၂၀၂၆ ၊ မေ ၂၂
သိက္ခာမဲ့တဲ့ လုပ်ရပ်တွေထဲမှာ တစ်ဖက်လူ၊ တစ်ဖက်အဖွဲ့အစည်းကို အားနည်းစေပြီး မိမိအားသာစေဖို့ မဟုတ်မမှန် လုပ်ကြံပြောဆိုတာ၊ ချဲ့ကားပြော ဆိုတာတွေလည်း ပါပါတယ်။ ကိုယ့်မိသားစုအရေးလို့ ဆိုနိုင်တဲ့ ကိုယ့်နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေတဲ့ ပြဿနာဆိုတာ ကိုယ့်နိုင်ငံအတွင်းမှာသာ မှန်မှန်ကန်ကန် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဘောင်အတွင်းက ဖြေရှင်းရမယ့်ကိစ္စပါ။ နိုင်ငံတကာကိုလိုက်ပြီး မျက်နှာချိုသွေးနေရမယ့် ကိစ္စမဟုတ်ဘူး။ ကိုယ်က ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်အတွက် အားသာချက်လို့ ထင်နေပေမယ့် ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်နေတာ သတိထားသင့်တဲ့ ကိစ္စပါ။ ပြည်ပအကူအညီဆိုတာ နှောင်ကြိုးမပါဘဲ မေတ္တာနဲ့ ကူညီတယ်ဆိုတာ မရှိဘူး။
တိုင်းပြည်ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်နေကြတဲ့ Stakeholder တွေအနေနဲ့ ကမ္ဘာမှာ မြန်မာတွေ မျက်နှာပန်းလှဖို့၊ မြန်မာဆိုတာနဲ့ လေးလေးစားစား ဆက်ဆံကြဖို့၊ လူရာဝင်ဖို့ ကြိုးစားပေးကြရမှာ ဖြစ်ပါတယ်။ အခုချိန်မှာ မြန်မာတွေ ကမ္ဘာမှာ လူရာဝင်ဖို့နေနေသာသာ မြန်မာနိုင်ငံကူးလက်မှတ် တွေ့လိုက်တာနဲ့ လေဆိပ်မှာ ဘယ်လို ဆက်ဆံခံရသလဲဆိုတာ နိုင်ငံပြင်ပကို လက်တွေ့သွားဖူးတဲ့သူ တိုင်း ကြုံဖူးကြပါလိမ့်မယ်။ တစ်ချိန်တုန်းက မြန်မာဆိုတာ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှခဲ့ကြပေမယ့် အခုအခါမှာ အဲဒီလို ဟုတ်ကြသေးရဲ့လား။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်တွင်းမှာ အေးချမ်းသာယာ တင့်တင့် တယ်တယ် နေနိုင်၊ စားနိုင်၊ လုပ်ကိုင်စားသောက်နေနိုင်တဲ့ အခြေအနေ ရှိပါရက်နဲ့ စားဝတ်နေရေးအတွက် တိုင်းတစ်ပါးသွား အနှိမ်ခံ၊ အစော်ကားခံ၊အောက်ခြေအလုပ်တွေ လုပ်နေရတာ ဖြစ်သင့်ပါရဲ့လား။ ထိုင်းလို နိုင်ငံမျိုးမှာပင် အောက်ခြေသိမ်းအလုပ်တွေ သူ့နိုင်ငံသားတွေမလုပ်စေဘဲ တခြားနိုင်ငံသားတွေ လုပ်ရမယ်ဆိုတာမျိုးအထိ သတ်မှတ်ထားတာကို မြန်မာတွေလုပ်နေကြရတာ ကောင်းကြသေးပါရဲ့လား။
ဒီလို ကမ္ဘာ့အလယ်မှာ မတင့်တယ်စေခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်လာစေဖို့ အခုမှ စတာလားဆိုတော့ လည်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စတင်ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးအားပြိုင်မှု၊ အာဏာပြိုင်ဆိုင်မှု၊ ကိုယ်ကျိုးစီးပွား၊ လူမျိုးရေးအခြေခံမှု၊ အမျိုးသားစည်းလုံး ညီညွတ်ရေးပြိုကွဲမှုစတဲ့ အခြေအနေ တွေကတစ်ဆင့် ဖြစ်တည်လာခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် စတင်ခဲ့ရတဲ့ ပြဿနာက လွတ် လပ်ရေးရဖို့ နိုင်ငံတည်ဆောက်ရာမှာ အကျေအလည် သဘောတူညီချက်မရဘဲ အားသာမှုကို အားသာချက်အဖြစ် ရယူခဲ့တဲ့အတွက် ဆိုတာလည်း ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ဗမာအချင်းချင်း ဝါဒရေးအယူအဆမတူညီမှု၊ နိုင်ငံရေးသဘောထားကွဲလွဲမှု၊ အာဏာရရှိရေးနဲ့ တိုင်းရင်း သားတွေရဲ့ သီးခြားရပ် တည်လိုမှု၊ ဗမာတွေအပေါ်ထားတဲ့ သံသယစတဲ့ အခြေအခံအကြောင်းတရားတွေကို အခြေခံပြီး နိုင်ငံတည် ဆောက်ခဲ့ရာက စခဲ့တယ်လို့ဆိုရ မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက အမျိုးသား စည်းလုံးညီညွတ်မှု ပြိုကွဲမှုနဲ့ လက်နက်ကိုင် လမ်းစဉ်ပြဿနာပါ။ အယူအဆအမျိုးမျိုး ကွဲပြားကြသလို သံသယစိတ်ကို အခြေတည်ပြီး တဖြည်းဖြည်းနဲ့ အမုန်းတရား ကြီးထွားလာခဲ့ကြရာက ရန်သူသဖွယ် ဖြစ်လာခဲ့ကြတာပဲ ဖြစ်ပါတယ်။ အမုန်းတရားကို ကြည့်ရင် ဖြစ်စဉ် ဖြစ်ရပ် အမှန်ထက်၊ ကိုယ်အားသာဖို့ လိုတာထက်ပို မျက်ရည်ချူတဲ့ လုပ်ရပ်တွေကြောင့်လို့ ဆိုရမှာဖြစ်ပါတယ်။ အခုချိန်အခါမှာ ဘာပဲလုပ်လုပ်၊ ဘယ်လောက်ပဲ အကျိုးလိုလားလိုလား အမုန်းတရားကို အခြေခံနေတဲ့အတွက် ဘာပဲဆွေးနွေးဆွေးနွေး ခဏတာပဲ ဖြစ်နေတာ တိုင်းပြည်အတွက် အရမ်းနစ်နာပါတယ်။ ဒီသံသရာထဲက မထွက်သရွေ့ ကမ္ဘာ့အလယ်မှာ မျက်နှာပန်းလှစရာ မြင်ရမယ်မထင်ပါ။
သမိုင်းကြောင်းအရ ဖြစ်တည်လာတဲ့ အမုန်းတရားတွေကို ခေတ်လူငယ်တွေအနေနဲ့ အမှန်အတိုင်း ရှုမြင်သုံးသပ်ပြီး ဖြတ်ချမှသာ မြန်မာ့အရေး ကောင်းလာမှာ ဖြစ်ပါတယ်။ ဘက်အနေနဲ့ လက်ဆင့် ကမ်းသယ်ဆောင်လာခဲ့ကြတဲ့ အမုန်းတရားတွေ ရပ်ဆိုင်းဖို့ ဦးတည်ကြိုးပမ်းပေးမယ့်သူတွေ အခုအချိန် ခါမှာများများ လိုအပ်ပြီး အမုန်းတရားကို မီးထိုးပြီး လက်ဆင့်ကမ်း သယ်ဆောင်မယ့် သူတွေကိုတော့ ဝိုင်းဝန်းတားဆီးရမှာ ဖြစ်ပါတယ်။ အမုန်းတရားကို အခြေခံထားသမျှ ဘယ်လိုပဲ အမှန်တွေလုပ်လုပ်၊ ကောင်းတာတွေပဲ ဖန်တီးဖန်တီး အကောင်းထက်အဆိုးကိုသာ မြင်ကြမှာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် ဒီပြဿနာတွေထဲမှာ ကြားညပ်ပြီး အတိုက်အခိုက် အခံရဆုံးက တပ်မတော်ပါ။ အမျိုးသားရေးကို ရှေးရှုပြီး ဖြေရှင်းပေးခဲ့ရတာ၊ တာဝန်ယူ တာဝန်ခံပေးရတာ ကြာလာတာနဲ့အမျှ နိုင်ငံတော်အာဏာကို ရယူလိုတဲ့ နိုင်ငံရေးသမားတွေ၊ လက်နက်အားကိုးနဲ့ နယ်စားပယ်စားလုပ်လိုတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံရန်သူသဖွယ် ဖြစ်လာခဲ့ရတာက စိတ်မကောင်းစရာပါ။ တချို့လက်နက်ကိုင် အဖွဲ့တွေဟာ ကိုယ့်လူမျိုးအကျိုးကို အမှန်တကယ် လိုလားကြပါတယ်။ သို့သော် အတော်များများကတော့ လူမျိုးရေးကိုအကြောင်းပြပြီး အကျိုး စီးပွား တည်ဆောက်လိုကြတာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်ထောင်စုအကျိုးအတွက် ချဉ်းကပ်ရာမှာလည်း အားနည်းကြပါတယ်။ ပြည်ထောင် စုခိုင်မာဖို့ထက် ပြည် ထောင်စုအရိပ်ခိုပြီး ပြည်ထောင်စုကပေးတဲ့အကျိုးကို လိုလားတဲ့သဘောက ပိုပါတယ်။
လွတ်လပ်ရေးရပြီးစ ကာလမှာ နိုင်ငံရေးနဲ့ လူမျိုးရေး အကွဲအပြဲကို အခြေခံပြီး စတင်ခဲ့တဲ့ လက်နက်ကိုင်လမ်းစဉ် အခြေအနေတွေ၊ အစိုးရပြုတ်မကျအောင်၊ ရထားပြီးသား အချုပ်အခြာအာဏာ ပြန်လည် ဆုံးရှုံးမသွားရအောင် ကျားကန်ပေးခဲ့ရတဲ့ အခြေအနေတွေ၊ တပ် မတော်ပြိုကွဲနိုင်တဲ့အထိ ဖြစ်ခဲ့ ရတဲ့ အခြေအနေတွေဟာ သမိုင်းမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ဒီသမိုင်းမှတ် တမ်းတွေကို ကြာလာတာ နဲ့အမျှ အမှားကို အမှန်ဖြစ်အောင် ဝါဒဖြန့်ခဲ့ကြတဲ့ သူတွေရဲ့ ပယောဂကြောင့် အမုန်းတရားကို ပိုမို ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ အမှန် တရားနဲ့ သမိုင်းကို ဖျက်ဆီးတတ်တဲ့သူတွေဟာ တိုင်းပြည်ကိုချစ်တဲ့ သူတွေအဖြစ် ဘယ်လိုမှ သတ်မှတ်လို့ မရပါဘူး။
အခုလည်း သမိုင်းအခြေအနေမှန်ကို ဖုံးပြီး ကိုယ်အားသာအောင် တစ်ဖက်ကို ပုံချတာ တွေ့နေရတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ NUG က ဇင်မာအောင်နဲ့ တိုင်းပြည်အကျိုးထက် ကိုယ့်အကျိုးကို ဦးစားပေး ပြီး ကုလသမဂ္ဂခုံမှာ အရှက်မရှိထိုင်နေတဲ့ ကျော်မိုးထွန်းတို့ရဲ့ ပြောစကားတွေကို သတိထားမိတယ်။ သူတို့ရဲ့စကားတွေက တိုင်းပြည်အတွက် ဘယ်လိုမှ အကျိုးမရှိဘူး။ ကုလသမဂ္ဂမှာ ကျော်မိုးထွန်း ပြောတဲ့ Migrant ကိစ္စနဲ့ တပ်မတော်က အရပ်သားပစ်မှတ်တွေကို အဓိထားဗုံးကြဲနေတယ်ဆိုတဲ့စကားဟာ တိုင်းပြည်အတွက် အကျိုးရှိပါ့မလား။ မှန်ကန်တဲ့စကားရော ဟုတ်ပါရဲ့လား။ မသိနားမလည်တဲ့သူတွေ၊ သိသိကြီးနဲ့ တပ်မတော်ကို အပြစ်ရှာချင်သူတွေ၊ မကြိုက်တဲ့အစိုးရကို ဖိအားပေးချင်သူတွေအတွက် အကွက်ဆိုက်ပြီး သူတို့အတွက် အမြတ်လို့ထင်ချင် ထင်နိုင်ပေမယ့် တိုင်းပြည်နဲ့ တိုင်းပြည်ရဲ့ တစ်ခုတည်းသော တပ်မတော်အတွက် နစ်နာပါတယ်။ အထူးသဖြင့် ကမ္ဘာ့အလယ်မှာ အမျိုး၊ ဘာသာ၊ သာသ နာကို ကာကွယ်နေတဲ့ တပ်မတော်၊ အချုပ်အချာအာဏာကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ တပ်မတော်ကို အမြင်မှားစေတာ မဖြစ်သင့်တဲ့ကိစ္စပါ။ မြန်မာ့တပ်မတော်နဲ့ အကြီးအကဲတွေဟာ အာဏာရှင် စနစ်နဲ့ အာဏာရှင်နိုင်ငံ ထူထောင်နေကြတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်။ စစ်ရေးအရဘာလို့ တိုက်နေရတယ်၊ ဘာလို့ဗုံးကြဲနေရ တယ်ဆိုတာ အခုပြောခဲ့တဲ့သူရော၊ စွပ်စွဲပြောဆိုနေကြတဲ့ NUG အပါအဝင် တပ်မတော်မုန်းတီးရေးသမားတွေရော၊ မီဒီယာတွေပါ သိကြပါတယ်။ အဓိက သူတို့ လုပ်နေကြတာ၊ ပြောနေကြတာတွေက စစ်ရေးအားသာ ချက်မရတော့လို့ ဝါဒရေးအရ တိုက်နေကြတာပဲဆိုတာ အသိ သာကြီးပါ။
ဇင်မာအောင် ပြောတာကတော့ မြန်မာ့နိုင်ငံရေးမှာ တပ်မတော် ပါဝင်ခဲ့ရတဲ့ အခြေအနေကို ခုတုံး လုပ်ပြီး တပ်မတော်ရဲ့တန်ဖိုးကို နိမ့်ကျအောင်ပြောခြင်း သက်သက်သာ ဖြစ်ပါတယ်။ ဇင်မာအောင်ရဲ့ လုပ်ဆောင်ချက်၊ သူတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင် ချက်တွေနဲ့ တပ်မတော်ရဲ့ တန်ဖိုးဟာ ဘယ်လိုမှ နှိုင်းယှဉ်လို့ မရပါဘူး။ လူပုဂ္ဂိုလ်နဲ့ အင်စတီကျူး ရှင်းရဲ့တန်ဖိုး အကွာကြီးပါ။ လက်ရှိအချိန်ထိ တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်းကို တာဝန်ယူခဲ့တဲ့ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ သူ့ခေတ်သူ့အခါ သူ့ တာဝန်သူကျေတဲ့ အမျိုးသားရေးခေါင်းဆောင်တွေသာ ဖြစ်ကြပါတယ်။
ဘာစစ်အာဏာရှင်စနစ်မှ ထူထောင်ခဲ့ကြတာ မရှိဘူး။
ဇင်မာအောင်က "စစ်အာဏာသိမ်းမှု အကြိမ်ကြိမ်ကြောင့် ဘယ်တုန်းကမှ တိုင်းပြည်နာလန် မထူခဲ့ဖူးဘူး။ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ခဲ့ရတာချည်းပဲ။ နွေဦးတော်လှန်ရေးဟာ တိုင်းပြည်အတွက် ဒီဂုဏ်၊ ဒီသိက္ခာ ပြန်လည်ဆယ်ယူနေကြရတာ ဖြစ်တယ်"ဆိုပြီးပြောသွားတယ်။ မှားတယ်၊ မှန်တယ်ဆိုတဲ့ အငြင်းအခုံကို ပြောနေမယ့်အစား ဘာကြောင့် သိမ်းရတယ်ဆိုတဲ့ အခြေအနေ၊ ဘာကြောင့် ပထဝီနိုင်ငံ ရေးအရ ပေးလာတဲ့ဖိအားတွေကို ရုန်းကန်ရင်ဆိုင်ပြီး တိုင်းပြည်ကို တည်ငြိမ်အေးချမ်းအောင် လုပ်ခဲ့ရတယ်ဆိုတဲ့ အခြေအနေတွေ၊ တိုင်းပြည်မတည်ငြိမ်အောင် လုပ်ခဲ့ကြတဲ့ ပြည်တွင်းသစ္စာဖောက်တွေရဲ့ ဆောင်ရွက်ချက်တွေကို ထည့်မပြောဘဲနဲ့ မပြည့်စုံဘူးဆိုတာ နားလည်ဖို့ လိုပါလိမ့်မယ်။ သူ့အပြောက ၁၉၆၂ ၊ ၁၉၈၈ နဲ့ ၂၀၂၁ တို့ကို ဆိုလိုချင်ပုံရပါတယ်။
၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ကအခြေအနေတွေကို ပြန်ပြောနေရင်ရှည်နေဦးမယ်။ သူ့ခေတ် သူ့အခါ သူ့အခြေအနေအရလို့သာ ဆိုရမှာပါ။ တစ်ခုပဲ ပြောစရာရှိတာက ၁၉၈၈ ခုနှစ်ကစပြီး တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်လုပ်ငန်းတွေကို ဘယ်သူတွေလုပ်ခဲ့ကြသလဲ။ ဘယ်သူ့အလိုကျ လုပ်ခဲ့ ကြတာလဲဆိုတာ မြင်အောင်ကြည့်ရင် အဖြေတစ်ခုတွေ့မှာဖြစ်ပါတယ်။ သာဓကအနေနဲ့ပြောရရင် ခုချိန် ထိ ဘယ်မီဒီယာတွေ၊ ဘယ်သူတွေက တပ်မတော် မုန်းတီးရေးကို တစိုက်မတ်မတ် လုပ်ခဲ့ကြတယ်၊ လုပ်နေကြတယ်ဆိုတာ အသိသာကြီးပါ။
၂၀၂၁ ခုနှစ်က အခြေအနေကို ပြန်ကြည့်ပါ။ ဘယ်သူမှားခဲ့သလဲ။ ဘယ်လိုမှားခဲ့ကြသလဲ။ တပ်မတော်က မျိုးစေ့ချပေးခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲမှာ ပါဝင်နိုင်အောင် ဘယ်သူတွေက လမ်းဖွင့်ပေးခဲ့တာလဲ။ ၂၀၁၂ မှာ နိုင်ငံရေးအရ လွတ်လပ်စွာပါဝင်ခွင့်ရလာပြီး ၂၀၁၆ မှာ နိုင်ငံတော်အာဏာရတဲ့အထိ လမ်းဖွင့်ပေးခဲ့တာ ဘယ်သူတွေလဲ။ ဘာကြောင့်လဲ။ တပ်မတော်သာ အာဏာမက်ခဲ့ရင် ဒီအခွင့်အရေး ရစရာမရှိဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်အရ အမျိုးသားရင်ကြားစေ့ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းမှန် ရောက်ရှိရေးအတွက် တပ်မတော်က လက်တွဲခေါ်ဆောင်ပေးခဲ့တာ ငြင်းလို့မရတဲ့ အခြေအနေပါ။ ၂၀၁၅ မှာသာ တပ်မတော်တစ်ဖြစ်လဲ အာဏာရပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ လုပ်ခဲ့သလိုသာလုပ်ကြည့်။ NLD အာဏာရလာစရာကိုမရှိဘူး။ သိက္ခာရှိစွာ အာဏာလွှဲပေးပြီးနောက် NLD ဘာတွေ လုပ်ခဲ့ကြပါသလဲ။ ဘာတွေ ပြင်ဆင်ခဲ့ကြပါသလဲ။ တပ်မတော်အပေါ်ရန် သူလို သဘောထားပြီး နှိပ်ကွပ်ဖို့ကြိုးစားခဲ့ကြ တာ အားလုံးမြင်နေ၊ သိနေကြတာပဲ မဟုတ်လား။
ဒီအပေါ်မှာတပ်မတော်က ဘာမှမတုံ့ပြန်ခဲ့ဘဲ သူ့အလုပ်သာ သူလုပ်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးအတွက် အစိုးရအလိုကျ ကူညီပေးခဲ့တာ အထင်အရှားပါ။ ရခိုင်ပြည်နယ်က ဘင်္ဂါလီ ပြဿနာကို ဖြေရှင်းဖို့ အစိုးရတာဝန်ပေးချက်အရ တပ်မတော်က တာဝန်ထမ်းဆောင်ခဲ့တဲ့အပေါ် ဖြစ်လာ တဲ့ပြဿနာကို အစိုးရကိုယ်တိုင်က တာဝန်မခံဘဲ ထိုးချခဲ့တာ ဖြစ်သင့်ပါရဲ့လား။ အဲဒီအထိလည်း တပ်မ တော်က အစိုးရအပေါ် ငြိုငြင်ခဲ့တာမရှိဘူး။ ၂၀၂၀ ရွေးကောက်ပွဲက ပြဿနာရှိတယ်။ မတိုင်ခင်က တည်းက နိုင်ငံရေးပါတီတွေက တည်ဆဲအစိုးရနဲ့ အနိုင်ရပါတီအနေနဲ့ မဲမသမာမှုလုပ်ဖို့ ပြင်ဆင်နေပြီ ဆိုပြီး အသံထွက်တယ်။ အားကိုးစရာမရှိ။ အာဏာရပါတီ၊ အစိုးရကိုယ်တိုင်က ပါဝင်ပတ် သက်နေတဲ့ အတွက် တပ်မတော်ကို မဏ္ဍိုင်အဖြစ် အားကိုးလာခဲ့ကြတယ်။
တပ်မတော်ကလည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သတိပေးတယ်။ အတန်တန်တားတယ်။ မဲပေးပြီးနောက်လည်း ပြန်လည်စိစစ်ပေးဖို့၊ ဒီမိုကရေစီ အနှစ်သာရ မပျောက်စေဖို့ အတန်တန် သတိပေးတယ်။ မပြောသင့်တဲ့စကား၊ မလုပ်သင့်တဲ့အခြေအနေကို ဘယ်သူတွေလုပ်ခဲ့ကြတာလဲ။ အခြေ ခံဥပဒေအရ မဲမသမာမှုကိစ္စဟာ ရွေးကောက်ပွဲကော်မရှင်မှာ တာဝန်ရှိပြီး သူ့အဆုံးအဖြတ်က အတည်ဆိုတာ မှန်တယ်။ သို့သော် ကော်မရှင်ကိုယ်တိုင်က မသမာရင် ဘာလုပ်မလဲ။ မျှတတဲ့ သိက္ခာရှိတဲ့အစိုးရ ဆိုရင် သူ့အာဏာနဲ့ ပြန်လည်စိစစ်ပေးဖို့ အမိန့်ပေးစေခိုင်းလို့ မရဘူးလား။ ရိုးသားတယ် ဆိုရင် ပြန်လည်စိ စစ်ပေးဖို့ မသင့်ဘူးလား။ တပ်မတော် ဘက်ကကြည့်ရင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သင့်တင့် မျှတစွာ ဖြေရှင်းမှုပြုတာနဲ့တင် နောက်ဆုတ်ပေးလို့ရတဲ့ အခြေအနေမှာရှိတယ်။ "ဂရုစိုက်စရာမလိုဘူး၊ လုပ်စရာ ရှိတာဆက်လုပ်"ဆိုတဲ့စကား ဘယ်သူပြောခဲ့တာလဲ။ "အာဏာသိမ်း မသိမ်း၊ သိချင်ရင် သိမ်းမယ့်သူ သွားမေး"ဆိုတဲ့ အကြီးအကဲမဆန်၊ အမြော်အမြင်မရှိတဲ့ စကား ဘယ်သူပြောခဲ့တာလဲ။ ရှောင်လွှဲ လို့ရတဲ့ အခြေအနေရှိရဲ့သားနဲ့ ထိပ်တိုက်တိုးဖို့ ဆုံးဖြတ်ခဲ့ကြတာ ဘယ်သူတွေလဲ။
