PDF တို့၏ သေနတ်ပြောင်း၀ EAO တို့ထံ လှည့်တော့မည့်အချိန်

အိမ်ပြန်ချင်ကြသူများ
    'ကျောင်းပြေးအစ အိမ်ပြေးအလယ် သံသရာပြေးအဆုံး'ဆိုသည့် ကဗျာဆရာ ကြည်ဇော်အေး၏ ကဗျာအပိုင်းအစလေးတစ်ခု သတိရမိပါ၏။ သူတို့မှာလည်း ပြေးလိုက်ရသည့်အကြောင်းကို အပူရုပ်အား ဟန်လုပ်၍ ရယ်ကာမောကာ ပြန်ပြောနေသည်မှာ ပေါ်လွင်နေ၏။ တစ်ခုသောညနေ အိမ်အပြန်လမ်းတွင် မုန့်ပေါင်းရောင်းနေသည့် အမျိုးသမီးတစ်ဦးကိုတွေ့၍ မုန့်ပေါင်းဝယ်မည်ဟု စိတ်ကူးကာသွား၍ ဝယ်ဖြစ် သည်။ သည်အရပ် သည်ဒေသတွင် မုန့်ပေါင်းရောင်းသည်ကို မတွေ့မြင်ဖူးသောကြောင့် မစားရသည် မှာလည်း ကြာပြီဖြစ်နေရာ ကြုံကြိုက်၍ ဝင်ဝယ်ခြင်းလည်း ဖြစ်သည်။  'မုန့်ပေါင်း ဘယ်လိုရောင်းလဲ'ဟု မေးကြည့်ရာ 'တစ်ထောင်ဖိုး သုံးခု'ဟု ဆိုသဖြင့် နှစ်ထောင်ဖိုးထည့်ပေးဖို့ ပြောလိုက်သည်။ မုန့်ပေါင်း ရောင်းသူက နှစ်ထောင်ဖိုးဆိုလျှင် အနည်းငယ်စောင့်ဆိုင်းရမည်ပြောရာ မုန့်ပေါင်းရောင်းသူနှင့် စကား စမြည်ပြောချိန် ပို၍ရသည် သဘောထားကာ ဟုတ်ကဲ့ဟုသာ ဆိုလိုက်သည်။ မုန့်ပေါင်းရောင်းသူ၏ စကားသံ လေယူလေသိမ်းကို နားထောင်ပြီး "အညာကလား"ဟု မေးလိုက်ရာ "ထီးချိုင့်က၊ အညာ မဟုတ်ဘူး၊ အညာရဲ့ အထက်က"ဟု ပြန်၍ပြောလေသည်။    
    ကျွန်တော်တို့ မုံရွာ-မန္တလေး ဒေသများကို အောက်ပြည်အောက်ရွာက လူများသည် အညာဟုခေါ် ဆိုပြီး ကျွန်တော်တို့ ကိုယ်တိုင်ကမူ ကျွန်တော်တို့၏အထက်အညာတွင် နေသူများကို အထက်ကဟု ပြောလေ့ပြောထရှိကြသည်။ ထီးချိုင့်ကဟုဆိုသဖြင့် "စစ်ဘေးရှောင်ပဲလား"ဟု စကားစလိုက်ရာ"ဟုတ်ပ... ပြေးလိုက် ရှောင်လိုက်ရတာ ဘယ်တော့များမှ နားရမယ်မသိပါဘူး"ဟု ခပ်ညည်းညည်းလေးဆိုရင်း ကောက်ညှင်းနှင့် ဆန်မှုန့် ဒန်အိုးထဲက မုန့်မှုန့်ကို ယောက်ခွံသွားနှင့် ခပ်ဖွဖွ ခြစ်ယူလိုက်၊ မုန့်ပေါင်းပေါင်းသည့် အိုးထဲက ကျက်သည့် မုန့်ကို ဆယ်ယူရင် မုန့်အသစ် ထပ်ထည့်နှင့် လက်ကလည်း အဆက်မပြတ် လုပ်နေရင်းနှင့် ပြောရှာသည်။
