၂၀၂၆ ၊ ဇူလိုင် ၂
အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ (International Maritime Organization-IMO) ၏ ဦးဆောင်လမ်းညွှန်မှုအရ ကမ္ဘာတစ်ဝန်းတွင် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ကို ကျင်းပသကဲ့သို့ ပြည်တွင်းတွင်လည်း ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand ဟိုတယ်တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားနှင့်ပတ်သက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်နှင့် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်းအောင်တို့အား တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ ဒီအခမ်းအနားနဲ့ ဒီနှစ်ရဲ့ ဆောင်ပုဒ်တစ်ခုရွေးချယ်ပြီး ကျင်းပတဲ့အပေါ်ကို ပြောပေးပါဦး။
Dr .KKN ။ ။ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့(IMO)ဟာ ၂၀၁၁ ကစပြီးတော့ ပင်လယ်ကူး သင်္ဘောသားတွေ ကုန်သွယ်မှုပြုဖို့ သင်္ဘောသားတွေရင် ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပြဿနာတွေကို မီးမောင်းထိုးပြဖို့ ပင်လယ်ပြင်မှာ အသက်အန္တရာယ် ကင်းရှင်းရေး၊ လုံခြုံ ရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဆိုင်ရာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဆောင်ပုဒ်တစ်ခု ရွေးချယ်ပြီး အခမ်းအနားတွေကို ရွေးချယ်ခဲ့ပါ တယ်။ ဒီနှစ် ဆောင်ပုဒ်ကတော့ Carry World Trade Carrying the Risk ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်မှုလည်ပတ်ရေး အန္တရာယ်ကြားက ပို့ဆောင်ပေးဆိုတဲ့ အဓိပ္ပာယ်လို့ ယူဆပါတယ်။ ဒီနှစ်အတွက်ဆောင်ပုဒ်ဟာ မြန်မာနိုင်ငံနဲ့ အလွန်သက်ဆိုင်တဲ့ ဆောင်ပုဒ်တစ်ခုလို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံဟာ ရေမိုင် ၁၂၆၀ ရှိတဲ့ ကမ်းရိုးတန်းအရှည်ကို ပိုင်ဆိုင်ပြီး ပင်လယ်သမုဒ္ဒရာနဲ့လည်း ထိစပ်နေပါတယ်။ ပြီးတော့ ပို့ကုန်သွင်းကုန်၊ ကုန်သွယ်မှုအများစုဟာဆိုရင်လည်း ပင်လယ်ရေကြောင်းကနေ တိုက်ရိုက် အားထားနေရတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း သောင်းနဲ့ချီတဲ့ မြန်မာသင်္ဘောသားတွေဟာ သက်ဆိုင်ရာနေရာတွေမှာ တာဝန်အသီးသီး ထမ်းဆောင်နေကြပါတယ်။

USMA ။ ။ ကမ္ဘာ့စီးပွားရေးလည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကုန်စည်များ စားနပ်ရိက္ခာများနဲ့ စွမ်းအင်တွေကို ပင်လယ်သမုဒ္ဒရာများ ဖြတ်ကျော်သယ် ယူပို့ဆောင်ပေးနေပြီး စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့ ကမ္ဘာ့သင်္ဘောသားနှစ်သန်းကျော်ထဲမှ အထူး သဖြင့် မြန်မာပင်လယ်ကူးသင်္ဘော သားများရဲ့ ပေးဆပ်မှု၊ ကျွမ်းကျင်မှုနှင့် အနစ်နာခံမှုများကို အလေးအနက် တန်ဖိုးထားဂုဏ်ပြုဖို့အတွက် ဒီကနေ့ အထိမ်းအမှတ် အခမ်း အနားကျင်းပတာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့(IMO) အနေနဲ့ ယခုခေတ် ကာလနဲ့ အလွန်ကို ကိုက်ညီပြီး Carry World Trade Carrying the Risk ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ဟာ ယနေ့ခေတ် ပင်လယ်ကူးသင်္ဘောသားတစ် ဦးရဲ့ဘဝ အဓိပ္ပာယ်ကို ကမ္ဘာကသိအောင် အလေးအနက် ဖော်ပြနေတာဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးစီးဆင်းမှု ဆိုတာ အလိုအလျောက်ဖြစ်ပေါ်လာတာမဟုတ်ဘဲ ကုန်ပစ္စည်းတိုင်း၊ ကုန်သေတ္တာတိုင်း၊ စွမ်းအင်သယ်ယူ မှုတိုင်းရဲ့ နောက်ကွယ်မှာ ကုန်စည်တွေကိုသာမကဘဲ လူသားမျိုး နွယ်တစ်ခုလုံးအတွက် ကြီးမားလှတဲ့ စွန့်စားမှု ဘေးအန္တရာယ်တွေကိုပါ ကိုယ်စား ထမ်းပိုးပေးနေကြတဲ့ ပင်လယ်ကူး သင်္ဘောသားများ ရှိနေ တယ်ဆိုတာကို ကမ္ဘာကြီးကို သတိပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။
TREND ။ ။ သင်္ဘောသားတွေရဲ့ စိန်ခေါ်မှုတွေအနေနဲ့ ပြောပြပေးပါဦး။
Dr .KKN ။ ။ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ကွင်းဆက်ကြီး စဉ်ဆက်မပြတ် လည်ပတ်နေဖို့အတွက် ကမ္ဘာ့ကုန်စည်ပို့ဆောင်ရေးရဲ့ နောက်ကွယ်မှာ မြန်မာသင်္ဘောသားတို့ရဲ့ သွေးချွေးတွေ၊ ကြိုးစားအားထုတ်မှုတွေ၊ အနစ်နာခံမှုတွေအားလုံး ပါဝင်ပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း တစ်ဖက်မှာကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒီနေ့ကမ္ဘာကြီးကို ကြည့်မယ်ဆိုရင် ပထဝီနိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာ နေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါ့အပြင် ပင်လယ်ပြင် ရေကြောင်းဆိုင်ရာ ခြိမ်းခြောက်ခံနေရသလို ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့်လည်း သဘာဝဘေး အန္တရာယ်တွေ၊ မုန်တိုင်းတွေက ပိုမို ပြင်းထန်လာနေပါတယ်။ ဘေးအန္တရာယ်နဲ့ စိန်ခေါ်မှုတွေကြားက ကမ္ဘာ့ကုန်သွယ်ရေးကွင်းဆက်ကြီးကို မရပ်မနား စဉ်ဆက်မပြတ် လည်ပတ်နိုင်အောင်လို့ စွမ်းစွမ်းတမံ ဆောင်ရွက်နေကြတာတွေဟာ ကျွန်တော်တို့ရဲ့ ပင်လယ်ကူးသင်္ဘောသားတွေလည်း ဖြစ်ပါတယ်။
TREND ။ ။ မြန်မာသင်္ဘောသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ပတ်သက်တဲ့ အခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
Dr .KKN ။ ။ မြန်မာသင်္ဘောသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုအခြေအနေများကို ကြည့်မယ်ဆိုရင်လည်း ယနေ့အချိန်မှာ တော်တော်လေးကို ပြီးမြောက်အောင်မြင်နေပြီလို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက နိုင်ငံတကာအသိုက်အဝန်းရဲ့ သင်္ဘောလိုင်းအသီးသီးမှာ တာဝန်ထမ်း ဆောင်နေကြတဲ့ မြန်မာသင်္ဘောသားဦးရေဟာ နှစ်သောင်းကျော် ရှိခဲ့ပါတယ်။
ဒီလိုနဲ့ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်မှာ ၂၇၇၁၄ ဦးထိ သိသိသာသာ တိုးတက်မြင့်မားလာခဲ့ပါတယ်။ ဒါပေမဲ့လည်း မမျှော်လင့်ဘဲ ကြုံ တွေ့လိုက်ရတဲ့ ကိုဗစ်-၁၉ ကပ်ရော ဂါဆိုးကြီးကြောင့် ကမ္ဘာ့ရေကြောင်းလောကကြီး လုပ်ငန်းတစ်ခုလုံးကို ခက် ခဲစေခဲ့ပါတယ်။ အဲဒီလိုမျိုး ရိုက်ခတ်မှုတွေကြောင့် သင်္ဘောပေါ်မှာ ထမ်းဆောင်နေတဲ့ သင်္ဘောသားဦးရေ ဟာ ၂၂၃၁၇ ဦးထိ ပြန်လည်ကျဆင်းသွားပါတယ်။ ဒီလိုကျဆင်းသွားတဲ့အတွက် ရေကြောင်းလုပ်ငန်းရဲ့ အနာဂတ်ကို စိုးရိမ်ပူ ပန်မှုတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း ရေကြောင်းပညာ သင်တန်းကျောင်းတွေ၊ သင်္ဘောသား အသင်းအဖွဲ့တွေဟာ စိတ်ဓာတ်မကျဘဲ တောက်လျှောက် ကြိုးပမ်းခဲ့ကြပါတယ်။ အဓိကတော့ မြန်မာ သင်္ဘောသားတွေ ကိုယ်တိုင်က စိတ်ဓာတ်၊ ဇွဲမလျှော့မပေး၊ အရှုံးမပေးဘဲ ကြိုးစားခဲ့ကြသလို ဌာနတွေအနေနဲ့ကလည်း သင်္ဘောသားတွေအတွက် အွန်လိုင်းသင်တန်းတွေ ဖွင့်လှစ်ပေးတာ၊ သက်တမ်းတိုးလုပ်ငန်းစဉ်တွေကို အချိန်နဲ့တစ်ပြေးညီ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဒီလိုအဘက်ဘက်က ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ သင်္ဘောသားဦးရေဟာ ပြန်လည်ဦးမော့လာခဲ့ပြီး သင်္ဘောသားဦးရေ ပိုမိုများပြားလာတာကို တွေ့ရှိရပါတယ်။

TREND ။ ။ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်အနေနဲ့ ဆောင်ရွက်နေမှု အပိုင်းလေးကိုလည်း ပြောပြပေးပါဦး။
USMA ။ ။ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်အနေနဲ့ အန္တရာယ်ကြီးမားတဲ့ ယခုလိုလုပ်ငန်းခွင် ပတ်ဝန်း ကျင်မှာ ပင်လယ်ကူး သင်္ဘောသားတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်တွေကို ကျွန်တော်တို့ရဲ့ အဖွဲ့ချုပ်ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့အညီ ခိုင်မာစွာဆောင်ရွက်လျက်ရှိပါ တယ်။ ကျွန်တော်တို့ရဲ့ အဓိကတာဝန်ဟာ မြန်မာပင်လယ်ကူးသင်္ဘော သားများရဲ့ ပရော်ဖက်ရှင်နယ်ဆိုင် ရာ ရပိုင်ခွင့်များ၊ အလုပ်အကိုင် မျှတမှုများနဲ့ ပင်လယ်ကူးသင်္ဘောများရဲ့ လူမှုဖူလုံရေးကို ပြည်တွင်းမှာသာကမဘဲ နိုင်ငံတကာ စင်မြင့်ထက်အထိ ကာကွယ်စောင့်ရှောက်မြှင့်တင်ပေးဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တိုင်းဟာ ပင်လယ်ကူးသင်္ဘောသားများရဲ့ အခွင့် အရေး ပဋိညာဉ်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)မှ ပြဋ္ဌာန်းထားတဲ့ ပင်လယ်ရေကြောင်းအလုပ် သမားဆိုင်ရာ စည်း မျဉ်းအပေါ်မှာ အခြေခံထားပါတယ်။ MLC ၂၀၀၆ ဟာ တရားမျှတတဲ့ အလုပ်အကိုင်စာချုပ်တွေ၊ ကောင်းမွန်တဲ့နေထိုင်လုပ်ကိုင်မှု အခြေအနေတွေ၊ ဆေးဝါးကုသခွင့်နဲ့ လူမှုဖူလုံရေးအကာအကွယ်တွေကို အာမခံ ချက်ပေးထားပါတယ်။ ကမ္ဘာကြီးရဲ့ ကုန်သွယ်မှုကို သယ်ယူပို့ဆောင်ပေးနေစဉ်အတွင်း မည်သည့် မြန် မာပင်လယ်ကူးသင်္ဘောသားတစ်ဦးမျှ လုပ်အားခေါင်းပုံ ဖြတ်ခံရခြင်း သို့မဟုတ် စွန့်ပစ်ခံရခြင်းမရှိစေဖို့ MLC ၂၀၀၆ ဟာ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့စံနှုန်းတစ်ခုအဖြစ် အမြဲရှိနေမှာဖြစ်ပါတယ်။ ဒီ ၂၀၂၆ အပြည်ပြည်ဆိုင်ရာ သင်္ဘောသားများနေ့ (Day of the Seafarer 2026) ဟာ သာမန်အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုကို ဂုဏ်ပြု ရုံတင်မကဘဲ ကမ္ဘာ့စီးပွားရေးယန္တရားကြီးတစ်ခုလုံးရဲ့ အသက်သွေးကြောဖြစ်တဲ့ ပင်လယ်ကူးသင်္ဘောသားတွေကို အသိအမှတ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
ခိုင်သူဇာ
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၄ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )