၂၀၂၅ ၊ ဒီဇင်ဘာ ၁၃
စေတနာကို မြင်နိုင်ပါမှ
ပြည်ထောင်စု ပြိုကွဲမည့်အရေးကို တိုင်းသူပြည်သားများထက် တိုင်းနိုင်ငံကို အုပ်ချုပ်သူများက ပို၍ စိုးရိမ်ကြသည်။ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးတွင် 'ပြည်ထောင်စုမပြိုကွဲရေး'ဆိုသည်က နံပါတ်တစ် ထိပ်ဆုံးတွင် ဦးစားပေးအဖြစ်ထားရှိသည်ကို အားလုံးသတိပြုနိုင်မည်ဖြစ်သည်။ အဘယ့်ကြောင့် ပြည်ထောင်စု မပြိုကွဲရေးက အရေးကြီးသနည်းဟု မေးလာလျှင် ယခုလတ်တလော ကြုံတွေ့နေရသည့် အမေရိကန်နိုင်ငံသားဖြစ်ခွင့် လျှောက်ထားမှုများ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး ပယ်ဖျက်ခြင်း ဆောင်ရွက်လိုက်သည့် သက်ရောက်မှုအပေါ် အရိပ်အမြွက်ခန့် သဘောပေါက်နိုင်လောက်မည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် ရောက်ရှိနေထိုင်နေသော မြန်မာနိုင်ငံသားများက ပို၍ သဘောပေါက်မည်ဟု ထင်ပါသည်။ လက်ရှိအချိန်ဆိုလျှင်ပင် အမေရိကန်အစိုးရ၏ နိုင်ငံရေးခိုလှုံခွင့် မူဝါဒအပြောင်းအလဲကြောင့် အမေရိကန်ရောက်မြန်မာများ ပြည်တော်ပြန်ရမလား၊ အခြားသော တတိယ နိုင်ငံတစ်ခုခုသို့ အကြောင်းအရာတစ်ခုခုဖြင့် ပြောင်းရွှေ့နေထိုင်ရမည်လား စသဖြင့် ဆုံးဖြတ်ရတော့ မည့်အချိန် ရောက်ရှိနေပြီဖြစ်သည်။ နိုင်ငံ့အရေး၊ ပြည်သူ့အရေးကို အမြော်အမြင် ရှိသူတို့သည် ယခင်က တည်းက ပြည်ထောင်စုပြို ကွဲမည့်အရေး အထူးသဖြင့် နိုင်ငံမဲ့သွားမည့် နိုင်ငံသားများအရေးကို ပြောဆိုခဲ့သည့် စကားများ မြောက်မြားစွာ ရှိခဲ့ပေမယ့် ပြည်ပအားကိုးသူများက ဝါးနားပင်းရေသွင်းသည့်ပမာ အရာမထင်ခဲ့ပေ။ အရာမထင်ခဲ့သည့်အလျောက် ပြည်တွင်းရေး မငြိမ်မသက်စေရန်၊ ပြည်တွင်း ပဋိပက္ခ ပိုမိုကျယ်ပြန့်စေရန် ဦးစားပေးဆောင်ရွက်ပြီး ပြည်ပကို ထွက်ပြေးရန် အခွင့်အရေးတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ အားကိုးလေးရှိ၍ လုပ်သည့်သဘော လည်းဖြစ်သည်။ ထိုသူတို့အတွက်ကတော့ ပြည် တွင်းရေး မငြိမ်မသက်မှုဖြစ်လေ၊ တိုင်းပြည်မငြိမ်းချမ်းလေ တိုင်းပြည်မငြိမ်းချမ်းသည်ကို အကြောင်းပြပြီး အမေရိကန်တွင် အနေအစား ချောင်နေကြသည်။ အမေရိကန်တွင် နိုင်ငံရေးခိုလှုံခွင့်ဖြင့် နေထိုင်ကြသူ အများစုသည် မြန်မာ့နိုင်ငံရေးနှင့်ပတ်သက်လျှင် ကောင်းစေချင်သူထက် ပိုမို၍ဆိုးရွားစေချင်သူများသာ များနေကြသည်။ ထို့ကြောင့် ပြည်တွင်းတွင် အခါကြီးရက်ကြီးနေ့များ၊ ပွဲလမ်းသဘင်များတွင် ပြည်သူများ စည်စည်ကားကားနှင့် ပျော်ပါးနေသည့် မြင်ကွင်းမျိုးကို အမေရိကန်ရောက်မြန်မာများက မျက်စိစပါး မွေးစူးနေသည့်ပမာ သဟောက်သဟန် ငေါက်ငမ်းနေလေ့ရှိသည်။
ယခု အမေရိကန်အစိုးရ အမိမြေ လုံခြုံရေးဌာနက မြန်မာနိုင်ငံ၏အခြေအနေသည် နိုင်ငံသားများ နေရပ်ပြန်ရန် လုံလောက်သည်အထိ တိုးတက်လာနေပြီး အရေးပေါ် အခြေအနေများလည်း ကုန်ဆုံးသွားပြီဖြစ်၍ အစိုးရလုပ်ငန်းလည်ပတ်မှုများ သိသိသာသာ တည်ငြိမ်လာသဖြင့် TPS ရုပ်သိမ်းလိုက်သည်ဟု နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်လိုက်သည်။ တိုင်းပြည်မျက်ဖြူဆိုက်လေ၊ အကြမ်းဖက်အားပေးသူများ ကြိုက်လေဆိုသည့် အမေရိကန်ရောက် မြန်မာများကတော့ ထိုအခြေအနေကို လုံးဝကျေနပ်နှစ်သက်မှု မရှိကြဘဲ အမေရိကန်အစိုးရသည်ပင်လျှင် မှားယွင်းသော အချက်အလက်များအပေါ် အခြေခံထားကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက မှတ်ချက်ပြုနေကြသည်ဆိုပြီး ပြည်ပြေးသတင်းဌာနများက သတင်းထုတ်လွှင့်လာကြလေသည်။ သည်ကြားထဲ အမေရိကန်အစိုးရကိုပင် အမေရိကန်ရောက် မြန်မာစင်တာက တရားစွဲဦးမည်ဟု လုပ်လာလေသည်။ ပြည်တွင်းကို စစ်ရေးပဋိပက္ခထဲ အစဉ်ရှိ နေစေချင်သူတို့က သူတို့ အိုးအိမ်စည်းစိမ် အခြေတကျရှိနေသည်များကို ထိပါးလာသောအခါ မခံမရပ်နိုင် ဖြစ်လာလေကြသည်။ ထို့အပြင် နိုင်ငံနှင့် ပြည်သူတို့ကို ချနင်းခဲ့သူများ နိုင်ငံရေးဝဋ်လည်သည်ဟု မှတ်ချက်ပြုသူများလည်း ရှိသည်။ အမေရိကန်ပြောခဲ့သမျှသာ ထာဝစဉ်မှန်ကန်ခဲ့သည်ဟု သတ်မှတ်ထားသူများ ကိုယ်တိုင်ပင်လျှင် အမေရိကန်၏ သိသိသာသာ တည်ငြိမ်လာပြီဟု ဆိုသည့်စကားကို ဆန့်ကျင် လာကြလေသည်။ "သူတို့က အခုမှ ခိုကိုးရာမဲ့ဘ၀ ဖြစ်မှာကို ကြောက်နေကြတာ"ဟု ပြည်ပထွက်ပြေးပြီး ပြည်တွင်းကို မကောင်းပြောနေသူတိုင်းအတွက် သူငယ်ချင်းဖြစ်သူက မှတ်ချက်ပြုသည်။
သူငယ်ချင်းဖြစ်သူ ဆိုလိုသည်က မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားခဲ့ သူတိုင်းနီးပါးက မြန်မာနိုင်ငံနှင့် မြန်မာပြည်သူတို့အပေါ် ကောင်းကျိုးပြုသူ နည်းပါးပြီး တိုင်းပြည်နှင့်ပြည်သူကို ချနင်းကြသူများသာများသည်ဟု သူ၏ပုဂ္ဂလိကအမြင်ကို ပြောခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံသို့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူတိုင်းနီးပါးက မြန်မာနိုင်ငံ၏ နိုင်ငံရေးပုဒ်မ တစ်ခုမဟုတ် တစ်ခု ငြိစွန်းသော ကြောင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားကြသူများလေသည်။ အချို့ကလည်း အမေရိကန်နိုင်ငံသား ခိုလှုံခွင့်ရရှိစေရန် ကြိုတင်အစီအစဉ်ဆွဲပြီး နိုင်ငံရေးပုဒ်မတစ်ခုခု ငြိစွန်းစေရန် တမင်တ ကာ လုပ်ဆောင်ပြီးမှ ထွက်ပြေးခိုလှုံသူများလည်း အများအပြားရှိခဲ့ကြသည်။ ထိုကဲ့သို့ အမေရိကန်နိုင်ငံ သားခိုလှုံခွင့် ရရှိခဲ့သူများ၊ အမေရိကန်နိုင်ငံသား ခံယူခွင့် ရရှိခဲ့သူများထဲက မြန်မာနိုင်ငံအတွက် ကောင်းကျိုးပြန်လည်ပြုသူမှာ လက်ချိုး ၍ရေတွက်လျှင်ပင် ရနိုင်သည်။ ရှိတော့ရှိသည် ရှားသည်ဟုဆိုနိုင် ပါသည်။ များသောအားဖြင့်က မြန်မာနိုင်ငံကို ပျက်စီးရာ ပျက်စီးကြောင်း ကာယကံမှုပြုသူများ၊ ဝစီကံဖြင့်ပြုနေသူ အများအပြားသာ ရှိသည်ဟု ဆိုနိုင်ပါသည်။ အမေရိကန်ရောက် မြန်မာများကသာ အမေရိကန်အစိုးရ၏ TPS မူဝါဒသည် လူ့အခွင့်အရေးနှင့်မညီကြောင်း အကြောက်အကန် ပြောဆိုနေသော်လည်း အမေရိကန်ရောက် မြန်မာများ သွေးထိုးပေး၍ ပြည်တွင်းက အသက်အိုးအိမ် စည်းစိမ်ပျက်စီးပြီး ပဋိပက္ခတွင်း ကျင်လည်နေရသူများနှင့် နှိုင်းယှဉ်ကြည့်သင့်သည်။
မည်သို့ပင်ဆိုစေကာမူ "အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့တဲ့ ယာယီခိုလှုံခွင့် (TPS)ရုပ်သိမ်းတဲ့ မြန်မာနိုင်ငံသား လေးထောင်ခန့်ကိုလည်း လက်ခံဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့ မဲစာရင်းမှာပါလို့ ရှိရင်လည်း မဲပေးခွင့်ရှိအောင် ဆောင်ရွက်ပေးပါမယ်။ အလားတူစွာပဲ နိုင်ငံရေးသဘောထား ကွဲလွဲမှုအပြင် အခြားအကြောင်းအမျိုးမျိုးနဲ့ ပြည်ပကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများကိုလည်း ဒီမိုကရေစီရေးမှာ ငြိမ်းချမ်းစွာ လက်တွဲဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံကို ပြန်လာဖို့ ကြိုဆိုကြောင်းလည်း ပြောလိုပါတယ်"ဟု ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ဘီလာရုစ်သမ္မတနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်က ပြောကြားသွားခဲ့သည်။ နိုင်ငံ တော်၏တာဝန်ကို အမြင့်ဆုံးထမ်းဆောင်နေသူ၏ နိုင်ငံသူနိုင်ငံသားများအပေါ်ထားသည့် စေတနာစကားကို တွေ့မြင်ရသည်ဟုလည်း ဆိုနိုင်ပါသည်။ သို့သော်လည်း ပြည်ပထွက်ပြေး သူတို့ ပြောပြောနေသည့် 'လိပ်ပြာလုံရဲ့လား'ဆိုသည့် စကားအတိုင်း အမေရိကန်ရောက် မြန်မာတို့ မြန်မာ့အရေး သွေးထိုးခဲ့သမျှ သူတို့ကိုယ်တိုင် လိပ်ပြာ မလုံသဖြင့် ပြည်တော် ပြန်ခွင့်ရသည့်အရေးကို ကောင်းကောင်းမွန်မွန် လက်မခံရဲဘဲ ဖြစ်နေလေသည်။
အမေရိကန်အစိုးရ၏ TPS မူဝါဒသည် ဇန်နဝါရီ ၂၆ ရက်တွင် သက်ရောက်မည်ဖြစ်ရာ တစ်လဝန်းကျင်ခန့်သာ ရှိတော့မည်ဖြစ်ပြီး သည်ကြားထဲ အမေရိကန်ရောက် မြန်မာများ မည်သည့်ဆုံးဖြတ်ချက်များနှင့် စခန်းသွားမည်ကလည်း စောင့်ကြည့်ရမည်ဖြစ်သည်။
လက်နက်ကိုင်ထက် ရွံရှာဖွယ်ကောင်းသူများ
"စစ်ပွဲဆိုတဲ့အသံကို မကြားချင်တော့ပါဘူး"ဟု စစ်ပဋိပက္ခထဲက ဖြတ်သန်းလာခဲ့သူတစ်ဦး၏ စကားကို ကြားလိုက်မိ၏။ ထိုသူကိုယ်တိုင်က CDM လုပ်ပြီး စစ်ပွဲနှင့် မနီးမဝေးတွင် အသက်မွေးဝမ်း ကျောင်းပြုနေရင်းမှ သည်ရက်ပိုင်း သူရှိရာအရပ်သို့ စစ်ပဋိပက္ခစက်ဝန်း ကျရောက်လာချိန်၊ စစ်နှင့် နဖူးတွေ့ဒူးတွေ့တွေ့ချိန် မှတ်ချက်ချလိုက်သည့်အသံကို ကြားရခြင်းဖြစ်သည်။ ယခင်က ပြည်ပသတင်း ဌာနများ၊ ပြည်ပြေးများ၏ ပြောဆိုမှုများကို မစားရဝခမန်း နားထောင်ကြည့်ရှု၍ အားတက်နေသူက စစ်ကို နဖူးတွေ့ဒူးတွေ့ တွေ့ချိန်တွင် စစ်၏အနိဋ္ဌာရုံနှင့် ဆိုးကျိုးကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့ကြုံဖူးမှ စစ်ကိုမလိုချင်တော့ဟု ပြောလာသည့် အသံဖြစ်သဖြင့် "အခုမှသိရသလား"ဟု အပြစ်ပင် တင်ချင်မိပါ သည်။ ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်အပေါ် အမြော်အမြင်ရှိသူတို့က လက်နက်ကိုင်လမ်းစဉ်ကို မရွေးချယ် ကြပါနှင့်၊ စစ်ကိုမခေါ်ကြပါနှင့်ဟု မည်သို့ပင်ပြောစေကာမူ နားမဝင်သူက အများသားမဟုတ်လား။
သည်ရက်ပိုင်း ကြည့်လိုက်မိသည့်အကြောင်း အရာတစ်ခုကြောင့်လည်း အချို့သောသူများကို တော်တော်ပင် ရွံမုန်းသွားသည် အထိဖြစ်မိသည်။ "အခု လမ်းခုလတ်ရောက်နေပါပြီ။ ခရီးတချို့လည်း ပေါက်ခဲ့ပါပြီ၊ ဒီအခြေအနေရောက်ပြီးကာမှ စစ်ဆိုတာမကောင်းပါဘူး၊ စစ်ဆိုတာ နှစ်ဖက်လုံး ပျက်စီးကြေပြုန်းတာပါပဲ၊ တော်ကြပါတော့လို့ပြောနေသူတွေ ဘယ်သူအကျိုးရှိဖို့ ပြောနေလဲ သေသေချာချာစဉ်း စားဖို့လိုပါတယ်" ဟု စစ်ကိုလိုလားလွန်းသည့် ပြည်ပရောက်နေသူတစ်ဦးက ပြောထားလေသည်။ သူဆို လိုချင်သည်က ရွေးကောက်ပွဲ မဖြစ်မြောက်စေရေးနှင့်စစ်ပွဲကို ရပ်စဲလိုက်ပါက လက်ရှိအစိုးရသည်သာ အကျိုးရှိသွားမည်ဖြစ်သောကြောင့် စစ်ကိုဆက်တိုက်ရမည်ဟု ကျည်ကွယ်မျက်ကွယ်ကနေ သွေးအေးအေးနှင့် ပြောနေခြင်းဖြစ်သည်။ သူပြောသည့်အထဲတွင် ပြည်သူများ၏ စစ်ဘေးစစ်ဒဏ်ခံရခြင်းများကို ထည့်မတွက်၊ မြို့ရွာအိုးအိမ်ပျက်စီးကြောင်းတွေ ထည့်မတွက်ဘဲ လူငယ်လူရွယ်များ၏အသက်ကို အကြောင်းမဲ့ အမုန်းတရားရိုက်သွင်းပြီး တိုင်းပြည်ကို စစ်နွံထဲ ရုန်းမထွက်နိုင်စေရန် ပြောနေလေသည်။
စစ်ကိုခေါ်နေသူများနှင့် စစ်ကိုတောင့်တနေ သူများအတွက် ငယ်ငယ်ကဖတ်ခဲ့သည့် အကြောင်းအရာတစ်ခုကို သတိရမိသည်။ နပိုလီယံ၏ ရုရှားကိုတိုက်ခိုက်ခဲ့သည့် ကျူးကျော်စစ်အကြောင်းဖြစ်သည်။ ပြင်သစ်စစ်ဘုရင် နပိုလီယံက ရုရှားကို ကျူးကျော်တိုက်ခိုက်ချိန်တွင် ရုရှားများသည် နပိုလီယံ၏ ပြင်သစ် စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ ရှောင်ထွက်သွားခဲ့သည်။ ရှောင်ထွက်ခဲ့သည့်နေရာ ပြင်သစ်စစ် တပ်လာမည့် လမ်းကြောင်းရှိ မြို့ရွာများတွင် ပြည်သူများအားလုံး ထွက်ပြေးကုန်ကြပြီး စားရေရိက္ခာပါ မကျန်စေရန် အိမ်မွေးတိရစ္ဆာန်များကိုပါမချန်ဘဲ သီးပင်စားပင်များပါ ဖျက်ဆီး၍ ရှောင်ထွက်သွားခဲ့ကြသည်။ နပိုလီယံ၏စစ်တပ်ကရုရှား များကိုမတိုက်ရဘဲ နယ်မြေများစွာ စစ်ကျွံလာခဲ့ပြီး မော်စကိုဆောင်းနှင့် တည့်တည့်တိုးလေတော့သည်။ ခရီးရှည်ချီတက်လာသည့် နပိုလီယံ၏စစ်တပ်သည် စစ်ရှောင်သွားသည့် ရုရှားတို့၏ စားရေရိက္ခာလည်းမရ၊ နယ်မြေကလည်းဝေးကွာလွန်းပြီး ရုရှား၏ဆောင်းတွင်း ဒဏ်ကို နပိုလီယံ၏ ပြင်သစ်စစ်တပ်တို့မခံနိုင်ဘဲ အရေးနိမ့်သွားသည်ဟု ဖတ်ဖူး၊ မှတ်ဖူးပါသည်။ နပိုလီယံ၏ ပြင်သစ်စစ်တပ်နှင့် ရုရှားတို့ တိုက်ပွဲကြီးမဖြစ်ခဲ့ဘဲ နပိုလီယံ၏ ပြင်သစ်စစ်တပ် စစ်ရှုံးသွားခဲ့သည်။ ဆိုလိုချင်သည်က စစ်ပွဲကြီးမဖြစ်ခဲ့သော်လည်း စစ်တို့၏ သဘောအရ ရန်သူစားရေရိက္ခာ အထောက်အပံ့ဖြစ်နိုင်သည့် အရာအားလုံး မီးရှို့ဖျက်ဆီးထားခဲ့သဖြင့် နပိုလီယံစစ် တပ်ရှုံးနိမ့်ခဲ့၏။ သို့သော်လည်း စားရေရိက္ခာမှန်သမျှ မီးရှို့ဖျက်ဆီးခဲ့သဖြင့် ပျက်စီးခဲ့ရသည်။ ပြည်သူပြည် သားများ စစ်ဘေးစစ်ဒဏ်ကို ရှောင်ရှားရသည်။ စစ်ကြောင့် ဘဝများစွာ ထိခိုက်ရသည် မဟုတ်ပါလော။ ယခုလည်း ပါးစပ်နှင့်စစ်တိုက် နေသူတို့က ပြည်တွင်းရှိ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို စာနာစိတ်မထားဘဲ စစ်ကိုခေါ်နေ လေသည်။ စစ်ပွဲစစ်ဒဏ်ကျရောက် ခဲ့သည့်နေရာများက ပြာပုံအတိ ဖြစ်နေခဲ့သည်များကိုလည်း သင်ခန်းစာယူရကောင်းမှန်းမသိဘဲ ပြည်ပတွင် အနေအစားချောင်စေရန် ပါးစပ်ကမီးထွက်မတတ် စစ်ကိုခေါ် နေကြလေသည်။ ထိုကဲ့သို့ ခေါ်နေသူများကို အထက်တွင်ဆိုခဲ့သည့် CDM တစ်ဦးကဲ့သို့ စစ်ပွဲအတွင်း တစ်ကြိမ်တစ်ခါမျှ ကြုံဖူးစေချင်ပြီး စစ်၏ဆိုးကျိုးနှင့် စစ်၏သားကောင်၊ စစ်၏အနိဋ္ဌာရုံများကို ကိုယ်တိုင် ကိုယ်ကျ တွေ့ကြုံစေချင်ပါသည်။ အမှန်တကယ်က စစ်နှင့် ပြည်တွင်းပဋိပက္ခအပေါ် ကိုယ်ကျိုးရှာ အမြတ်ထုတ်နေသည့် ထိုကဲ့သို့သူများက ကိုယ်တိုင်လက်နက်ကိုင်နေ သူတို့ထက် ပို၍ ရွံရှာဖွယ်ကောင်း လှသည်ဟုသာ ဆိုရ မည်ဖြစ်သည်။
လူထု မပါသည့် သပိတ်
'မန္တလေးသပိတ်မှသည် လူထုအုံကြွမှုဆီသို့ လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်မည်'ဟု မဲဆောက်ရောက်နေသော အရေးမပါ၊ အရာမရောက်သူ တစ်ဦးက အခါပေးနေလေသည်။ အရေးမပါ၊ အရာ မရောက်ဆိုသည်မှာ ထိုသူသည် ပြည်တွင်းတွင်နေထိုင် သူများကလည်း အလေးမထား၊ ပြည်ပရောက်နေသူ များကလည်း စာရင်းမသွင်းသောကြောင့် အရေးမပါအရာမရောက်ဟု ဆိုခြင်းဖြစ်သည်။ သူဆိုလိုချင်သည်က ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့၌ တေဇာဆန်းတို့က ဆန္ဒပြသည့် အပေါ်ကို ပြောနေခြင်းဖြစ်သည်။ထို့အပြင် ဒီဇင်ဘာ ၁၀ ရက်တွင်လည်း တစ်တိုင်းတစ်ပြည်လုံး ဆန္ဒပြရန် လှုံ့ဆော်မှုများ ပြုလုပ်နေကြလေသည်။ ခက်သည်က တေဇာဆန်းတို့ဆန္ဒပြသည်ဆိုရာတွင် လည်း လူဦးရေက လက်ချိုးရေတွက်၍ ရသည့်ပမာဏ ဖြစ်သည်။ ဒီဇင်ဘာ ၁၀ ရက် တစ်တိုင်းတစ်ပြည်လုံး ဆန္ဒပြကြမည်ဆိုသည့် အရာကလည်း ဂျော့ရှုဝါဘန်၏ One Chanpion ပွဲလောက်မျှ စိတ်ဝင်စားမှုမရှိဖြစ်နေလေသည်။ ၎င်းတို့အတွက် အဆိုးဆုံးက ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို မည်သို့မျှ ဖျက်ဆီး၍မရဖြစ်နေခြင်းက ကြံမိကြံရာ၊ လုပ်မိလုပ်ရာ ပြောဆိုလုပ်ကိုင်နေ ကြလေသည်။ ခက်သည်က ထိုသူတို့ မည်သို့ပင်ပြောဆိုမြှောက်ပင့်နေကြစေကုန် လူထုမပါသည့် တော်လှန်ရေးနှင့် လူထုမပါသည့် သပိတ်ပွဲများသာ ဖြစ်လာလေတော့သည်။ ငါးနှစ်လုံးလုံး လေထဲတွင် တိုက်အိမ်ဆောက်ခဲ့သည့် တော်လှန်ရေးအပေါ် ပြည်သူတို့က အယုံအကြည် မရှိတော့ပေ။
(ရွှေထီး )
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )