မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၂၆ ၊ မတ် ၅

ရိုးရာဓလေ့ အမွေအနှစ်တွေ ကမ္ဘာကိုချပြပြီး၊ စဉ်ဆက်မပြတ် ရှင်သန်သွားအောင် ဆက်လက်ထိန်းသိမ်းဖို့ရာ အားလုံးမှာ တာဝန်ရှိပါတယ် . . .   

ကမ္ဘာပေါ်ရှိ လက်ဖက်ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံ၏ လက်ဖက်ယဉ်ကျေးမှုမှာ ထူးခြားလှသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်ကို သောက်စရာအဖြစ်သာမက စားစရာအဖြစ်ပါ ထူးထူးခြားခြား သုံးဆောင်ကြသည့် နိုင်ငံအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။
    ယင်းသို့ ထူးခြားပြီး ရှေးယခင်ကတည်းက စားသုံးလာခဲ့သည့် မြန်မာ့လက်ဖက်ကို ယူနက်စကို လူသားမျိုးနွယ်စုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ လက်ဖက်ယဉ်ကျေးမှုအား ပြည်တွင်းနှင့် နိုင်ငံတကာမှသိရှိစေရေး၊ လက်ဖက်ယဉ်ကျေးမှု ပြန့်ပွားရေးအတွက် ရည်ရွယ်ဆောင်ရွက်နေမှု အခြေအနေများနှင့် လက်ရှိ မြန်မာ့သနပ်ခါးအား ယူနက်စကို တင်ပြထားသည့် အခြေအနေတို့ကို မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

TREND    ။    ။  မြန်မာ့လက်ဖက်ကို ယူနက်စကို လူသားမျိုးနွယ်စုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေလေး ပြောပြပေးပါဦး။
DSDK    ။    ။
ကျွန်မတို့ မြန်မာတွေအနေနဲ့ လက်ဖက်ကို ရေနွေးကြမ်း (Green Tea) အဖြစ်လည်း သောက်သုံးတယ်။ လက်ဖက်ရည်အချိုလည်း သောက်သုံးတယ်။ ဒါတင်မကဘဲနဲ့ ထူးထူးခြားခြားအနေနဲ့ လက်ဖက်စို စားသုံးတဲ့ဓလေ့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီကာလကတည်းက ရှိလာခဲ့တာ ဖြစ်တယ်လို့ သမိုင်းအထောက်အထားတွေအရ သိရပါတယ်။ လက်ဖက်စားသုံးတဲ့သူတွေက နိုင်ငံသားတိုင်းအား လုံးနဲ့ သက်ဆိုင်ပါတယ်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အလွှာမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ကျား,မ မရွေး အားလုံးစားသုံး ကြပါတယ်။ နောက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ လက်ဖက်ခြောက်ကို အမျိုးမျိုး စားသုံးကြပါတယ်။ ကျွန်မတို့ နိုင်ငံကကျတော့ လက်ဖက်စိုစားသုံးတဲ့ ဓလေ့က ထူးထူး ခြားခြား စားသုံးကြပါတယ်။ ရှေးအစဉ်အလာကတည်းက လက်ဖက်ကို စားသုံးတယ်ဆိုတာ ကျောက်စာတွေမှာ အခိုင်အမာ တွေ့ရပါ တယ်။ အဲဒီတော့ ကျွန်မတို့အနေနဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် စာရင်းဝင်နိုင်ရေး ယူနက်စကိုထံတင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။  

TREND    ။    ။ မြန်မာ့လက်ဖက်စားသုံးတဲ့ ဓလေ့ကို ယူနက်စကို တင်သွင်းရတဲ့ အဓိကရည်ရွယ်ချက်လေး သိပါရစေ။
DSDK    ။    ။
လက်ဖက်စားသုံးတဲ့ ဓလေ့က ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား အားလုံးကတော့ သိလည်းသိကြသလို နှစ်လည်းနှစ်သက်ကြပါတယ်။ အဲဒီဓလေ့ကို နိုင်ငံတကာကလည်း သိအောင် လုပ်ဆောင်သွားပါမယ်။ ယူနက်စကိုရဲ့ လူသားမျိုးနွယ်စုဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်နိုင်ရေးအတွက် ကျွန်မတို့ရဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်လည်းပဲ ယူနစ်စကို ရရှိခဲ့ပြီးပါပြီ။ နောက် လက်ဖက်စားသုံးတဲ့ ယဉ်ကျေးမှုအတွက်ကိုလည်း ရရှိစေလိုပါတယ်။ ဒီလိုမျိုး လက်ဖက် စားသုံး တဲ့ဓလေ့ဟာ အင်မတန်မှ ချစ်စရာလည်း ကောင်းသလို နှစ်သက်စရာလည်းကောင်းပါတယ်။ လက်ဖက်ကို စားသုံးတဲ့အခါမှာ တစ်ဦးတည်းသော်လည်းကောင်း၊ ဝိုင်းဖွဲ့ပြီးသော်လည်းကောင်း စားတယ်။ အလှူမင်္ဂလာဆောင်တွေမှာ ကျွေးတယ်။ ဘုန်းကြီးကျောင်းတွေမှာ စားတယ်။ လက်ဖက်ကို ထမင်းစားပြီးပဲ ဖြစ်ဖြစ်၊ ညအိပ်ခါနီးပဲဖြစ်ဖြစ် စားတာပါပဲ။ အချိန်မရွေး၊ နေရာ မရွေးစားကြတယ်။ အင်မတန်မှ ကောင်းမွန်တဲ့ ဓလေ့ဖြစ်ပါတယ်။ ဒါကြောင့်မို့ လက် ဖက်စားသုံးတဲ့ ဓလေ့ကို အမျိုးသားရေး တာဝန်အဖြစ် ထိန်း သိမ်းစောင့်ရှောက်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 

TREND    ။    ။ လက်ရှိမှာ မြန်မာ့လက်ဖက်ဟာ ယူနက်စကိုရဲ့ စံနှုန်းတွေနဲ့ကိုက်ညီမှု အခြေအနေ ဘယ်လိုရှိပါလဲ။
DSDK    ။    ။
ယူနက်စကို တင်တဲ့အခါမှာလည်း ယဉ်ကျေးမှုတစ်ခုစီ ဘယ်အကြောင်းအရာနဲ့မှ ပြတ်လပ်မသွားဘဲနဲ့ အမြဲတမ်း Sustainable Culture ဖြစ်နေရမယ်။ ပြီးရင် ကျားမတန်းတူ သက်ဆိုင်နေရမယ်။ အလွှာတွေ၊ အဆင့်အတန်းတွေလည်း ခွဲခြားမှုမရှိရဘူး။သူ့ကို စဉ်ဆက်မပြတ် နည်းမျိုးစုံနဲ့ ထိန်းသိမ်း စောင့်ရှောက်လာလို့ အခုချိန်ထိပါလာတဲ့ ယဉ်ကျေးမှုဖြစ်နေရမယ်။ အဲဒီလိုမျိုးဖြစ်နေမယ်ဆိုရင် ယူနက် စကိုကို တင်ပြတဲ့နေရာမှာ အလားအလာရှိတယ်။ လက်ဖက်စားသုံးတဲ့ ဓလေ့ကို ပြန်သုံးသပ်တဲ့အခါမှာ သိပ်ကို နှစ်သက်စရာကောင်းတဲ့ အချက်အလက်တွေက ယူနစ်စကို သတ်မှတ်တဲ့ စံနှုန်းတွေထက်တောင်မှ သာလွန်နေတာ တွေ့ရတယ်။ အဲဒါဘာလဲဆိုရင် လက်ဖက်က တောင်ပေါ်ဒေသက ရရှိတာပါ။ ပင်လယ်ရေမျက်နှာပြင် အထက်မှာ လက်ဖက်ပင်တွေ ပေါက်ရောက်တယ်။ ရှေးယခင်ကတည်းက ပေါက် ရောက်တဲ့ လက်ဖက်ပင်တွေ ရှိတယ်။ နောက်ပိုင်းစိုက်ပျိုးတဲ့ လက်ဖက်ပင်တွေ ရှိတယ်။ အဲဒီလို တောင်ပေါ်ဒေသက ရရှိတဲ့ လက်ဖက်က သူ့ချည်းပဲစားတာ မဟုတ်ပါဘူး။ လက်ဖက်စိုကို စားဖို့အတွက်က ဒီမြေပြန့်ဒေသမှာ ရရှိတဲ့ ပဲဆီ၊ နှမ်းဆီ ဒါနဲ့နယ်ပြီး စားကြတယ်။ တချို့ကတော့ လက်ဖက်သုပ်အနေနဲ့ အကြော် မျိုးစုံနဲ့ စားကြတာဆိုတော့ လက်ဖက်သုပ်ကောင်းတစ်ခု စားဖို့ဆိုတာ မြေပြန့်နဲ့ တောင်ပေါ် နဲ့ပေါင်းမှ စားလို့ရတာပါ။ ယူနက်စကိုကို တင်ပြဖို့အတွက်လည်း အချိန်က နီးကပ်နေပြီ။ ယူနက်စကိုရဲ့ သတ်မှတ် ထားတဲ့အတိုင်း ပညာပေးရပါမယ်။ ပြည်သူတွေကလည်းပဲ သိရှိနားလည်ရမယ်။ နေ့စဉ်စားသုံးနေတဲ့ ဒီအစားအစာလေးတစ်ခု ရှိသော်ငြားလည်းပဲ ကျွန်မတို့နိုင်ငံအတွက် အင်မ တန်မှ အရေးပါသော အစား အစာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်ပါတယ်ဆိုတာကို သိစေချင်ပါတယ်။

TREND    ။    ။ ဒီလိုမျိုး ယူနက်စကိုတင်သွင်းဖို့အတွက် မြန်မာ့လက်ဖက်နဲ့ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ်ဖြစ်စေဖို့ ဘယ်လိုမျိုးဆောင်ရွက်လျက်ရှိပါသလဲ။ 
DSDK    ။    ။
မြန်မာ့လက်ဖက်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်နိုင်ရေး ယူနက်စကိုကို တင်သွင်းဖို့ အထောက်အကူအဖြစ် မြန်မာ့လက်ဖက်ပွဲတော်ကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့နဲ့ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့ ပူပေါင်းပြီးတော့ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၄ ရက်ထိ ရန်ကုန် မြို့ရှိ စိမ်းလန်းစိုပြည်ပန်းခြံမှာ ကျင်းပခဲ့ပါတယ်။ အဲဒီပြပွဲမှာလည်း လက်ဖက်နဲ့ ပတ်သက်သည့် အစား အစာတွေ၊ လက်ဖက်နဲ့ပတ်သတ်တဲ့ စကားဝိုင်းတွေ ပြုလုပ်ခဲ့ပါတယ်။  

TREND    ။    ။ မြန်မာ့သနပ်ခါးနဲ့ ပတ်သက်ပြီးတော့လည်း ယူနက်စကိုစာရင်းဝင်ဖို့ ဆောင်ရွက်ခဲ့တယ်။ အဲ့ဒီအခြေအနေလေးကိုလည်း သိချင်ပါတယ်။
DSDK    ။    ။
မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ပေးဖို့ ယူနက်စကို ကိုစာရင်းတင်ထားတာက လာမယ့် ဒီဇင်ဘာလမှာ အဖြေသိရနိုင်ပါတယ်။ မြန်မာ့သနပ်ခါးနဲ့ ပတ်သက်ပြီးတော့လည်း ယူနက်စကို တင်ဖြစ်ပါတယ်။ ကျွန်မတို့ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာ သနပ်ခါးပွဲတော်ကို ကျင်းပပါတယ်။ ပြည်သူအားလုံးလည်း စိတ်ဝင်စားအောင် ကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က UNESCO ရဲ့ ICH စာရင်းဝင်နိုင်ဖို့ သွေးချင်းစုံသနပ်ခါးသဘင်ဆိုတဲ့ သနပ်ခါးပွဲတော်နဲ့ သနပ်ခါးသရုပ်ဖော်ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ် မတ်လဆန်းပိုင်းမှာတော့ UNESCO စာရင်းဝင်ဖို့ တင်ပြနိုင်ခဲ့တယ်။
    သနပ်ခါးဟာ မြန်မာလူမျိုးတွေ နေ့စဉ်နဲ့အမျှ လိမ်းခြယ်လေ့ရှိပြီး ရိုးရာယဉ်ကျေးမှုတစ်ခုအဖြစ် ဆင်းသက်လာကာ မြန်မာလူမျိုးတို့ တန်ဖိုးထားမြတ်နိုးတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ယဉ်ကျေးမှုတွေကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းကြရာမှာ မြန်မာ နိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းမှာ ပထမဆုံး ပါဝင်နိုင်ခဲ့ပါတယ်။ နောက်ထပ်လည်း ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ဆောင် ရွက်နေတာတွေလည်း ရှိပါတယ်။ ခြင်းလုံးအားကစား ကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်နေပါတယ်။ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ယူနက်စကိုတင်ပြမယ်ဆိုရင် ကျွန်မတို့က မတ်လမှာအကုန်အပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာလက်ဖက်ကိုလည်း မတ်လမှာအပြီး ဆောင်ရွက်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။

TREND    ။    ။ ဖြည့်စွက်ပြောချင်တာများရှိပါသလား။
DSDK    ။    ။
ဒီလိုမျိုး လက်ဖက်စားသုံးတဲ့ ဓလေ့ဟာ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေ အားလုံးကတော့ သိနေပြီဖြစ်ပါတယ်။ ဒီလိုမျိုး ဓလေ့ကို ကမ္ဘာကိုလည်း ချပြချင်တယ်။ ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှု ထက် ကျော်လွန်ပြီးတော့မှ ယူနစ်စကိုရဲ့ လူသားမျိုးနွယ်စု ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်နဲ့ ရရှိဖို့ကို လုပ်ဆောင်သွားပါမယ်။ အဲဒါပြီးသွားရင်တော့ ကိုယ့်အမွေအနှစ်လေးဟာ ဘယ်လောက်နှစ်သက်ဖွယ် ကောင်းသွားမလဲပေါ့။ ဒီအမွေအနှစ်လေးကို စဉ်ဆက်မပြတ် ရှင်သန်သွားအောင် ဆက်လက် ထိန်းသိမ်းဖို့ရာ အားလုံးမှာ တာဝန်ရှိတယ်ဆိုတာကို ပြောကြားလိုပါတယ်။                                       
(သက်မှူး )
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 27

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60663

© 2022 - 2026 News. All Rights Reserved.