရိုက်ကိုးကား တင်ပြသွားခဲ့တာပါ။ ဒီစွယ်စုံကျမ်းမှာ 'ရိုဟင်ဂျာ'နဲ့ပတ်သက်ပြီး 'ကွဲပြားသော စစ်တကောင်း ဘင်္ဂါလီစကားများကို ပြောဆိုသူ၊ ဘင်္ဂါလီမူဆလင် အမျိုးအနွယ်မှ ဆင်းသက်လာပြီး ရခိုင်ပြည်တွင် မွေးဖွားသူများ}ဆိုပြီး ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားတာ ဖြစ်ပါတယ်။ လက်ရှိ လူမှုကွန်ရက်တွေမှာ မြင်နေရတဲ့ ရိုဟင်ဂျာ အသံလွှင့်အစီအစဉ်တွေ ဆိုတာကလည်း ၁၉၆၁ ခုနှစ် မူဂျာဟစ်တွေ လက်နက်ချအပြီးမှာ ပေါ်ပေါက်ခဲ့ဖူးတဲ့ကာလတို အပိုင်းအခြားတစ်ခုက အသုံးအနှုန်းတစ်ခုဆိုတာပါပဲ။ အဲဒီတုန်းက လည်း မြန်မာ့အသံ ပင်မအစီအစဉ်က ထုတ်လွှင့်ခဲ့တာ မဟုတ်ဘဲ BBS (Burma Broadcasting Service)ဆိုတဲ့ Extension Program မြန်မာ့အသံ 'တွဲဖက်'အစီအစဉ်မှာ လပိုင်းမျှသာ ပါဝင်ခဲ့ဖူးရုံသာ ဖြစ်ပါတယ်။ သမိုင်းမှတ်တမ်းတွေအရတော့ အဲဒီခေတ်ကာလတုန်းက နယ်စပ်ဘာသာ အစီအစဉ်အောက်မှာ လားဟူဘာသာနဲ့ ဘင်္ဂါလီဘာ သာဆိုပြီး နှစ်မျိုးရှိတဲ့အထဲက မေယုမြစ်ဖျားဒေသက မူဂျာဟစ်တွေ လက်နက်ချခဲ့တာကို နိုင်ငံရေးအပေးအယူသဘောမျိုးအနေနဲ့ ရိုဟင်ဂျာဘာသာဆိုပြီး ဦးနုအစိုးရက ထုတ်လွှင့်ခဲ့ပုံလို့ပဲ ဆိုရမှာပါ။ ဒီအကြောင်း အရာနဲ့ပတ်သက်ပြီး ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနရဲ့ တွဲဖက်ပါ မောက္ခဒေါက်တာ ဆင့်ဆင့်မြတ်ရဲ့ ၁၉၆၁ ခုနှစ် မူဂျာဟစ်လက်နက်ချ အခမ်းအနားမှာ ဗိုလ်မှူးချုပ်အောင်ကြီးရဲ့ မိန့်ခွန်းကို သုံးသပ်ရာမှာလည်း ပထမအချက်အနေနဲ့ မူဂျာဟစ်တွေ ကိုယ်တိုင် သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ သုံးနှုန်းပေးဖို့ အစိုးရကို တောင်းဆိုမှုအပေါ် လိုက်လျောခဲ့တယ် ဆိုတဲ့ အချက်ရယ်၊ ဒုတိယအချက်ကတော့ နှစ်နိုင်ငံနယ်စပ်ဒေသမှာ ဟိုဘက်၊ ဒီဘက်နေထိုင်ကြတဲ့ မျိုးနွယ်တူ လူမျိုးစုတွေသာဖြစ်တယ်၊ ရိုဟင်ဂျာလူမျိုးဆိုပြီး အသိအမှတ်ပြုခဲ့တာမျိုး မဟုတ်ဘူးဆိုတဲ့ အချက်ရယ်၊ နောက်ဆုံးအချက်ကတော့ မူလ ဘင်္ဂါလီဆိုတဲ့ အသံလွှင့်ဌာန အစီအစဉ်ကနေ ရိုဟင်ဂျာဆိုပြီး ပြောင်းပေးလိုက်ရတာတောင် ဘင်္ဂါလီအသံလွှင့် အစီအ စဉ်ဟာ တိုင်းရင်းသားဆိုတဲ့ အသံလွှင့်အစီအစဉ်ထဲ ပါဝင်ခဲ့တာမရှိဘဲ နယ်ခြားဘာသာ အသံလွှင့်အစီအစဉ်အနေနဲ့သာ ရှိခဲ့တာဖြစ်တယ်လို့ အသေးစိတ် သုံးသပ်ထားတာလည်း တွေ့ရမှာပါ။ ဒီတော့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်လို ရိုဟင်ဂျာလို့ မသုံးနှုန်းရ ခြင်းဟာ သမိုင်းဆိုင်ရာ အထောက်အထားအရ အကြောင်းပြချက်သာဖြစ်ကြောင်း ခိုင်ခိုင်မာမာ ထောက် ပြသွားခဲ့တာလည်း ထင်ထင်ရှားရှားကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမှု၊ လူမျိုးစု တည်ရှိမှုနဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခွင့်မပြုဘူးဆိုတဲ့ စွပ်စွဲ ချက်ပါပဲ။ တကယ်တော့ 'တရားလိုဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံ အနေနဲ့ မူလအမှုတည်ဆောက်ထားတဲ့ အခြေအနေအတိုင်း 'လူမျိုးသုဉ်းသတ် ဖြတ်မှုကျူးလွန်ခြင်း ရှိ၊ မရှိ'ဆိုတာကိုပဲ သက်သေပြနိုင်အောင် ကြိုးစားရမှာ ဖြစ်ပေမယ့် နောက်ဆက်တွဲ ပြဿနာတွေကိုပါ တရားရုံးမှာ တင်ပြလာတာတွေက တကယ်ကို အံ့အားသင့်စရာလည်း ကောင်းပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ ရှင်းလင်းချက်မှာတော့ 'နိုင်ငံသားဖြစ်ခွင့်ဆိုတဲ့အချက်မှာ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ပြည့်မီခြင်း ရှိ၊ မရှိ ဆိုတာနဲ့ပဲ တိုင်းတာရမှာဖြစ်ပြီး တောင်းဆိုခွင့် မရှိဘူးလို့ တုံ့ပြန်ခဲ့တာ တွေ့နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ဘင်္ဂါလီလူမျိုးစုတွေအနေနဲ့လည်း နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေရှိသလို လက်ရှိ မျက်မှောက်ခေတ်မှာလည်း နိုင်ငံသား စိစစ်မှုခံယူမယ့် (NVC) ကိုင် ဆောင်ထားတဲ့သူ ငါးသောင်းနီးပါးရှိနေတဲ့ အခြေအနေရယ်၊ လက်ရှိ ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာ တောင် မဲပေးဖို့ အရည်အချင်းပြည့်မီတဲ့ ဘင်္ဂါလီ ၁၅၄၀၄၉ ဦး ရှိနေပါတယ်ဆိုပြီး သက်သေပြသွားနိုင်တဲ့ အချက်ကတော့ ဂမ်ဘီယာ စွပ်စွဲချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့ရပါလိမ့် မယ်။
အချုပ်ဆိုရရင်တော့ 'ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ပါ တယ်ဆိုပြီး ICJ ကို တင်ပြထားတဲ့အမှုဟာ လက်ရှိမှာတော့ ကြားနာအဆင့်ကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ နှစ်ဖက်လုံးကတော့ သက်သေအထောက်အထားတွေနဲ့ ဥပဒေဆိုင်ရာ ငြင်းခုံချက်တွေသုံးပြီး အပြင်းအထန် တင်ပြခဲ့ကြတာလည်း တွေ့မြင်ခဲ့ရပြီး ဖြစ်မှာပါ။ ဂမ်ဘီယာ ဘက်ကတော့ အဓိက သက်သေအထောက်အထားအဖြစ်နဲ့ UN အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM)နဲ့ Independent Investigative Mechanism for Myanmar (IIMM) တို့ရဲ့ အစီရင်ခံစာတွေကို အသုံးပြုထားပေမယ့် မြန်မာဘက်ကတော့ ဒီအစီ ရင်ခံစာတွေဟာ ဘက်လိုက်မှုရှိနေသလို တိုက်ရိုက်မျက်မြင်သက်သေ မဟုတ်လို့ တရားရုံးအဆင့် အရည် အချင်းပြည့်မီတဲ့ သက်သေတွေ မဟုတ်ဘူးလို့ ငြင်းဆိုထားတာလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းအပေါ်မှာလည်း ကိုလိုနီခေတ်ကတည်းက စနစ်တကျ သက်သေတွေနဲ့ ငြင်းဆိုထားသလို နိုင်ငံသားဖြစ်ခွင့်နဲ့ နေထိုင်ခွင့် စွပ်စွဲချက်တွေကိုလည်း နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ် ရှိသလို လက်ရှိ အခြေအနေမှာလည်း မဲပေးပိုင်ခွင့်ရှိသူ ဘင်္ဂါလီလူဦးရေ သိန်းချီ ရှိနေလို့ အချက်အလက် အတိအကျနဲ့ တုံ့ပြန်ထားတာကလည်း ကျေနပ်စရာ အခြေအနေဖြစ်ပါတယ်။ ဒီအမှုဟာ ကြားနာဆဲဖြစ် သလို အမှုအပြီးသတ် အမိန့်ချမှတ်မှုကလည်း အချိန်အားဖြင့် ကြာနေနိုင်ပါသေးတယ်။ တကယ်လို့ ICJ အနေနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ရင်တော့ မြန်မာနိုင်ငံကို လျော်ကြေးပေးဖို့၊ ဘင်္ဂါလီလူမျိုးစုတွေကို ကာကွယ်ပေးဖို့ဆိုတဲ့ အမိန့်တွေ ချလာနိုင်သလို OIC နိုင်ငံတွေအပါအဝင် ဥရောပ နိုင်ငံတွေဘက်ကလည်း စီးပွားရေးပိတ်ဆို့အရေးယူမှုတွေလည်း ရှိလာနိုင်ပါသေး တယ်။
တကယ်လို့ ICJ အနေနဲ့ မြန်မာနိုင်ငံကို အနိုင်ပေးလိုက်ရင်တော့ နိုင်ငံတကာရှုတ်ချမှုနဲ့ နိုင်ငံရေးဖိအားအနည်းငယ်လျော့နည်းသွားနိုင်ပေမယ့် ဘင်္ဂါလီလူမျိုးစုရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ ပြန်လည်နေရာချထား ရေးဆိုင်ရာ ကိစ္စရပ်တွေကတော့ နိုင်ငံတကာအဆင့်ထိကို တွန်းပို့ထားပြီးဖြစ်လို့ စိန်ခေါ်မှုတွေ ထပ်ရှိနေ ပါလိမ့်ဦးမှာ အသေအချာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ICJ အမှုရဲ့ရလဒ်က မြန်မာ့နိုင်ငံရေး အလားအလာကို တိုက်ရိုက် ဆုံးဖြတ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားက ဆက်ဆံရေး၊ ပိတ်ဆို့အရေးယူမှု၊ ဘင်္ဂါလီနဲ့ ရခိုင်လူမျိုးစုကြားက ပဋိပက္ခပြဿနာတွေမှာတော့ သိသာထင်ရှားတဲ့ သက်ရောက်မှုတွေ ရှိနေဦးမယ်လို့ သုံးသပ်ရမှာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာ၊ ဌာနလူမျိုးစုတို့ရဲ့ ရပ်တည်ချက်၊ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအတွင်းက တပ်မတော်ရဲ့ ကိုယ်ကျင့် တရားတို့အတွက် ဥပဒေဘောင်အတွင်းကနေ တရားမျှတမှုရဖို့ ကြိုးစားနေရဦးမှာ ဖြစ်သလို နိုင်ငံတော် ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့ရဲ့ နောက်ကွယ်မှာလည်း တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ တစ်သားတည်းရပ်တည်မှု အတူရှိကြောင်း ထပ်လောင်းအလေးပေး တင်ပြရေးသားလိုက်ရပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )