၂၀၂၆ ၊ မတ် ၂၇
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)နှင့် ရန်ကုန်စီးတီး တက္ကစီအသင်း(YCTA)တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ခေတ်မီမြို့ပြအင်္ဂါရပ်နှင့် လျော်ညီသော လူစီးသုံးဘီးယာဉ် သယ်ယူပို့ဆောင်ရေးစနစ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို မတ် ၂၀ ရက်က ရန်ကုန်မြို့ ပါရမီဟိုတယ်တွင် ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာနယ်နိမိတ် ဧရိယာပြင်ပ ၁၃ မြို့နယ်တွင် လူစီးသုံးဘီးယာဉ် သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်၍ Bajaj လူစီးသုံးဘီးကုမ္ပဏီ Project Manager ဦးမျိုးသီဟ နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြလိုက်ပါသည်။
TREND ။ ။ ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ် ဧရိယာပြင်ပ မြို့နယ် ၁၃ မြို့နယ်မှာ ခေတ်မီမြို့ပြ အင်္ဂါရပ်နှင့် လျော်ညီသော လူစီးသုံးဘီးယာဉ် သယ်ယူပို့ဆောင်ရေးစနစ်ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲ ကျင်းပဖြစ်ပုံလေး ပြောပြပေးပါဦး။
UMTH ။ ။ အဓိက ရည်ရွယ်ချက်ကတော့ တိုင်းဒေသကြီးအစိုးရရဲ့ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ အဆင်ပြေချောမွေ့စေဖို့ ခွင့်ပြုပေးခဲ့တဲ့အပေါ်မှာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)နှင့် ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA)တို့၏ ကြီးကြပ် လမ်းညွှန်မှုနဲ့အတူ ကုမ္ပဏီက လိုက်ပါပြီးတော့ စနစ်ကျတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေး စနစ်တစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့မှုအတွက် ရည်ရွယ်ပါတယ်။ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေး ရှင်းလင်းတင်ပြတဲ့ စကားဝိုင်းလေးတစ်ခု လုပ်ခဲ့တာ ဖြစ်ပါတယ်။
TREND ။ ။ ဘယ်လို အကြောင်းအရာတွေကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့တာလဲဆိုတာလည်း ရှင်းပြပေးပါဦး။
UMTH ။ ။ စကားဝိုင်းဆွေးနွေးပွဲမှာဆိုရင် စနစ်ကျတဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ပါဝင်ဆောင်ရွက်မှု အခြေအနေတွေကို နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်အပေါ် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)၊ ရန်ကုန်စီးတီးတက္ကစီအသင်း (YCTA) နဲ့ Bajaj သုံးဘီး ကုမ္ပဏီတို့ကနေပြီးတော့ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်မှု တင်ပြဆွေးနွေးခဲ့ပါ တယ်။ နောက်ပြီး စနစ်ကျလာတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်ပြင်ပ မြို့နယ်တွေမှာဆိုရင် ပြေးဆွဲမှုတွေက စနစ်ကျလာတယ်။ သူ့ဟာသူ အသင်းအဖွဲ့လေးတွေနဲ့ နေတတ်လာတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စနစ်တကျပြေးဆွဲလာနိုင်တယ်။ အောင်မြင် မှုရလာ တယ်ဆိုတဲ့အခြေအနေကို မြင်ပါတယ်။ ဒီဟာကို စံနမူနာယူပြီးတော့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ အညီ ဆောင်ရွက်နိုင်ဖို့၊ ကျွန်တော်တို့ဘက်ကလည်း ဝယ်ယူသူတွေကို လက်တင်စီး မောင်းနှင်လို့ရတဲ့ အခြေအနေအထိကို လိုင်စင်တစ်ခုတည်းမဟုတ်ဘဲနဲ့ လုပ်ငန်းလိုင်စင်၊ အသင်းရဲ့ အသင်းဝင်ကြေး၊ မှတ်ပုံတင်ကြေးတွေ အထိပါ အကုန်အကျခံပြီးတော့ မြေပြင်ထိ ကွင်းဆင်း ဆောင် ရွက်ပေးနေတာ ဖြစ်ပါတယ်။ မိမိရဲ့ မိသားစုဝင်ငွေကို လျော့ပါးမသွားဘဲ စိတ်အေးချမ်းသာစွာ ရှာဖွေပေးနေတယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ လူစီးသုံးဘီးယာဉ်လေးတွေ မြန်မာပြည်မှာရှိနေတယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် လုံခြုံစိတ်ချရသော သယ်ယူပို့ဆောင် ရေးစနစ်တစ်ခုကို အခု ပုံဖော်လာတဲ့အချိန်မှာ သုံးစွဲသူတွေရဲ့ အသံရော၊ မောင်းနှင်သူတွေရဲ့ အသံမှာပါ ကြိုက်နှစ်သက်မှုရှိတယ်။ စိတ်ကျေနပ်မှုရှိတယ်ဆိုတဲ့ အသံကို ကြားရတဲ့အတွက်ကြောင့် လူစီးသုံးဘီးယာဉ် တွေများများ ရှိလာခြင်းအားဖြင့် ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။
TREND ။ ။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေးစနစ်မှာ လူစီးသုံးဘီးယာဉ်တွေ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ြေြေြ ဆောင်ရွက်နေမှု အခြေအနေလည်း သိပါရစေ။
UMTH ။ ။ ကျွန်တော်တို့အနေနဲ့ ဒေသတွင်းမှာရှိတဲ့ အခြေခံပြည်သူလူထုတွေ အလုပ်အကိုင်အခွင့် အလမ်းရရှိဖို့၊ မိသားစုဝင်ငွေရရှိဖို့ ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချဖို့၊ ဘာပဲပြောပြော ဆီစားနှုန်းသက်သာတဲ့အတွက်ကြောင့် စက်သုံးဆီချွေတာရေးမူဝါဒတွေနဲ့ရော အများကြီး အကျုံးဝင်တဲ့အတွက် ဒါကို ဝယ်ယူသုံးစွဲခြင်းအားဖြင့် ဒေသတွင်းမှာရှိနေတဲ့ တရားမဝင်ဘေးတွဲယာဉ်တွေ၊ ကြံ့ခိုင်မှုအားနည်းတဲ့ ယာဉ်တွေထက်စာရင် အဲ့ဒီနေရာမှာ ဒီဟာလေးတွေကို အစားထိုးနိုင်ရေးအတွက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီ လူစီးသုံးဘီးယာဉ်တွေကိုလည်း ဒေသတွင်းမှာ ဝယ်ယူနိုင်တဲ့အထိကို အနည်းဆုံးနှုန်းထားတွေနဲ့ ပေးသွင်းပြီးတော့ အသွင်ကူးပြောင်းနိုင်ဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ နောက်ပြီး ယာဉ်တန်ဖိုးရဲ့ ရာခိုင်နှုန်း ၃၀ ပေးသွင်းရုံနဲ့ ယာဉ်တစ်စီး ပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးဖြစ်ပါတယ်။ အတိုးနှုန်း သက်သာပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကွပ်ကဲမှုအောက်မှာရှိတဲ့ ချေးငွေကုမ္ပဏီ တွေဖြစ်တဲ့အတွက်ကြောင့် အာမခံခိုင်မာတဲ့အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် လူစီး သုံးဘီးယာဉ်တွေကို ပိုင်ဆိုင်ခြင်းအားဖြင့် လုပ်ငန်းသစ်တစ်ခုကို ရဲရဲအကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ တယ်။
TREND ။ ။ တစ်နိုင်ငံလုံးမှာ Bajaj လူစီးသုံးဘီးယာဉ်အနေနဲ့ ဘယ်လိုပုံစံမျိုး ဖြန့်ချိပေးနေလဲ၊ ကိုယ်စားလှယ်ယူချင်သူတွေအတွက်ရော ဘယ်လိုမျိုး ဆောင်ရွက်ပေးနေလဲဆိုတာလည်း ရှင်းပြပေးပါဦး။
UMTH ။ ။ ကျွန်တော်တို့ လူစီးသုံးဘီးယာဉ်တွေကို တစ်နိုင်ငံလုံးမှာ ဖြန့်ချိထားတာကတော့ ကိုယ်စားလှယ်ပေါင်း ၈၄ ဦးရှိပါတယ်။ ကိုယ်စားလှယ်ထပ်မံပြီး တော့ လျှောက်ထားမယ်ဆိုရင် ဒေသပေါ် မူတည်တာပေါ့။ ဒီဒေသမှာ ကိုယ်စားလှယ်ရှိနေပြီဆိုရင် နောက်တစ်မျိုးကို စဉ်းစားတာပေါ့၊ ခန့်ထားပြီး သားကိုယ့်စားလှယ်က တစ်မြို့လုံးကိုခြုံပြီး ဈေးကွက်မရရှိသေးဘူးဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့ပေး တာပေါ့။ ဒီလိုမျိုးတွေတော့ ရှိပါတယ်။ ကုမ္ပဏီအရောင်းပြခန်းက ငါးခုရှိတယ်။ မန္တလေး၊ နေပြည်တော်၊ ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်မှာ ကုမ္ပဏီကိုယ့် ပိုင် Show Room ဖွင့်ထားတယ်။ ကျွန်တော်တို့က ကိုယ် စားလှယ်တွေထားတယ်ဆိုပေမယ့် ဈေးနှုန်းကိုတော့ ကုမ္ပဏီဈေးအတိုင်းပဲ ရောင်းချရတာပါ။ အပြောင်း အလဲမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့က ဝယ်ယူသူတွေအနေနဲ့ အရစ်ကျစနစ်နဲ့ ဝယ်ယူမယ်ဆိုလည်း Down Payment စနစ်နဲ့ ရာခိုင်နှုန်း ၃၀ ပေးသွင်းပြီးတော့လည်း ဝယ်ယူနိုင်ပါတယ်။
TREND ။ ။ ငွေချေးလုပ်ငန်းတွေအနေနဲ့ ဘယ်နှခုလောက်ချိတ်ဆက်ထားပြီး ဆောင်ရွက်နေလဲဆိုတာကိုလည်း ပြောပြပေးပါဦး။
UMTH ။ ။ ကျွန်တော်တို့နဲ့ ချိတ်ဆက်ထား တာကတော့ Down Payment ငါးခုလောက် ရှိပါတယ်။ Lose၊ မဟာဘောဂ စတဲ့ ငွေချေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်ထားပါတယ်။ ငွေချေးလုပ်ငန်းတွေက တချို့ဒေသတွေမှာ ခွင့်ပြုပေမယ့် တချို့ဒေသတွေမှာ ခွင့်မပြုတာတွေ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က သုံးစွဲသူ ပြည်သူတွေ စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အခွင့်အရေးကို ရွေးချယ်နိုင်ပါတယ်။ ဒီတစ်ခုမကြိုက်ရင် နောက် တစ်ခုရွေးချယ်နိုင်ပြီး ဝယ်ယူလို့ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဝယ်ယူ မယ်ဆိုရင်တော့ စာရွက်စာ တမ်းနဲ့ အာမခံတစ်ယောက် လိုအပ်ပါတယ်။ ကျွန်တော်တို့ အားသာချက်ကတော့ စောစောက ပြောထားသလို စည်ပင်သာယာဧရိယာပြင်ပ ၁၃ မြို့နယ်မှာဆိုရင် လူစီးသုံးဘီးယာဉ် ပြေးဆွဲမှုတွေက စနစ်တကျ ဆောင်ရွက်လာနိုင်တယ်။ အသင်းအဖွဲ့လေးတွေနဲ့ နေတတ်လာတယ်။ ယာဉ်စည်းကမ်းလမ်းစည်း ကမ်း ကို သိရှိနားလည်ပြီး အောင်မြင်မှု ရရှိလာတယ်။ ဒါကို စံနမူနာယူပြီးတော့ နောက်မှာ ဒီဘီးလေးကို ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ ကျွန်တော်တို့ကလည်း ဝယ်ယူသူတွေကို လိုင်စင်တစ်ခုတည်း မဟုတ်ပါဘူး။ လုပ်ငန်းလိုင်စင်၊ အသင်းဝင်ကြေး၊ မှတ်ပုံတင်ကြေးတွေ စသည့် မြေပြင်အထိ ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
TREND ။ ။ အခုနောက်ပိုင်းမှာ လူစီးသုံးဘီးတွေကို အသုံးပြုသူ များပြားလာတယ်နော်။
UMTH ။ ။ လူစီးသုံးဘီးက အဝယ်များတယ်။ ပစ္စည်းပျက်တာတွေရှိတယ်။ အခု မန္တလေးမှာ ရွှေပဲ ဝယ်လို့ရတယ်။ လူစီးသုံးဘီးကို ဝယ်လို့မရဘူး။ နှစ်လလောက် စောင့်ရတယ်။ မန္တလေးက အဝါရောင် တစ်မျိုးတည်း သုံးရတာဆိုတော့ ပိုပြီးဝယ်ရတာ ခက်ခဲတာပေါ့။ ဒီမှာ အစီးရေ ၁၀၀၀ တင်သွင်းလို့ အဝါရောင်က အစီးရေ ၂၀၀ ပါတယ်။ အဲဒါက မန္တလေးတိုင်းတစ်တိုင်းအတွက်ကို ၂၀၀ ပဲ ပေးနိုင်တော့ ပစ္စည်းက တအားနည်းတယ်။ ကျန်တဲ့နေရာ ဒေသတွေမှာ အဖြူဆိုတာက ကြိုက်တဲ့နေရာက ဝယ်လို့ရတယ်။ သထုံမှာမရှိလို့ ရန်ကုန်တက် ဝယ်ရ တယ်။ မန္တလေးက ကျန်တဲ့အရောင်သုံးလို့ မရဘူး။ အဝါရောင်တစ်မျိုးပဲ သုံးလို့ရတယ်။ အရောင်သတ်မှတ် ချက်ရှိတော့ လိုအပ်ချက်က အရမ်း မြင့်သွားတယ်။ အဓိကလည်း လူစီးသုံးဘီးယာဉ်ကိုပဲ အဓိကထားတယ်။ လူစီးသုံးဘီးယာဉ်က ၃၆ လိုင်းရှိတယ်။
TREND ။ ။ ဖြည့်စွက်ပြောချင်ကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UMTH ။ ။ လူစီးသုံးဘီးယာဉ်တွေရှိလာခြင်းအားဖြင့် ဒေသတွင်းရဲ့ လုံခြုံစိတ်ချရသော သယ်ယူပို့ ဆောင်ရေးစနစ်တစ်ခု ပိုမိုအားကောင်းလာတယ်ဆိုတာကို ပြောလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်လည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွေကို သက် ဆိုင်ရာ မြို့နယ်၊ ခရိုင်အလိုက်မှာ လိုက်ပါပြီးတော့ ပုံဖော်ဆောင် ရွက်ပေးလျက်ရှိပါတယ်။ အခုဆိုလို့ရှိရင် လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာဆိုရင် လူဦးရေ ၁၆၀၀ ကျော်ကို အသိပညာမျှဝေခဲ့ပြီး ဖြစ်ပါတယ်။ နောက် အလုပ်အကိုင်အခွင့် အလမ်းတွေ ဖော်ဆောင်နိုင်ဖို့အတွက်ကိုလည်း အသက်မွေးမှုပညာ Vocational Training၊ စက်ပြင် သင်တန်းတွေကိုလည်း အခမဲ့သင်ကြားပေးနေတာရှိတဲ့အတွက်ကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေရရှိစေမှာ ဖြစ်ပါတယ်။ ဒီသင်တန်းတွေမှာ ဆိုရင်လည်း ဝင်ရောက် လျှောက်ထားနိုင်သလို သင်တန်းတက်ရောက်နိုင်ပါတယ်။ အဲဒီကနေပြီးတော့မှ အကျိုးပြုနိုင်တဲ့ စက်ပြင်ပညာရှင်တွေအဖြစ် ဝင်ရောက်နိုင်တယ်ဆိုတာကိုလည်း အသိပေးလိုပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အဲဒီအပိုင်းကို အလေးထားပြီးတော့ ဆောင်ရွက်ပေးနေတာဖြစ်ကြောင်း အသိပေးပြောကြား လိုပါတယ်။ ဝယ်ယူသူတွေအနေနဲ့ လူစီးသုံးဘီးလေးတွေကို ဝယ်ယူပြီး မိသားစုဝင်ငွေကို တိုးပွားစွာ ဆောင်ရွက်နိုင်တယ်ဆို တာကိုလည်း Message ပေးချင်ပါတယ်။
( သက်မှူး )
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၁ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )