ရခိုင်အရေး စိတ်အေးဖို့ဆိုရင်

    ရခိုင်ပြည်နယ်အရေးဟာ စိတ်မအေးစရာပါ။ လက်ရှိအချိန်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေက မှန်မှန်ကန်ကန် မသုံးသပ်၊ မဖြေရှင်းနိုင်ဘူးဆိုရင် အနာဂတ် အတွက် ရင်လေးစရာပါ။ မိမိတို့ အချုပ်အခြာအာဏာအပြင် နယ်မြေ ပဲ့သွားနိုင်တာကို သတိမူရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေကိုကြည့်ရင် AA ပြဿနာနဲ့ ဘင်္ဂါလီပြဿနာတွေဟာ တဖြည်းဖြည်းကြီးထွားလာနေတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ AA ရဲ့ လက်နက်ကိုင်လမ်းစဉ်ကတစ်ဆင့် ရခိုင်နိုင်ငံ ထူထောင်ချင်တဲ့ ပြဿနာကနေ ရခိုင်-ရခိုင် ချင်း၊ ရခိုင်-ဗမာနဲ့ ရခိုင်-ဘင်္ဂါလီ အထိ ပြဿနာ ကြီးထွားလာနိုင်တာ တွေ့လာရပြီ ဖြစ်ပါတယ်။ 
    ဒီအရေးဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး မရခင်မှာ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းက ရခိုင် ကွန်မြူနစ်တွေ ထကြွမှု၊ ရခိုင်ပြောက်ကျားလှုပ်ရှားမှုနဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့တွေ သီးခြားနယ်မြေ ရလိုမှု ပုံသဏ္ဌာန်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဲဒီအချိန်တုန်းက လည်း ရခိုင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့တွေလည်း မတည့်ကြဘဲ သူ့နယ်သူ ကြီးစိုးနေတဲ့ သဘာဝကို တွေ့ရပါတယ်။ အဲဒီအချိန်က အခြေအနေကိုကြည့်ရင် ရခိုင်လက်နက်ကိုင်ပြဿနာဟာ ပြည်တွင်းရေးပြဿနာသာ ဖြစ်ပြီး ဘင်္ဂါလီအရေးဟာ ပြည်တွင်းရေးသက်သက်လို့ ဆိုလို့မရနိုင်တဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ 
    အဲဒီအချိန်က ရခိုင်လက်နက်ကိုင်အရေးကို ကြည့်ရင် အခြေအနေနှစ်မျိုး တွေ့ရမှာဖြစ်ပါတယ်။ သခင်စိုးရဲ့ အလံနီကွန်မြူနစ်ပါတီနောက်ကိုလိုက်တဲ့ ရခိုင်ကွန်မြူနစ်ပါတီနဲ့ ဘုံပေါက်သာကျော် ဦး ဆောင်တဲ့ ရခိုင်ပြောက်ကျားအဖွဲ့ပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့နှစ်ဖွဲ့လုံးဟာ ဖက်ဆစ်တော်လှန်ရေးမှာ ဗမာ့မျိုးချစ်တပ်မတော်နဲ့အတူ ပူးပေါင်းပြီး ဖက်ဆစ်တွေကို တိုက်ထုတ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့ကို ကနဦးလက်နက်တပ်ဆင်ပေးခဲ့တာက မျိုးချစ်ဗမာ့တပ်မတော် ဖြစ်ပါတယ်။ ဖွဲ့စည်းမှုအနေနဲ့ မျိုးချစ် ဗမာ့တပ်မတော်(ရခိုင်တိုင်း)ကို ဖွဲ့စည်းခဲ့ကြပါတယ်။ အဲဒီတပ်မတော်ဖွဲ့စည်းရာမှာ ဘုံပေါက်သာကျော်တို့ မပါပါ။ သီးခြားပြောက်ကျားတပ်အဖြစ် ရပ်တည်ခဲ့ကြပေမယ့် ဖက်ဆစ်ကိုတော့ အတူတိုက်ခဲ့ကြ တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်က ဖက်ဆစ်တော်လှန်ရေးအတွက် ဖတပလဖွဲ့စည်းထားတဲ့အတွက် တပ်မတော် ပြည်သူ့အရေးတော်ပုံပါတီနဲ့ ကွန်မြူနစ်ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုတွေ ပူးပေါင်းထားကြတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီရခိုင်တော်လှန်ရေးသမားတွေကို  ဦးသိန်းဖေရဲ့ အဆက်အသွယ်အရ အိန္ဒိယမှာရှိတဲ့ ဗြိတိသျှတပ်ဖွဲ့ ၁၃၆ မှာ စစ်ပညာသင်ကြားစေခဲ့ပြီး အဲဒီ ၁၃၆ ကပဲ လက်နက်ခဲယမ်း ထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ 
    ဖက်ဆစ်တော်လှန်ရေးအပြီးမှာ ဗြိတိသျှတပ် မတော်က တချို့ရခိုင်တပ်တွေကို လက်နက်အပ် ဖျက်သိမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့်  ရခိုင်ကွန်မြူနစ်တွေနဲ့ ဘုံပေါက် သာကျော်တို့ ပြောက်ကျားအဖွဲ့တွေက လက်နက်မအပ်ပါ။ ၁၉၄၇ ခုနှစ် ဧပြီလ ရခိုင်ပြည်မြေပုံညီလာခံနောက်ပိုင်းမှာ ဆရာတော်ဦးစိန္တာနဲ့ ဘုံပေါက်သာကျော်တို့ ခေါင်းဆောင်တဲ့ ရခိုင်ပြောက်ကျားအဖွဲ့တွေအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့အစိုးရ (ဘုရင်ခံအမှုဆောင်ကောင်စီ) ကို ဆန့်ကျင်ပြီး စင်ပြိုင်အစိုးရထူထောင်ခဲ့ကြပါတယ်။ အဲ့ဒီကစပြီး ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင်လက်နက် ကိုင်လမ်းစဉ် စတင်ပေါ်ပေါက်ခဲ့တာ ပဲဖြစ်ပါတယ်။ ဆရာတော်ဦးစိန္တာနဲ့ ဘုံပေါက်သာကျော်တို့က မြေပုံနဲ့ပေါက်တောမှာ အခြေပြုပြီး ရမ်းဗြဲကျွန်းမှာ ဦးရွှေ အောင်နဲ့ ဦးဘဟန်တို့က ဦးဆောင်လှုပ်ရှားခဲ့ကြ တာဖြစ်ပါတယ်။ 
    ဘုံပေါက်သာကျော်တို့အပြင် ကျော်ဇံရွှီးခေါင်းဆောင်တဲ့ ရခိုင်ကွန်မြူနစ်ပါတီအနီကလည်း ရခိုင်ပြည်နယ်တောင်ပိုင်းမှာ အခြေပြုလှုပ်ရှားလျက် ရှိပါတယ်။ ဒီလက်နက်ကိုင် အရေးအခင်းကို နှိမ်နင်းဖို့ ဗိုလ်ချုပ်အောင်ဆန်းက ပြန်လည်ဖွဲ့စည်းပြီးဖြစ်တဲ့ ဗြိတိသျှဗမာ့တပ်မတော်က ဒုတိယဗိုလ်မှူးကြီးကျော်ဇော ဦးစီးတဲ့ အမှတ်(၅) ဗမာ့သေနတ်ကိုင်တပ်ရင်း၊ လဲဗီး တပ်နဲ့ ရဲတပ်တို့ကို တာဝန်ပေးခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်မှာ ဗုံပေါက်သာကျော်အဖွဲ့ လက်နက်ချ အလင်းဝင်ခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ရခိုင်ကွန်မြူ နစ်ပါတီအနေနဲ့ တော်လှန်ရေးကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် ဆွေးနွေး ပွဲ ပျက်သွားခဲ့ပါတယ်။ ရခိုင်သမ္မတနိုင်ငံ ထူထောင်ရေးအယူအဆကို တရားသေ ဆုပ်ကိုင်ထားတဲ့အတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရခိုင်ကွန်မြူနစ်တို့ တဖြည်းဖြည်းချင်း အင်အားဆုတ်ယုတ်လျော့နည်းသွား ခဲ့တာ ဖြစ်ပါတယ်။ 
    ဘင်္ဂါလီ အစ္စလာမ်စစ်သွေးကြွကိစ္စက သိပ်မရိုးရှင်းပါ။ မြန်မာနိုင်ငံအတွင်းမှာ အခုချိန်ထိ ဖြေရှင်း ရခက်နေတဲ့ အရှုပ်အထုတ်ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုလိုနီထားခဲ့တဲ့ အမွေဆိုးတွေထဲက ပြဿနာတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင် မွတ်ဆလင် ဘင်္ဂါလီတွေ မြန်မာနိုင်ငံအတွင်းကို အ မြောက်အမြား ဝင်ရောက်လာတာက ၁၈၂၄ ခုနှစ် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ရခိုင်ကို အင်္ဂလိပ်တို့ရသွား ခဲ့တဲ့အချိန်ကပါ။ အင်္ဂလိပ်က မြေရိုင်းဝေငှတဲ့ ဥပဒေပြဋ္ဌာန်းခဲ့တဲ့အတွက် မြန်မာပိုင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ စတဲ့ဒေသတွေကို စစ်တကောင်းက ဘင်္ဂါလီတွေ အတားအဆီးမရှိ ဝင်ရောက်လာပြီး ရွာတွေတည် နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က အိန္ဒိယရော၊ ရခိုင်ပြည်နယ်ပါ အင်္ဂလိပ်ပိုင် ကိုလိုနီနယ်မြေ ဖြစ်တဲ့အတွက် မြေလွတ်မြေရိုင်းကို လယ်မြေရွာမြေ ပြုလုပ်တာဟာ အလွယ်တကူဆောင်ရွက်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ သူတို့အတွက်အကျိုးရှိပေမယ့် မြန်မာဒေသခံ တိုင်းရင်းသားတွေအတွက်တော့ အကျိုးနည်းစေခဲ့ပါတယ်။ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစပြီး ရှင်းလို့မပြီးနိုင်တဲ့ ပြဿနာ ဖြစ်ခဲ့တာပါ။ 
    ပြဿနာက ဒုတိယကမ္ဘာစစ်အတွင်းမှာစတင် ဖြစ်ပွားခဲ့တာပါ။ လက်နက်တွေက ရခိုင်တွေဆီမှာရော၊ ဘင်္ဂါလီတွေဆီပါ ပျံ့နှံ့သွားခဲ့ပြီး ရခိုင်-ဘင်္ဂါလီ အဓိက ရုဏ်းဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီအဓိကရုဏ်းမှာ  ရခိုင်လူမျိုး ICS အရာရှိ ဦးကျော်ခိုင်အသတ်ခံရပြီး ရခိုင်တွေ စစ်တ ကောင်းကို ဒုက္ခသည်အဖြစ် ပြောင်းရွှေ့သွားခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး မဟာမိတ်တပ်တွေ ပြန်လည်ဝင် လာတဲ့အခါမှာ ရခိုင်ဒုက္ခ သည်တွေကို စစ်တပ်အကူအညီနဲ့ ၎င်းတို့နေထိုင်တဲ့ နေရာဟောင်းတွေမှာ ပြန်လည်နေရာချပေးပါတယ်။ ဘင်္ဂါလီတွေအနေနဲ့ လက်မခံလိုကြဘဲ ရခိုင်တွေ မနေနိုင်အောင် နည်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်ခဲ့ကြတာ တွေ့ရပါတယ်။ 
    အဲဒီနောက် ဘူးသီးတောင်၊ မောင်တော ဒေသတွေကို မွတ်စလင်သီးခြားနယ်မြေ ဖြစ်ထိုက်တယ်ဆိုပြီး ဂျနီးရာတူအူလီမာအဖွဲ့ ဖွဲ့စည်းပြီး သီးခြားနယ်မြေတောင်းဆိုလာခဲ့ကြပါတယ်။ အဲဒီအချိန်ကစပြီး ရခိုင်အုပ်ချုပ်ရေးအရာရှိတွေကို အမျိုးမျိုး အနှောင့်အယှက်ပေးခြင်း၊ အုပ်ချုပ်ခဲ့ဖူးတဲ့ နယ်ပိုင်အရာရှိ တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းတွေ လုပ်လာခဲ့ကြပါတယ်။ ဂျနီးရာတူအူလီမာ အဖွဲ့ ဖွဲ့စည်းပြီးနောက် မူဂျာဟစ်အမည်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းပြီး မောင်တောမြောက်ပိုင်းမှာ စတင်လှုပ်ရှားခဲ့ကြပါတယ်။ ဆူပူသောင်းကျန်းမှု စတင်ပြီးနောက် မောင်တောမြောက်ပိုင်းက ရခိုင်ရွာအားလုံးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြပြီး ဘူးသီးတောင်နဲ့ ဘော်လီဘဇာ စတဲ့မြို့တွေကို ဝိုင်းပတ်ခြိမ်းခြောက်မှုတွေ ပြုလုပ်လာခဲ့ ကြပါတယ်။ အဲဒီအတွက် ၁၉၄၈ ခုနှစ် နိုဝင်ဘာလမှာ ဖဆပလအစိုးရက စစ်အုပ်ချုပ်ရေးကြေညာပြီး နှိမ်နင်းခဲ့ရပါတယ်။ အမှတ်(၅) ဗမာ့သေနတ်ကိုင် တပ်ရင်းက ဝင်ရောက်နှိမ်နင်းခဲ့တဲ့အတွက် ၁၉၄၉ ခု နှစ်ဆန်းမှာ မူဂျာဟစ် စစ်သွေးကြွတွေ ဘူးသီးတောင်၊ မောင်တော မြောက်ခြမ်းဒေသ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပါတယ်။ 
    စစ်အုပ်ချုပ်ရေး ပြန်လည်ရုပ်သိမ်းပြီး သနက (၅) ရန်ကုန် အင်းစိန်စစ်ဒေသကို ပြောင်းရွှေ့သွားတဲ့အခါ စစ်ဝန်ထမ်းတပ်ကို နယ်မြေထိန်းသိမ်းစေခဲ့ပါတယ်။ မူဂျာဟစ်တို့ ခေါင်းပြန်ထောင်လာခဲ့တဲ့အတွက် အမှတ်(၂) အရေးပေါ်ချင်းတပ်ကို စေလွှတ်အုပ်ချုပ်စေခဲ့ရာ မူဂျာဟစ်တို့ မြောက်ပိုင်းဒေသတောတွင်းကို တစ်ဖန် ပြန်လည်ထွက်ပြေးသွားခဲ့ကြပြန်ပါတယ်။ အဲဒီနောက် ၁၉၅၁ ခုနှစ် မတ်လမှာတစ်ကြိမ်၊ ၁၉၅၂ ခုနှစ်အောက်တိုဘာလမှာ မေယုစစ်ဆင်ရေးနဲ့တစ်ကြိမ်၊ ၁၉၅၄ ခုနှစ် အောက်တိုဘာမှာ မုတ်သုံစစ်ဆင် ရေးနဲ့ တစ်ကြိမ်သုံးကြိမ်တိုင်တိုင် နှိမ်နင်းတိုက်ခိုက်ခဲ့တဲ့အတွက် မူဂျာဟစ်တွေ အခိုင်အမာ စခန်းချနေ ထိုင်မှုမပြုတော့ဘဲ တစ်ဖက်နိုင်ငံနဲ့ နယ်စပ်ဒေသတွေကို ဆုတ်ခွာသွားခဲ့ကြတာပဲ ဖြစ်ပါတယ်။
    အထက်ပါအခြေအနေတွေကိုကြည့်ရင် လွတ်လပ်ရေးရခါစ အုပ်ချုပ်ရေးအစိုးရ အားနည်းနေချိန်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ကတစ်မျိုး၊ မွတ်ဆလင်ကတစ်ဖုံနဲ့ နယ်မြေရရှိရေး ဆောင်ရွက်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ ရခိုင်အရေးဟာ အကြမ်းဖျဉ်းအားဖြင့် ပင်လုံညီလာခံမှာ ပါဝင်ခွင့်မရသလို ဗမာနဲ့အတူ လွတ်လပ်ရေးရပေမယ့် သီးခြားပြည်နယ် မရတဲ့အတွက်လို့ ဆိုရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး နောက် လက်နက်ကိုင်လမ်း စဉ်နောက်လိုက်ခဲ့ပေမယ့် ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီတက်လာ ပြီးနောက်ပိုင်းမှာ ရခိုင်လက်နက်ကိုင်လမ်းစဉ် အားပျော့သွားခဲ့ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်း ပုံအခြေခံ ဥပဒေအရ ပြည်နယ်ရရှိပြီးနောက်မှာ ရခိုင်လက်နက်ကိုင်လမ်းစဉ် မရှိသလောက် ဖြစ်သွားခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ 
    ရခိုင်ပြည်နယ်အတွင်းမှာ ဆက်တိုက်ဖြစ်ပွားခဲ့တဲ့ပြဿနာက ရခိုင်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသက ဘင်္ဂါလီပြဿနာပါ။ ခေတ်အဆက်ဆက်က အခြေအနေကို ပြန်ကြည့်ရင် တည်ငြိမ်အေးချမ်းမှုထက် အချိန်မရွေး ပေါက်ကွဲထွက်နိုင်တဲ့ အခြေအနေမျိုးဆိုတာ ရှင်းလင်းစွာတွေ့ရမှာ ဖြစ်ပါတယ်။ အခုဖြစ်ပွားနေတဲ့ AA ရဲ့ ပြဿနာဟာ ထွန်းမြတ်နိုင်နဲ့ AA တို့ရဲ့ လောဘနဲ့ ရခိုင်တိုင်းရင်းသား တွေအပေါ် အလွန်အကျွံ ဝါဒဖြန့် လူမျိုးရေးမှိုင်းတိုက်ရာက ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ရခိုင်ပြည်ကို စောင့်ရှောက်ခဲ့ တာသာဖြစ်ပါတယ်။ ဘယ်တုန်းကမှ စစ်အာဏာရှင်စနစ် မကျင့်သုံးခဲ့သလို ရခိုင်အရေးကို ကိုယ့်အရေး အနေနဲ့သာ စဉ်းစားခဲ့တာပါ။ 
    နိုင်ငံတော်အစိုးရရော တပ်မတော်ကပါ ရခိုင်ဘင်္ဂါလီ ပြဿနာဖြစ်တိုင်း ဝင်ရောက်တာဝန်ခံဖြေရှင်းပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီတွေကို တစ်ဖက်သတ်မနှိပ်ကွပ်သလို ရခိုင်တွေကိုလည်း မနစ်နာအောင် စောင့်ရှောက်ကာကွယ်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘင်္ဂါလီအရေးနဲ့ပတ်သက်လို့လည်း တိုင်းပြည်ရဲ့ တည်ဆဲဥပဒေအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ဆောင်ရွက်ခဲ့တာသာ ဖြစ်ပါ တယ်။ ရခိုင်မြောက်ပိုင်းက ဘင်္ဂါလီတွေထဲမှာလည်း မြန်မာနိုင်ငံသားတွေရှိပါတယ်။ အဲဒီအတွက်လည်း အစိုးရနဲ့ တပ်မတော်က ငြင်းဆန်မှုမပြုဘဲ လက်ခံခဲ့တာလည်း တွေ့ရမှာဖြစ်ပါတယ်။ သို့သော် နိုင်ငံသား အခွင့်အရေးကို လက်ခံနိုင်ပေမယ့် တိုင်းရင်းသားအခွင့်အရေးတော့ ပေးလို့မဖြစ်နိုင်ပါ။ လက်ရှိဖြစ်ပွားနေတဲ့ ဘင်္ဂါလီပြဿနာဟာ ဒီအချက်အပေါ်မှာ အခြေခံပါတယ်။ နိုင်ငံသားအခွင့်အရေးကို အခြေခံပြီး တိုင်းရင်းသားအခွင့် အရေးကို ရယူချင်တာ၊ အဲ့ဒီကတစ်ဆင့် လူအင်အားနဲ့ နယ်မြေသိမ်းပိုက် ချဲ့ထွင် ချင်တာပဲ ဖြစ်ပါတယ်။ 
    ဒီရည်ရွယ်ချက်ဟာ ရှင်းရှင်းလင်းလင်းလူတိုင်း သိနိုင်တဲ့ကိစ္စပါ။ ဒီအပေါ်မှာ အကျိုးစီးပွားကိုအခြေခံပြီး  အမြင်အမျိုးမျိုးနဲ့ ဖန်တီးလုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ဘင်္ဂါလီအရေးကိစ္စက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြားမှာ မကြာခဏ အငြင်းအခုံဖြစ်တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဘယ်လိုပဲကြည့်ကြည့် ဘင်္ဂါလီအရေးမှာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ဘယ်သူက အကျိုးပိုရှိသလဲဆိုတာ ထဲထဲဝင်ဝင်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ အနိမ့်ဆုံးအဆင့် မျောက်ပြ ဆန်တောင်းသဘောနဲ့  နိုင်ငံတကာ အထောက်အပံ့ရ ပါတယ်။ ဘင်္ဂါလီအရေးဟာ မြန်မာပြည်က ပြန်လည်ထွက်ခွာသွားသူတွေ ပြန်လက်ခံရေးသက်သက် မဟုတ်ပါ။ အဲဒီလောက် မရိုးရှင်းတာ သတိထားဖို့ လိုပါတယ်။ 
    လက်ရှိအခြေအနေကိုကြည့်ရင် ရခိုင်ပြည်နယ်အရေးဟာ သုံးပွင့်ဆိုင်ပြဿနာလို့ ဆိုရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တပ်မတော်ကတစ်ဖက်၊ AA ကတစ်ဖက်၊ ဘင်္ဂါလီစစ်သွေးကြွ ARSA က တစ်ဖက် ဖြစ်ပါတယ်။ ARSA ရဲ့နောက်မှာ ဘယ်သူရှိတယ်ဆိုတာ ထည့်မတွက်ရင်ပေါ့။  AA ရဲ့ လိုလားချက်က ရခိုင်နိုင်ငံ ထူထောင်ဖို့၊ အနိမ့်ဆုံးအဆင့် Confederate ရဖို့၊ ဘင်္ဂါလီ စစ်သွေးကြွရဲ့ လိုလားချက်က တိုင်းရင်း သားလူမျိုးအမည်နဲ့ ကိုယ်ပိုင်နယ်မြေရရှိဖို့ ဖြစ်ပါတယ်။ ဒီနှစ်ဖွဲ့လုံးရဲ့လိုလားချက်ဟာ ပြည်ထောင်စု အတွက်အန္တရာယ်ပါ။ လူမျိုးရေး အမြင်အရပဲ ကြည့်ကြည့်၊ ပြည်ထောင်စုအမြင်ရပဲကြည့်ကြည့်၊ ဘယ်ရှုထောင့်က ကြည့်ကြည့် ဒီအဖြေပဲထွက်ပါတယ်။ ဘယ်လိုမှ လက်ခံလို့မရတဲ့ ရည်မှန်းချက်တွေပါ။  
    ဒီလိုအခြေအနေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူလအခြေအနေအတိုင်း ပြန်ရောက်ဖို့က နိုင်ငံတော်နဲ့ တပ်မတော်ရဲ့တာဝန်ပါ။ ဖြစ်သင့်တာက AA အနေနဲ့ ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး ရှေ့ဆက် မတိုးဖို့လိုပါတယ်။ ရှေ့ဆက်တိုးရင် တစ်ဖက်က ပြည်ထောင်စုအန္တရာယ်အရ ချေမှုန်းခံရမှာနဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံရေး လူမျိုးရေးတိုက်ခိုက်မှု၊ စစ်ရေးအရ တိုက်ခိုက်မှုတွေ မဖြစ်မနေကြုံလာမှာ မလွဲဧကန်ပါ။ လတ်တလောမှာ ARSA ငြိမ်နေတာက အိမ်ကြက်ခြင်းခွပ်နေချိန် ကြက် လည်းပန်းစေ၊ ယာလည်း ညက်စေသဘောနဲ့ အကွက်ချောင်းနေတာဖြစ်ပါတယ်။ တစ်ပိုင်းက နိုင်ငံရေးအရ ထွန်းမြတ်နိုင်နဲ့ AA ကို နိုင်ငံတကာခုံရုံးပို့ဖို့ ကြိုးပမ်းတိုက်ခိုက်နေတာ တွေ့ရမှာဖြစ်ပါတယ်။ လျှော့တွက်လို့မရတဲ့အခြေ အနေပါ။ 
    ဒီနေရာမှာ ထွန်းမြတ်နိုင်တို့အနေနဲ့ တပ်မတော်ကို အပုပ်ချဝါဒဖြန့်ပြီး ရခိုင်လူငယ်တွေကိုစည်းရုံးတာ သတိထားမိတယ်။ တပ်မတော်က သူတို့ကို မနိုင်လို့ အင်အားအဖြစ် ARSA ကို လက်နက်တပ်ဆင်ပေးပြီး AA ကို တိုက်ခိုင်းနေတာလို့ ဆိုတာပဲ ဖြစ်ပါတယ်။ လုံး၀မဟုတ်သလို သဘာဝကျတဲ့ စဉ်းစားတွေးခေါ်မှုမဟုတ်တာလည်း ရှင်းပါတယ်။ ပြည်ထောင်စုအရေးနဲ့ အချုပ်အခြာအာဏာကို ကာကွယ်နေတဲ့ တပ် မတော်က ARSA နဲ့ ဘင်္ဂါလီကို နေရာပေးစရာမရှိပါ။ ကျေးဇူးအတင်ခံအား ကိုးနေဖို့ လိုလို့လား။ ဒီအချိန်မှာ အချိန်မလွန်ခင် ထွန်းမြတ်နိုင်စဉ်းစားရမှာက ရခိုင်အကြီးအကဲပညာရှင်တွေ ပြောတဲ့ 'အနောက်အန္တရာယ်ကို အရှေ့နဲ့ပေါင်းပြီး ကာကွယ်ရမယ်'ဆိုတာပဲ ဖြစ်ပါတယ်။ 
    နောက်တစ်ချက် ထွန်းမြတ်နိုင်တို့စဉ်းစားရမှာက ရခိုင်ပြည်သူတွေ တကယ်ပဲ နောက်မှာပါရဲ့လားဆိုတာပဲ ဖြစ်ပါတယ်။ လက်ရှိ ရခိုင် ပြည်နယ်အတွင်းမှာ ကျန်ရှိနေတဲ့ ရခိုင်လူထုရဲ့ အသံကိုလည်း နား ထောင်ကြည့်ပါဦး။ ကျန်တာတွေ မပြောပါနဲ့။ လတ်တလောကြုံတွေ့နေရတဲ့ ရခိုင်ပြည်သူတွေရဲ့ 'အ ကောက်ကို မတန်တဆကောက်ပြီး ရေကြီးလို့ဒုက္ခရောက်ချိန်မှာ မစို့မပို့လေး၊ မဖြစ်စလောက်သာလာ တယ်'ဆိုတဲ့ စိတ်ဆိုးနေတဲ့အသံကို အရင်နားထောင်ကြည့်ပါဦး။ ရခိုင်ပြည်သူတွေအနေနဲ့ သဘာဝဘေး အန္တရာယ်အပြင် ဘာအန္တရာယ် နဲ့ပဲကြုံကြုံ အမြဲတမ်းအသင့်ရှိ ကူညီခဲ့တဲ့ နိုင်ငံတော်နဲ့  တပ်မတော်အပေါ် မြင်လာတဲ့ ရခိုင်ပြည်သူတွေရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း မေးကြည့်ပါလား။ AA ရဲ့ဆောင်ရွက်ချက်တွေ နဲ့ နှိုင်းယှဉ်ပြောနေတဲ့အသံ ထွန်းမြတ်နိုင် ကြားစေချင်တယ်။  
    ရခိုင်ပြည်သူတွေ ထွန်းမြတ်နိုင်ရဲ့ရက္ခိတလမ်း စဉ်အိပ်မက်ကို စိတ်ကုန်လာနေကြတာကို မြင်အောင်ကြည့်ဖို့လိုပါတယ်။ လက်ရှိအချိန်မှာ ထွန်းမြတ်နိုင်နဲ့ AA တို့ အမှန်ကိုမမြင်၊ မပြုပြင်ရင် မြွေပါ လည်းဆုံး သားလည်းဆုံးမယ့်အရေး ဖြစ်လာမှာ မလွဲပါ။ ဒီအန္တရာယ်ကို ရခိုင်အကြီးအကဲတွေ၊ နိုင်ငံ ရေးသမားတွေနဲ့ ပြည်သူတွေ ဝိုင်းဝန်းသတိပေးကြဖို့ လိုပါတယ်။ မဟုတ်ရင် ရခိုင်အရေး စိတ်မအေးစရာ ဖြစ်လာမှာ မလွဲပါ။ 
ဇော်နိုင်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 38

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64752

© 2022 - 2026 News. All Rights Reserved.