    တော်လှန်ရေးဟု ခေါင်းစဉ်တပ်ပြီး အထက် အညာဒေသထီးချိုင့်မြို့ကို တော်လှန်ရေးသမားများက  ဝင်ရောက်တိုက်ခိုက်ချိန်မှစပြီး သူတို့သည် စစ်ဘေးရှောင် ဖြစ်ခဲ့ရသည်။ "ထီးချိုင့်မှာ နေလို့မရတော့ အမျိုးသားရဲ့ဇာတိ စဉ့်ကူးကို ပြောင်းနေရတာပေါ့"ဟု ပြောရင်း နောက်ဆက်တွဲအဖြစ် "သိတယ် မဟုတ်လား"ဟူ၍ ပြန်လည်မေးခွန်းထုတ်လေသည်။ သူဆိုလိုသည်က ထီးချိုင့်က စဉ့်ကူးကို ပြောင်းနေသော် လည်း စဉ့်ကူးအခြေ အနေသည်လည်း ပြေးရလွှားရသည် မဟုတ်လားဟု ဆိုလိုရင်းဖြစ်ရာ သိပါသည်ဟုသာ ပြန်ပြောရ၏။ မုန့်ပေါင်း ပေါင်းအိုး၏ မီးတောက်များ ငြိမ်းမသွားစေရန် ထင်းစအချို့ကို မီးထိုးရင်း ပြောနေသည့်သူ့ကိုကြည့်ကာ ကဗျာဆရာမောင်သိန်းဇော်၏ 'မီးဖိုထက် မီးတောက်ကကြီး'ဆိုသည့် ကဗျာအပိုင်းအစတချို့ကိုလည်း သတိရမိပါ၏။ အလုပ်နှင့်လက်နှင့် ပြတ်သည်မရှိအောင် လုပ်နေရင်းမှ "စဉ့်ကူးကနေ ပြေးလာရင်း မိုးတွင်းကြီး ဆည်ကျိုးကျလို့ ပြေးရပြန်တယ်၊ ငလျင်မှာလည်း ပြေးရတာပဲ" ဟု သူမတို့ မိသားစု၏ မာရသွန် ခရီးရှည်ကြီး အကြောင်းကို ရှင်းပြနေလေသည်။
    မိသားစုငါးယောက်ရှိပြီး ယခုဆိုလျှင် သူမနှင့် သူမ၏ အမျိုးသားသာ လက်ရှိ အတူရှိနေပြီး ကျန်သား သမီးများနှင့် တကွဲတပြား ဖြစ်နေရသည်ဟု ဆိုသည့် စကား နေရာအရောက်တွင် သူမ၏ မျက်နှာက တော်တော်လေး မှုန်မှုန်မှိုင်းမှိုင်း ဖြစ်သွားသည်။ သူမ၏ သမီး အကြီးနှစ်ယောက်က အလုပ်ကိုယ်စီနှင့် တစ်နေရာစီ ရောက်နေပြီး သူ၏ သားငယ်လေးသည် အသက်(၁၅) နှစ်ခန့်သာ ရှိသေးသဖြင့် စစ်ကိုင်းက ဘုန်းကြီးကျောင်း တစ်ကျောင်း၌ သာသနာ့ဘောင်တွင် ကိုရင်ဝတ်ဖြင့် ပညာသင်ကြားစေရန် ထားခဲ့သည်ဟု ဆိုလေသည်။ ထိုသို့ တကွဲတပြားစီနေရင်း လက်ရှိနေထိုင်ရာ အရပ်တွင် စစ်ရှောင်ဖြစ် သောကြောင့် မြေကွက်ကျယ်ကျယ်တွင် တဲထိုး၍နေခွင့်ပေးသူကို ကျေးဇူးတင်ကြောင်းနှင့် အမျိုးသားက မြေငှားကာ ပဲတစ်ရာသီစိုက်ရာ ဈေးမကောင်းသောကြောင့် အရင်းပင်ပြန်မရ။ ထို့ကြောင့် အညာ၏ ရိုးရာစားစရာ မုန့်ပေါင်းရောင်းရင်း ဝမ်းရေးဖြေရှင်းနေရသည်ဟု သူတို့ဘ၀ ရုပ်ပုံကားချပ်အချို့ကို ရှင်းပြလေသည်။ "ကျွန်မတို့ ဘယ်တော့များမှ ကိုယ့်အရပ်ကို ပြန်ရပါ့မလဲ"ဟု ကျွန်တော့်ကို ပြန်မေးလေရာ မေးခွန်းသတ်သည်ဟု ဆိုရမလိုနှင့် "အချိန်တန်ရင် ပြန်ရမှာပါ"ဟု ပြောရင်း  ပြည်သူအစစ်ဆို သည်မှ လက်နက်ကိုင်ခြင်းနှင့် တော်လှန်ခြင်းဆိုသည်ကို အသံပင် မကြားချင်သူကများ နေသည်ကို တော်လှန်ရေး အားပေးအားမြှောက် လုပ် နေသူတို့ သိသင့်ပြီဖြစ်သည်။

တော်လှန်ရေးသမားများထံက ပြန်လည်ကြားရသောစကား
    လူသားဆန်မှု၊ ကိုယ်ချင်းစာတရား၊ လူ့ကျင့်ဝတ် စသည့် စကားများကို မကြားရသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း သည်ရက်ပိုင်းတွင် ထိုစကားသံများ ပြန်၍ ကျယ်လောင်လာသည်မှာ အံ့သြစရာပင်  ကောင်းလှ၏။ အထူးသဖြင့် ထိုစကားများကို တော်လှန်ရေးသမားဆိုသူများနှင့် တော်လှန်ရေးကို ထောက်ခံသူတို့ဘက်က ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အကြောင်းက ကိုကျော်စိုးဦးသည် PDF အုတ်ဂူပေါ်တွင် လျော့နေသည့် ဖိနပ်ကြိုးကိုချီပြီး ဖိနပ်ကြိုး ချီသည့်နေရာနှင့် တန်သည့် သဘောမျိုး ရုပ်သံတစ်ခု ထုတ်လွှင့်ရာမှသည်ဇာတ်လမ်းကို စခဲ့ခြင်းဖြစ်သည်။
    သည်နေရာတွင် ကိုကျော်စိုးဦး၏ လုပ်ရပ်မှန်သည်၊ မမှန်သည်နှင့် လုပ်သင့်သည်၊ မလုပ်သင့်သည်ကို အဓိကထား၍ ပြောလိုခြင်း မရှိပေ။ အယူအဆမတူသည့် နှစ်ဖက်တွင် ဤလုပ်ရပ်က မှန်သည်၊ မှားသည် ငြင်းခုံနေခြင်းမှာ သဘာဝကျသော်လည်း တော်လှန် ရေးသမားဆိုသူတို့ သည်အကြောင်းအရာ အပေါ် အတော်လေး ပေါက်ကွဲနေသည်မှာ ငြင်းမရသည့်အချက် ဖြစ်သည်။ ကိုကျော်စိုးဦး၏ လုပ်ရပ်သည် PDF များ၊ ထောက်ပို့များနှင့် တော်လှန်ရေးဘက်တော်သားများအတွက် အကျိုးပြုကြောင်း၊ ထိုလုပ်ရပ်ကြောင့်မို့ ခွက်ခေါက်ခွင့်၊ တစ်နည်း အလှူခံခွင့်ခေါင်းစဉ်တစ်ခု ရသွားကြောင်းနှင့် တော်လှန်ရေးသမားများက ရွေးကောက်ပွဲကို မဲမပေးရေး လှုံ့ဆော်ရင်း၊ ခြိမ်းခြောက်ရင်းနှင့် သည်အခင်းအကျင်းကို လက်မခံ လိုသော ပြည်သူတို့က မဲထွက်ပေး၍ ပြည်ခိုင်ဖြိုးက မဲရလဒ်နေရာ အများစု အသာရကာ အနိုင်ရသွားပြီး အပြန်အလှန် ကျေးဇူးပြုနေကြသည်ဟု မိတ်ဆွေတစ်ဦးက ရှင်းပြသည်။ ထိုအကြောင်းအရာက  တော်တော်ပွဲဆူသွားသည်။
    နယ်တွင်ရှိသည့် မိတ်ဆွေတစ်ဦးက "ငနီတစ် ယောက်က ကျော်စိုးဦးတို့ လုပ်ရပ်ကို မလုပ်သင့် ကြောင်းနဲ့ တော်တော်ပေါက်ကွဲနေတာ"ဟု အစချီကာ အဖြစ်အပျက်ကိုရှင်းပြလေသည်။ သူငယ်ချင်းဖြစ် သူက "မင်းတို့ပဲ မကြိုက်ဘူးပြောတဲ့သူတွေရဲ့ဟာတွေ စေ့စေ့စပ်စပ်လိုက် ကြည့်နေတာ၊ ငါတို့ဖြင့် အဲဒါ တွေ မကြည့်အားပါဘူး"ဟု  ဘုတောလိုက်မှ ထိုငနီတစ်ယောက် ပါးစပ်ပိတ်သွားသည် ဟုဆိုလေသည်။ ဟုတ်လည်းဟုတ်သည်၊ သူတို့ပဲမကြိုက် ဘူးပြောပြီး သူတို့ပဲ ခရေစေ့တွင်းကျ စေ့စေ့ငုငု လိုက်၍ ကြည့်နေ လေသည်။ သူတို့က သည်လုပ်ရပ်လေးကိုပဲ ပေါက်ကွဲနေကြပြီး သည့်ထက်ဆိုးရွားသည့် လုပ်ရပ်များ ကို PDF နှင့် တော်လှန်ရေးဘက်တော်သားများ လုပ်ခဲ့သည်များကို ပြန်ဖော်ပြသည့်သူများလည်း အများအပြား ရှိကြလေသည်။ တော်လှန်ရေးအစက ရဟန်းသံဃာများ သွားလာမည့်လမ်းတွင် ထဘီများ လှမ်းခြင်း၊ နိုင်ငံတော်အကြီးအကဲပုံရိပ်ကို မဖွယ်မရာများ ပြုလုပ်ခြင်း၊ တပ်မတော်သားများ၏ အပွင့်အခက်များကို ဖိနပ်တွင်ကပ်၍ လေလံတင်ခြင်းများ တော်လှန်ရေးကို မထောက်ခံသည့် သူများကို ခေါင်းတုံးတုံးခြင်း၊ မျက်ခုံးမွေးရိတ်ခြင်း စသည်တို့ကို ပျော်ပျော်ကြီး လုပ်ခဲ့ကြသည်။
    ထိုသို့ ပြုလုပ်ခဲ့စဉ်အခါက လူသားဆန်ခြင်း၊ ကိုယ်ချင်းစာတရား၊ ကျင့်ဝတ်စည်းကမ်း စသည့် စကားသံများ အနည်းငယ်မျှ မကြားခဲ့ကြရပေ။ သို့မို့ကြောင့် ကိုကျော်စိုးဦး၏ လုပ်ရပ်ကို ကျေးဇူးတင်ပါသည်။ ကျေးဇူးတင်ခြင်းက ထိုလုပ်ရပ်အပေါ် ထောက်ခံခြင်း၊ ကန့်ကွက် ခြင်းမဟုတ်။ မကြားရသည်မှာ ကြာခဲ့ပြီဖြစ်သော လူသားဆန်မှု၊ ကိုယ်ချင်းစာတရားနှင့် ကျင့်ဝတ်စည်းကမ်း များအကြောင်းကို တော် လှန်ရေးဘက်တော်သားများဘက်မှ မကြားရစဖူး ကြားရလာသောကြောင့်သာ ဖြစ်သည်။ အမှန်တကယ်က သူ့ဘက်ကိုယ့်ဘက် ခွဲခြားခြင်းထက် လူသားဆန်ခြင်း၊ ကျင့်ဝတ်စည်းကမ်းနှင့် ကိုယ် ချင်းစာတရားများက မည်သည့်နေရာမဆို ထွန်းကားလေလေ တစ်ယောက်ကိုတစ်ယောက် လက်နက်နှင့် သတ် ဖြတ်ခြင်းက ရွံရှာဖွယ်ဖြစ်သည်ကို နားလည်လက်ခံလာရမည် မဟုတ်ပါလား။

တော်လှန်ရေးသမားတို့၏ အချင်းချင်း တိုက်ပွဲများ
    NUG ၏ တော်လှန်ရေးတပ်ဖွဲ့များသည် ပုလဲနယ်က ဗိုလ်နဂါး၏ ဗမာ့တော်လှန်ရေးတပ်မတော် (BNRA)ကို စစ်ရေးဖြင့် အရေးယူလိုက်သည်။ အကြောင်းပြချက်က NUG တပ်များ၏ နယ်မြေလုံခြုံရေး ကို ခြိမ်းခြောက်နေသောကြောင့်ဟု  ခေါင်းစဉ်တပ်ထားလေသည်။ ဗိုလ်နဂါး၏ BNRA ကလည်း တော်လှန်ရေး လုပ်နေသူအချင်းချင်း စစ်ရေးဖြင့် ဖြေရှင်းခြင်းထက် နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းရန် ပြောဆိုခဲ့ပြီး စစ်ရေးဖြင့် ဖြေရှင်းလျှင် အစွမ်းကုန် ခုခံတိုက်ခိုက်သွားမည်ဟု ကြေညာချက်ထုတ်ကာ စစ်ရေးလမ်းစဉ်ကို နှစ်ဖက်လုံးက ရွေးချယ်သွားရသဖြင့် နှစ်ဖက်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရသည်။ ဗိုလ်နဂါး၏ BNRA နှင့် NUG အကွဲအပြဲဇာတ်လမ်းအစမှာ ပသုံးလုံးအဖွဲ့များနှင့် လက်နက်ကိုင်တော်လှန်သူတို့ ပွတ်တိုက်ရာက စသည်ဟု ဆိုနိုင်ပါသည်။ ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ (ပ.အ.ဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) နှင့် ပြည်သူ့ လုံခြုံရေးအဖွဲ့(ပ.လ.ဖ)ဆိုသည့် အဖွဲ့များကို ပသုံးလုံးဟု ခေါ်ကြသည်။ ထိုအထဲတွင် PDF ပြည်သူ့ကာ ကွယ်ရေးတပ်မတော်ဆိုသည့် အဖွဲ့ကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုနှင့် လည်ပတ်ပြီး ကျန်နှစ်ဖွဲ့ကို NUG ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်အဖွဲ့အဖြစ် ခွဲခြားထားသည်။
    ထိုကဲ့သို့ အုပ်ချုပ်ရေးနှင့် စစ်ရေးခွဲခြားထားပြီး NUG က စစ်ရေးဘက်တွင် ထောက်ပံ့မှု ကောင်းကောင်းမလုပ်ဘဲ အခွန်ဘဏ္ဍာ ကောက်ယူထိန်းသိမ်းသည့်နေရာ တွင် ပသုံးလုံးတို့က စီမံကွပ်ကဲရာ လက်နက်ကိုင်ထားသူတို့က မကျေနပ်သဖြင့် ခွဲထွက်သည့်အဖွဲ့က ခွဲထွက်ရင်း ဗိုလ်နဂါးတို့ကဲ့သို့ NUG လက်အောက်တွင် မနေဘဲ တော်လှန်ရေးက သီးသန့်ခွဲထွက်သည့် အဖွဲ့များလည်း ရှိလာခဲ့သည်။ သို့သော် တော်လှန်ရေးသမားအချင်းချင်း အထာထားပြီး တစ်ဖက်နှင့်တစ်ဖက် ပွတ်တိုက်မှုမရှိစေရန် နေထိုင်လာခဲ့ရာ ဗိုလ်နဂါးတို့က သူတို့စိုးမိုးရာနေရာတွင် သစ်ခိုးထုတ်မှုများကို ကာကွယ်မည်ဟု ကြေညာချက် ထုတ်ပြန်အပြီး NUG နှင့် ဗိုလ်နဂါးတို့ ညောင်ညိုပင်လမ်းခွဲက ကတ္တီပါလမ်းခွဲမဆန်ဘဲ အက်ကြောင်း အကြီးကြီး ထင်လာခဲ့ရာက ဂူတစ်ဂူတည်း ခြင်္သေ့နှစ်ကောင် မအောင်းရဆိုသည့်အကွက် ဖြစ်လာခဲ့သည်။ 
    ထို့ကြောင့် သူတို့၏ အယူအဆမှာ တော်လှန်ရေးက နောက်မှလုပ်၊ တော်လှန်ရေးသမားအချင်း ချင်း တစ်ဗိုလ်တစ်မင်းသာ ထားရမည့်လမ်းစဉ်ဖြင့် ဗိုလ်နဂါး အဖွဲ့ကို NUG က စတင် စစ်ကြေညာကာ တိုက်ပွဲဖော် ဆောင်လာခဲ့လေသည်။ သည်အကြောင်းအရာကို ပြောလိုရင်းထက် တော်လှန်ရေးဆိုသည် မှာ တော်လှန်ရေး သမားအချင်းချင်းပဲ နောက်ဆုံးတိုက်ပွဲ ဖြစ်ရမည်ဟု လက်နက်ကိုင်များ မစခင်က တည်းက ကျွန်တော်တို့က ပြောပြထားခဲ့သည်မှာ မနည်းမနော ရှိခဲ့ပါပြီ။
