သဖန်းဆိပ်ဆည်အတွင်းက ရွှေမုဆိုးနှင့် တောင်သူတို့၏ တိုက်ပွဲ

၂၀၂၆ ၊ မတ် ၆

နွေစပါး မစိုက်နိုင်ကြတော့သူများ

            "ဒီအချိန်လောက်မှ ရေမရဘူးဆိုရင် စိုက်ပျိုးရေးအတွက် စိုးရိမ်ရတယ်။ နွေစပါးက နောက်ကျသွားတော့မယ်။ ဒီအချိန်က ရေရောက်သင့်နေပြီ၊ ထယ်ရေးပြင်ရမယ့်အချိန် ရောက်ပြီ။ အခု ထယ်ရေး မပြင်နိုင်ဘူး၊ တောင်သူတွေကတော့ ဒီနှစ် စပါးမစိုက်တော့ဘူးလို့ လုံးလုံးဆုံးဖြတ်ချက်ချလိုက်ကြပါပြီ" ဟု သဖန်းဆိပ်ဆည်ရေကို အမှီပြု၍ စိုက်ပျိုးရေးလုပ်နေသော တောင်သူများ၏ အသံကို မိတ်ဆွေတစ်ယောက်က သူသိသမျှ ပြန်၍ ပြောပြခြင်းဖြစ်သည်။

            ၂၀၂၆ နွေစပါး စိုက်ပျိုးရေးရာသီ ရောက်ရှိလာပြီဖြစ်သော်လည်း နွေစပါးစိုက်ပျိုးရန် ထွန်ရေး၊ ထယ်ရေးပြင်ဆင်ခြင်းနှင့် စပါးပျိုးခြင်းများအတွက် သဖန်းဆိပ်ဆည်ကို မှီခို အားထားနေရသော တောင် သူများအတွက် သည်နှစ်ဆည်ရေ မည်သည့်အချိန်တွင် စတင်လွှတ်မည်လဲဆိုသည့် မျှော်လင့်ချက်ဖြင့် စောင့်မျှော်နေခဲ့ရသည်။ ဆည်ရေလွှတ်မည့်အချိန်ကို စောင့်မျှော်နေသည့် စပါးစိုက်တောင်သူများအဖို့ ဆည်ရေကိုမျှော်ရင် သဖန်းဆိပ်ဆည်နှင့်ပတ်သက်သည့် သတင်းကိုလည်း  စဉ်ဆက်မပြတ် နားစွင့်နေ ရချိန်လည်း ဖြစ်သည်။ အကြောင်းက KIA နှင့် PDF ပူးပေါင်းအဖွဲ့များက သဖန်းဆိပ်ဆည်ကို လက်နက်အားကိုးဖြင့် ထိန်းချုပ်ထားပြီး ၎င်းတို့အတွက် သဖန်းဆိပ်ဆည်သည် စပါးစိုက်ပျိုးရန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန်အတွက် မဟုတ်တော့ဘဲ အလွယ်လမ်းဖြစ်သည့် ရွှေတူးဖော်ရာတွင် အသုံးချရန်သာ ကြိုးစားနေသောကြောင့် ဖြစ်သည်။ သဖန်းဆိပ်ဆည်ဆိုသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး၏ စပါးကျီဟု တင်စားခေါ်ဝေါ်ရလောက်အောင် ဒေသတွင်းနှင့် နိုင်ငံကို အကျိုးပြုသည့် ဆည်ကြီးတစ်ခုဖြစ်ပြီး သဖန်း ဆိပ်ဆည်ကြီးကြောင့် ထိုဆည်ကို အမှီအခိုပြုနေသည့် တောင်သူလယ်သမားတို့သည် စားဝတ်နေရေး ဖူလုံရုံသာမက လူနေမှုဘဝပင်များစွာ တိုးတက်ခဲ့ကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရွှေဥတစ်နေ့ တစ်လုံး ဥဥပေးနေသည့် ငန်းကြီးကဲ့သို့ ဖြစ်နေခဲ့ပြီး အကြမ်းဖက် လက်နက်ကိုင် KIA နှင့် PDF ပူးပေါင်းအဖွဲ့ များက ထိုငန်းကြီး၏ ဝမ်းဗိုက်ကို သတ်ဖြတ်ဖောက်ထုတ်ရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေလေသည်။

            ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်များက သဖန်းဆိပ်ဆည်ကြီးကို ထိန်းချုပ်ပြီး ရွှေမျောတိုက်ကာ ရွှေအလွန်အကျွံ ထုတ်ယူနေသောကြောင့် သဖန်းဆိပ်ဆည်ကို အမှီပြုလုပ်ကိုင်စားသောက်နေသော တောင်သူတို့က စိုက်ပျိုးရေလွှတ်ပေးရန် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့ကြသေး သည်။ မည်သို့ပင်ဆန္ဒပြခဲ့ ကြပါစေ ရွှေမျောလုပ်ငန်းက ရသည့်ဝင်ငွေကို မက်မောနေသည့် အကြမ်းဖက် လက်နက်ကိုင်များက တောင်သူတို့၏ အခက်အခဲ၊ မြန်မာနိုင်ငံ၏ ဝမ်းရေးစပါး စသည့် အချက်များကို လျစ်လျူရှုကာ ရွှေမျော ရွှေဖောင်လုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေကြလေ သည်။

            သဖန်းဆိပ်ဆည်အတွင်းက ရွှေဖောင်လုပ်ငန်းဆိုသည်မှာ စပ်တပ်ရေယာဉ်များဖြစ်သည့် မော်တော်ယာဉ်များ သံခွန်စက်လှေများကို အသုံးပြုပြီး မုံဟုခေါ်သည့် အင်အားကောင်းသည့် စက်ကြီးများဖြင့် ဆည်ရေအောက်ကြမ်းပြင်မှ ရွှံ့ညွှန်၊ သဲ၊ ကျောက်စရစ် စသည်တို့ကို စုပ်ထုတ်ပြီး ရွှေစစ်ထုတ်ယူသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။ ထိုသို့ ဆည်အောက်ခြေရှိ မြေအနည်အနှစ်မျိုးစုံကို စစ်ထုတ်ယူကာ မျောစင် ပေါ်တွင် စစ်ယူပြီး  ရွှေကျင်သည့် လုပ်ငန်းစဉ်ကြောင့် သဖန်းဆိပ်ဆည်ကြီး၏ ကြည်လင်သည့် ရေများ လည်း ညစ်နွမ်းလာရသည်ဟု မိတ်ဆွေဖြစ်သူက ဆိုသည်။ "အခု သဖန်းဆိပ်ဆည်က ရေအနည်းအကျဉ်း လွှတ်တာတော့ ရှိတယ်။ အဲဒါက စိုက်ပျိုးရေးအတွက် လွှတ်ပေးတဲ့ ရေမဟုတ်ဘူး၊ ရွှေလုပ် ကွက်တွေက စွန့်ထုတ်လိုက်သလိုမျိုး ရေလွှတ်တာဆိုတော့ ရေနောက်တွေပဲလာတာ"ဟု ဆိုလေသည်။ ထိုရေနောက်များဖြင့်သည်နှစ် နွေစပါးစိုက်ပျိုးခြင်းကို မည်ကဲ့သို့ ကျော်ဖြတ်ကြမည်နည်းဟု စဉ်းစားလိုက်လျှင် တောင်သူများအတွက် အဖြေမရှိသော မေးခွန်းကဲ့သို့ ဖြစ်နေလေသည်။

            ထို့ကြောင့် မသေချာမရေရာသည့် ရေကို မျှော်ရခြင်း၏ သောကကို မခံယူနိုင်သောကြောင့် စပါး မစိုက်တော့ဟု ဆုံးဖြတ်လိုက်ကြရခြင်း ဖြစ်သည်ဟု ဆိုလေသည်။

သဖန်းဆိပ်ဆည်နှင့် စစ်ကိုင်း

            "ကျွန်တော်တို့ ငယ်ငယ်တုန်းက မိုးစပါးတစ်ခုတည်း မိုးမျှော်ပြီး စိုက်ခဲ့ရတော့ တောင်သူတွေအများစု အဆင်မပြေကြပါဘူး။ အညာက သိတဲ့အတိုင်းပဲ မိုးခေါင်တဲ့နှစ် သုံး၊ လေးနှစ် ဆက်တိုက် ခေါင်ပြီဆို မြေယာပိုင်တဲ့ တောင်သူတွေက အကြွေးထူကုန်ကြပြီ။ ဒီသဖန်းဆိပ်ဆည်ကြီးဆောက်ပြီး နွေရေ သောက်ရတော့ တစ်နှစ်ကို သုံးသီးလောက် စိုက်ရပျိုးရတယ်။ ကျွန်တော်တို့ဘက်က တောင်သူတွေက တော်တော်များများ အဆင်ပြေကုန်တယ်။ တကယ့်လူမှုဘ၀ တစ်ဆစ်ချိုးလို ပြောင်းလဲလာအောင်အဆင် ပြေလာခဲ့တာ"ဟု သဖန်းဆိပ်ဆည်ကို အမှီပြုပြီး စိုက်ပျိုးရေးလုပ်ခဲ့သည့် တောင်သူတစ်ဦး ကဆိုသည်။

            ရွှေဘိုပေါ်ဆန်းဆိုသည့် မြန်မာနိုင်ငံတွင် ထင်ရှားကျော်ကြားပြီး နာမည်ရလာသည်မှာ နှစ်များစွာ  မကြာမြင့်သေးပေ။ ယခင်က ပေါ်ဆန်းဆိုလျှင် မြန်မာနိုင်ငံ အောက်ပိုင်းကသာ ထွက်ရှိခဲ့သည်ဟု အစဉ်သိရှိခဲ့ကြသော်လည်း သဖန်းဆိပ်ဆည်ကြီး ဖြစ်ထွန်းပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာခန့်တွင် ရွှေဘိုပေါ်ဆန်းက နာမည်ရလာခဲ့သည်။ ပေါ်ဆန်းဆန်ခြင်းအတူတူ ဖြစ်လျှင်ပင် ရွှေဘိုပေါ်ဆန်းက လူကြိုက်များခဲ့ပြီး ဈေး ကောင်းပေး၍ ဝယ်စားရသည်အထိ ထင်ရှားလာခဲ့သည်။ ထိုအရာများသည် သဖန်းဆိပ်ဆည်ကြီး၏ အကျိုးပြုမှုကြောင့် ဖြစ်ပေါ်လာရပြီး ထိုအကျိုးကျေးဇူးကို သဖန်းဆိပ်ဆည်ရေသောက်ရသည့် တောင်သူများက နှစ်စဉ်တိုက်ရိုက် ခံစားစံစားခဲ့ရသည်။ သဖန်းဆိပ်ဆည်သည် ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် တည်ရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးအတွက် ရည်ရွယ်တည်ဆောက်ထား သည့် ဘက်စုံသုံး တာတမံဖြစ်သည်ဟု သိရသည်။

            ထိုသဖန်းဆိပ်ဆည်မှ ကန့်ဘလူ၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ ရေဦး၊ စစ်ကိုင်းမြို့ စသည့် ၁၀ မြို့နယ်ရှိ စိုက် ဧကများကို ရေပေးဝေနိုင်ခဲ့ပြီး သဖန်းဆိပ်ဆည်၏ ရေပေးဝေနိုင်မှုသည် မိုးစပါးစိုက်ဧက ငါးသိန်းခန့်နှင့် နွေစပါးစိုက်ဧက သုံးသိန်းကျော်ကို ရေပေးဝေနိုင် ခြင်းအပြင် မဂ္ဂါဝပ် ၃၀ လျှပ်စစ်ဓာတ်အားကို ထုတ်လုပ်ပေးနိုင်သည်ဟု မှတ်သားရပါသည်။ သဖန်းဆိပ် ဆည်ကို ၁၉၉၈ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၀၂တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

            သည်အကြောင်းအရာများကို အဘယ့်ကြောင့် အကျယ်ချဲ့၍ ပြောနေရသနည်းဟုဆိုလျှင် ထိုသဖန်းဆိပ်ဆည်ကြီးကို တော်လှန်ရေးသမားတို့ ပြောနေသည့် စစ်တပ်ဆိုသည့် အဖွဲ့အစည်းအုပ်ချုပ်စဉ်က ဒေသဖွံ့ဖြိုးရေးအတွက် ဆောက်လုပ်ခဲ့ခြင်းဆိုသည်ကို ထင်ရှားမြင်သာအောင် ပြောလိုရင်းဖြစ်ပါသည်။ ထိုဆည်ကြီးဆောက် လုပ်နိုင်ခဲ့ခြင်းကြောင့် မိုနည်းရေရှားအညာသည် စပါးကျီတစ်ခုဖြစ်လာခဲ့ပြီး တစ်နှစ် လျှင် တစ်သီးသာစိုက်ပျိုး နိုင်ခဲ့သည့် မြေယာများသည် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးအထိ သီးထပ်သီးညှပ် စိုက်ပျိုးနိုင်ခဲ့ပြီး ဖုန်းဆိုး ယာမြေများက မြေကြီးက ရွှေသီးသည့် ဒေသအဖြစ် မျက်လှည့်ပြသကဲ့သို့ အပြောင်းအလဲကြီး ပြောင်းလဲခဲ့သည်ကို မည်သူကမျှ ငြင်းရဲမည်မဟုတ်ပေ။

ရွှေဘိုပေါ်ဆန်း

            ၁၉၉၇-၉၈ ခုနှစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ တောင်သူတစ်ဦးသည် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ဗုံလုံကျေးရွာမှ ပေါ်ဆန်း ဘေးကြားစပါးမျိုး လေးပြည်ကို ယူဆောင်စမ်းသပ်စိုက်ပျိုးရာမှ ဖြစ်ထွန်း အောင်မြင်ခဲ့ခြင်းက အစပြုခဲ့သည်ဟု ဆိုနိုင်ပါသည်။ ၂၀၀၄-၀၅ တွင် စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ မျိုးသန့်မျိုးပွားစေ့ ပေါ်ဆန်းဘေးကြားတင်း ၆၀ သယ်ယူပြီး ရွှေဘိုမြို့နယ် အတွင်းရှိ မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများနှင့် မျိုးပွားခြင်းများကို ဆောင်ရွက်ခဲ့ရာ ရွှေဘိုဒေသ ရာသီဥတုနှင့် ကိုက်ညီပြီး စိုက်ပျိုးဖြစ်ထွန်းမှု ကောင်းမွန်ခြင်း၊ အထွက်နှုန်း ကောင်းမွန်ခြင်း၊ စားသုံးမှုအရသာ ကောင်းမွန်ခြင်းတို့ကြောင့် လူကြိုက်များလာခဲ့ပြီး ၂၀၂၆-၀၇ တွင် မန္တလေးဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းဟု လူကြိုက်များ ထင်ရှားလာခဲ့ရသည်။ ရွှေဘိုပေါ်ဆန်း၏ထူး ခြားကောင်းမွန်သည့် ဝိသေသများအရ ဒေသရေမြေနှင့် ကိုက်ညီသည့်အတွက် စပါးအထွက်ကောင်းခြင်း၊ ဆန်အရည်အ သွေးနှင့် ဆန်သားကောင်းမွန်ခြင်း၊ စပါးရိတ်ချိန်တွင် အလေအလွင့် နည်းပါးခြင်း အနံ့မွှေးပြီး နူးညံ့သဖြင့် စားကောင်းသည့် ဆန်ဖြစ်သောကြောင့် ၂၀၁၁ ဗီယက်နက်နိုင်ငံ ဟိုချီမင်းမြို့၌ ပြုလုပ်ခဲ့သည့် အပြည် ပြည်ဆိုင်ရာ ဆန်စပါးညီလာခံတွင် 'ကမ္ဘာ့အကောင်းဆုံးဆန်'အဖြစ် အရွေးချယ်ခံခဲ့ရသည်။ သည်အရာများက သဖန်းဆိပ်ဆည် တည်ဆောက်ပြီး ဆင့်ကဲပြောင်းလဲမှု၏ အကျိုးဆက်ကို သဖန်းဆိပ်ဆည်ရေသောက် စိုက်ပျိုးရေးတောင်သူတို့ အကျိုးခံစားခဲ့ရမှုများပင် ဖြစ် သည်။ ယနေ့ အချိန်အထိလည်း ဆန်ဈေးကွက်အတွင်းတွင် ရွှေဘိုပေါ်ဆန်းဆိုသည်မှာ  စားသုံးသူအကြိုက်နှင့် ဈေးကွက်၏ ထိပ်ဆုံးပိုင်းတွင် နေရာယူထားလျက်ပင် ရှိနေပါသေးသည်။ သို့မို့ကြောင့် ပေါ်ဆန်းဆန်၏ သမိုင်းကြောင်းသည် မည်မျှ ရှည်လျားခဲ့သည်ကို မသိနိုင်သော်လည်း ရွှေဘိုပေါ်ဆန်းဆိုသည်မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၀ ခန့်သာ ရှိသေးသည်ဟု ဆိုနိုင်ပါသည်။

သဖန်းဆိပ်ဆည်ကို ကယ်တင်ကြပါ

           ယခုတော်လှန်ရေးသမားဆိုသူတို့ လက်နက်စွဲ ကိုင်တော်လှန်နေသည့် အဓိကနေရာများသည်လည်း ထိုဆည်ရေသောက် ဧရိယာဒေသ က ပိုမို ထကြွသောင်း ကျန်းခဲ့သည်မှာလည်း အားလုံးအသိ ပင်ဖြစ်သည်။ ဆန်ပေးမှ ဆေးရ၊ သမီးပေးမှ သမက်ရ၊ ကျေးဇူးရှိမှ ကျေးစွပ်သည်ဟု မြန်မာတို့ ပြောလေ့ရှိသည့် စကားသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ဤကဲ့သို့ အကြောင်းများကြောင်း ဖြစ်ပေါ် လာဟန်တူပါ၏။

            ယခုလည်း စစ်ကိုင်းတိုင်းဒေသကြီး၏စပါးကျီကို ဖျက်ဆီးနေကြသူများမှာ မည်သည့်အဖွဲ့အစည်းများဖြစ်ကြသည်ကို ပြည်သူအားလုံး သိရှိကြမည်ဖြစ်ပါသည်။ ပြည်သူ့အတွက် တော်လှန်ရေးဟု ကြွေးကြော်ပြီး  ပြည်သူတို့၏ အသက်သွေးကြောဖြစ်သည့် သဖန်းဆိပ်ဆည်ကို လက်နက်အားကိုးဖြင့် စိုးမိုးထားပြီး ထိုအရပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ထိုဒေသရှိ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်ရေးတို့ကို ဆောင်ရွက်ပေးနေပါသလားဆိုသည်ကို ပြည်သူတို့က ကောင်းကောင်း သိမြင်လာကြပြီဖြစ်သည်။ သဖန်းဆိပ်ဆည်ကို လက်နက်အားကိုးဖြင့် သိမ်းယူထားသည့် အကြမ်းဖက် လက်နက်ကိုင်များအတွက်လည်း ဤကဲ့သို့ ဆည်ကြီးကို စိုးမိုးထားသဖြင့် ဘာအကျိုးများ ရှိမည်နည်းဟု မေးလာလျှင် ဒေသအကျိုးထက် လက်နက်ကိုင်များက သူတို့အကျိုးကိုပိုကြည့်၍၊ သူတို့အကျိုး ပိုရှိ၍ ထိန်းချုပ်ထားခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

            လက်ရှိသဖန်းဆိပ်ဆည်အတွင်းတွင် ရွှေဖောင်ပေါင်း ၃၀၀ ကျော်မှ ငါးရာဝန်းကျင်အထိ နေ့စဉ် ရွှေမျောတိုက် တူးဖော်နေသည်ဟု ဒေသခံများက ဆိုသည်။ NUG က ထိုရွှေဖောင်လုပ်ကွက်များမှ ရွှေဖောင် တစ်ဖောင်လျှင် တစ်လ ရွှေနှစ်ကျပ်သား အခွန်ကောက်ကာ လုပ်ကိုင်ခွင့်ပြုနေသည်ဟုသိရသည်။ ရွှေဖောင်လုပ်ငန်းသည် ဆည်ရေများနေသည့် မိုးရာသီတွင် လုပ်ကိုင်ခြင်းထက် ဆည်ရေနည်းပါး တည်ငြိမ် သည့် ဆောင်းနှင့် နွေတို့တွင် အဓိကထား လုပ်ကိုင်ခြင်းဖြစ်သည်။ လက်ရှိ NUG က ၂၀၂၆ ဇူလိုင်လမှ စတင်ပြီး ရွှေဖောင်များကို အခွန်ကောက်ခံထားပြီး အခွန်အဖြစ် ရွှေ ၁၀ ပိဿာ ကျော်ပင် ရရှိထားသည်ဟု သိရသည်။

            အဆိုပါရွှေမျော ဖောင်တစ်စီး၏ကာလပေါက်ဈေးမှာ ကျပ်သိန်း ၂၅၀၀ မှ ကျပ်သိန်း ၅၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေပြီး နွေရင့်လေ ရွှေမျောဖောင်လုပ်ငန်းက ပို၍ လုပ်ငန်းကောင်းလေ ဖြစ်သည်ဟု ဆိုသည်။ ထိုကြောင့် သည်နွေကို ရွှေမျောလုပ်ငန်းရှင်များက ပိုမိုအား စိုက်လုပ် ကိုင်ကြမည့် အနေအထားဖြစ်နေသဖြင့် သဖန်းဆိပ်ဆည်ရေကို မှီခိုအားထားနေသည့် နွေစပါးစိုက်တောင်သူများက သည်နှစ် စိုက်ပျိုးရေးကို လက်လျှော့သွားကြခြင်းမျိုး ဖြစ်သည်ဟုဆိုသည်။ သဖန်းဆိပ်ဆည်ကို အဓိက မှီခိုအားထားကြရသူများတွင် နွေစပါးစိုက် တောင်သူများသာမကဘဲ ရွှေဘိုမြို့ခံများသည်လည်း သဖန်းဆိပ်ဆည် ကရေကို မှီခိုအားထားနေရသည် ဟုဆိုသည်။ ရွှေဘိုမြို့သည် ရွှေဘိုမြို့တည်စဉ်က တည်ဆောက်ခဲ့သော မဟာနန္ဒာကန်မှ ရေကို အဓိကအသုံး ပြုသည်ဟု ထင်ရသော်လည်း နွေရောက်လျှင် မဟာနန္ဒာကန်သည် ရွှေဘိုမြို့၏ အဓိကသောက်သုံးရေကို အပြည့်အ၀ မပေးစွမ်းနိုင်ပေ။ ထို့ကြောင့် သဖန်းဆိပ်ဆည်မှ  ဒေသအခေါ် ဦးအောင်ဇေယျမြောင်း၊ ဆည်မြောင်းအခေါ် OMC မြောင်းမှ ရွှေဘိုမြို့ မဟာနန္ဒကန်အတွင်း သို့ ရေပေးဝေ ဖြည့်တင်းပေးရလေ့ရှိသည်။ သည်နှစ် သဖန်းဆိပ်ဆည်မှ ရေပေးဝေမှု မရနိုင်သောကြောင့် ရွှေဘိုမြို့၏ နွေရေပြဿနာသည်လည်း ကြီးမားလာနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ ထိုအခြေအနေ များကြောင့် သဖန်းဆိပ်ဆည်သည် လက်နက်ကိုင်အကြမ်းဖက် NUG နှင့်အပေါင်း အပါတို့အတွက် 'ဘယ်သူ သေသေ ငတေမာလျှင်ပြီးရော'ဆိုသကဲ့သို့ ဖြစ်နေသော်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ မြန်မာ့တပ်မတော်တို့၏ ပြည်သူလူထု အကျိုးစီးပွားကာကွယ် ရေးတိုက်ပွဲသည်လည်း ပြင်းထန်လာနိုင်သည်ဟု သုံး သပ်မှုများ လည်းရှိနေသည်။

            လက်ရှိတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် တိုက်ပွဲဖြစ်ပွားမှု အများဆုံးနေရာသည် ကျွန်းလှ၊ ကောလင်း၊ သဖန်းဆိပ်ဆည်အနီးတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်ဟု ရွှေဘိုဒေသခံ မိတ်ဆွေတစ်ဦးကဆိုသည်။ လက်ရှိသဖန်းဆိပ်ဆည်နှင့်ပတ်သက်၍ သဖန်းဆိပ်ဆည်ကို အမှီပြုပြီး စိုက်ပျိုးရေးတောင်သူများ အဓိကစိုးရိမ်နေသည့်အချက်မှာ သည်တစ်နွေစပါး မစိုက်ရခြင်းထက် ဆည် အောက်ရှိ ရွှံ့ညွှန်၊ သဲ၊ ကျောက် စရစ်များ အလွန်အကျွံထုတ်ယူပြီး ဆည်ပြင်ပကို စွန့်ထုတ်လိုက်ခြင်း ကြောင့် စိုက်ပျိုးမြေပျက်စီးမှုနှင့် သဖန်း ဆိပ်ဆည်ထိခိုက်မှုတို့ကို ရေရှည်အတွက် စိုးရိမ်နေကြ ခြင်းဖြစ် သည်။ NUG ? KIA ? PDF နှင့် အကြမ်းဖက် လက်နက်ကိုင်တို့က ထိုကဲ့သို့ အမြော်အမြင်မျိုးမရှိ၍  ပြည်သူများ၏ အသက်သွေးကြောကို ဖောက်ထုတ်ယူငင် စားသောက်နေသူများကဲ့သို့ ဖြစ်နေလေသည်။ အကယ်၍ သာ သည်နှစ်နွေစပါးကို တောင်သူများစွန့်လွှတ် လိုက်ပြီဟု ပြောသည့်အတိုင်း မစိုက်ပျိုးနိုင်ပါက ဒေသခံ တောင်သူများ အကျိုးစီးပွားထိခိုက်သကဲ့သို့ စားသုံးသူ ပြည်သူများအပေါ်လည်း အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်ဖွယ် ရှိနိုင်လိမ့်မည်ဟု မိတ်ဆွေဖြစ်သူက ဆိုသည်။ သဖန်းဆိပ်ဆည်သည် တော် လှန်ရေးအတွက် မဟုတ်၊ ပြည်သူ့အတွက် အကြမ်းဖက်များက စိုးမိုးသိမ်း ပိုက်ထားခြင်းမဟုတ်ဘဲ သူတို့ အကျိုးစီးပွားအတွက် ကိုယ်ကျိုးတစ်ခုတည်းသာ ကြည့်၍ သိမ်းပိုက်ကာ အဖျက်အမှောင့်လုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်ဟု တိတိကျကျ ဆိုနိုင်ပါလိမ့်မည်။

ရွှေထီး 

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60696

© 2022 - 2026 News. All Rights Reserved.