တိုင်းပြည် ဒီအခြေအနေထိ ရောက်လာတာ တပ်မတော် အာဏာသိမ်းလို့ ဖြစ်တာလား၊ ဖြေရှင်း လို့၊ ညှိနှိုင်းလို့ ရပါရက်နဲ့ မလုပ်ခဲ့လို့ဖြစ်တာလား။ မသိမ်းလို့ ရရဲ့သားနဲ့ဆိုတဲ့စကား မပြောနဲ့။ မသိမ်းအောင်ညှိနှိုင်းလို့ရတဲ့ အခြေအနေမှာ မသိမ်းသိမ်းအောင် လုပ်သွားတာ၊ အတင်း ရှေ့တိုးသွားတာ ဘယ်သူတွေလဲ။ ဖြစ်ပြီးသွားတဲ့နောက် လက်နက်ကိုင်လမ်းစဉ်အထိ သွားတာ၊ လူငယ်တွေ၊ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေကို မြှောက်ပေးခဲ့တာ ဘယ်သူတွေလဲ။ သူ့ဘာသာသူ အေးချမ်းသာယာနေတဲ့ မြို့ရွာတွေကို နယ်မြေရမှ အာဏာတည်ဆောက်နိုင်မယ်ဆိုတဲ့ သီအိုရီနဲ့ မြို့သိမ်း၊ နယ်သိမ်းနဲ့ မြိုရွာတွေကို ပျက်စီးအောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလဲ၊ အသိသာကြီးပါ။ ထားပါတော့။ ဒီပြဿနာတွေဟာ သူ့ဘက် ကိုယ့်ဘက်၊ သူ့အားနည်းချက်၊ ကိုယ့်အားနည်းချက် ရှိကောင်းရှိနိုင်ပေမယ့် မဟုတ်တမ်းတရား ပြောတာကတော့ အောက်တန်းကျလွန်းလှပါတယ်။
ဒါနဲ့တစ်ဆက်တစ်စပ်တည်း ပြောလိုတာ တစ်ခုရှိတယ်။ အတော်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ မြန်မာတွေအနေနဲ့ ရှက်ဖို့ကောင်းတယ်။ သူ့လုပ်ရပ်က 'အင်္ဂလိပ်အခက် ဗမာအချက်'ဆိုသလိုများ စဉ်းစားသလားမသိ။ အာဆီယံအရေးကိစ္စမှာ အာဆီယံရဲ့ ကြေညာ ချက်ကို NUG က ခါတော်မီကြေ ညာချက် ထုတ်ပါတယ်။ ဖတ်ကြည့်တော့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဘာမှဝင်စွက်ခွင့် အာဏာ မရှိတဲ့ အာဆီယံကို အတော်လေးဖားပြီး ရေးထားတာ တွေ့ရတယ်။ သူ့ဘက်များ ပါမလား၊ သူ့ကိုများ လူရာသွင်းမလားဆိုတဲ့ စိတ်ကူးများ ရှိလို့လားတော့မသိ။ ဖတ်ရင်းနဲ့တောင် ဆက်မဖတ်ချင်လောက် အောင် ရှက်မိတယ်။ ကိုယ့်အစိုးရကထုတ်တဲ့ သဘောထားကြေညာချက်ကြတော့ တစ်ချက်ချင်း ဖိတွယ် ထားသေးတယ်။ ဘယ်မှာလဲ ဇာတိမာန်၊ ဘယ်မှာလဲ တိုင်းပြည်သိက္ခာ။ အာဆီယံလို တန်းတူအဆင့်ရှိတဲ့ နိုင်ငံချင်းကို အောက်ကျို့တာ အတော်ရှက်စရာပါ။ ဒီခေတ်၊ ဒီစနစ်၊ ဒီလူတွေနဲ့ မြန်မာ့ နိုင်ငံရေး၊ မြန်မာ့အရေးဟာ ရင်လေးစရာပါ။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )