မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့် နှင့် တွေ့ဆုံခြင်း

၂၀၂၆ ၊ ဇွန် ၄

    သက်တမ်း နှစ် ၂၀ ကျော်လွန် မော်တော်ယာဉ်ကို အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန်ပြင်ဆင်၍ မရနိုင်သည့်ယာဉ်များနှင့် ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း အနှစ် ၂၀ မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များအား အပ်နှံယာဉ်၏တန်ဖိုးနှင့်အညီ လျှပ်စစ်သုံးယာဉ် (EV) ယာဉ်များအား အစားထိုး လဲလှယ်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်ခဲ့သည်။
    အဆိုပါ အသိပေးကြေညာထုတ်ပြန်မှုအပြီးတွင် EV ကား ဈေးကွက်အခြေအနေနှင့်ပတ်သက်၍ မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး  ဦးကျော်စွာထွန်းမြင့်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို  ပြန်လည် ဖော်ပြ လိုက်ပါသည်။

TREND    ။    ။ သက်တမ်း အနှစ် ၂၀ မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုတဲ့ယာဉ်တွေကို EV ယာဉ်အစားထိုး လဲလှယ်ပေးမယ်ဆိုတဲ့ အသိပေးကြေညာချက်အပေါ်  ဘယ်လိုမြင်ပါသလဲ။ 
UKSHM    ။    ။
လက်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ၂၈ ရက်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်တစ်ခုထွက်တယ်။ အဲဒီထုတ်ပြန်ချက်က လူမှုကွန်ရက်မှာလည်း အသံတွေဆူပြီး အဖွဲ့တွေလည်း သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ ကွဲကုန်တယ်။ အဓိကတော့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုရယ်၊ EV တင်သွင်းရမယ်ဆိုတဲ့ မူဝါဒကတော့ ယခင်ရှိပြီးသားမူဝါဒကိုပဲ Hightlight ပြန်လုပ်တာပါ။ ဒါပေမဲ့ နှစ်မျိုးကွဲပြားတာတွေတော့ ရှိပါတယ်။ ပထမတစ်မျိုးက အပ်နှံလို့ ပြန်တင်သွင်းခွင့်ပြုမှာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပါ။ စိစစ်မှာက နိုင်ငံတော်အဆင့် ဦးဆောင်ကော်မတီပါ။ တကယ်တမ်း အပ်နှံဖို့ သင့်တယ်၊ မသင့်ဘူးဆိုတာက၊ အပ်နှံရင် ပုံစံ'ဃ'ထုတ်ပေးမယ်ဆိုတာက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနပါ။ အဲဒီတော့ သက်ဆိုင်ရာ ကဏ္ဍအလိုက်တွေ ရှိတယ်ဆိုတော့ ထုတ်ပြန်ချက်ကို ကြည့်မယ်ဆိုရင် Road Safety မဖြစ်တဲ့ကားတွေ၊ မီးခိုးအထွက် လွန်တဲ့ကားတွေ၊ ကြံ့ခိုင်မှုမရှိတဲ့ ကားတွေ၊ အနှစ် ၂၀ မပြည့်ပေမယ့်လည်း မိမိဆန္ဒအရ အပ်ချင်တဲ့ ကားတွေရှိရင် ဒါတွေကို အပ်နှံလို့ရပါတယ်။ အဲဒီအပေါ်မှာ ခွဲပြီးတော့ သုံးသပ်ဖို့တော့ လိုပါတယ်။ ကိုယ်လိုရာ ကိုယ်စွဲ ပြောပြီးတော့မှ အနှစ် ၂၀ ကား မှန်သမျှ အကုန်အပ်ရမယ်လို့ ပြောတဲ့အဖွဲ့တွေလည်း ရှိတယ်။ မအပ်ဘူးဆိုတဲ့ အဖွဲ့လည်းရှိတယ်။ ဒါတွေ အကုန်လုံးကို ပြောချင်တာကတော့ ထုတ်ပြန်လာတဲ့ အမိန့်‌ကြော်ငြာစာရဲ့ နောက်မှာ ပြောရရင်တော့ ဥပဒေရဲ့နောက်မှာ နည်းဥပဒေဖြစ်တဲ့ တိကျတဲ့ ညွှန်ကြားချက်၊ အမိန့်တွေ ဆက်ထွက်မယ်လို့ပဲ ထိရောက်တဲ့ မက်ဆေ့ချ်ပေးချင်ပါတယ်။ အဲဒါတွေရဲ့ နောက်မှာ ဘာတွေ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာလည်း ပါဝင်လာဦးမယ်လို့ ထင်ပါတယ်။ အခုချိန်မှာတော့ အနှစ် ၂၀ ကားက ကြံ့ခိုင်မှုလည်းရှိတယ်။ Road Safety လည်း ဖြစ်တယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ မှတ်ပုံတင်ခွင့်ပြုထားတဲ့ကားတွေ အကုန်လုံး မဖြစ်မနေအပ်ရမယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Road Safety ဖြစ်ပြီးသား၊ ကြံ့ခိုင်မှုရှိပြီးသား ကားအားလုံးကို အပ်ရမယ်လို့ မဆိုလိုဘူးလို့ ပြောလိုပါတယ်။ သဘောကတော့ ဒီနေ့ ယာဉ်မတော်တဆ မှုဖြစ်တယ်ဆိုပါစို့။ အနှစ် ၂၀ မပြည့်တော့ အပ်လို့မရဘူး။ အပ်လို့မရတော့ တိုက်ကြေနဲ့ အပ်ရမှာဆိုတော့ လည်း ပြင်ဆင်လိုက်ရင် သုံးလို့တော့ ရသေးတယ်။ တိုက်ကြေမဟုတ်ပြန်ဘူး။ အဲဒီလို ကားမျိုးကျတော့ မိမိဆန္ဒအရဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားတာပေါ့။ အဲဒီအတွက်ကို အားလုံးအဆင်ပြေအောင် သွားရ မယ်လို့မြင်ပါတယ်။ မိမိကား ကြံ့ခိုင်နေပြီးတော့မှ နှစ် ၂၀ အတွင်းမှာ ဝင်ပေမယ့်လည်း Road Safety ဖြစ်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ အစစ်ဆေးခံနိုင်မယ့် ကားမျိုးဆိုရင်တော့ မဖြစ်မနေ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနကို သွားအပ်ရမယ်ဆိုတဲ့ဟာက မဟုတ်ပါဘူးလို့ ပြောလိုပါတယ်။


TREND    ။    ။ လက်ရှိ EV ကားဈေးကွက် အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
UKSHM    ။    ။
EV ကားဈေးကွက်က အရှေ့အလယ်ပိုင်း ပဋိပက္ခဖြစ်တဲ့ အချိန်မှာတော့ ဈေးအမြင့် ဆုံးဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း နိုင်ငံတကာရဲ့ သွားတဲ့စနစ်တွေ၊ နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့ ထိန်းချုပ်လိုက်တဲ့အတွက် EV ကားဈေးက သူ့ရဲ့ နဂိုမူလအတိုင်း ပြန်ရောက်သွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ EV ကားဈေးကွက်က နဂိုရောင်းချနေတဲ့ ရောင်းခြင်း၊ ဝယ်ခြင်းဈေးနားမှာပဲ ရောင်းချနေတယ်လို့ပဲ မြင်ပါ တယ်။ မနေ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြော်ငြာစာရဲ့ နောက်မှာတော့ EV ကားဈေးက တက်မယ်၊ ကျမယ်လို့ ပြောနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ နောက် ဆက်တွဲအနေနဲ့ကအများ ကြီးဖြတ်ကျော်ရဦးမှာ ဖြစ်တဲ့အတွက် ချက်ချင်းကျလာမယ်၊ တက်လာမယ်လို့ ပြောနေကြတာကတော့ လေလှိုင်းထဲက အသံလို့ပဲ ပြောလို့ရပါတယ်။


TREND    ။    ။ ပြည်တွင်းမှာ EV ကား သုံးစွဲမှု အခြေအနေလေးနဲ့ ကားဈေးက ဘယ်လောက်အထိကို ဝယ်ယူသုံးစွဲမှုရှိလဲ၊ ဈေးနှုန်းလေးတွေကိုလည်း ပြောလို့ရရင် ပြောပြပေးပါဦး။ 
UKSHM    ။    ။
EV ကားသုံးစွဲမှုက ယခင်ထက် စာရင်တော့ များလာပါတယ်။ မြို့ပေါ်လူတန်းစားက အရင်က ရာခိုင်နှုန်း ၅၀ လောက် သုံးရင် အခုက ရာခိုင်နှုန်း ၈၀ လောက် သုံးပါတယ်။ စက်သုံးဆီ အခက်အခဲ ဖြစ်တဲ့အချိန် EV ကားသုံးတယ် ဆိုတာကလည်း တစ်စိတ်တစ်ဒေသရှိသလို EV ကားကလည်း အချိန်တစ်ခု ရောက်ရင်တော့ မြန်မာပြည်မှာ ဘယ်ခုနှစ်မှာတော့ EV ကား ဘယ်လောက်တင်သွင်းမယ်၊ ဘယ်ခုနှစ်မှာ SKD သွင်းမယ်ဆိုတဲ့ လမ်းပြမြေပုံကလည်း ချထားပြီးသားပါ။ အဲဒီအပေါ်မှာတော့ EV ကား စိတ်ဝင်စားပြီး သုံးစွဲလာမှု ပိုမို မြင့်မားနေတယ်လို့ ပြောလိုပါတယ်။ ဈေးနှုန်းကျတော့ EV ကား စတင်သွင်းတုန်းကတော့ အသစ်တစ်မျိုးတည်းကိုပဲ ဈေးကိုအတိအကျ ပြောလို့ရတယ်။ အခုချိန်မှာတော့ အသုံးပြုပြီးသား ကားတွေပါလာပြီဆိုတော့ ဘယ်လောက် ဈေးဖြစ်တာထက်စာရင် သုံးပြီးသားကားရော၊ အသစ်ကားရော တော်တော်များများ ဝယ်ကြပါတယ်။ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ သူတတ်နိုင်သလောက်ဈေးအပေါ်မှာ မူတည်ပြီးတော့ ဝယ်တယ်။ အနိမ့်ဆုံး EV ကားကတော့ ကျပ်သိန်းငါးရာနဲ့ တစ်ထောင်ကြားက စခဲ့တာကနေ အခု သိန်းခြောက်ထောင်၊ ခုနစ်ထောင်အထိ အရောင်းအဝယ် ဖြစ်ပါတယ်။


TREND    ။    ။ လောင်စာဆီသုံး ယာဉ်တွေရဲ့ သုံးစွဲမှုအခြေအနေပေါ်ရော ဘယ်လိုမြင်ပါသလဲ။
UKSHM    ။    ။
ဒီဇယ် ဓာတ်ဆီသုံးကားကတော့ လက်ရှိ မြို့ပေါ်လူတန်းစားအတွက်ကတော့ နောက်ငါးနှစ်နဲ့ ဆယ်နှစ်လောက် ကြာမယ်ဆိုရင်တော့ ရန်ကုန် မြို့လိုနေရာမျိုး၊ နေပြည်တော်လို နေရာမျိုးမှာ ဒီဇယ်၊ ဓာတ်ဆီသုံးတဲ့ကားက ရာခိုင်နှုန်း ၈၀ လောက် လျော့နည်းပျောက်ကွယ်သွားမယ်လို့ သုံးသပ်ပါ တယ်။ နောင်ငါးနှစ်နဲ့ ၁၀ နှစ်ကြားပေါ့နော်။ အဲဒီအချိန်ကျရင်တော့ နယ်ဘက်က ဒီဇယ်၊ ဓာတ်ဆီကား ပိုပြီး သုံံးလာနိုင်ပြီး မြို့ပေါ်က သုံးစွဲမှုနည်းလာနိုင်ပါတယ်။ ဆိုတော့ မြို့ပေါ်မှာ လုပ်ကိုင်သွားလာနေတဲ့ သူတွေကတော့ ဒီဇယ်၊ ဓာတ်ဆီကားကို အချိန်တစ်ခုရောက်ရင် ကျောခိုင်းစွန့်ခွာ သွားရမယ်လို့မြင်ပါတယ်။


TREND    ။    ။ EV ကားဈေးကွက် ရှေ့အလားအလာလေးကိုလည်း သုံးသပ်ပေးပါဦး။
UKSHM    ။    ။
EV က မြန်မာပြည်မှာဆိုတဲ့ ခေါင်းစဉ်အောက်ကို သွားနေတာ မဟုတ်ဘူး။ EV က တစ်ကမ္ဘာလုံးသွားနေတဲ့ Trend ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာကြီးပူနွေးမှု လျှော့ချတာ၊ သဘာဝပတ်ဝန်းကျင် လျှော့ချတာတွေကအစ လောင်စာဆီတွေအတွက်ကို EV က လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း EV ကားအကုန်လုံး သုံးလားဆိုတော့ အကုန်လုံး မသုံးသေးပါဘူး။ လောင်စာဆီ သုံးကား နဲ့ ရောသုံးနေတာပါ။ ဆိုတော့ ဒီနေ့ EV ကားကို စိတ်မဝင်စားသေးဘူးဆိုလည်း ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ နောက် သုံး၊ လေး၊ ငါးနှစ်နေလို့မှ စိတ်မဝင်စားသေးဘူး ဆိုရင်တော့ မြို့ပေါ်နေ လူတန်းစားအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ်။ နောင် ၁၀ နှစ်ဆိုရင် အခြေခံအဆောက်အအုံ တွေများလာပြီး နည်းပညာတွေ မြင့်လာမယ်။ EV Process တစ်ခုလုံး အောင်မြင်လာမယ်ဆိုတဲ့အခါကျရင် မြို့ပေါ်နေ လူတန်းစားတွေအားလုံးအတွက်က EV နဲ့ပဲ ရှင်သန်လုပ်ကိုင်ရလိမ့်မယ်လို့ ပြောလိုပါတယ်။


TREND    ။    ။ လက်ရှိမှာ EV ကား ပိုမိုအသုံးပြုနိုင်အောင် Plan ရေးဆွဲဆောင်ရွက်နေအပေါ်  အားသာချက်လေးတွေ ပြောကြားပေးပါဦး ။
UKSHM    ။    ။
ကျွန်တော်တို့တိုင်းပြည်မှာ EV ကားသုံးစွဲမှုက ၂၀၅၀ ပြည့်နှစ်မှာ ၁၀၀ ရာခိုင်နှုန်းပြည့်မီ အသုံးပြုဖို့ နည်းနည်းလေး လိုနေဦးမယ်လို့ သုံးသပ်မိတယ်။ အားလုံးကတော့ ဝိုင်းဝန်း ကြိုးစားနေတယ်။ သူများတိုင်းပြည်မှာ ၁၀၀ ရာခိုင်နှုန်းဖြစ်ရင် ကျွန်တော်တို့ တိုင်းပြည်က ၈၀ လည်းဖြစ်နိုင်သလို ရာခိုင်နှုန်း ၉၀ လည်း ဖြစ်နိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်းလည်းဖြစ်ရင် ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ နည်းနည်း လေးအားလုံး ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ ဦးဆောင်တဲ့ အစိုးရတစ်ရပ်တည်းမဟုတ်ဘဲ၊ သုံးစွဲတဲ့သူ၊ ဘေးနားမှာ တာဝန်ရှိတဲ့ သူတွေလည်းရှိတဲ့အတွက် အဲဒီသူတွေအကုန်လုံး ဝိုင်းဝန်းဆောင်ရွက်ရင်တော့ ရည်ရွယ်ထားတဲ့ သတ်မှတ်ချက်ပြည့်မီမယ်လို့ မြင်ပါတယ်။ လက်ရှိသွားနေတဲ့ အ တိုင်းအတာမှာတော့ လိုအပ်ချက်တွေ ရှိပါသေးတယ်။ နည်းပညာတွေကအစ လိုအပ်နေပါသေးတယ်။


TREND    ။    ။ ဖြည့်စွက်ပြောကြားချင်တာလေးရှိရင် ပြောပေးပါ။
UKSHM    ။    ။
မြို့ပေါ်မှာ ကားနဲ့ပတ်သက်လို့ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူပဲဖြစ်ဖြစ်၊ ကားအသုံးပြုတဲ့ လုပ်ငန်းလုပ်ကိုင်သူဖြစ်ဖြစ် ရန်ကုန်မြို့ပေါ်နဲ့၊ မန္တလေးလိုမြို့ပေါ်နဲ့ နေပြည်တော်လို မြို့ပေါ်တွေမှာ ဆက်လက်လုပ်ကိုင်မယ်ဆိုရင် ICE ဆိုတဲ့ အစွဲတစ်ခု တည်းနဲ့သွားရင် နောက်ထက် ငါးနှစ်နဲ့ ၁၀ နှစ်မှာ အခက်အခဲတွေ့နိုင်ပါတယ်။ အခုကတည်းက EV ရဲ့ ပတ်ဝန်းကျင်၊ EV ရဲ့အဝန်းအဝိုင်းကို လေ့လာ ထားဖို့ လိုအပ်ပါတယ်။   သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 26

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

62637

© 2022 - 2026 News. All Rights Reserved.