    ဆန္ဒပြသည့်ခေတ်ကဖြစ်သည်။ နယ်ဘက်တွင်ရှိနေချိန် လက်နက်ကိုင်လမ်းစဉ်ကို လိုက်ချင်သည့် လူငယ်များကို ပြောဖြစ်ခဲ့သည့် စကားရှိခဲ့သည်။ ထိုစဉ်က အချို့သည် ကရင်ပြည်နယ်သို့ သွားချင်သည်။ အချို့က ကချင်ပြည်နယ်သို့သွား၍ စစ်သင်တန်းတက်မည် စသဖြင့် ပြောနေချိန်လည်း ဖြစ်၏။ ထိုသို့ သူတို့ပြောနေချိန်တွင် လက်နက်ကိုင်ချင်သည့် လူငယ်များကို 'ကရင်မှာ လက်နက်ကိုင် ဘယ်နှဖွဲ့ရှိလဲ၊ သူတို့အဖွဲ့တွေ အချင်းချင်းကရော တည့်တယ်ထင်လား၊ လက်နက်ကိုင်တွေအချင်းချင်း နယ်တစ်နယ်က ခေါင်းဆောင်နဲ့ နောက်နယ်တစ်နယ်က ခေါင်းဆောင် နှစ်ဖွဲ့တွေ့ရင် ဘယ်သူကခေါင်းဆောင် လုပ်တာ ကြည်ကြည်ဖြူဖြူ လက်ခံမလဲ၊ နောက်ဆုံး အဲဒီနှစ်ဖွဲ့အချင်းချင်း ဗိုလ်လုကြဦးမှာ၊ အဲဒီအခြေအနေမှာ ပြည်သူပဲမြေစာပင် ဖြစ်မှာဟု ထိုလက်နက်ကိုင်ချင်သည့် လူငယ်များကို အမှန်တကယ် ရှင်းပြဖြစ်ခဲ့ပါ သည်။
    လွန်ခဲ့သည့် ငါးနှစ်ခန့်ကစကား ယခု ထိုလမ်း စဉ်အတိုင်း စလာပြီ ဖြစ်သည်။ လက်ရှိ ဗိုလ်နဂါး၏ BNRA နှင့် NUG တို့၏ တော်လှန်ရေးသမားအချင်းချင်း တိုက်ပွဲက တော်လှန်ရေး၏ ဒုတိယစာမျက်နှာ၏ အဖွင့်ပင်ရှိသေးသည်။ နောက်လာမည့် စာမျက်နှာတွင် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ပွဲများ မကြာခင် ရောက်လာတော့မည် ဖြစ်သည်။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သည့် တိုင်းရင်း သားလက်နက်ကိုင် များ၏ စိတ်ဓာတ်ကို PDF လူငယ်တွေက အသုံးချခံသက်သက် ဆိုသည်ကို ရေရေ လည်လည် သိလာတဲ့အချိန်တွင် PDF တို့၏ တော်လှန်ရေး သေနတ်ပြောင်းဝက EAO များနှင့် မျက်နှာချင်း ဆိုင်လာလိမ့်မည် ဖြစ်သည်။ လက်ရှိ ကသာတိုက်ပွဲတွင် အညာသား PDF တွေသာ ရှေ့က အသက်ပေါင်း များစွာ အသေခံနေရသဖြင့် NUG ထိပ်ပိုင်းခေါင်းဆောင်များနှင့် KIA ကို အညာသား PDF တို့က မကျေမနပ် ဖြစ်လာနေကြလေသည်။
    ရှေ့တွင် လည်း မိုးကုတ်မြို့ကို အတူတိုက်ပွဲဝင် ပြီး TNLA က မိုးကုတ်ကို လက်နက်ချ အညံ့ခံ၍ အသာတကြည် ပေးလိုက်သည့် ဖြစ်စဉ်ကလည်း ဘာမျှမကြာသေး။ ထိုကဲ့သို့ တော်လှန်ရေးခေါင်းစဉ် တပ်ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်များ၏ အသုံးချခံသက်သက် ဖြစ်လာသည်ကို PDF များကလည်း မည်မျှ ရှည်ကြာစွာ အညာခံရနိုင်မည်နည်း။
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 4

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59767

© 2022 - 2026 News. All Rights Reserved.