၂၀၂၆ ၊ မတ် ၁၉
ကြီးနိုင်ငယ်ညှဉ်းဆိုတာ နေရာတိုင်းမှာ ရှိတတ်တဲ့သဘာဝပါ။ အဓိပ္ပာယ်ကို ဘယ်လိုကောက်ယူ ရမလဲဆိုရင်ကြီးတဲ့သူက ငယ်တဲ့သူအပေါ် အနိုင်ကျင့် ဖိနှိပ်အနိုင်ယူတာမျိုးကို ဆိုလိုတာပါ။ ဒီအသုံးအနှုန်းက အသက်အကြီးအငယ်ကို ဆိုလိုတာထက် အင်အားကို ဆိုလိုတာက ပိုပါလိမ့်မယ်။ အသက်အရွယ်ပဲဖြစ်ဖြစ်၊ အင်အားပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထက်အားနည်းတဲ့သူကို အနိုင်ကျင့်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ သက်ရှိသဘာ၀ တောတွင်းဓလေ့စရိုက်နဲ့ ခပ်ဆင်ဆင်လို့ ဆိုရမှာဖြစ်ပါတယ်။ တိရစ္ဆာန်လောကမှာ အားကြီးသူက အနိုင်ယူစတမ်း သဘာဝရှိပေမယ့် လူ့ဘောင်လူ့လောကမှာတော့ မဖြစ်သင့်တဲ့ ဓလေ့စရိုက်တစ်ခုသာ ဖြစ်ပါတယ်။
လူတွေဟာ သမိုင်းမတင်မီ တိရစ္ဆာန်ထက် နည်းနည်းသာတဲ့ အရိုင်းအစိုင်းခေတ်မှာ ဒီလို ကြီးနိုင်ငယ်ညှဉ်း သဘာဝရှိခဲ့ကြပေမယ့် တိရစ္ဆာန် ထက်ပို အသိဉာဏ်ရှိကြတဲ့အတွက် တဖြည်းဖြည်းနဲ့ ယဉ်ကျေးလာတဲ့အခါမှာ ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေဟာ တဖြည်းဖြည်းနဲ့ လျော့ပါးလာခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလို ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေ ဘာကြောင့်လျော့ပါးလာသလဲဆိုရင် အသိဉာဏ်တကယ် ယဉ်ကျေး လာတာနဲ့အမျှ လူ့ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေတွေနဲ့ ထိန်းသိမ်းလာခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ လုံးလုံးပပျောက်သွားပြီလားလို့ဆိုရင် 'NO' ပါလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ လူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှာ လူ့ကျင့်ဝတ်အရသော်လည်းကောင်း၊ ဥပဒေအရ အရေးယူခံရမှာ စိုးရွံ့လို့သော်လည်းကောင်း ထိန်းသိမ်းခဲ့ကြတာ တွေ့ရပေမယ့် အဖွဲ့အစည်းအလိုက်၊ နိုင်ငံအလိုက်တွေမှာတော့ ကြီးနိုင်ငယ်ညှဉ်း၊ နိုင်လိုမင်းထက် ပြဿနာတွေရှိနေ ဆဲပဲဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုအတွင်းမှာ၊ နိုင်ငံတစ်နိုင်ငံအတွင်းမှာတော့ အာဏာနေရာနဲ့ပတ်သက်ပြီး အပြိုင်အဆိုင် ရှိတတ်ကြပေမယ့် အတော်နည်းပါလိမ့်မယ်။ အဖွဲ့အစည်းအချင်းချင်း၊ နိုင်ငံအချင်းချင်းမှာတော့ အခုချိန်ထိ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေ၊ နိုင်လိုမင်း ထက်လုပ်တဲ့ ကိစ္စရပ်တွေကတော့ အခုချိန်ထိ ရှိနေဆဲပဲ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်း လက်ရှိမျက် မှောက်ခေတ်ကာလ ဖြစ်စဉ်တွေကိုကြည့်ရင် အင်အားကြီးနိုင်ငံတွေက အင်အားနည်းနိုင်ငံငယ်လေးတွေ၊ ဖွံ့ဖြိုးပြီး နိုင်ငံတွေက ဖွံ့ဖြိုးဆဲနိုင်ငံငယ်လေးတွေအပေါ် လွှမ်းမိုးချုပ်ကိုင်တာ၊ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်တာတွေကို စဉ်ဆက်မပြတ် တွေ့နေရဆဲပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူ့အခွင့်အရေး၊ တန်းတူညီမျှရေး ဘယ်လိုပဲ ကြွေးကြော်ကြွေးကြော် မိမိအကျိုး စီးပွားနဲ့ယှဉ်ရင် အဲဒီလူ့အခွင့်အရေးကို တန်ဖိုးထားပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေကိုယ်တိုင်ကပင်လျှင် အကြောင်းအမျိုးမျိုးပြ ကြီးနိုင်ငယ်ညှဉ်း ဇာတ်လမ်းတွေ ဖန်တီးနေတာပဲ မဟုတ်ပါလား။
မိမိတို့နိုင်ငံအတွင်းမှာလည်း ဒီပြဿနာတွေ ရှိခဲ့ပါတယ်။ ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေရှိခဲ့သလို ကြီးနိုင်ပြီးငယ်ကိုမညှဉ်းတဲ့ ဇာတ်လမ်းတွေလည်း မြန်မာ့သမိုင်းမှတ်တမ်းမှာ အပြည့်ပါ။ အထူးသဖြင့် ပြည်ထောင်စုသဏ္ဌာန်ရှိခဲ့တဲ့ မိမိတို့နိုင်ငံမှာ လူအင်အားကြီးမားတဲ့ လူမျိုးစုက လူအင်အားနည်းပါးတဲ့ လူမျိုးစုငယ်တွေကို ကြီးနိုင်ငယ်ညှဉ်း လုပ်ခဲ့ကြတာတွေကို တွေ့ရှိရမှာဖြစ်သလို၊ ကြီးနိုင်ပေမယ့် ငယ်မညှဉ်းဘဲ တိုင်းရင်းသားလူမျိုးစု ဘုရင်ငယ်တွေကို ချီးမြှင့်မြှောက်စားခဲ့ကြတဲ့ မင်းကောင်းမင်းမြတ်တွေလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါက သမိုင်းအရပါ။
မျက်မှောက်ခေတ်မှာလည်း အချင်းချင်း မတည့်တဲ့ ပြဿနာတွေ၊ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေ ရှိခဲ့ပါတယ်။ သက်ဦးဆံပိုင် ဘုရင်စနစ်ချုပ်ငြိမ်းချိန်ကစပြီး မိမိတို့နိုင်ငံမှာ ဗမာဟာ အင်အားအများဆုံး ဖြစ်ခဲ့တာ မှန်ပေမယ့် လူမျိုးကြီးဝါဒနဲ့ ကျန်တိုင်းရင်းသားငယ်တွေအပေါ် ကြီးနိုင်ငယ်ညှဉ်းလုပ်ခဲ့တာ အင်မတန်မှရှားပါတယ်။ တစ်ဦးစ၊ နှစ်ဦးစ သူ့သဘောသူဆောင်တာမျိုး ရှိကောင်းရှိမှာ မှန်ပေမယ့် မူဝါဒအရပဲဖြစ်ဖြစ်၊ ဘာသာ၊ ဓလေ့၊ လူမျိုး စရိုက်အရပဲဖြစ်ဖြစ် ဆောင်ရွက်ခဲ့ကြတာမရှိဘူး။ တိုင်းရင်း သားတွေကို လူတန်းစားခွဲခြားနှိပ်ကွပ်ခဲ့တာ မရှိခဲ့ဘူး။ ကျွန်၊ သခင် လူတန်းစားခွဲခြားမှုတွေ ပပျောက်ပြီး ပြည်ထောင်စုတိုင်းရင်းသားအားလုံး လူတန်းစားတန်းတူဖြစ်ရေးအတွက် စတင်ဆောင်ရွက်ခဲ့တာ ဗမာ တွေပဲ ဖြစ်ပါတယ်။

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်အကြီးအကဲကို မဲစနစ်နဲ့ ရွေးချယ်ဖို့ အစပျိုးခဲ့တာ၊ စော်ဘွားအာဏာအပါအဝင် ဒေသအလိုက်သားစဉ်မြေးဆက် အာဏာဆက်ခံတဲ့စနစ် (Hereditary) ချုပ် ငြိမ်းအောင်ဆောင်ရွက်ခဲ့တာ၊ တိုင်းရင်းသားနိုင်ငံသားတိုင်း မည်သူမဆို၊ မည်သည့်လူမျိုးမဆို မဲအရ နိုင်ငံအကြီးအကဲ၊ အစိုးရအကြီးအကဲ၊ ပြည်သူ့ကိုယ်စားလှယ် ဖြစ်ခွင့်ရှိစေတာတွေဟာ လူတန်းစားတန်း တူအခွင့်အရေးကို ရှေးရှုတာပဲဖြစ်ပါတယ်။ ဒီလိုဥပဒေအရ ပြည်ထောင်စုနိုင်ငံအတွင်းမှာ လူတန်းစား တန်းတူသတ်မှတ်ပေးတာဟာ သားစဉ်မြေးဆက်အာဏာအရ နိုင်လိုမင်းထက်ပြုမှု၊ ကြီးနိုင်ငယ်ညှဉ်း ပြုမှုတွေ ပပျောက်စေဖို့ပဲ ဖြစ်ပါတယ်။
လူတန်းစားခွဲခြားတာနဲ့ပတ်သက်ပြီး သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်က ကြုံတွေ့ရတဲ့အခြေအနေလေးတစ်ခုပါ။ အဲဒီတုန်းက လူမျိုးစုအမည်တပ်ထားတဲ့ လူမျိုးစုအတွင်းမှာပါတဲ့ လူမျိုးငယ်လေးတွေရဲ့ အတွေ့ အကြုံလေးတစ်ခုပါ။ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်မှာ လူမျိုးတူ အချင်းချင်းမှာတောင် မင်းမျိုး မင်းနွယ်က သခင်ဖြစ်ပြီး ကျန်တာက ကျွန်အဖြစ် သတ်မှတ်ခဲ့တာပဲ မဟုတ်ပါလား။ ရှမ်းလူမျိုးစော် ဘွားက မင်းဖြစ်ပြီး မင်းမှုထမ်းနဲ့ သာမန်ရှမ်းလူ ကျွမျိုးတွေကန်သဘောမျိုးရှိတဲ့အချိန်မှာ ရှမ်းလူမျိုး နွယ်လို့ သတ်မှတ်ထားတဲ့ ကျန်တိုင်းရင်သားငယ်တွေက သာမန်ရှမ်းလူမျိုးတွေထက် နိမ့်ကျတဲ့ လူတန်း စားခွဲခြားမှုကို ခံခဲ့ကြရပါတယ်။ စော်ဘွားရဲ့ ညီလာခံမှာ ဟော်နန်းအတွင်းကို သာမန်ရှမ်းလူမျိုးတွေ ဝင်ခွင့်ရခဲ့ကြပေမယ့် ကျန်လူမျိုးငယ်တွေက ဟော်နန်းအပြင်က မြေကြီးပေါ်မှာ ပြားပြားဝပ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။ သာမန်ရှမ်းလူမျိုးကိုတောင် မော်မကြည့်ရဲတဲ့ ဘဝပါ။ ဈေးကိုတောင် ရှမ်းလူမျိုးတွေအတွက် သတ်မှတ်ထားတဲ့ဈေးမှာ ရောင်းဝယ်ဖောက်ကားခွင့်မရှိဘဲ သီးခြားသတ်မှတ်ထားတဲ့ ဈေးမှာသာ ဆောင်ရွက်ရပါတယ်။ သာဓကအဖြစ် ကျိုင်းတုံကိုသွားကြည့်ရင် ခုချိန်ထိ အငွေ့အသက်ကျန်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွေ ပပျောက်သွားတာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပါ။ သို့သော် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ဝင်ခဲ့ပေမယ့် အလုံးစုံ အသက်ဝင်တယ်လို့ မဆိုနိုင်သေးပါဘူး။ အထူးသဖြင့် ကရင်ပြည်နယ်ပေးရမယ့်ကိစ္စနဲ့ ရှမ်းစော်ဘွား အာဏာစွန့်ရေး၊ လူတန်းစားတန်းတူရေးတွေပဲ ဖြစ်ပါတယ်။ ရှမ်းစော်ဘွားအာ ဏာစွန့်မှသာလျှင် ပဒေသရာဇ် စနစ်ချုပ်ငြိမ်းပြီး လူတန်းစားတန်းတူစေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးရ ပြည်ထောင်စုတစ်ခုမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်ပွဲ ကတက်လာမယ့် အာ ဏာ (Democratic) ဘယ်လိုမှ ယှဉ်တွဲလို့ မရပါဘူး။ အထူးသဖြင့် လူတန်းစားတန်းတူ အခွင့်အရေး ဆုံးရှုံးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်းစော်ဘွား အာဏာစွန့်ဖို့ အခြေခံဥပဒေထဲမှာ ထည့်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး သုံးနှစ်အတွင်း ဆောင်ရွက်ရမှာ ဖြစ်ပေမယ့် လွတ်လပ်ရေးရပြီး ဆယ်နှစ်ကျော်မှသာ အသက်ဝင်ပါတယ်။ ဒါတောင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အိမ်စောင့်အစိုးရလက်ထက်မှာ ဖြေရှင်းပေးခဲ့လို့သာ အောင်မြင်ခဲ့တာပါ။ ရေးဆွဲစဉ်ကရော အစပိုင်းအာဏာစွန့်စဉ်မှာပါ ကောင်းပြီကောင်းရဲ့နဲ့ ရှိခဲ့ပေမယ့် အမှန်တကယ် အာ ဏာစွန့်ပြီး သာမန်လူတန်း စားဘဝနဲ့ နေထိုင်လာရတဲ့အခါမှာ မနေတတ် မထိုင်တတ်တော့တဲ့အတွက် ရှမ်းလက်နက် ကိုင်လမ်းစဉ် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ပင်လုံသဘောတူညီချက်တို့၊ တန်းတူအခွင့်အရေးတို့ ဆိုတာတွေဟာ ဒီအာဏာအပေါ်အခြေခံတဲ့ နိုင်ငံရေးထိုးနှက်ချက်တွေပဲ ဖြစ်ပါ တယ်။
အခုလက်ရှိခေတ်ရဲ့ အခြေခံဥပဒေကိုကြည့်ရင် အထူးဒေသနဲ့ ဆက်စပ်နေတဲ့ တိုင်းရင်းသားဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတာ ဒီသဘောပါ။ အထူးဒေသအဖြစ် ဆက်လက်ရပ်တည်ချင်နေတဲ့ သဘာ၀ ကိုကြည့်ရင် Hereditary ကို လိုချင်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီဖက်ဒရယ်စနစ်နဲ့ ကိုက်ညီပါ့မလား၊၊ ဝိရောဓိဖြစ်နေမလား စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျန်ဒေသတွေမှာ တိုင်းရင်းသားနိုင်ငံ သားတိုင်း အကြီးအကဲဖြစ်ခွင့်၊ ကိုယ်စားလှယ်ဖြစ်ခွင့်၊ အစိုးရဖြစ်ခွင့် ရှိပေမယ့် အဲဒီဒေသက တိုင်းရင်းသားတွေရဲ့ အခွင့်အရေးက တန်းတူဖြစ်နိုင်ပါ့မ လား။ စဉ်းစားချိန်ထိုးရမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ လက်နက်ကိုင်လမ်းစဉ်နောက်လိုက်ခဲ့ကြတာက အခြေအနေသုံးမျိုး တွေ့ရပါတယ်။ ပထမတစ်မျိုးက အထက်မှာ ဆိုခဲ့တဲ့အတိုင်းစော်ဘွားအာဏာ လျော့ကျမှုအရ ရှမ်းလူမျိုး တို့ရဲ့လက်နက်ကိုင်လမ်းစဉ် အစပျိုးမှုပါ။ ဒုတိယတစ်မျိုးက ကျန်တိုင်းရင်းသားလူမျိုးစုငယ်တွေက လူတန်းစားခွဲခြားမှုနဲ့ ရှမ်းစော်ဘွားတွေရဲ့ ကြီးနိုင်ငယ်ညှဉ်း လုပ်ရပ်တွေကို စတင်တော်လှန်ရာက စခဲ့ကြ တာပါ။ တတိယတစ်မျိုးက လက်နက်ကို အခြေပြုပြီး အာဏာနဲ့ နယ်မြေတည်ဆောက်လိုကြတာပါ။ အဲဒီလို သဘာဝရှိကြတဲ့အတွက် ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ညီညီညွတ်ညွတ်ဘယ်တုန်းကမှ မရှိခဲ့ကြပါဘူး။ နိုင်လိုမင်းထက်နဲ့ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေသာ အမြဲဖြစ်လျက် ရှိနေခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကျန်တိုင်း ရင်းသားဒေသတွေမှာလည်း ထူးမခြားနားဘဲလို့ ဆိုရ မှာပါ။
သိပ်ဝေးဝေးက ခေတ်ကာလတွေကို ပြန်မသွားဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ဖြစ်ခဲ့တဲ့ ကြီးနိုင်ငယ်ညှဉ်းပြဿနာလေးတွေကို သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ဖွဲ့စည်း ပုံ အခြေခံဥပဒေနဲ့ မဆိုင်ဘဲဖြစ်တဲ့ နယ်မြေလုတဲ့ပြဿနာ တစ်ခု ရှမ်းအရှေ့ဒေသ မိုင်းယန်းမြို့နယ်ထဲမှာ ဖြစ်ဖူးတယ်။ အထူးဒေသ(၂) လို့ဆိုတဲ့ 'ဝ' UWSA က အထူးဒေသ(၄) လို့ခေါ်တဲ့ မိုင်းလား NDAA ပိုင်တဲ့ နယ်မြေတစ်ခုကို အင်အားသုံးပြီး သိမ်းပိုက်ခဲ့တာပါ။ 'ဝ' UWSA နယ်မြေကနေ ကျိုင်းတုံကိုလာရင် မိုင်းယန်းကို ဖြတ်ရပါတယ်။ မိုင်းယန်းမဟုတ်ဘဲ မိုင်းညှင်း၊ မိုင်းနုံးဘက်က ဖြတ်သန်းလို့ရပေမယ့် မိုင်းယန်းလမ်းက လမ်းသာပါတယ်။ 'ဝ'ဒေသနဲ့ ကုန်စည်ကူးသန်းဖို့ ဖြတ်သန်းသွားလာရရင် မိုင်းယန်းနဲ့ အထူး ဒေသ(၄)ကို ဖြတ်ရပါတယ်။ မိုင်းယန်းမရောက်ခင် လမ်းမကြီးက အထူးဒေသ(၄) ပိုင် ဖြစ်တဲ့အတွက် အသွားအပြန် အထူးဒေသ(၄) ဂိတ်ကို အခွန်ဆောင်ရပါတယ်။ ဒါကို 'ဝ' UWSA က ကြာလာတာနဲ့အမျှ မခံစားနိုင်တော့ဘဲ သီးခြားလမ်းဖောက်ဖို့ ကြံရွယ်ခဲ့ပါတယ်။ 'ဝ' UWSA နယ်စပ်ကနေ မိုင်းယန်းမြို့ ကိုရှောင်ကွင်းပြီး လမ်းဖောက်ဖို့ဆိုရင် အထူး(၄)နယ်မြေတစ်ခုကို သိမ်းမှရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း မိုင်းယန်းနယ်စပ်က အထူးဒေသ(၄)စခန်းတွေကို UWSA က အင်အားသုံးပြီး သိမ်းပါတယ်။ အကျယ်အကျယ် ပြဿနာဖြစ်မှာစိုးတဲ့အတွက် တပ်မတော်ကကြား ဝင်ရပ်ပေးခဲ့ရပါတယ်။ အပြန်အလှန် ညှိနှိုင်းပေးခဲ့ပြီးနောက်မှာတော့ အထူးဒေသ(၄)ပိုင် ကောင်းခါးကို 'ဝ' UWSA တို့ ရရှိသွားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ရှမ်းပြည်နယ် အရှေ့အလယ်ပိုင်းဒေသအတွင်းက ရှမ်းနှစ်ဖွဲ့ရဲ့ ပြဿနာကိုကြည့်ပါ။ RCSS/SSA နဲ့ SSPP/ SSA အဖွဲ့တွေ နယ်မြေလုတိုက်ပွဲတွေဖြစ်နေကြတာ အများအသိပါ။ ဒီပြဿနာမှာလည်း တပ်မတော်က ကြားဝင်ပြီး နယ်မြေသတ်မှတ်ပေးခဲ့လို့ အကျယ်အကျယ်မဖြစ်ခဲ့တာပါ။ SSPP ရဲ့နောက်မှာ အင်အားကြီးတဲ့ 'ဝ' UWSA ရှိပါတယ်။ လွှတ်သာထားလိုက်လို့ကတော့ ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေနဲ့ ရှမ်းတွေအတော် ဒုက္ခရောက်သွားနိုင်တယ်။ အခုချိန်ထိ RCSS အနေနဲ့ နွေဦးတော်လှန်ရေးဆိုတဲ့ထဲ မပါတာက တပ်မတော်သာမရှိရင် သူဒုက္ခ ရောက်သွားနိုင်တယ်ဆိုတာ တွက်ထားတာက တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။ လက်ရှိရှမ်းမြောက်ဒေသမှာ ဖြစ်ပျက်နေတဲ့ပြဿနာတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိ သလဲဆိုတာ အများသိပါ။
အခုဖြစ်နေတဲ့ တအာန်းပလောင်(TNLA)နဲ့ ကိုးကန့် (MNDAA) တို့ ဖြစ်နေကြတဲ့ပြဿနာကဘာလဲ။ ဘယ်လိုပဲအကြောင်းပြပြ အဓိကက အကျိုးစီးပွားလုနေကြတဲ့ ပြဿနာပါ။ အားကြီးတဲ့သူနိုင်သွားမယ့် ဇာတ်လမ်းပါ။ ကြီးနိုင်ငယ်ညှဉ်းပဲ ဖြစ်မလား။ ကြီးနိုင်ငယ်မညှဉ်း စာနာမလားဆိုတာတော့ ပိတ်ကားပေါ်မှာ ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ TNLA ဆိုရင် တပ်မတော်ကို ရန်သူလို သဘောထားပြီး ခေတ္တသိမ်းထား ရတဲ့ နယ်မြေတွေကို လက်မလွှတ်ချင်တော့ ပြည်ပအားကိုးအဆင့်ရောက်သွားရတာ တွေ့ရတယ်။ စိတ်မကောင်းစရာပဲ။ ကိုးကန့် (MNDAA) ငြိမ်းချမ်းရေးယူခါစက ဖြစ်ပွားခဲ့တဲ့ ဖုန်-ရန် အကွဲအပြဲ အရေးအခင်းပြဿနာမှာ တပ်မတော်အစိုးရက ကြားဝင်ဖြေရှင်းပေးခဲ့လို့ အကျယ်အကျယ် ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေ မဖြစ်ပွားခဲ့တာ သတိရဖို့ကောင်းတယ်။ အခုလက်ရှိဖြစ်နေတဲ့ တအာန်း-ကိုးကန့် ပြဿနာဟာ ရယ်စရာတော့အတော်ကောင်းတယ်။ တိုက်ပြီးရယူထားတဲ့ နယ်မြေတွေကို အပိုင်လို့ သတ်မှတ်ထားကြတာဟာ သူတို့အတွက် အချိန်မရွေးကျရောက်မယ့် အန္တရာယ်ဆိုတာ သတိရကြပုံမပေါ်ဘူး။
အလားတူ နယ်မြေသိမ်းတဲ့ ပြဿနာတွေ ကချင်ပြည်နယ်အတွင်းမှာလည်း ရှိခဲ့တာပါပဲ။ ၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြီးနောက် ခေတ်ပြောင်းကာလမှာ အင်အားကြီး KIA က ပန်ဝါအထူး ဒေသ(၁) ဦးဇခုန်တိန့်ယိန်းအဖွဲ့ကို သိမ်းပိုက်ဖို့ကြိုးစားခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ သူတို့မှာ ကျောင်းတော်က ရန်စရှိတယ်။ ခေတ်အဆက်ဆက် မတည့်ခဲ့ကြဘူး။ KIA က ကချင်အင်အားကြီး ဂျိန်းဖောအများစု ကြီးစိုးတယ်။ ဦးဇခုန်တိန့်ယိန်းက လချိတ်လူမျိုး။ ပန်ဝါဒေသက လချိတ်နဲ့ လဝေါ်တွေ အများဆုံး နေထိုင်ရာဒေသ။ ဒီ KIA ရဲ့လုပ်ရပ်ဟာ ကြီးနိုင်ငယ် ညှဉ်းပြဿနာလို့ ဆိုနိုင်တယ်။ အဲဒီအချိန်တုန်းက တပ်မတော်က ဝင်ရောက်ကာကွယ်ပေးခဲ့လို့ ဦးဇခုန်တိန့်ယိန်းအဖွဲ့ သက်သာရာရခဲ့ပေမယ့် အခုချိန်မှာ တော့ KIA ရဲ့ သိမ်းပိုက်ခြင်းကို ခံခဲ့ရပြီဖြစ်ပါတယ်။ ဒါကလည်း အခြေခံဥပဒေထက် ကျော်လွန်နေတဲ့အတွက် အချိန်မရွေး ပြန်လည်ဖြေရှင်းမယ့် ပြဿနာတစ်ခုပါ။
တည်ဆဲဥပဒေအရ လက်ရှိသူတို့ သိမ်းပိုက်ထားတဲ့နယ်မြေတွေတင်မကဘဲ အခြေခံဥပဒေမှာ မပါတဲ့ အထူးဒေသဆိုတာတွေဟာ ခိုင်မာမှုမရှိပါဘူး။ အချိန်မရွေး အခြေခံဥပဒေအောက်ရောက်အောင် ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ဒါကိုမြင်ပြီး လက်ရှိတပ်မတော်နဲ့ အစိုးရက ဖိတ်ခေါ်နေတဲ့ ဆွေးနွေးပွဲကတစ်ဆင့် အခြေခံဥပဒေ ပြင်ဆင်မယ့်လမ်းကြောင်းနောက်ကို လိုက်ဖို့လို ပါတယ်။ NUG တို့၊ NUCC တို့၊ CRPH တို့ အရူးထပြီးလုပ်နေတဲ့ ဖက်ဒရယ်အခြေခံမူနဲ့ ဖက်ဒရယ်စနစ်ဆိုတာ ဖြစ်လာစရာကို မရှိဘူး ဆိုတာ သတိချပ်ဖို့လိုပါတယ်။
အရေးအကြီးဆုံးမြင်ကြရမှာက မိမိတို့ပြည်ထောင်စုမှာ နိုင်ငံတော်ဗဟိုအစိုးရနဲ့ တပ်မတော်သာ အားနည်းခဲ့ရင် ဒီတိုင်းရင်းသားဒေသတွေမှာ ကြီးနိုင်ငယ်ညှဉ်း နယ်မြေလုတဲ့ဇာတ်လမ်းတွေ ဆုံးမှာ မဟုတ်ဘူးဆိုတာရယ်၊ ပြည်ထောင်စုအစိုးရနဲ့ စနစ်ရပ်ဆိုင်းသွားရင်၊ တပ်မတော် ပြိုကွဲသွားရင် ပြည် ထောင်စုတစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာဖြစ်ပြီး နေရာအနှံ့ မင်းမဲ့စရိုက်ဆန်ဆန် ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေဖြစ်လာမှာသေချာတယ်ဆိုတာရယ်ကို လက်ရှိအခြေအနေတွေကိုကြည့်ပြီး ရှုမြင်နိုင်ကြမယ်လို့ ထင်ပါတယ်။ ဒီအချိန်မှာ ဖက်ဒရယ်ပြည်ထောင်စုအ တွက် အကောင်းဆုံးနည်းလမ်းက ပြန်လည်တင်ပေးလိုက်တဲ့ စနစ်နောက်ကို ရဲရဲဝံ့ဝံ့လိုက်ကြဖို့ပဲဖြစ် ပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )