Breaking

အရူးဖိုးထူးနှင့် သူကြီးစလွယ်

၂၀၂၆ ၊ ဧပြီ ၁၀

    "တောက် ဒါသက်သက်မဲ့ လူဝါးဝတာကွာ"
    "ရွာဟောင်းသား အရူးဖိုးထူး ဆိုတဲ့ကောင် ဒီတစ်ကွက်နဲ့ ငါတို့ကို ကြောသွားတာ"
    "နေနှင့်ဦးပေါ့ကွာ ရွာသစ်ဘက်ကို ခြေကျူး ခြေဖြတ်၊ လက်ကျူး လက်ဖြတ်ပြစ်မယ် တောက်"

    ရွာသစ်ရွာသားတွေ ဒေါသအမျက် ချောင်းချောင်းထွက်နေကြသည်။ အကြောင်းမူကား မြန်မာလူမျိုးဆိုတာက စည်းလုံးချင်လျှင် မျိုးချစ်စိတ်ဓာတ် အင်မတန် တက်ကြွသော လူမျိုးဖြစ်သည်။ ဟော... မစည်းလုံးချင်ပြန်တော့လည်း ရွာတစ်ရွာ အတူတူ တည်ထားတာတောင် ရွာတောင်ပိုင်းနဲ့ မြောက်ပိုင်း နှစ်ခြမ်းကွဲပြီး ရန်ဖြစ်လေ့ရှိသည်။ မင်းတို့ရွာတောင်ပိုင်းသားတွေ မြောက်ပိုင်းမလာနဲ့ဆိုတာမျိုး ကြားဖူးကြမည်ထင်သည်။ နာရေးရှိလို့ ရွာပြင်က သုသာန်သွားချင်ရင်တောင် ရွာထဲက မဖြတ်နဲ့ ရွာနာတယ်ဆိုပြီး တမျှော်တခေါ် နာရေးချရသည့် မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းကိုလည်း တွေ့မြင်ဖူးကြမည်ထင်သည်။ ခုလည်း ရွာဟောင်းနဲ့ရွာသစ် ပြဿနာတက် ကြပြန်လေသည်။ အရင်ကတော့ ရွှေပြည်ကြီးရွာဆိုတာက တစ်ရွာတည်းပင်ဖြစ်သည်။ ရွာနှစ်ခြမ်းကွဲရတာက ကြီးတော် ဒေါ်ခါတွန်ကြောင့် ဖြစ်သည်။ အကြောင်းကလည်း ရွာမှာအလှူ ကြီးရှိလို့ ဝက်အချိန်တစ်ရာ ကျွေးမွေးတဲ့ကိစ္စက စတာဖြစ်သည်။
    ကြီးတော်ဒေါ်ခါတွန်က အလှူက အကျွေးအမွေးကို တာဝန်ယူရသည်။ တစ်ရွာလုံး မီးခိုးတိတ် ဝက်အချိန် ၁၀၀ ဆိုတာကြောင့် ရွာသူရွာသားတွေလည်း ပျော်ကြသည်။ အလှူပွဲနေ့လည်းရောက်ရော ကြီးတော် ဒေါ်ခါတွန်စီစဉ်သည့် ဝက်သားဟင်းက မနူးတော့ ရွာသူရွာသားတွေမှာ ဝက်သားတုံးလေး ကိုက်ကြည့်လိုက်  မနူးတော့ ဟင်းခွက်ထဲပြန်ထည့်လိုက် ဟင်းအနှစ်လေးနဲ့ သရက်ချဉ်သုပ်လေးနဲ့ စားသွားလိုက်ကြသည်။ နောက်တစ်ဖွဲ့လာစားတော့လည်း ဝက်သားတုံးလေး ကိုက်ကြည့်လိုက် ပြန်ချလိုက် ဟင်းအနှစ်လေး ဆမ်းစားလိုက်နဲ့ အလှူပွဲကြီးက ပြီးသွားတော့သည်။ အလှူပွဲပြီးတော့မှ ကြီးတော် ဒေါ်ခါတွန် အကြောင်းက လူပြောသူပြောများပြီး သူကြီးနား ပေါက်သွားသည်။ အကြောင်းခေါ်မေးပြီး စာရင်းစစ်တော့ ကြီးတော်ဒေါ်ခါတွန် ဝက်သားအချိန် ၄၀ ခိုးထားတာ ပေါ်လေသည်။ ဝက်သားဟင်းက နူးအိနေရင် ဟင်းကုန်တာ မြန်မှာကြောက်သဖြင့် ဝက်အချိန် ၆၀ ကို မနူးအောင်ချက်ပြီး တစ်ရွာလုံးကို ဂျင်းထည့်တာ ဖြစ်သည်။ ကျန်အချိန် ၄၀ ဖိုး ငွေကိုတော့ ဒေါ်ခါတွန်ကြီးက အပျောက်ဖျောက်လိုက်သည်။ ဒီကိစ္စကြောင့် သူကြီးစိတ်ဆိုးပြီး ထိပ်တုံးခတ်လိုက်ရာမှာ ရွာသစ်ရွာဟောင်းပြဿနာက စဖြစ်တာ ဖြစ် သည်။
    ရွာဆိုတော့လည်း သူ့အမျိုး၊ ကိုယ့်အမျိုး ဆွေမျိုးနီးစပ်တွေများတော့ ကြီးတော်ဒေါ်ခါတွန် အမျိုးတွေက  သူတို့ကြီးတော်ကို ဝက်သားဖိုးခိုးတယ်လို့ ပြောရင် မကြိုက်ကြပေ။ ဒီလိုနဲ့ ရွှေပြည်ကြီးရွာက နှစ်ခြမ်းကွဲပြီး သူကြီးလုပ်တာ မှန်တယ်ဆိုတဲ့အဖွဲ့က ရွာဟောင်းသားတွေ ဖြစ်ကုန်ကြသည်။ ဒေါ်ခါတွန်တို့ ဆွေမျိုးနီးစပ်ကတော့ ရွာပြင်ကိုထွက်ပြီး ရွာသစ်ထောင်လိုက်ကြသည်။ ဒီလိုနဲ့ ရွာသစ်နဲ့ရွာဟောင်း မတည့်ကြဘဲ ထစ်ခနဲရှိရင် ငယ်ကျိုးငယ်နာဖော်ကြသည်။ ရွာဟောင်းကလူတွေက ရွာသစ်က လူတွေကိုတွေ့ရင် ဝက်သားဖိုးခိုးတဲ့ အမျိုးတွေဆိုပြီး မကြားတကြား ပြောသလို၊ ရွာသစ်က လူတွေကလည်း ရွာဟောင်းသားတွေကို သူကြီးအဝှာကိုမတဲ့ ကောင်တွေဆိုပြီး ပြောကြသည်။ ကြီးတော် ဒေါ်ခါတွန် အမျိုးတွေကလည်း နှုတ်ကြမ်းလျှာကြမ်း ထစ်ခနဲရှိရင် ထဘီအလံထူပြီး ဆဲတတ်ကြသည်။ ဒီတော့ ရွာဟောင်းသားတွေကလည်း အဆဲခံချင်လို့ကို သွားသွားစကြသည်။ ကြီးတော်ဒေါ်ခါတွန် လက်သပ်မွေးထားတဲ့ ကြာဥဆိုတဲ့ ကောင်မလေးက အဆိုးဆုံးဖြစ်သည်။ ရွာဟောင်းသားတွေက ကြာဥကိုတွေ့ရင် 'ဝက်သူခိုးသမီး'ဟုခေါ်လိုက်ရင် အယုတ္တအနတ္တ ထိုင်ဆဲလေတော့သည်။
    ဒီလိုနဲ့ တစ်ရွာတည်းနေတစ်ရေတည်းသောက်ရာကနေ ရွာသစ်ကလူတွေက တစ်စင်ထောင်ဖို့ ကြိုးစားလာသည်။ မင်းတို့ရွာဟောင်းက သူကြီးအုပ်ချုပ်တာ မခံဘူးကွ၊ ငါတို့ကြီးတော် ဒေါ်ခါတွန်ကို ထိတ်တုံးခတ်ထားတာ လွှတ်ပေးဆိုပြီး ဓားကြိမ်းကြိမ်းကြသည်။ ဒါနဲ့တင် မကျေနပ်ကြသေးဘဲ၊ ငါတို့ လည်း သူကြီးအသစ်ခန့်မယ်၊ ကာလသားခေါင်းခန့်မယ်ဆိုပြီး လုပ်ကြပြန်သည်။ ရွာဟောင်းသားတွေကလည်း မင်းတို့ခန့်တဲ့သူကြီးဆိုတော့ သူခိုးသူကြီးပေါ့ဆိုပြီး မကြားတကြား အသံလွှင့်လေ ရွာသစ်က ကောင်တွေက မကျေနပ်လေ ဖြစ်ကြသည်။ ဒီတော့ ဒေါ်ခါတွန်နဲ့ ဆွေမျိုးနီးစပ်တွေကပဲ ဦးဆောင်ပြီး ဘယ်သူကတော့ ရွာသစ်သူကြီးလုပ်၊ ဘယ်သူကတော့ ဆယ်အိမ်ခေါင်းလုပ်၊ ဘယ်သူကတော့ ကာလ သားခေါင်းလုပ်ဆိုပြီး သူတို့ဟာသူတို့ရွေးပြီး ခန့်ကြသည်။ ဝက်အချိန် ၄၀ ခိုးတဲ့ မျိုးရိုးဆိုတော့လည်း အရက်သမား၊ ဖဲသမား၊ ထန်ရည်သမား၊ မြှာပွေချင်တဲ့ သူတွေနဲ့ ရွာသစ်ကို အုပ်ချုပ်ဖို့ လူစုလိုက်ကြသည်။ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတော့လည်း ဒီလိုလူတွေ အုပ်ချုပ်တာကို ရွာသစ်ကလူတွေ မပြောရဲ နှုတ်ပိတ်နေ ကြသည်။
    ရွာသစ်တည်တာ ဆိုတော့လည်း ရွာဂုဏ်အင်္ဂါနဲ့ ညီအောင်လိုအပ်တဲ့ ဘုရားကျောင်းကန်၊ ဆေးပေးခန်း၊ စာသင်ကျောင်းကအစ ဆောက်ဖို့လိုသေးသည်။ ဒီလိုဆိုတော့ ကြီးတော်ဒေါ်ခါတွန် မွေးစားသမီး ကြာဥက ဦးဆောင်ပြီး ရွာသစ်တည်ဆောက်ရေး ရန်ပုံငွေကောက်တဲ့အဖွဲ့ဖွဲ့ သည်။ ရွာထိပ်မှာ မဏ္ဍပ်လေးဆောက် ဖလားလေးတစ်လုံးချပြီး  ရွာသစ်အတွက်လိုအပ်တဲ့ အဆောက်အအုံတွေ ဆောက်ဖို့ အလှူငွေ ကောက်လေသည်။ အစကတော့ ရွာသစ်ရွာသားတွေ တက်တက်ကြွကြွ အလှုငွေထည့်ကြသည်။ နဂိုက ခိုးတဲ့ဝှက်တဲ့မျိုးရိုးက တိမ်ကောမ သွားတာကြောင့် ရွာသစ်သူကြီးကလည်း ဖလားထဲကအလှူငွေကို လစ်ရင်လစ်သလို နှိုက်သည်။ ဆယ်အိမ်ခေါင်း ငမူးကလည်း အရက်ဖိုးမရှိရင် ဖလားထဲ ၅၀၊ ၁၀၀ နှိုက်ပြီး ထန်းတောသွားသည်။ အလှူခံတဲ့ ဦးဆောင်သူ ကြာဥကလည်း နေ့ချင်းညချင်း ရွာထဲမှာ ကုန်စုံဆိုင်လေး ထဖွင့်သည်။ အရင်က ရွာမှာ ထဘီပေါက်နဲ့ အဆဲကြမ်းတဲ့ ကြာဥတစ်ယောက်ဝတ်ကောင်း စားလှတွေ ဝတ်ပြီး ကုန်စုံဆိုင်တောင် ဖွင့်တာဆိုတော့ ဖလားထဲက ငွေတွေများလားဆိုပြီး ရွာသားတွေက သံသယ ဝင်တာတောင် ကြာဥပါးစပ်ကို ကြောက်လို့ မပြောရဲကြပေ။
    ဒီလိုနဲ့ရွာသားတွေလှူလိုက် မျိုးနဲ့ရိုးနဲ့ခိုးကျင့် ခိုးကြံဖျောက်မရတဲ့ ရွာဆိုတော့ ဗြုတ်စဗျင်းတောင်း ပေါ့။ ဒီလိုနဲ့ ရွာဟောင်းကလည်း သူကြီးသက်တမ်းပြည့်ပြီး နောက်တစ်ကြိမ်သူကြီးပြန်ရွေးတော့ နာယက ဂုဏ်နဲ့ညီတဲ့သူကြီးပဲ ရွာကို ပြန်အုပ်ချုပ်ပါဆိုတဲ့ ရွာသားတွေရဲ့ ဆန္ဒအရ သူကြီးမလွန်ဆန်နိုင်ဘဲ ဆက်အုပ်ချုပ်ရတာပေါ့။ ဒီလိုနဲ့ ရွာဟောင်းက ဘာလုပ်လုပ် လိုက်လုပ်တတ်တဲ့ ရွာသစ်ကလည်း ငါတို့သူကြီးက ဘယ်သူဆိုပြီးတင် မြှောက်ကြလေသည်။ သူကြီးဆိုတာကလည်း အဆောင်အယောင်လေးနဲ့မှ တင့်တယ်တာ မဟုတ်လား။ သူကြီးဆိုရင် အဆောင် တော်ရ စလွယ်လေးနဲ့ နှစ်လုံးပြူးသေ နတ်လေးနဲ့မှ ခံ့ညား သည်။ 
    ဒီတော့ ရွာဟောင်းသူကြီးကတော့ နဂိုကတည်းက အဆောင်တော်ရ သူကြီးဆိုတော့  အဆောင်အယောင်က ရှိပြီးသားဖြစ်သည်။ ပြဿနာက အဲဒီမှာ စတာဖြစ်သည်။ ရွာဟောင်းတစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွားနေသော အရူးဖိုးထူးက ရွာသစ်ကလူတွေ  မခံမရပ်နိုင် ဖြစ်စေသည့်စကားကို ပြောလေရာ ရွာသစ် ကလူတွေ တုတ်ဆွဲ၊ ဓားဆွဲဖြစ်ကုန်ကြလေသည်။ ကြည့် လေ အရူးဖိုးထူးပြောပုံက "ရွာသစ်က ကောင်တွေ ငါတို့သူကြီးက စလွယ်ရသူကြီးကွ၊ မင်းတို့သူကြီးက စလွယ်သိုင်းချင်ရင် ပုဆိုးသာ ကွင်းသိုင်း ထား"ဆိုသည့်စကား ဖြစ်လေသည်။
    အရူးဖိုးထူးစကားကြောင့် ဒေါ်ခါတွန်အမျိုးတွေ အနာပေါ် တုတ်ကြပြီး အရူးဖိုးထူးကို တွေ့ရာ သင်္ချိုင်းဓားမဆိုင်း ဖြစ်ကုန်ကြလေတော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 3

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

61367

© 2022 - 2026 News. All Rights Reserved.