နားထွင်းပွဲက 'ငပေါကြီးများ'

    အချိန်ကား အေဒီ ၁၅၃၀၊ မြန်မာသက္ကရာဇ် ၈၉၂ ဖြစ်ပြီး မင်းတရားဘွဲ့ခံပြီး မင်းပြုချိန်က တပင်ရွှေထီးအသက်(၁၅)နှစ်သာ ရှိသေးသော ငယ်ရွယ်သည့် ဘုရင်ဖြစ်သည်။ မင်းတရား တပင်ရွှေထီးတစ်ယောက် မင်းပျိုမင်းလွင်ဆိုတော့ တိုင်းသူပြည်သား လူအများက ချစ်ခင်လေးစားကြသည်။ ဒီတော့ အရိပ်တကြည့်ကြည့်ဖြင့် 'ငါတို့မင်းတရားကြီး၊ ငါတို့မင်းတရားကြီး'ဆိုပြီး ပြည်သူတွေက ထောက်ခံ ဝန်းရံကြသည်။ ထီးနန်းသက်  နှစ်နှစ်အကြာ အသက်(၁၇)နှစ်မှာတော့ နားထွင်းမင်္ဂလာ ပြုရမည့်အချိန် ရောက်လာသည်။ ဒီတော့မှူးကြီးမတ်ရာ၊ သေနာပတိတွေက နားထွင်းတော်မူသင့်ကြောင်း လျှောက်ထားလေသည်။
    "ဘုန်းတော်ကြီးမြတ်လှသော အရှင်မင်းကြီး သက်တော် တစ်ဆယ့်ခုနစ်နှစ်ရှိတာကြောင့် နားထွင်းခြင်းအမှုကို ပြုသင့်ပါတယ်မင်းကြီး"မှူးကြီးမတ်ရာတွေရဲ့ လျှောက်ထားချက်ကို မင်းတရားကြီး တပင်ရွှေထီး ဆိုင်းငံ့ခြင်း အလျင်းမရှိကာ 'ရွှေမော်ဓောဘုရားမှာ နားထွင်းမည်'လို့ မိန့်တော်မူလိုက်သည်။ မှူးကြီးမတ်ကြီးတွေ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။ ငယ်ရွယ်တက်ကြွတဲ့ မင်းပျိုမင်းလွင်တစ်ပါးရဲ့ ဘုန်းတန်ခိုးအာဏာအမြင့်ဆုံးရောက်မယ့် နိမိတ်စကားပင်ဆိုသော်ငြား မင်းတရားကြီးခုလို ရန်သူ့နယ်မြေမှာ နားသွားထွင်းမယ့်ကိစ္စကို အမတ်ကြီးများ စိတ်ပူလေသည်။ ဟံသာဝတီမြို့မှာ နန်းတည်ပြီး စိုးစံနေတဲ့ သုရှင်တကာရွတ်ပိဆိုတဲ့ ဘုရင်တစ်ပါးရှိသလို တောင်ငူထီးနန်းကို ပုန်ကန်လိုသူတွေကလည်း ဟံသာဝတီမှာ ခိုလှုံရင်း ဓားသွေးနေကြသည်။ သုရှင်တကာရွတ်ပိက ကိစ္စမရှိ။ ဟံသာဝတီက ထီးနန်းဖြစ်သော်လည်း တောင်ငူအင်ပါယာလောက် အင်အားမရှိတော့ သူ့နယ်ထဲ နားလာထွင်းတဲ့ကိစ္စကို ဘုရင်အချင်းချင်းဆိုတော့ မိတ်ဝတ်မပျက် ဆက်ဆံရေးဖြင့် အေးဆေးပင်ဖြစ်သည်။ခက်တာက ဟံသာဝတီနယ်စပ်တောတွင်းမှာ ခိုလှုံပြီး တောင်ငူပြည့်ရှင် မင်းတရားကြီးကို ပုန်ကန်ခြားနားလိုသော ငဇော်ဝေ၊ ငဘုန်း လတ်၊ ငရန်နောင်၊ ငလရှီး အစရှိသော သူပုန်သူကန်တွေအရေးကို မှူးကြီးမတ်ရာတွေက စိတ်ပူတာ ဖြစ်သည်။ သူပုန်သူကန်တွေကလည်း သူတို့စိုးမိုးထားတဲ့ ဟံသာဝတီက တောတွေ၊ တောင်တွေကို မင်းတရား တပင်ရွှေထီးရောက်လာရင် ဖမ်းပြီး စီရင်မယ်တို့၊ ဖမ်းပြီး ဘယ်ပို့မယ်တို့ အာချောင်ထားတာဆိုတော့လည်း ပြည်သူတွေကလည်း မင်းပျိုမင်းလွင် မင်းတရားကြီးကို စိတ်ပူကြတာဖြစ်သည်။
    ဒီလိုအခြေအနေမှာ မှူးကြီးမတ်ကြီးတွေက "အရှင်မင်းကြီး သုရှင်တကာရွတ်ပိက ဘော်ဒါချင်းဆိုတော့ ရွှေမော်ဓောမှာ နားလာထွင်းတာ သံတမန်ဆက်ဆံရေးနဲ့ သာသာယာယာဆိုပေမယ့် ဟိုပုန်ကန်နေတဲ့ သူဖုန်းစားတစ်သိုက်က မင်းကြီးကို အန္တရာယ်ပေးမှာကို ပြည်သူတွေက စိတ်ပူသလို ဘုရားကျွန်တော်မျိုးတို့လည်း စိတ်ပူပါတယ်"ဟု လျှောက်တင်လေသည်။ မင်းတရား ရွှေထီးကတော့ "ငါ့ကိုဝံ့မည်လော"ဟုသာ မိန့်လေသည်။ ခုခေတ်စကားနဲ့ ပြောရရင်တော့ " ဒီကောင်တွေက အာ ပဲချောင်ရဲတာပါကွာ၊ ငါ့ကိုလက်ဖျားနဲ့တောင်တို့ရဲမှာ မဟုတ်ဘူး"ဆိုပြီး မိန့်ကြားတာ ဖြစ်သည်။ ဟုတ်တော့လည်းဟုတ်သည်။ တောင်ငူဘုရင် မင်းတရားကြီးကို ပုန်ကန်ခြားနားဖို့ ဟံသာဝတီနယ်ခြား တောမြိုင်အရပ်မှာ ခိုကပ်နေ သော ငဇော်ဝေဆိုတာကလည်း သေရည်သမား ဖြစ်သည်။ သေရည်ဖိုးလေး ငွေစလေးများရှိရင် ငြိမ်နေပြီး သေရည်ဖိုးမရှိရင် ကယောင်ကတမ်း ပြောတတ်တာကလွဲပြီး အရည်အချင်းက နတ္ထိဖြစ်သည်။ ငလရှီးဆိုတာကလည်း သက်ကြားရွယ်အိုအဘိုးကြီးဖြစ်ပြီး ငဇော်ဝေနဲ့ပေါင်းပြီး လူပေါင်းမှားတာ ဖြစ်သည်။ နောက် ငဘုန်းလတ်တို့၊ ငရန်နောင်တို့ဆိုတာကလည်း ကေတုမတီနေပြည်တော်ကို ပုန်ကန်ခြား နားဖို့ ပေလွှာတွေကနေ လှုံ့ဆော်စာတွေရေးပြီး အာချောင်တာကလွဲပြီး လက်ရုံး ရည်ရော၊ နှလုံးရည်ရော မရှိကြသူများဖြစ်သည်။ အချိန်ရှိရင် ပေလွှာတွေမှာ ပေါတောတော အကြောင်းအရာ တွေထိုင်ရေး မင်းတရားကြီးကို အာဂျင်တီးနား ပို့ချင်နေကြသည်။ ကမ္ဘာ့ဖလား မရလို့တိုင်ပတ်နေတဲ့ နိုင်ငံကို ပထွေးလို အားကိုးကြလေသည်။
    ဒီလို ပေါတောတောပုန်ကန်သူတွေအကြောင်းကို အထာနပ်နေသော မင်းတရားတပင်ရွှေထီးက ဟံသာဝတီကို အမတ် ၄၀ ၊ မြင်းသည် ၅၀၀ နဲ့ ချီတက်ကြွမြန်းတော်မူလေသည်။ ဟံသာဝတီထီးနန်းနဲ့ မလှမ်းမကမ်းရှိ ရွှေမော်ဓောဘုရားကိုအရောက် ဘုရားပတ်လည်တွင် မြင်းငါးရာကို ရံစေပြီး ကိုယ်တော်တိုင်က ဇေယျသတ္တရုမြင်းတော်ကို ပတ္တမြားကကြိုးဆင်၊ ဘုရားပူဇော်ပြီးမှ နားထွင်းမင်္ဂလာကို စတင်ကျင်းပလေသည်။ သမိုင်းမှာတော့  ဟံသာဝတီဘုရင် သုရှင်တကာရွတ်ပိကလည်း အထိန်းတော်ဗညား လော၊ ဗညားကျန်းတို့ကို အလုံးအရင်းနှင့်လွှတ်ပြီး ဘုရားကို ဝန်းရံစေသည်ဟု ဆိုသည်။အမှန်က အခြား တိုင်းပြည်က ဘုရင်တစ်ပါးက ကိုယ့်တိုင်းပြည်က အထွတ်အမြတ်ထားရာ စေတီတော်ကို လာရောက် ဖူးမြော်ကြည်ညိုတာကို ခုခေတ်စကားနဲ့ ပြောရရင် နိုင်ငံတော်အဆင့် လုံခြုံရေးပေးတာဖြစ်သည်။ တကယ်သာ မင်းတရားတပင်ရွှေထီးကို တိုက်ချင်ခိုက်ချင်မှတော့ လမ်းတစ်ဝက်တင် ထွက်တိုက်မှာ ဖြစ်သည်။သမိုင်းရေးသူတွေကလည်း ရှေးခေတ်နိုင်ငံရေးကို ဖွချင်တာကြောင့် ဟံသာဝတီတပ်ကပဲ ဝန်းရံပိတ်ဆို့ထားသယောင်ရေးကြတာ ဖြစ်သည်။ ထားပါတော့လေ ဤကား မူကွဲတစ်ရပ်ဟု ဖတ်ရှုစေလို သည်။
    ဒီလိုအခြေအနေမှာ ဟံသာဝတီတပ်ရံပါပြီလို့ မှူးမတ်တွေက လျှောက်ကြတော့ မင်းတရားရွှေထီးက "နားကိုသာ တည့်အောင်ထွင်း"ဟု မိန့်ကြားလေသည်။ ဘုရင်လေ ဘုရင်ဆိုတော့ သူ့ဘော်ဒါကြီး ဟံသာဝတီ ဘုရင်ကတော့ ငါ့ကို သူပုန်သူကန်တွေရန်က ကာကွယ်ပေးတာ၊ လုံခြုံရေးပေးတာကို ကြိုသိနေသည်။ ဘုရင်နားထွင်းနေစဉ် မှူးကြီးမတ်ရာတို့က နောက်ထပ် သတင်းစကား လျှောက်တင်လေသည်။ "မင်းတရားကြီး ငဇော်ဝေတို့၊ ငဘုန်းလတ်တို့ရဲ့ လေတပ်ကြီးလည်း ဝန်းရံထားတယ်လို့ ကြားရ ပါတယ် မင်းကြီး"ဟု လျှောက်တင်လေရာ မင်းကြီး ပြုံးရုံလေးပြုံးပြီး နားထွင်းပြီးသည်နှင့် ဇေယျသတ္တရုပေါ် တက်ပြီး "ငါမင်းတရား ရွှေထီး၊ နင်တို့ဝံ့ မည်လော"လို့ ဟစ်ကြွေးကာ မြင်းရံ ၅၀၀ နဲ့တကွ ဇက်ကုန်လွှတ်ထွက်ခဲ့သည်။ နှစ်ပြည်ထောင်မိတ်ဝတ်မပျက် ဆက်ဆံရေးအရ လုံခြုံရေးပေးထားတဲ့ ဟံသာဝတီတပ် တွေကလည်း အသာလမ်းဖယ်ပေးကြသည်။ ဟံသာဝတီ လွန်သည်အထိ သူပုန်သူကန်တွေ ဖြစ်သည့် ငဇော်ဝေတို့၊ ငဘုန်းလတ်တို့ရဲ့ လေတပ်ကြီးရန်ကို စစ်သည်တော်တွေက သတိထားသော် လည်း မင်းတရား တပင်ရွှေထီးက သာသာယာယာ ကြွမြန်းလာသည်။ ဟံသာဝတီနယ်စပ် တစ်ကြော အထိုင်ချကာ ပုန်ကန်နေကြသော သူပုန်သူကန်တွေ မင်းတရားကြီး၏ ရွှေမော်ဓောခရီးစဉ်သတင်း ထုတ်ပြန်တော့ ဆီးပဲဖမ်းတော့မလိုလို၊ ဝင်ပြီးတော့ပဲ ခရီးစဉ်ကို ကန့်ကွက်ဆန္ဒပြတော့မယောင်ယောင် ပြောထားဆိုထားကြတော့ ငဇော်ဝေတို့ရဲ့ လေတပ်ကြီးကို သတိထားရတာ ဖြစ်သည်။ ကေတုမတီကို ရောက်တဲ့အထိ ရဲရဲတောက် ကြွေးကြော်ထားကြသော ငဇော်ဝေ၊ ငဘုန်းလတ်၊ ငရန်နောင်၊ ငလရှီးတို့၏ လေတပ်ကြီးဆိုတာ အမြီးတောင် မမြင်ရချေ။ အင်မတန် သတ္တိနှင့်ပြည့်စုံကြသူများ ဖြစ်သည်။
    ဒီလိုနှင့် မင်းတရားတပင်ရွှေထီး နေပြည်တော်ကို ဘေးမသီရန်မခ ပြန်လည်ကြွမြန်းခဲ့ရာ တိုင်းသူပြည်သား လူအများတို့ကလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ မင်းတရားကြီး နေပြည်တော်ကို ပြန်လည်ရောက်ရှိပြီဆိုတာ သေချာတော့မှ သူပုန်သူကန်တွေ တရေးနိုးလာကြသည်။ သူပုန်သူကန် တပ် မှူးကြီးတွေ စုပေါင်းစည်းဝေးပြီး မဟာဗျူဟာမြောက် ထိုးစစ်ကြီး ဆင်နွှဲမည်ဟူသော ပေလွှာများရေးသား ဖြန့်ဝေလေသည်။ မင်းတရားကြီး သူတို့နဲ့ အနီးဆုံးနယ်မြေ ကြွမြန်းစဉ်က အသံပင် မထွက်ရဲကြသည့် သူရဲကောင်းကြီးများဖြစ်သည့် ငဇော်ဝေ၊ ငဘုန်းလတ်၊ ငရန်နောင်၊ ငလရှီးတို့ကို တိုင်းသူပြည်သား လူအများကလည်း 'ငပေါကြီးများ'ဟု ကောင်းချီးသြဘာ ပေးကြလေကုန်တော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 110

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.