၂၀၂၆ ၊ မတ် ၆
၂၀၂၆ ခုနှစ် မတ်လ ၂ ရက် တောင်သူလယ် သမားနေ့ဟာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာကို သိမ်းပိုက်ခဲ့တဲ့ (၆၄)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။ ဒါဟာ သမိုင်းအမှန်တရားတစ်ခု ဖြစ်တဲ့အတွက် အာဏာသိမ်းတာကို သိမ်းတယ်လို့ပြောတာ အမှားမဟုတ်ပါဘူး။ သို့သော် စစ်အာဏာရှင်စနစ်ကို အစပျိုး ထူထောင်ခဲ့ခြင်း ဖြစ်တယ်ဆိုတဲ့ အမြင်ကိုတော့ ကန့်ကွက်ရမှာ ဖြစ်ပါတယ်။ ဒီစကား၊ ဒီအသုံးအနှုန်းဟာ သမိုင်းဖြစ်ရပ်မှန်ကို အကျည်းတန်စေပြီး နိုင်ငံရေးအရ ဝါဒဖြန့် ထိုးနှက်မှုတစ်ခုသာ ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ခုချိန်ထိ ဖြစ်ပျက်နေတဲ့ ပြဿနာအတော်များများဟာ ဒီအသုံးအနှုန်း၊ ဒီဝါဒဖြန့် မှုတွေရဲ့ အကျိုးဆက်အရလို့ ဆိုရင်လည်း မမှားပါဘူး။ ဖြစ်ခဲ့ရတဲ့ အခြေအနေတစ်ခုကို ထိုခေတ် ထိုကာလရဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး ဘာကြောင့် ဖြစ်ခဲ့ရ တယ်ဆိုတာကို အမှန်အတိုင်း ရှုမြင်ဆင်ခြင်သုံးသပ်ဖို့ လိုပါတယ်။ မုန်းတီးမှုတွေ၊ ပုဂ္ဂိုလ်ရေးတွေ မပါသင့်ဘူး။
ကိုယ့်အကျိုးစီးပွားထိခိုက်လို့ ပုဂ္ဂိုလ်ရေး မုန်းတီးမှုတွေကို အခြေခံ တုံ့ပြန်ခဲ့ကြတာတွေဟာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုသာ ဖြစ်စေခဲ့ပါတယ်။ ဒီဆိုးကျိုးတွေကို သင်ခန်းစာမယူဘဲ ခုထက်ထိလည်း ပြောတုန်းဆိုတုန်း၊ ထိုးနှက် တိုက်ခိုက်နေတုန်းပဲဆိုတာတွေကို စိတ် မကောင်းစွာ တွေ့နေရတုန်းပါပဲ။ ၁၉၅၈ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရအဖြစ် ပါလီမန်က တရားဝင်ခန့်အပ်ခဲ့တာ ပင် အာဏာလိုချင်လို့ ဖိအားပေးတဲ့အတွက် အာဏာပေးလိုက်ရသယောင် ပြောဆို ရေးသားနေတာတွေ ဟာ စိတ်မကောင်းစရာ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ အင်မတန်မှ ယုတ်မာတဲ့ နိုင်ငံ ရေးထိုးနှက်မှုတစ် ခုလို့ ဆိုရမှာပါ။ အဲဒီကစပြီး ခေတ်အဆက်ဆက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တွေအနေနဲ့ နိုင်ငံတော်အာဏာကို ရယူခဲ့ရတဲ့ အခြေအနေတွေကို အမှန်မမြင်ဘဲ စစ်အာဏာရှင်စနစ်ကို ဖန်တီးခဲ့တာဆိုပြီး သိမ်းကျုံးပြောဆိုနေတာတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အရေးပေါ်အခြေအနေ ကြေညာပြီး ကာလတစ်ခုအထိ နိုင်ငံတော်အာဏာ ခန့်အပ်ခဲ့တာကိုပင် စစ်အာဏာရှင်စနစ်လို့ အတင်းအကျပ် ဝါဒဖြန့် စွပ်စွဲနေကြတာတွေဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ဆိုရမှာ ဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းကို အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခန့်အပ်ခဲ့တာဟာ ဝန်ကြီးချုပ် ဦးနုကိုယ်တိုင်က ကမ်းလှမ်းခဲ့ပြီး ပါလီမန်က အတည်ပြုခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၆ အရ လွှတ်တော်ကိုယ်စား လှယ်မဖြစ်ရင် ခြောက်လထက် ပိုခန့်လို့မရတဲ့အ တွက် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာပြန်အပ်ပြီး ဝန်ကြီးချုပ်အသစ်ခန့်အပ်ဖို့နဲ့ သူ့အ နေနဲ့ ကာကွယ်ရေး ဦးစီးချုပ်အဖြစ်ကနေ အစွမ်းကုန် ကူညီပေးမယ်လို့ ဆိုပါတယ်။ ပါလီမန်က ရှေ့နေချုပ်ထံ အကြံတောင်းရာ ယာယီအစိုးရနှင့် ပုဒ်မ ၁၁၆ မသက်ဆိုင်ပါလို့ အကြောင်းပြန်ပါတယ်။ လုပ်ဆောင်ချက်တွေကို ပါလီမန်က အတည်ပြုပေးပြီး ဖြစ်တဲ့အတွက် ယာယီအစိုးရအဖြစ် လက်မခံဘဲ ပုဒ်မ ၁၁၆ ကို လိုသလိုပြင်ပေးမှသာ ဆက်လက်တာ ဝန်ထမ်းဆောင်နိုင်မှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးနေဝင်း က ဆိုပါတယ်။ ဥပဒေပညာရှင် အချို့က ခြောက်လကုန်ဆုံးတဲ့နေ့မှာ ထွက်ပြီး နောက်နေ့မှာ အဲဒီရာထူး ကို ပြန်ယူရင် ခြောက်လသက်တမ်း အသစ်စတင်မှာဖြစ်ကြောင်း၊ ဒီနည်းအတိုင်းလုပ်ပါက ခြောက်လတင်မကဘဲ တစ်နှစ်၊ တစ်နှစ်ခွဲအထိ လုပ်လို့ပင်ရနိုင်ကြောင်း အကြံပေးခဲ့တာ ဥပဒေကို လက်တစ်လုံးခြား မလုပ်သင့်ကြောင်း ငြင်းဆိုခဲ့သဖြင့် ပါလီမန်က ပုဒ်မ ၁၁၆ ကို ဆိုင်းငံ့တဲ့ အခြေခံဥပဒေ ပြင်ဆင်ချက်အဖြစ် ပြဋ္ဌာန်းပေးခဲ့ရတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက တိုင်းပြည်တာဝန် ထမ်းဆောင်ရာမှာ အာဏာရရှိရေးထက် ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
အိမ်စောင့်အစိုးရအဖြစ် အာဏာမပေးခင် အခြေအနေကို ပြန်ကြည့်ရင် ဘာကြောင့် အာဏာပေးခဲ့ရတယ်၊ ဘယ်လောက်ထိ အောင်မြင်ခဲ့တယ်ဆိုတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဓိကပြဿနာမှာ ဖဆပလ ပြိုကွဲခြင်း ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်ရောက်မှ ပြိုကွဲတာ မဟုတ်ဘဲ ၁၉၅၂ ခုနှစ်လောက်ကတည်းက အကွဲအပြဲ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရတဲ့အချိန်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့ခြင်း မရှိဘဲ တိုင်းပြုပြည်ပြု လွှတ်တော်ကို ပါလီမန်အဖြစ်ပြောင်းလဲပြီး ပါလီမန် ဒီမိုကရေ စီစနစ်ကို အသက်သွင်းခဲ့ရတာပဲ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်းမှ ရွေးကောက်ပွဲကို အပိုင်းလိုက် ကျင်းပပေးခဲ့ရာ ၁၉၅၂ ခုနှစ်ရောက်မှ ပထမရွေးကောက်ပွဲ ပြီးစီးခဲ့ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မရှိတဲ့အတွက် ဖြစ်ပါတယ်။ ဖဆပလကို စတင်ဖွဲ့စည်းချိန် တပ်မတော်က ဦးဆောင်ကမကထ ပြုပြီး နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေအနေနဲ့ ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ လစ်ဘရယ်နိုင်ငံရေးသမားတွေ ပါပါတယ်။ နောက်ပိုင်းမှာ တပ်မ တော်က မပါတော့ဘဲ ဘေးကသာ ဝန်းရံစောင့်ရှောက်ပေးပါတယ်။ ကွန်မြူနစ်ပါတီ တောခိုသွားပြီးနောက် ဖဆပလမှာ ဆိုရှယ်လစ်အင်အား ကြီး ထွားခဲ့ပါတယ်။
ဖဆပလ အကွဲအပြဲက သူ့အုပ်စု၊ ကိုယ့်အုပ်စု အာဏာရရေးသာ အဓိကဖြစ်ပါတယ်။ အုပ်စု အကွဲအပြဲများပေမယ့် အဓိကအကွဲက နှစ်ဖွဲ့ပါ။ ဦးနုနဲ့ သခင်တင် ဦးဆောင်တဲ့ နုတင်သန့်ရှင်းဖဆပလနဲ့ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်း ဦးဆောင်တဲ့ ဆိုရှယ်လစ်အုပ်စု ဆွေငြိမ်းတည်မြဲဖဆပလပါ။ ဆိုရှယ်နီအုပ်စုနဲ့ ကွန်မြူနစ်အုပ်စုကတော့ အခါကောင်းစောင့်နေတဲ့ ပွဲကြည့်ပရိသတ်ပါ။ ၁၉၅၂ ခုနှစ်လောက်ကစကွဲပြီး အာဏာကို အခြေခံခဲ့ကြတဲ့အတွက် အခြေခံဥပဒေကို ကောင်းစွာ အသက်မသွင်း နိုင်ခဲ့ကြသလို တိုင်းပြည်တည် ငြိမ်ရေး၊ ဖွံ့ဖြိုးရေးကိစ္စတွေ လစ်ဟာခဲ့ကြပါတယ်။ ၁၉၅၆ ခုနှစ် ဒုတိယရွေးကောက်ပွဲအပြီးမှာ အကွဲအပြဲက ပိုမို ကြီးထွားလာခဲ့ပါတယ်။ မြို့ရွာ တည်ငြိမ်အေးချမ်းရေး ယိုယွင်းလာသလို သူပုန်တွေ ပြန် လည်စခန်းထလာနေပြီ ဖြစ်ပါတယ်။ အစပိုင်းက အုပ်စုလိုက် ကျိတ်ကွဲနေကြရာမှ ၁၉၅၆ ခုနှစ်နောက် ပိုင်းမှာ ပေါ်ပေါ်ထင်ထင် ကွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီ အကွဲအပြဲကို ပါလီမန်မှာ မဲခွဲရာ ဦးနုပြန်နိုင်ပြီး သူ့အဖွဲ့နဲ့ အစိုးရဖွဲ့ပါတယ်။ ပါလီမန်မှာ အင်အားမကောင်းပေမယ့် ကွန်မြူနစ်အုပ်စုက သူ့ဘက်က ရပ် တည်ပေးခဲ့လို့ မဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပါလီမန်လုပ်ငန်းစဉ်တွေမှာ အတိုက်အခိုက်များပြီး အားပျော့စေခဲ့တဲ့အတွက် ဘယ်လိုမှ ထိန်းနိုင်တဲ့ အခြေအနေမှာ မရှိတော့ပါ။ ဒါကြောင့် အိမ်စောင့်အစိုးရပေါ်လာပြီး ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာအပ်နှင်းခဲ့တာပဲ ဖြစ်ပါတယ်။
အိမ်စောင့်အစိုးရလက်ထက်မှာ ကျဆင်းလာနေတဲ့ စီးပွားရေး ပြန်လည်ဦးမော့လာပါတယ်။ ဖဆပလ အတွင်းမှာ အုပ်စုလိုက်ဖွဲ့ထားတဲ့ ခါးပိုက်ဆောင်တပ်တွေနဲ့ အဲဒီကတစ်ဆင့် ဆက်နွှယ်နေတဲ့ ပြည်တွင်း လက်နက်ပုန်းကိစ္စတွေကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ပါတယ်။ ရာဇဝတ်မှုတွေ ထူပြောနေနဲ့ တော်လှန်ရေး ပန်းခြံ၊ မင်းမနိုင်၊ ရွှေဂုံတိုင်၊ ဗဟန်း အစရှိတဲ့ ကျူးကျော်ကွက် သစ်တွေကို ရှင်းလင်းပြီး နေရာသစ်အဖြစ် သတ်မှတ်စီစဉ်ပေးခဲ့ရာမှာ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနဲ့ သာကေတမြို့ နယ်တွေ ဖြစ်တည်လာခဲ့တာပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေပါ လွတ်လပ်ရေးရပြီး သုံးနှစ်အကြာမှာ စော်ဘွားအာဏာ စွန့်လွှတ်ရမယ့် နိုင်ငံရေး အစိုးရလက်ထက်မှာ ထောက်ခံမှုကျဆင်းမှာစိုးလို့ မလုပ် ခဲ့တဲ့ ကြွေးကျန်ကိစ္စကို အိမ်စောင့်အစိုးရလက်ထက်မှာ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ စော်ဘွားတွေအနေနဲ့ လူမျိုးစုလွှတ်တော်မှာသာ ပါနေရာကနေ ပြည်သူ့လွှတ်တော်မှာပါ အရွေးချယ်ခံနိုင်တဲ့အထိ ဖြစ်လာခဲ့ပါတယ်။ လူတန်းစားတန်းတူ၊ နိုင်ငံသားနဲ့ နိုင်ငံသားအခွင့်အရေး တန်းတူဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စုအတွက် အကောင်းရှိသလို အဆိုးကိုလည်း ဖြစ်စေခဲ့ပါတယ်။ စောစီးစွာ ဖြေရှင်း ရမယ့်ကိစ္စကို ၁၀ နှစ်ကြာမှ ဖြေရှင်းခဲ့ရတဲ့အတွက် စော်ဘွားအာဏာတပ်မက်မှုအရ ရှမ်းလက် နက်ကိုင်လမ်းစဉ်နဲ့ ပြည်နယ်ခွဲထွက်ရေး ဇာတ်လမ်းတွေ အစပျိုးစေခဲ့ တာပဲဖြစ်ပါတယ်။ နှစ်နှစ်တာ ကာလမှာ ဆောင်ရွက်ခဲ့တာတွေဟာ ဖဆပလ အစိုးရလက်ထက်ကထက် အောင်မြင်မှု အများကြီးရှိခဲ့တာ သမိုင်းမှာ လိမ်လို့မရတဲ့ အခြေအနေပါ။
၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့ရတာဟာ ၁၉၅၆ ခုနှစ်ကကွဲတဲ့ အကွဲအပြဲ ဇာတ်လမ်းတွေထက် ပိုတဲ့ အခြေအနေတွေကြောင့်ဆိုတာ ထိုခေတ်ကိုမီခဲ့တဲ့ သက်ရှိ အဘိုးအဘွားတွေ၊ စာဖတ်နာတဲ့ စာဖတ်ဝါသနာပါသူတွေ၊ ဘက်မလိုက်တဲ့ နိုင်ငံရေးသုတေသီတွေ သိကြပါတယ်။ ဒီအသိကို နောက်မျိုးဆက်တွေအတွက် မှန်မှန်ကန်ကန် သိစေဖို့ တာဝန်ရှိပါတယ်။ အိမ်စောင့် အစိုးရတာဝန် ကျေပြီးနောက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ၁၉၆၀ ပြည့်နှစ်မှာ ကျင်းပပေးခဲ့ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက် ပြီး တပ်မတော်အတွင်းမှာ လွတ်လပ်စွာမဲပေးနိုင်ဖို့၊ ဘက်မလိုက်စေဖို့ တင်းတင်းကျပ်ကျပ် မှာကြားကိုင် တွယ်ခဲ့ပါတယ်။ အိမ်စောင့်အစိုးရ လက်ထက်မတိုင်မီက အခြေအနေတွေအရ တိုင်းပြည် ကမောက်ကမ ပြန်ဖြစ်မှာ မလိုလားတဲ့ တပ်မတော်အကြီးအကဲတွေက ရွေးကောက်ပွဲက တက်လာမယ့် အစိုးရအပေါ် သံသယရှိပါတယ်။ အာဏာကို ဆက်လက်ချုပ်ကိုင်ပြီး စနစ်ပြောင်းစေလိုကြတဲ့အတွက် ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံတော်က ချမှတ်ထားတဲ့စနစ်အရ ဆက်လက် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ရွေးကောက် ပွဲမှာ ဘက်မလိုက်ဘဲ မျှတစွာ ဆောင်ရွက်ပေးဖို့ လိုကြောင်း၊ မဲနိုင်တဲ့ ဘယ်သူ့ကိုမဆို အာဏာအပ်နှင်း ပေးရမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးနောက် ဖြစ်လာမယ့် အကျိုးဆက်က သုံးချက်သာရှိကြောင်း၊ ပထမအချက်က အရင်အတိုင်း ဆိုးမြဲဆိုးနေတာ၊ ဒုတိယအချက်က အဆိုးတွေပြင်ပြီး အကောင်းဘက် ပြောင်းလဲလာမှာနဲ့ တတိယအချက်က အရင်ကထက် ပိုဆိုးလာမှာပဲ ဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေ ကို မပြတ်စောင့်ကြည့်နေရမှာဖြစ်ကြောင်း ပြောကြားခဲ့တာ တွေ့ရပါတယ်။
ပြန်လည်ကျင်းပပေးမယ့် ရွေးကောက်ပွဲ ကာလကစပြီး တစ်ဖက်နဲ့တစ်ဖက် အားပြိုင်မှုက နိုင်ငံရေးလောကမှာ ကြောက်စရာအကောင်းဆုံးကာလလို့ ဆိုရမှာဖြစ်ပါတယ်။ မိမိတို့ မဲနိုင်အာဏာရဖို့ မဖြစ်နိုင်တဲ့၊ မလုပ်သင့်တဲ့ ကတိကဝတ်တွေပေးတာ၊ ကိုယ်စားလှယ်လောင်းအချင်းချင်း ငယ်ကျိုးငယ်နာ ဖော်တာ၊ အပုပ်ချတာ၊ အညှီအဟောက် ဇာတ်လမ်းဆင်ပြီး တိုက်ခိုက်တာ၊ လက်ကိုင်မီဒီယာ အသုံးချပြီး တိုက် ခိုက်ခဲ့ကြတာတွေဟာ သမိုင်းတွင်လောက်အောင် ဆိုးရွားခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုအခြေ အနေတွေအပြင် တပ်မတော်ကို သူ့ဘက်ပါအောင် ဖဲ့ပြီး စည်းရုံးတာတွေပါ လုပ်ခဲ့ကြပါတယ်။ စနစ်အရ အဓိကက မဲနိုင်ဖို့သာပဲ ဖြစ်ပါတယ်။ မဲနိုင်မှ အာဏာရမှာဖြစ်တဲ့အတွက် မဲနိုင်ဖို့သာ လိုတယ်ဆိုတဲ့ ခံယူချက်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီကာ လမှာကတည်းက ဦးနုက သူသာမဲနိုင်လို့ အစိုးရဖွဲ့ခွင့်ရရင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်မယ်ဆိုတဲ့ ကတိကို ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်နယ်ခွဲထွက်ခွင့် အသက်ဝင်နေပြီ ဖြစ်ကြောင်းလည်း အစဖော်ပေးခဲ့ပါတယ်။ အိမ်စောင့် အစိုးရလက်ထက်မှာ ကျူးကျော်ကွက်သစ်ကိစ္စ ရှင်းခဲ့တာကို ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ တပ်မတော်အပေါ် အပြစ်ပုံချပြီး သူ့အနေနဲ့ ပြည်သူကို စာနာကြောင်းဆိုတဲ့ လူပြိန်းကြိုက်အောက်လုံးတွေ သုံးခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်အရ အပြိုင်အဆိုင်ရှိရမှာ မှန်ပေမယ့် အမုန်းတရားကို အသက်သွင်းပြီး သွေးကွဲရေး ဇာတ်လမ်းတွေ အစမပျိုးသင့်တာ ဒီနိုင်ငံရေးခေါင်း ဆောင်တွေ မသိဘဲ နေမှာ မဟုတ်ဘူးထင်ပါတယ်။ အဓိက အမှောင်က အာဏာရရှိရေးပါ။
အဲဒီလိုအခြေအနေကနေ ရွေးကောက်ပွဲပြီးတဲ့အခါ အရပ်သားအစိုးရတစ်ရပ် ထပ်မံ ပေါ်ပေါက် လာပါတယ်။ ဦးနုရဲ့ သန့်ရှင်းဖဆပလ အနိုင်ရပါတယ်။ ဖဆပလ အမည်ကိုစွန့်လွှတ်ပြီး ပြည်ထောင်စု ပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာမှ ပထစအစိုးရ ဖြစ်လာခဲ့တာပါ။ အတိုက်အခိုက်တွေ အရမ်းများပြီး ပြဿနာပေါင်းစုံ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်လိုက် တဲ့အတွက် ဘာသာခြားတွေကြားမှာ ပြဿနာတွေ ကြီးလာခဲ့ပါတယ်။ အထူးသဖြင့် ခရစ်ယာန်တွေရဲ့ တုံ့ပြန်မှု ကြီးမားခဲ့ပြီး KIA အင်အား ပိုမို ကြီးထွားလာခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဘာသာရေးအရ ပြည်တွင်းစည်းလုံးမှုပြိုကွဲနိုင်သလို တပ်မတော်အတွင်းမှာပါ ပြိုကွဲစေနိုင်တဲ့အတွက် တပ်မ တော်က သတိပေး တားမြစ်ခဲ့ပါတယ်။ သို့သော် ဆက်လက်လုပ်ဆောင်ခဲ့တဲ့အတွက် အကောင်းထက် အဆိုးဘက် ကို ဦးတည်စေခဲ့တာပဲ ဖြစ်ပါတယ်။
တည်ဆဲ ပထစအစိုးရ ပြုတ်ကျစေဖို့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ၊ ဗကပယူဂျီတွေရဲ့ ထိုးနှက်ချက်တွေ ပိုမိုကြီးထွားလာခဲ့သလို ပြည်တွင်းလက် နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်တွေလည်း ပိုမိုများ ပြားလာခဲ့ပါတယ်။ အဲဒီကိစ္စနဲ့တစ်ဆက်တည်း ပြည်နယ်ခွဲထွက်ခွင့်ကိစ္စ အစပျိုး လာခဲ့ပြီ ဖြစ်ပါတယ်။ ဦးနုကိုယ်တိုင်ကပင် နိုင်ငံရေးအရ ဖက်ဒရယ်ဆွေးနွေးပွဲကို ခွင့်ပြုပေးခဲ့ပါတယ်။ ဖက်ဒရယ်အရေးကို အလေးထားတာက ပြဿနာမရှိပါ။ ဆွေးနွေးအဖြေရှာလို့ ရပါတယ်။ အစိုးရရဲ့ အားနည်းချက်နဲ့ အစိုးရရဲ့ ရပ်တည်လိုမှုကို အခွင့်ကောင်းယူပြီး ခွဲထွက်ခွင့်နဲ့ ဖက်ဒရယ် တန်းတူအခွင့်အရေး အကြောင်းပြ ကွန်ဖက်ဒရေးရှင်း တောင်းဆိုမယ့် အခြေအ နေတွေအထိ ဖြစ်စေခဲ့တာကတော့ လက်မခံနိုင်တဲ့ နိုင်ငံ ရေးပြဿနာပဲ ဖြစ်ပါတယ်။ ပင်လုံသဘောတူညီချက်ကို ဗမာခေါင်းဆောင်တွေ မလိုက်နာခဲ့ဘူးလို့ အကြောင်းပြခဲ့ပေမယ့် ၁၉၆၁ ခုနှစ် တောင်ကြီးမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ဆွေးနွေးပွဲဟာ ပင်လုံသဘော တူညီချက်ထက် များစွာ ကျော်လွန်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ရှမ်းမူဟာ သေချာဖတ်ရှုလေ့လာကြည့်ရင် ပင်လုံသဘောတူညီချက်ကို အခြေခံတာ မှန်ပေမယ့် ကိုယ်လိုရာဆွဲထား တဲ့သဘောကို တွေ့ရမှာဖြစ်ပါတယ်။ ရှစ်ပြည်နယ်မူဆိုတာကတော့ ပင်လုံသဘောတူညီချက်ထက်များ စွာကျော်လွန်နေတဲ့ အယူအဆသာဖြစ်ပါတယ်။ ပင်လုံညီလာခံရဲ့ ခွဲထွက်ခွင့်ဟာ ရှမ်းအတွက် မူအားဖြင့် သဘောတူခဲ့တာ မှန်ပေမယ့် ကျန်တိုင်းရင်းသားတွေနဲ့ လားလားမျှမဆိုင်ပါ။ ဒီအခြေအနေကို သိသိ ချည်းနဲ့ အစိုးရအားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး ကြိုးစားလာခဲ့တာ အမျိုးသားလုံခြုံရေး အမြင်အရ ဘာလုပ်သင့်ပါသလဲ။ ဒါဟာ ၁၉၆၂ ခုနှစ် အာဏာသိမ်းရခြင်းရဲ့ အဖြေအတွက် တစ်စိတ်တစ်ပိုင်း ဖြစ်ပါလိမ့်မယ်။
၁၉၆၂ ခုနှစ်ရဲ့ ပြည်တွင်း နိုင်ငံရေး၊ ပြည်ပ လက်ဝဲလက်ယာ ပြဿနာတွေအရ မြန်မာနိုင်ငံအနေနဲ့ ဘယ်လမ်းကို လျှောက်ရမလဲ၊ လျှောက်သင့်သလဲဆိုတာ အဲဒီအချိန်က ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ ခေတ်ပြောင်းလာတဲ့အချိန်မှာ သုံးသပ်တာတွေဟာ အပြည့်အ၀ မှန်တယ်လို့ ဆိုလို့မရပါဘူး။ သို့သော် ပြောင်းသင့်တဲ့ အချိန်မှာ ဖြစ်သင့်တဲ့အတိုင်းအတာအတွင်းက ပြောင်းလဲရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်စနစ်ကို အခြေခံပြီး စီးပွားရေးစနစ် ပြောင်းလဲခဲ့သလိုမျိုးဆို လက်ခံရမှာဖြစ်ပါတယ်။ ဒါကို လက်ခံရမှာ မှန်ပေမယ့် ကိုယ့်နိုင်ငံ၊ ကိုယ့်အခြေအနေနဲ့သာ ကိုက်ညီရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို အခြေခံပြီး ၁၉၈၈ ခုနှစ် အရေးအခင်း နဲ့ နောက်ဆက်တွဲကိစ္စတွေ ဆက်လက်ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေမှန်ကို နားလည်ရင်၊ မြင်အောင်ကြည့်နိုင်ရင် တပ်မတော်က စစ်အာဏာရှင်စနစ် တည် ဆောက်နေတာ မဟုတ်ဘဲ နိုင်ငံရေးမှာ ပါဝင်ခဲ့ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း သိကြမှာဖြစ်ပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ် ( ၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )