NUG ၏ လမ်းစဉ် အညာမြေက ဗမာအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေမှုများ

၂၀၂၆ ၊ ဇွန် ၁၃

NUG ကို မထောက်ခံလျှင် ပျူဟုသတ်မှတ် ဖျက်ဆီးနေကြသူများ
    'ထင်သလောက်လည်း မဟုတ်ပါလား'ဆိုသည့် စာသားများ ရေးသားကာ PDF အချို့ ပျော်မြူးနေကြလေသည်။ အချို့သော PDF များကလည်း ကမ္ဘာ့စစ်ပွဲကြီး တိုက်ခိုက်၍ အောင်မြင်လာခဲ့သူများပမာ အောင်ပွဲခံနေကြပြီး သူတို့ရပ်၊ သူတို့ရွာအဝင်တွင် တိုက်ပွဲပြန် PDF များကို ပန်းကုံးစွပ်၍ ကြိုဆိုနေသည့် ရုပ်သံများ ရိုက်ကူးကာ လူမှုကွန်ရက်မှတစ်ဆင့် အောင်ပွဲခံနေကြသည်။ ကြိုဆိုနေသူတို့၏ အသွင်ပြင်ကို ကြည့်လိုက်လျှင် အသားအရေ မွဲခြောက်ခြောက်နှင့် အသက်အရွယ်ကြီးရင့်နေသည့် အမျိုးသမီးကြီးများ ဖြစ်နေကြသည်။ မွေးကတည်းက ရွာမှာပဲမွေး၊ ရွာမှာပဲကြီးပြင်းပြီး ရွာမှာပင် ဦးခေါင်းချသွားကြမည့် သူမျိုးကဲ့သို့ ပြင်ပကမ္ဘာ၊ ပြင်ပဗဟုသုတဆိုသည်မှာ သူတို့နှင့် မသက်ဆိုင် သည့်အလား ဖြစ်နေကြသည်။ ထိုကဲ့သို့ သူတို့ PDF များက တိုက်ပွဲအပြန်တွင် အောင်ပွဲခံ၍ ပြန်လာခြင်းကို ကြိုဆိုနေကြလေသည်။ သူတို့၏ စိတ်သန္တာန်တွင် မဟာအောင်မြင်မှုကြီးအဖြစ် မှတ်ယူနေကြသည်လား မသိပေ။ သည်ကြားထဲ ပြည်တွင်းကို မအေးချမ်းစေချင်သည့် ပြည်ပြေးမီဒီယာများနှင့် ပြည်ပြေးရုပ်သံဖြင့် လုပ်စားသူတို့သည်လည်း 'အမာရှောင် အပျော့တိုက်ဗျူဟာ'ဟုဆိုကာ နှပ်ကြောင်းပေးနေကြပြန်၏။
    ထိုကဲ့သို့ မြှောက်ပေးသူနှင့် လိုက်ပါစီးမျော ကခုန်သူတို့၏ အောင်မြင်မှုဟု ခေါ်ဆိုနေသော တိုက်ပွဲဆိုသည်က တော်လှန်ရေးသမားတို့ တံဆိပ်ကပ်လေ့ရှိသည့် ပျူရွာဆိုသည့် ရွာလေးများကို တိုက်ခိုက်နေခြင်း ပင်ဖြစ်သည်။ လတ်တလောတွင် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်တွင်ရှိသည့် သရက်ကန်ရွာနှင့် ကုက္ကိုစုကျေးရွာ နှစ်ရွာကို တိုက်ခိုက်ပြီး PDF တို့ အောင်ပွဲခံနေ ကြခြင်းပင်ဖြစ်သည်။ ထိုကျေးရွာနှစ်ရွာကို တိုက်ခိုက်ခြင်း နှင့်ပတ်သက်၍ PDF တို့ ထုတ်ပြန်ထားသည့် ရုပ်သံများထဲက သရက်ကန်ကျေးရွာကို တိုက်ခိုက်ခြင်းတွင် ကျေးရွာစာသင်ကျောင်းကို အငြိုးတကြီးနှင့် ဖျက်ဆီးနေသည့် ရုပ်သံတစ်ခုကိုလည်း တွေ့လိုက်ရသည်။ စာသင်ကျောင်းကိုပင် သဲသဲမဲမဲဖျက်ဆီးကြရာ ကျန်သည့်အ ဆောက်အအုံများ၊ သီးပင်စားပင်များကိုလည်း မွမွကြေအောင်ဖျက်ဆီး၍ အောင်ပွဲခံနေကြလေသည်။ ရှိသေးသည် PDF တစ်ယောက်က သရက်ကန်စာသင်ကျောင်းကို ဖျက်ဆီးပြီး အပျက်အစီးများကို နောက်ခံထားပြီး ဓာတ်ပုံရိုက်အောင် ပွဲခံနေလေသည်။ ထိုသရက်ကန်ရွာကို PDF တပ်ပေါင်းစု အင်အား ထောင်နှင့်ချီ၍ တိုက်ခိုက်ခဲ့ကြောင်းကိုလည်း PDF အဖွဲ့က ဂုဏ်ယူစွာဖြင့် ချပြထားလေသည်။
    သရက်ကန်ရွာကို PDF များက မေ ၂၂ ရက် နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ပြီး မေ ၂၃ ရက် နံနက် ၅ နာရီတွင် သရက်ကန်ရွာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းလည်း PDF များက ထုတ်ပြန်ထားသည်။
    ထိုအရပ်ဒေသက တစ်ရွာနှင့်တစ်ရွာ ဆိုသည်မှာ ဆွေမျိုးနီးစပ် တစ်ဦးနှင့်တစ်ဦး မကင်းရာမကင်းကြောင်းများ၊ တစ်ယောက်အကြောင်းတစ်ယောက် အကြောင်းသိသူများသာ ဖြစ်ကြပြီး ကိုယ့်နယ်သား အချင်းချင်း အမုန်းများ၊ အာဃာတများ၊ ရန်ငြိုးရန်စများဖြင့် အချင်းချင်း သတ်ဖြတ်ဖျက်ဆီးနေကြခြင်းကို အောင်မြင်မှုကြီးအဖြစ် ဂုဏ်ယူနေကြသည့် ထိုဒေသက အညာသားများကို စစ်တုရင်တစ်ပွဲကို ဘေးမှ ကြည့်နေသူကဲ့သို့ လူများစွာက အံ့သြနေကြလေသည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ရွာနှင့်တစ်ရွာ ရန်ငြိုးရန်စ မရှိဘဲနှင့် တော်လှန်ရေးဘက်အခြမ်းက လက်နက်ကိုင်ထားသည့် PDF များသည် သူတို့တော်လှန်ရေးကို မထောက်ခံသူ၊ တော်လှန်ရေးကိုအားမပေးသည့် ရွာများအား ပျူစောထီးရွာဟု သတ်မှတ်ပြီး တော်လှန်ရေးအတွက် အမှိုက်အဖြစ် သတ်မှတ်၍ အင်အားတောင့်တင်းလာလျှင် ထိုပျူရွာဟု သတ်မှတ်ခံထားရ သည့် ကျေးရွာများကို အင်အားသုံး ဖျက်ဆီးတိုက်ခိုက် သတ်ဖြတ်နေကြလေသည်။ သရက်ကန်ရွာကို တိုက်ခိုက်ခဲ့မှုတွင် မကွေး PDF က ဦးဆောင်ပြီး တမာမြေစစ်ဆင်ရေးဟု အမည်ပေးထားကြောင်း မကွေး PDF က ထုတ်ပြန်ထားပြီး ထိုမကွေး PDF များ၏ နောက်ကွယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် တိုက်ခိုက်ပေးခဲ့ကြောင်း လက်ရှိအချိန်တွင် သတင်းများ ထွက်ပေါ်လာနေခဲ့သည်။


ဒေသခံအချင်းချင်း တိုက်ခိုက်သတ်ဖြတ်ရန် နောက်ကွယ်က တွန်းအား
    သရက်ကန်ရွာကို PDF တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ပြီး မကြာမီ ၁၀ ရက်ဝန်းကျင်အတွင်း မကွေးတိုင်း ပေါက်မြို့နယ် ကုက္ကိုစုကျေးရွာကို PDF အင်အားထောင်ချီ အသုံးပြု၍ တိုက်ခိုက်သိမ်း ပိုက်လိုက်ပြန်သည်။ ထိုတိုက်ခိုက်မှုတွင် ရင်ခွင်ပိုက်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများ အပါအဝင်  လူပေါင်း ၇၀ ကျော်ကို ပျူထီး၊ ပျူမဟု တံဆိပ်ကပ်ကာ စစ်သုံ့ပန်းအဖြစ်လည်း ဖမ်းဆီးထားကြောင်း PDF များ က ထုတ်ပြန်ထားသည်။ NUG ၏ သြဇာခံ PDF များက ကုက္ကိုစုရွာ တိုက်ခိုက်မှုတွင် အပြစ်မဲ့ပြည်သူနှင့် ပြည်သူ့စစ်များ အပါအဝင် လူပေါင်း ၄၀၀ ထက်မနည်း သေဆုံးဖမ်းဆီးမှု ခံခဲ့ရသည်ဟု လည်း သတင်းများ ထွက်ပေါ်နေခဲ့သည်။ ကုက္ကိုစုရွာ တိုက်ခိုက်မှုပုံစံများကို ကြည့်ရှုပြီး ထိုတိုက်ခိုက်မှု သည်ဒေသခံ PDF များ၏တိုက်ခိုက်မှု ပုံစံမျိုးမဟုတ်ဘဲ နောက်ကွယ်က တိုင်းရင်းသားလက်နက်ကိုင် များ၏ ကြိုးကိုင်ညွှန်ကြားမှုများ ပါဝင်လာသည်ဟုလည် သုံးသပ်နေကြသည်။ ထို့အပြင် တိုက်ခိုက်မှု ပုံသဏ္ဌာန်အရ အညာဘက် PDF အများစုသည် စနစ်တကျ တိုက်ခိုက်ခြင်းထက် လူသူလက်နက် အင်အားအလွန်အကျွံ အသုံးပြုပြီး တိုက်ခိုက်တတ်သော်လည်း ဒရုန်းကဲ့သို့ အဆင့်မြင့်လက်နက်ကို ကောင်း ကောင်းမွန်မွန် အသုံးပြုမှုနည်းပါးသည်ဟုလည်း သုံးသပ်နေကြသည်။ ကုက္ကိုစုရွာ တိုက်ပွဲတွင် အင်အားအပြင် Suicide Drone များပါ အသုံးပြုသည့် စစ်နည်းဗျူဟာပါ စနစ်တကျ တိုက်ခိုက်လာသဖြင့် နောက်ကွယ်က အဓိကပံ့ပိုး ကူညီသည့် လက်နက်ကိုင်အဖွဲ့ ရှိနေကြောင်း သုံးသပ်နေကြသည်။ ဗမာ ပြည်သူ့စစ် ရွာတွေကို မတိုက်ခင်  အဲဒီရွာကို ဆက်သွယ်တဲ့ ဖုန်းလိုင်းတွေ ဖြတ်တယ်၊ တိုင်တွေချိုးတယ်၊ စစ်ကူလမ်းကြောင်းတွေ ပိတ်ဆို့တယ်၊ တစ်ရက်ကနေ နှစ်ရက်အထိ ဒေသခံ PDF တွေကို အလုံးအရင်းနဲ့ တိုက်ခိုင်း တယ်၊ တစ်ရွာလုံး ဒရော့ဗုံးနဲ့ကြဲတယ်။ လေယာဉ်ပစ်ကူကိုရှောင် လွှဲနိုင်ဖို့ တစ်ယောက်ပစ်ကျင်းတွေ တူးပြီး တိုက်တာ၊ ရွာထဲက ပစ်အားကျချိန်မှာ ဝင်ပြီး ဘန်ကာတွေကို တိုက်တာ"ဟု လွတ်မြောက်လာသူ အချို့ထံကကိုးကားပြီး စစ်ရေးကျွမ်းကျင်သူအချို့က သုံးသပ်ထားလေသည်။
    မြိုင်နယ်သည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းအစပ်တွင် တည်ရှိပြီး ချင်းနှင့် ရခိုင် လက်နက်ကိုင်တို့၏ ထောက်ပို့လမ်းကြောင်းအဖြစ် အားထားရသည့် နေရာဟုလည်း သုံးသပ်နေကြသည်။ ထို့အပြင် အညာဒူဘိုင်းဟု ထင်ရှားသည့် ရေနံထွက်ရာဒေသ ဖြစ်သောကြောင့် PDF လက်နက်ကိုင်များ NUG ၏ ဝင်ငွေလမ်းကြောင်း ဖြစ်သောကြောင့် အင်အားနည်းပါးသည့် NUG နှင့် PDF များကို မထောက်ခံသည့်ရွာ များကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု သုံးသပ်နေကြသည်။ ထို ကုက္ကိုစုရွာ တိုက်ခိုက်သိမ်းပိုက်အပြီး ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အထူးသဖြင့် အမျိုးသမီးများနှင့် အသက်အရွယ် ကြီးရင့်သူတို့ကို PDF တို့က မဟာကရု ဏာရှင်ကြီးများသဖွယ် ကောင်းမွန်စွာ စောင့်ရှောက်ကြောင်း ဝါဒဖြန့်သည့် ရုပ်သံအမြောက်အမြားလည်း ထွက်ပေါ်လာခဲ့ရာ ထိုကဲ့သို့ လုပ်ရပ်မျိုးကို AA က အဓိက လုပ်လေ့ရှိကြောင်းလည်း မြန်မာ့နိုင်ငံရေးလေ့လာ သူတို့က သုံးသပ်နေကြသည်။
    ထိုကဲ့သို့ ဝါဒဖြန့်သည့် ကိစ္စများပြီးလျှင် ဖမ်းမိသည့် သက်ကြီးရွယ်အိုနှင့် ကလေးများပါမကျန် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများကို လွယ်လွယ်ကူကူ ကျူးလွန်ကြသည်ဟုလည်း PDF နှင့် တိုင်းရင်းသားလက် နက်ကိုင်တို့၏ အကြောင်းကို သိနေသူတို့က ပြောနေကြလေသည်။ လက်ရှိလည်း အမြင်မတူ သည့်သူများကို အထူးသဖြင့် ပညာရေးနယ်ပယ်က ကျောင်းဆရာ ဆရာမနှင့် ကလေးသူငယ်များပါ မကျန် သတ်ဖြတ်မှုများ မကြာခဏ ကျူးလွန်နေလေရာ ဤကဲ့သို့ တိုက်ခိုက်၍ အဖမ်းအဆီးခံရသူတို့၏ ကံကြမ္မာက ပို၍ မတွေးဝံ့စရာပင် ဖြစ်နေလေသည်။
    သည်နေရာတွင် ရိုးလွန်း အလွန်းသည်ကို ဂုဏ်ယူနေသော အညာသားတို့သည် ရိုးအလွန်းရုံမက တုံးအလွန်းသည့် အခြေအနေသို့ ရောက်နေပြီဟု ဆိုနိုင်ပါသည်။ တော်လှန်ရေးလုပ်၍ လက်နက်ကိုင်နေ သည်ဆိုသည့် PDF များသည် လက်ရှိ သူတို့ တိုက်ခိုက်သိမ်း ပိုက်ပါသည်ဆိုသည့် ကျေးရွာများက ပျူရွာဟု သာ တံဆိပ်ကပ်ထားသော်လည်း လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံရုံ၊ အားမပေးရုံနှင့် ၎င်းင်းတို့၏ ရန်သူအဖြစ် သတ်မှတ်ခြင်းခံနေရသူက ပို၍ များနေခြင်းဖြစ်သည်။
    ထို့ကြောင့် ကိုယ့်အရပ်ဒေသက ကိုယ့်ဒေသခံ အချင်းချင်းကို အယူဝါဒ မတူရုံမျှဖြင့် လက်နက်အားကိုး လူအင်အား အလွန်အမင်း အားကိုးဖြင့် ကိုယ့်အရပ်ဒေသကို ဖျက်ဆီးနေကြသူများသာ ဖြစ်နေကြပြီး အချို့ဆိုလျှင် တစ်ရွာနှင့်တစ်ရွာ၊ တစ်နယ်နှင့်တစ်နယ် ဆွေရိပ်မျိုးရိပ် မကင်းသူများလည်း ပါနေကြလေသည်။ NUG ၏ လက်အောက်ခံ လက်နက်ကိုင် ဖြစ်သွားပြီဆိုလျှင် ဆွေမျိုးဆိုသည်လည်း မရှိ၊ ဆရာ ဆရာမဆိုသည့် အသိလည်းမရှိဘဲ အမိအဖဆရာသမား စကားများကိုပါ အားလုံး ပယ်ရှားကြသူများ ဖြစ်ကုန်ကြပြီး လူ့အန္ဓလုံးလုံး ဖြစ်ကုန်ကြသည်။
    ထို့အပြင် ကိုယ့်အချင်းချင်းကို သတ်ဖြတ်ရန် သွေးထိုးနေသည့် တိုင်းရင်းသားလက်နက်ကိုင်များ၏ ခိုင်းဖတ်၊ အောက်ခြေအဆင့် ဘုံကျွန်ဘဝကို ရောက်ကြရပြီး အမြင်မှန်၊ အသိမှန်မရဘဲ ဘဝဆုံးပါး သွားသူတို့လည်း များစွာရှိနေကြသည်။ ထိုကဲ့သို့ လမ်းမှားရောက် အမြင်မှန်၊ အသိမှန် မရသေးဘဲ လက်နက်ကို မစွန့်သောကြောင့် ပြုန်းတီးနေသည့် အင်အားလည်း အလွန်များပြားပြီး စစ်ရေးချိန်ခွင်လျှာ နိမ့်ပါးနေသည်ကို အကြောင်းပြုကာ ပြည်ပြေးစစ် အခါတော်ပေးများ ပြောနေသည့် အမာရှောင် အပျော့တိုက်ဆိုသည့် စစ်စခန်းကြီးများထက် လူသူအင်အား နည်းပါးသည့် လက်နက်ကိုင် လမ်းစဉ်ကို မထောက်ခံသည့် ကျေးရွာများကို တိုက်ခိုက်ကာ စိတ်ဓာတ်အင်အား တက်ကြွရန် ဆေးမြီးတိုနှင့် ကုသနေခြင်းမျိုးလည်း ဖြစ်နေလေသည်။

လူသတ်မပြသဖြင့် ဝမ်းနည်းနေသူ
    ပေါက်နယ်က မိဒါဆိုလျှင် TikTok အသုံးပြုသူ အများအပြားသိကြသည်။ အထူးသဖြင့် ပြည်တွင်း နိုင်ငံရေး၊ စစ်ရေးကို အဓိကလေ့လာသူတိုင်း သိကြသည်ဆိုလျှင် မှားနိုင်မည်မထင်။ သူမက ပေါက်နှင့် မြိုင်၊ ရေစကြို၊ ပခုက္ကူမြောက် အခြမ်းက စစ်ရေးသတင်းများကို အဓိကပြောလေ့ရှိသူဖြစ်သည်။ သူမ၏ မွေးစားအမိအဖများက လက်နက်ကိုင်လမ်းစဉ်ကို မထောက်ခံသည့်အတွက် မိဒါတို့ တံဆိပ်ကပ်သည့် ပျူများဖြစ်သွားသဖြင့် မွေးစားမိဘများနှင့် သေခန်းပြတ်သည်အထိ ကျေးဇူးမသိတတ်သောသူလည်း ဖြစ်သည်။ ယခုပြောချင်သည်က မိဒါ၏ အကြောင်းမဟုတ်ဘဲ သူမ၏ ကျွေးမွေးခဲ့ပါသည် ဆိုသည့် အမိအဖတို့၏ ရွာများမှ PDF များ တိုက်ခိုက် သိမ်းပိုက်ပြီးချိန် သူမကျသည့် မျက်ရည်အကြောင်းပင် ဖြစ်သည်။
    သူမမျက်ရည်ကျရသည်က သူတို့နယ်က နယ်သူနယ်သားအချင်းချင်း လက်နက်စွဲကိုင်၍ အပြန်အလှန် တိုက်ခိုက်သဖြင့် ကိုယ်နှင့်ဆွေမျိုးနီးစပ်သူတို့ နှစ်ဖက်ထိ ခိုက်သေကျေမှုအတွက် ဝမ်းနည်းသည်ဟု အစကထင်ခဲ့သည်။ သို့သော်လုံးဝမဟုတ်ဘဲ သူတို့အခေါ် ပျူရွာမှ ဖမ်းမိလာသည့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများကို ဝါဒဖြန့်ရုံ ရုပ်သံရိုက်၍ ထုတ်လွှင့်ခြင်း အပေါ် PDF များက ကရုဏာသက်ရကောင်းလားဟု  ဝမ်းနည်းသောကြောင့် ကျသည့်မျက်ရည် ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။ "ပျူရွာသိမ်းတာ စခန်းသိမ်းတာနဲ့ မတူဘူး။ တကယ်မတူပါဘူး၊ တော်လှန်ရေးသမား တွေတော့ မသိဘူး။ ကျွန်မတို့ ခံစားချက်တွေက မတူဘူး၊ ကျွန်မတို့ တော်လှန်ရေးအစကတည်းက ကျွန်မ တို့အပေါ်ကို အစဆုံး ရက်စက်ခဲ့တာက ပ.သ.စတွေက  ရက်စက်ခဲ့တာ။ ကျွန်မတို့က အခြားနယ်တွေကို လက်လှမ်းမမီဘူး၊ ကိုယ့်နယ်မှာပဲ ကျင်လည်ချိန် ပထမဆုံး ပ.သ.စ တွေက ရက်စက်ခဲ့တာ။ ပျူရွာတွေ သိမ်းလို့ သူတို့ကို ကယ်ရတယ်ဆိုရင် တော်လှန်ရေးသမားတွေတော့ မသိဘူး။ ကျွန်မကတော့ အသည်း အရမ်းနာတာပဲ။ နောက်တစ်ခါ ဘယ်ပျူရွာမှ မသိမ်းတော့နဲ့ ထားလိုက်တော့။ လူသားဆန်မှုနဲ့ အရာရာ ခွင့်လွှတ်နေရတာ"ဟု PDF ထောက်ခံသူတို့၏ စိတ်နေသဘောထားကို ကောင်းကောင်းကြီး ထင်ဟပ်သည့် အပြောကိုပွင့်ပွင့်လင်းလင်း ပြောလာလေသည်။
    သူမအသည်း နာနေသည်က PDF များသည် ဖမ်းမိသည့် သုံ့ပန်းများကို ကရုဏာ သက်ရကောင်းလား၊ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ရကောင်းလားနှင့် ကိုယ်နှင့်အယူအဆ မတူသူများ ဖြစ်နေသ ဖြင့် ကျူပင်ခုတ် ကျူငုတ်မကျန် အပြတ်ရှင်းလိုက်မှ တော်လှန်ရေးကို ထောက်ခံနေသည့် သူတို့ကဲ့သို့ သူများ၏ စိတ်အာဟာရ ပြည့်ဝရမည့်ပုံစံမျိုး ပြောသွားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကိုယ်နှင့်မတူ သူဆိုလျှင် တစ်နယ်တည်းသား ဖြစ်ပါစေ၊ ဆွေမျိုးနီးစပ်ဖြစ်ပါစေ ကိုယ့်လူ ဖြစ်မလာနိုင် သည့်အတူတူ သတ်ဖြတ် ရှင်းလင်းခြင်းက နောက်ကြောင်းအေးသည့်သဘောကို NUG နှင့် တော်လှန်ရေး ဘက်တော်သားတို့၏ သဘောထားအမှန်ကို ပြောနေခြင်းလည်း ဖြစ်သည်။ သူတို့၏ စည်းမျဉ်းဥပဒေသည် သေနတ် ပြောင်းဝမှလာပြီး တစ်နိုင်ငံလုံးက  အမြင်မတူ သူတို့ကို ရှင်းရန်မှာ NUG နှင့် PDF တို့၏ မပြီးဆုံးနိုင်သော တော်လှန်ရေးအဖြစ် ခံယူထားပုံရလေသည်။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 139

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65355

© 2022 - 2026 News. All Rights Reserved.