နေပြည်တော် ဘိုးဘိုးကြီး

စစ်ပွဲအကြောင်း မသိတော့မည့် မျိုးဆက်ကို ဖန်တီးကြပါစို့
    မြန်မာနိုင်ငံ၏ သမိုင်းကို ပြန်ကြည့်မည်ဆိုလျှင် စစ်ပွဲများ၊ ပဋိပက္ခများနှင့် နိုင်ငံရေး အကျပ်အတည်းများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်၏ ဘဝများအပေါ် အရိပ်မိုးလာခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်သည်။
    စစ်ပွဲတစ်ပွဲသည် တိုက်ပွဲဖြစ်ပွားနေသည့် နေရာတစ်ခုတည်းကိုသာ ထိခိုက်စေခြင်း မဟုတ်ဘဲ မိသားစုများ၏ဘဝ၊ ကလေးများ၏ ပညာရေး၊ လူငယ်များ၏အနာဂတ်၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းတစ်ခုလုံးကို ရေရှည်သက်ရောက်စေသည်။
    ထို့ကြောင့် ယနေ့ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး မေးခွန်းများထဲတွင် 'ဘယ်လိုနည်းလမ်းဖြင့် စစ်ပွဲကို ရပ်တန့်ပြီး နိုင်ငံသားများ၏ဘဝကို ပြန်လည်တည်ဆောက်ကြမလဲ'ဆိုသည့် မေးခွန်းက ပိုမိုအရေးကြီးလာပြီ ဖြစ်သည်။
    ပြီးခဲ့သည့်ရက်ပိုင်းက ကရင်ပြည်နယ် ဇွဲကပင်ခန်းမ၌ ကျင်းပသည့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်၂၀၂၆ ဖွင့်ပွဲအခမ်း အနားတွင် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး NCA – EAO ကိုယ်စားလှယ်တစ်ဦးအနေဖြင့် တက်ရောက်ဆွေးနွေးခဲ့သည့် ရုပ်သံတစ်ခုကို ဘိုးဘိုးကြီး ကြည့်လိုက်ရသည်။ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက NCA လက်မှတ်ထိုး ပြီးနောက် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး အရသာကို ပြည်သူများ အပြည့်အ၀ ခံစားခဲ့ရသော်လည်း ၂၀၂၁ နောက်ပိုင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် အခြေအနေများကို မြင်တွေ့ရသည့်အခါ စိတ်မကောင်းဖြစ်ရသည်ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။
    စစ်ပွဲတွင် လက်နက်ကိုင်အဖွဲ့များက မည်သည့်ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်ကြသည် ဖြစ်စေ၊ နောက်ဆုံးတွင် ထိခိုက်နစ်နာရသူများထဲ၌ သာမန်ပြည်သူများ ပါဝင်နေတတ်သည်။
    စစ်ပွဲကြောင့် လယ်သမားတစ်ဦးသည် မိမိ၏လယ်ယာမြေကို အေးချမ်းစွာ စိုက်ပျိုးနိုင်ခြင်း မရှိတော့။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မနက်ဖြန်၏ စီးပွားရေးအခြေအနေကို မခန့်မှန်းနိုင်တော့။ စစ်ပွဲကြောင့်ဆုံးရှုံးမှုကို ငွေကြေးတစ်ခုတည်းဖြင့် တွက်ချက်၍ မရနိုင်တော့ပေ။ ဆုံးရှုံးသွားသော ပညာရေးနှစ်များ၊ ပြိုကွဲသွားသော မိသားစုဘဝများ၊ ပျောက်ဆုံးသွားသော အခွင့်အလမ်းများနှင့် မျိုးဆက်တစ်ဆက်၏ စိတ်ဒဏ်ရာများကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။
    တွေ့ဆုံစကားပြောခြင်းသည် အားနည်းခြင်းမဟုတ်၊ အမြင်မတူသူများအကြား တွေ့ဆုံဆွေးနွေး ခြင်းကို တစ်ခါတစ်ရံ အရှုံးပေးခြင်းဟု မြင်တတ်ကြသည်။ သို့သော် ပဋိပက္ခကြီးများကို အဆုံးသတ်ရန်အတွက် ဆွေးနွေးခြင်းသည် အရေးကြီးသော နိုင်ငံရေးနည်းလမ်းတစ်ရပ် ဖြစ် သည်။
    စကားပြောခြင်း ဆိုသည်မှာ တစ်ဖက်၏အမြင်ကို အလိုအလျောက် လက်ခံခြင်းမဟုတ်ပါ။ မိမိ၏အမြင်ကိုလည်း တင်ပြနိုင်သကဲ့သို့ တစ်ဖက်၏ စိုးရိမ်မှု၊ လိုအပ်ချက်နှင့် အကျိုးစီးပွားကို နားထောင်နိုင် ခြင်း ဖြစ်သည်။ စစ်ပွဲသည် လက်နက်ဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းခြင်းဖြစ်သော်လည်း ဆွေး နွေးခြင်းသည် စကားလုံးများဖြင့် အဖြေရှာရန် ကြိုးပမ်းခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် မည်သည့်လမ်းကြောင်းက ပိုမို တည်တံ့မည်ကို သမိုင်းမှတ်တမ်းများက သက်သေခံခဲ့ပြီး ဖြစ်ပါသည်။
    လက်ရှိကာလတွင် NUG အပါအဝင် နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ရန်ပုံငွေ၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုများ၊ စွပ်စွဲမှုများ ထွက်ပေါ်နေသည်။ ပန်ဆယ်လို တော်လှန်ရေးဟု ခေါင်းစဉ်တပ်ရလောက်အောင် ပန်ဆယ်လိုကို မလှန်နိုင်သည့် တော်လှန်ရေး ဖြစ်နေသည်မှာ ပို၍ ထင်ရှားလာနေသည်။ NUG ကို ပိုက်ဆံအများကြီး ရှာပေးထားသည့် ပန်ဆယ်လိုကို NUG က စာရင်း မစစ်နိုင်ခြင်းမှာ ထူးဆန်းသောကိစ္စဟု မဆိုနိုင်ပါ။
    သုခမိန်လှိုင်၏ အနုပညာကမ္ဘာကြီးနှင့် ကျွန်တော်တို့နေ့များအကြောင်း ပြောကြည့်ခြင်း စာအုပ်ထဲတွင် "ကိုနိုင်ဝင်းဆွေဟာ မဟူရာမေတ္တာ ပြီးတော့ ဆင့်ကဲဆင့်ကဲ  နွေတစ်ည၊ မသိန်းရှင်ဆီ ပို့ပေးပါဆိုတော့ ကျွန်တော်တို့ လန့်ဖျပ်သွားပြီးတော့ အံ့သြရတဲ့၊ အတင်းကို ခေါင်းမော့ကြည့်ရတဲ့ ကျွန်တော်တို့ ဗမာနိုင်ငံမှာ အနုပညာသမားတွေ ဘယ်လိုပင်ရဖူးပါတယ် ပြောပြော ကိုနိုင်ဝင်းဆွေဟာ တကယ့်ကို အထင်ကရပါပဲ။ အဲလိုမျိုး နိုင်ဝင်းဆွေကို ကျွန်တော်တို့တွေ အံ့သြပြီးတော့ ရန်ကုန်တွင် ၁၉၇၂ မှာ ကိုနိုင်ဝင်းဆွေရဲ့ ဝတ္ထုတွေဟာ ပြည်သူလူထုမပါဘူး ဆိုပြီးတော့ သူ့ထက်ဝါရင့်တဲ့ ရန်ကုန်မြို့က ကွန်မြူ နစ်အခြေခံလူတွေက မင်းရဲ့စာပေက ပြည်သူလူထုမပါဘူးဆိုတဲ့အချိန်မှာ ကိုနိုင်ဝင်းဆွေက အဲဒါကို လက်ခံ တုန်လှုပ်သွားပြီး ပြောင်းသွားတဲ့အချိန်မှာ နောက်ဆုံး တောခိုတဲ့အဆင့်ထိ ရောက်သွားတယ်။
    ရောက်သွားတဲ့ အခါကျတော့ ခုနက မြှောက်ပေးတဲ့ အနုပညာရှင်တစ်ယောက်နဲ့၊ ဒီလိုပဲ စာတွေပေ တွေရေးတဲ့အထဲက တစ်ယောက်က ရန်ကုန်မြို့မှာပဲ ကျန်ခဲ့တယ်။ ဟိုလူက နောက်ဆုံးကျတော့ ပြည်သူလူထုဆိုရင် တိုက်ယူရတော့မယ်ဆိုတဲ့အထိ ရောက်သွားတယ်။ သူဟာ အတုံးလိုက်၊ အတစ်လိုက်ဖြစ်သွားတဲ့ အပိုင်းနဲ့ သူ့ကို ကျွန်တော်က လမ်းလွဲသွားတယ်လို့ မြင်တယ်လေ။ ကျဆုံးသွား တယ်လို့တော့ မဆိုလိုချင်ပါဘူး။ အဲဒီမှာမှ နောက်ဆုံးကျတော့ တောခိုသွားတယ်။ ရန်ကုန်ကို ပြန်မလာနိုင်ဘဲနဲ့၊ အဲဒီတောထဲမှာပဲ နိုင်ဝင်းဆွေ ကွယ်လွန်သွားတဲ့အကြောင်းတွေ ကြားရတဲ့အခါကျတော့ ၊ သူ့ကို လမ်းလွဲအောင်လုပ်တဲ့ လူနှစ်ယောက်မှာ  ရန်ကုန်မှာပဲ တစ်ယောက်က အေးအေးဆေးဆေး ကွယ် လွန်သွားတယ်။ တစ်ယောက်ကတော့  သက်ရှိထင်ရှား ကျန်သေးတယ်။ ကျွန်တော်အဲဒါလေးကို ဒီနေ့အထိ မှတ်မိနေပါတယ်"ဟု ဖော်ပြထားသည်။
    နိုင်ငံရေးမှိုင်းများကြောင့် အနုပညာရှင်များ ဘဝပျက်ခဲ့ရခြင်းကို ၂၀၂၁ နိုင်ငံရေး ဖြစ်စဉ်တွင် ဘိုး ဘိုးကြီးတို့ တွေ့မြင်ခဲ့ကြရပြီး ဖြစ်သည်။
    ယနေ့လူကြီးများအနေဖြင့် မိမိတို့ကြုံတွေ့ခဲ့ရသည့် စစ်ပွဲအတွေ့အကြုံများကို နောက်မျိုးဆက် ထံ လက်ဆင့်ကမ်းပေးရမည် ဖြစ်သည်။ သို့သော် ထိုအမွေ သည် စစ်ပွဲဖြစ်ရပ်များကိုသာ ဆက်လက် လက်ဆင့် ကမ်းသည့်အမွေ မဖြစ်သင့်ပေ။ "ငါတို့ခေတ်မှာ စစ်ဖြစ်ခဲ့တယ်။ မင်းတို့ခေတ်မှာလည်း စစ်ဖြစ်ရ မယ်"ဆိုသည့် အတွေးမျိုးဝင်နေသည့် တော်လှန်ရေးအမည်ခံ လက်နက်ကိုင်ခေါင်းဆောင်အချို့ကြောင့် ပြည်တွင်းမှာ စစ်မီးတောက်ကို ငြှိမ်းရခက်နေခြင်း ဖြစ်သည်။
    အမှန်တကယ်တော့ "ငါတို့မျိုးဆက်က စစ်ပွဲတွေကို ကြုံခဲ့ရတယ်။ မင်းတို့မျိုးဆက်ကတော့ စစ်ပွဲမရှိတဲ့နိုင်ငံမှာ နေထိုင်နိုင်ပါစေ"ဟူသော ဆန္ဒမျိုး ဖြစ်သင့်သည်။
    ကလေးများက လက်နက်အမျိုးအစားများကို သိစရာမလို၊ စစ်မြေပြင်အကြောင်း ပြောပြရန်မလိုဘဲ သိပ္ပံ၊ နည်းပညာ၊ အနုပညာနှင့် စီးပွားရေးအကြောင်း ဆွေးနွေးနိုင်ကြပါစေ။ စစ်ဘေးရှောင်စခန်း အကြောင်းမသိဘဲ ကျောင်း၊ တက္ကသိုလ်နှင့် အလုပ်ခွင်အကြောင်းကိုသာ သိရှိသော မျိုးဆက်တစ်ဆက် ဖြစ်လာပါစေဟု မျှော်လင့်မိပါသည်။ ထိုမျိုးဆက်ကို ဖန်တီးနိုင်ရန် ယနေ့ မျိုးဆက်က တာဝန်ယူရမည် ဖြစ်သည်။
    မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန် ပါဝင်ပတ်သက်သူများအနေဖြင့် မိမိတို့၏ ရပ်တည်ချက်များကို ထိန်းသိမ်းထားရင်း ပြဿနာများကို စကားဝိုင်းပေါ် တင်၍ ဖြေရှင်းနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။
    အပစ်အခတ်ရပ်စဲရေး၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စများ၊ နိုင်ငံရေးအနာဂတ်၊ ဖက်ဒရယ်စနစ်၊ တရားမျှတမှုနှင့် လုံခြုံရေးစသည့် ခက်ခဲသောကိစ္စများကိုပင် တစ်ဆင့်ပြီးတစ်ဆင့် ဆွေးနွေးရန် လိုအပ်သည်။ တွေ့ဆုံဆွေးနွေးမှုသည် တစ်ကြိမ်တည်းဖြင့် အားလုံးကို ဖြေရှင်းနိုင်မည် မဟုတ်ပေ။ သို့သော် မတွေ့ဆုံဘဲ၊ မဆွေးနွေးဘဲ၊ တစ်ဖက်နှင့်တစ်ဖက် အမြဲတမ်း ရန်သူအဖြစ်သာ မြင်နေမည်ဆိုပါက အဖြေရှာရန် အခွင့်အလမ်းသည် ပိုမို ကျဉ်းမြောင်းသွားနိုင်သည်။
    နိုင်ငံတစ်နိုင်ငံကို ဖျက်ဆီးရန် အချိန်တို တောင်းနိုင်သော်လည်း ပြန်လည် တည်ဆောက်ရန် အချိန်များစွာ လိုအပ်သည်။ စစ်ပွဲရပ်သွားသည်နှင့် ပြဿနာအားလုံး ချက်ချင်း ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ပျက်စီးသွားသော လမ်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ လယ်ယာများနှင့် စီးပွားရေး လုပ်ငန်းများကို ပြန်လည်တည်ဆောက်ရမည်။ ထိခိုက်ခဲ့သူများ၏ ဘဝများကိုလည်း ပြန်လည်ထူထောင် ပေးရမည်။
    ထို့အပြင် အမုန်းတရားများကို လျှော့ချရန်၊ တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုများကို ဖြေရှင်းရန် နှင့် အနာဂတ်တွင် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် အဖွဲ့အစည်းများနှင့် လူမှုအသိုင်းအဝိုင်းများအကြား ယုံကြည်မှု တည်ဆောက်ရမည် ဖြစ်သည်။ အမှန်တကယ် တော့ ငြိမ်းချမ်းရေး ဆိုသည်မှာ သေ နတ်သံ ဗုံးသံမကြားရရုံ အဆင့်ထက် အများကြီး ပိုပါသည်။
    ကလေးများ စိတ်အေးချမ်းစွာ ကျောင်းတက်နိုင်ခြင်း၊ လူငယ်များ မိမိတို့အနာဂတ်ကို ယုံကြည်စွာ တည်ဆောက်နိုင်ခြင်း၊ မိသားစုများ လုံခြုံစွာ နေထိုင်နိုင်ခြင်းနှင့် ပြည်သူများက မိမိတို့နိုင်ငံ၏ အနာဂတ်ကို မျှော်လင့်နိုင်ခြင်းတို့သည် ငြိမ်းချမ်းရေး ခေါင်းစဉ်အောက်တွင် အကျုံးဝင်ပါသည်။ စစ်ပွဲများကို နောက်မျိုးဆက်ထံ အမွေအဖြစ် မပေးသင့်တော့ပေ။
    ကျွန်ုပ်တို့၏ သားသမီးများထံ လက်ဆင့်ကမ်း ပေးသင့်သည်မှာ လက်နက်မဟုတ်၊ ပညာဖြစ် သည်။နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ကလည်း ပညာရေးကို အထူး ဦးစားပေးနေသည်။ ၂၀၂၁ နိုင်ငံရေးဖြစ်စဉ်သည် ပညာရေးအားနည်းပါးမှုအပေါ် အခြေခံခဲ့ကြောင်း မကြာခဏ ပြောကြားလေ့ရှိ သည်။
    စစ်ပွဲတွေ ရပ်သွားရန်အတွက် အခြေခံအကြောင်းတရားများမှာ အမုန်းတရား မဟုတ်၊ နားလည်မှု ဖြစ်သည်။ စစ်မြေပြင်မဟုတ်၊ စာသင်ခန်းဖြစ်သည်။ ကြောက်ရွံ့မှုမဟုတ်၊ မျှော်လင့်ချက်ဖြစ်သည်။
    အမြင်မတူသူများ တွေ့ဆုံနိုင်ပါစေ။ အငြင်းပွားမှုများကို စကားဖြင့် ဖြေရှင်းနိုင်ပါစေ။ အပြစ်တင်ခြင်းထက် အဖြေရှာခြင်းကို ဦးစားပေးနိုင်ပါစေ။ ယနေ့ရှိနေသော နိုင်ငံရေး အကျပ်အတည်းများကို နောက်မျိုးဆက်ထံ အမွေမပေးဘဲ ယနေ့မျိုးဆက်ကပင် ဖြေရှင်းရန် ကြိုးပမ်းနိုင်ကြပါစေ။
    တစ်နေ့နေ့တွင် မြန်မာနိုင်ငံ၏ ကလေးတစ်ဦးက 'စစ်ပွဲဆိုတာ ဘာလဲ'ဟု မေးလာသည့်အခါ  လူကြီးများက အတိတ်သမိုင်းစာအုပ်များကို ဖွင့်ပြပြီး "တစ်ချိန်က မြန်မာနိုင်ငံမှာ ဒီလိုအရာတွေ ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ မင်းတို့ မျိုးဆက်မရောက်ခင် ငါတို့မျိုးဆက်က အဲဒီအရာတွေကို ရပ်တန့်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်" ဟု ပြောနိုင်ကြပါစေ။

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 36

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66609

© 2022 - 2026 News. All Rights Reserved.