သတင်းမှားများ၏ နောက်ကွယ်မှ နေရပ်စွန့်ခွာသူများအရေးနှင့် အမျိုးသားလုံခြုံရေး

    ယနေ့ ကမ္ဘာ့မျက်နှာစာတွင် နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်နှင့် အချုပ်အခြာအာဏာကို ထိပါးစေရန် သတင်းအချက်အလက် နည်းပညာများကို လက်နက်သဖွယ် အသုံးပြုလာကြသည်ကို တွေ့ရှိရသည်။ လက်ရှိ မြန်မာနိုင်ငံ နေရပ်စွန့်ခွာသူများအရေးနှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် အချို့သော နိုင်ငံတကာ မီဒီယာကြီးများသည် ပကတိမြေပြင်မှ အမှန်တရားများကို မျက်ကွယ်ပြုကာ မိမိတို့လိုရာဆွဲ၍ တစ်ဖက်စောင်းနင်း ပုံဖော်ရေးသားလျက် ရှိကြသည်။ ထိုသို့ သတင်းမှားများ၊ လှည့်ဖြားမှုများနှင့် ဖုံးလွှမ်း နေသည့် မီဒီယာစစ်ပွဲကြားတွင် မြန်မာနိုင်ငံ၏ ခိုင်မာသော သဘောထား ရပ်တည်ချက်ကို ကမ္ဘာက သိရှိအောင် ရပ်တည်ပြရန်မှာ လွန်စွာ အရေးကြီးသည့်အချိန်ပင်ဖြစ်သည်။
    မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခများကို အိမ်နီးချင်းကောင်း ပီသစွာဖြင့် မိတ်ဝတ်မပျက် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည့် ဆန္ဒအပြည့်ရှိပြီး၊ တရားဥပဒေစိုးမိုးရေးနှင့် စိစစ်ရေးလုပ်ငန်းစဉ်များအတိုင်း လုပ်ဆောင်ရန် အမြဲတံခါးဖွင့်ထားခဲ့သည်။ သို့သော်လည်း မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားများ၏ လုံခြုံရေးကို အထိပါးခံပြီး မည်သည့် ဖိအားပေးမှု၊ မမှန်မကန် စွပ်စွဲချက်မျိုးကိုမျှ လက်ခံမည်မဟုတ်ဆိုသည့် စည်းကိုမူ ပြတ်ပြတ်သားသား တားဆီးရမည်ဖြစ်သည်။ သမိုင်းကြောင်းအရလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်ခဲ့သည့် သာဓကများစွာ ရှိခဲ့သဖြင့် မြန်မာနိုင်ငံသည် တရားမျှတသော စံနှုန်းများအတိုင်းသာ ရပ်တည်ဆောင်ရွက်နေခြင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း နေရပ်စွန့်ခွာသူများအရေးသည် နှစ်နိုင်ငံအကြား သံတမန်နည်းလမ်းဖြင့် စနစ်တကျ ညှိနှိုင်းဖြေ ရှင်းရမည့် ပြဿနာတစ်ခု ဖြစ်သော်လည်း၊ နိုင်ငံတကာအဆင့် အရေးယူဆောင်ရွက်ရမည့် ပြဿနာအဖြစ် ပုံမှားရိုက်ကာ ရည်ရွယ်ချက်ရှိရှိ ချဲ့ကားနေကြသည်ကို တွေ့ရသည်။
    နေရပ်စွန့်ခွာသူများအရေးကို ခုတုံးလုပ်ကာ မြန်မာနိုင်ငံအပေါ် ဖိအားပေး၍ ကိုယ်ကျိုးရှာခြင်း၊ သမိုင်းတုများကို ဖန်တီး၍ လူမျိုးစွဲ၊ ဘာသာစွဲအသွင် ပြောင်းလဲရန် ကြိုးပမ်းခြင်းတို့သည် နိုင်ငံတော်၏ အနာဂတ်အတွက် ကြီးမားသည့် စိန်ခေါ်မှုနှင့် ခြိမ်းခြောက်မှု တစ်ခုပင်ဖြစ်သည်။ ထိုသို့သော အခြေအ နေများကြားတွင် ပြည်တွင်း၌ မှီတင်းနေထိုင်ကြသည့် မိမိတို့ ပြည်သူများအနေဖြင့် အလွန်ပင် သတိပြု ဆင်ခြင်ရန် လိုအပ်ပါသည်။ စိစစ်ထားခြင်းမရှိသည့် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံဖန်တီးထားသည့် ရုပ်သံများနှင့်ဆောင်း ပါးများကို လွယ်လွယ်ကူကူ ယုံကြည်မျှဝေခြင်းမှ ရှောင်ကြဉ်ကြရမည် ဖြစ်သည်။ နေရပ်စွန့်ခွာသူများအရေးသည် ရိုးရှင်းသည့် လူသားချင်းစာနာမှုဆိုင်ရာ အကြောင်းကိစ္စ သက်သက်မဟုတ်ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံရေးနှင့် သမိုင်းကြောင်းဆိုင်ရာ မှန်ကန်မှုတို့နှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် အမျိုးသားရေး တာဝန် ဖြစ်ပါသည်။ နိုင်ငံတော်က နယ်စပ်လုံ ခြုံရေးနှင့် သံတမန်မျက်နှာစာတွင် ကြံ့ကြံ့ခံ ရပ်တည်နေချိန်၌ မိမိတို့ ပြည်သူများကလည်း သတင်းအချက်အလက်ဆိုင်ရာ အသိပညာ၊ အမျိုးသားရေးအဓိကအသိများဖြင့် ပေါင်းစည်းကာ အမှန်တရားဘက်မှ မယိမ်းမယိုင် ရပ်တည်ကြ ရမည် ဖြစ်ပါသည်။
    သြဂုတ် ၁၅ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ကရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ၊ အခြားနိုင်ငံများသို့ ရွှေ့ ပြောင်းသွားလာကြသည့် လှေစီးဒုက္ခသည်များနှင့် ဘင်္ဂလားဒေ့ရှ် ကော့စ်ဘဇားရှိ စခန်းများတွင် နေထိုင်လျက်ရှိသူများနှင့်ပတ်သက်၍ ကမ္ဘာ့သတင်းမီဒီယာများတွင် အမျိုးမျိုးအဖုံဖုံ  ပုံဖော်ရေးသားလျက်ရှိခြင်း နှင့် ရေးသားထုတ်ဝေ၊ ထုတ်လွှင့်ပြောဆိုနေမှုများသည် သတင်းမှားများ၊ အချက်အလက်မှားများအပေါ် အခြေခံလျက် တစ်ဖက်စောင်းနင်းရေးသားပြောဆိုနေခြင်းအပေါ် အဓိက တုံ့ပြန်ထားခြင်း ဖြစ်သည်။
    နေရပ်စွန့်ခွာသူများနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်မှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် အာဆာအကြမ်းဖက်အဖွဲ့က လူအင်အား၊ လက်နက်အင်အားဖြင့် ရခိုင်ပြည်နယ် (မြောက်ပိုင်း)ရှိ လုံခြုံရေးရဲကင်းများနှင့် ရဲတပ်ရင်းများကို တစ်ပြိုင် နက်တိုက်ခိုက်မှုများ၊ ထပ်တိုး တိုက်ခိုက်မှုများ ပြုလုပ်ရုံသာမက အစိုးရဝန်ထမ်းများ၊ ဒေသခံတိုင်းရင်း သားများအား အကြမ်းဖက်သတ် ဖြတ်မှုများကြောင့် အစပြုခဲ့ခြင်းဖြစ်သည်။ ထိုသို့သော အကြမ်းဖက်မှုများကို တပ်မတော်က အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဖြင့် တုံ့ပြန်ဆောင်ရွက်ခဲ့ရသည်။ အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်တိုက် ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများက အခြားမြို့ရွာများသို့ ထွက်ပြေးကြရပြီး ဘင်္ဂါလီ အမြောက်အမြားက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အသီးသီးနေရပ်စွန့်ခွာသွားခဲ့ကြသည်။ အာဆာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မတိုင်မီ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ရှိ ဘင်္ဂါလီလူဦးရေမှာ ၇၄၀၀၀၀ ကျော်ရှိခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဘင်္ဂါ လီလူဦးရေ ၂၀၀၀၀၀ ကျော် ကျန်ရှိနေထိုင်လျက်ရှိ သဖြင့် ဘင်္ဂါလီလူဦးရေ ၅၄၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ် ဘက်သို့ နေရပ်စွန့်ခွာသွားခဲ့သည်။ ထိုသို့သော ခိုင်မာ သည့်အချက်အလက်အရ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ သူများတစ်သန်းကျော် ရှိသည်ဟူသော ပြောကြားချက်နှင့် ကိုးကားသတင်း ဖော်ပြချက်များသည် မှားယွင်းနေကြောင်း သက်သေခံလျက်ရှိသည်။
    အထက်ပါ ဖြစ်ရပ်များအပြီး မြန်မာနိုင်ငံသည် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံသဘောတူစာချုပ် သုံးခုချုပ်ဆိုခဲ့သည်။ နှစ်နိုင်ငံသဘောတူစာချုပ်အရ နေရပ်စွန့်ခွာ သူများကို ပြန်လည်လက်ခံရန် ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင် တစ်ကြိမ်၊ ပူးတွဲလုပ်ငန်းအဖွဲ့ သဘောတူညီချက်အရ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် တစ်ကြိမ်၊ တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြောင်းကြားချက်အရ ၂၀၁၉ခုနှစ် သြဂုတ် ၂၂ ရက်တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ် စီစဉ်စောင့်ဆိုင်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်ခဲ့ခြင်း မရှိသည်က ထူးခြားချက်တစ်ခုဖြစ်နေသည်။
    နေရပ်စွန့်ခွာသူများအရေးသည် မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူစာချုပ်များ အရသော်လည်းကောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ် ခွင့်ဥပဒေ ခိုင်မာမှုအရသော်လည်းကောင်း နှစ်နိုင်ငံပူး ပေါင်းဖြေရှင်းရမည့်ကိစ္စ ဖြစ်သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာဘက်သို့ နေရပ်စွန့်ခွာသူများ စာရင်းအဖြစ် လူဦးရေအမည်စာရင်း ၈၂၈၈၂၄ ဦး ပေးပို့ခဲ့ ရာ၂၀၂၆ခုနှစ် ဇူလိုင် ၃၁ရက်အထိ အမည်စာရင်း ၄၂၆၅၄၅ ဦးအား စိစစ်ခဲ့ပြီး ဖြစ်သည်။ စိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ကြောင်း အထောက်အထားတွေ့ရှိသူ ၃၀၈၇၉၇ ဦး၊ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သူ ၄၂၄၁ ဦးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြောင်း အထောက်အထား မတွေ့ရှိရသူ ၁၁၃၅၀၇ ဦး စိစစ်တွေ့ရှိထားပြီး ဖြစ်သည်။
    နေရပ်စွန့်ခွာသူများအရေးသည် မြန်မာနိုင်ငံအနေနှင့် နှစ်ပေါင်းများစွာ ရင်ဆိုင်ဖြေရှင်းခဲ့ရသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ထိုသို့ ဖြေရှင်းခဲ့သည့်အကြိမ် တိုင်းတွင်လည်း နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းခဲ့သည့် သာဓကများစွာရှိသလို မြန်မာနိုင်ငံအနေနှင့် တာဝန်သိ၊ တာဝန်ကျေသောနိုင်ငံ ဖြစ်သည်ကို တွေ့ရှိရ သည်။ မြန်မာနိုင်ငံတွင် ၁၉၇၈၊ ၁၉၉၁၊ ၁၉၉၂ ခုနှစ်များက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အထောက် အထား စစ်ဆေးစိစစ်သည့် လုပ်ငန်းစဉ်များကြောင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ နေရပ်စွန့်ခွာခဲ့သူ ဘင်္ဂါလီများကို မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား နှစ်နိုင်ငံ သဘောတူညီချက်များဖြင့် ပြန်လည်လက်ခံခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
    နေရပ်စွန့်ခွာသူများကို ၁၉၇၈-၇၉ ခုနှစ်များ အတွင်း ၁၈၆၉၆၈ ဦး၊ ၁၉၉၂-၂၀၀၅ ခုနှစ်များအတွင်း ၂၃၆၄၉၅ ဦး ပြန်လည်လက်ခံခဲ့သည်။ ယခုတစ်ကြိမ် အာဆာအကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် ပေါ်ပေါက်လာခဲ့ရသည့် နေရပ်စွန့်ခွာသူများကိုမြန်မာနိုင်ငံအနေနှင့် ရခိုင်ပြည်နယ်တွင် အမှန်တကယ် နေထိုင်ခဲ့သူများကို ပြန်လည်လက်ခံနိုင်ရန် ကြိုးပမ်းရာတွင် ရှေ့ပြေးစမ်းသပ်စီမံကိန်း (Pilot Project)ဖြင့် လက်ခံနိုင်ရေး ရခိုင်ပြည်နယ်သို့ ဖိတ်ကြားရှင်းလင်းသည့် Come-and-See ခရီးစဉ်၊ ဘင်္ဂလား ဒေ့ရှ်သို့ သွားရောက်သည့် Go-and-Talk ခရီးစဉ်နှစ်ကြိမ်၊ မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်သည့် မျက်မြင် စစ်ဆေးခြင်း ခရီးစဉ်နှစ်ကြိမ်၊ Pilot Project အတွက် ပြင်ဆင်ထားမှုကို သံတမန်များအား ပြသသည့် ခရီးစဉ် နှစ်ကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် နေရပ်စွန့်ခွာသူ များကို ၎င်းတို့၏ ဆန္ဒအလျောက် လုံခြုံ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးမှာ နှစ်နိုင်ငံပူးပေါင်းဖြေရှင်း ရမည့်ကိစ္စ ဖြစ်သည်။ သို့သော်လည်း နိုင်ငံတကာပြဿနာအဖြစ် လွဲမှားစွာ ပုံဖော်နေကြပြီး နေရပ်စွန့်ခွာ သူအားလုံးနှင့် လှေစီးဒုက္ခသည်များအရေးသည် မြန်မာနိုင်ငံနှင့်သာ သက်ဆိုင်ကြောင်း ပြောဆိုရေးသားချက်များက စွပ်စွဲပြောဆိုနေကြခြင်း သက်သက်သာဖြစ်ပြီး အထောက်အထားမရှိသော ပြောဆိုချက်များ သာ ဖြစ်သည်။ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ ဖြစ်သည့်အတွက် ဥပဒေအရ ရခိုင်ပြည် နယ်၌ နေထိုင်ခဲ့ဖူးကြောင်း စိစစ်ပြီးသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသူများကို ရခိုင်ပြည်နယ်၏ လုံခြုံရေးအခြေအနေ တိုးတက်ကောင်းမွန်လာပါက မြန်မာနိုင်ငံအနေဖြင့် ညှိနှိုင်းကာ ပြန်လည် လက်ခံသွားမည်ဟု ကမ္ဘာကို အသိပေးပြီး ဖြစ်သည်။
    ဤနေရာတွင် ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ် အခြေစိုက် Daily Jugantor သတင်းဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဟောင်းမစ္စတာ အေကေ အဗ္ဗ ဒူမိုမန်နှင့် အင်တာဗျူးကို ထည့်သွင်းဖော်ပြပါက နေရပ်စွန့်ခွာသူများအရေးကို နိုင်ငံတကာအရေး ကိစ္စသဖွယ်အဘယ်ကြောင့် ဖော်ညွှန်းနေကြသည်ကို သိရှိရမည်ဖြစ်သည်။ အင်တာဗျူးတွင်  မြန်မာနိုင်ငံသည် ဘင်္ဂါလီများကို  ပြန်လည်ခေါ်ဆောင်ရန် အစီအစဉ်များရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားသော နိုင်ငံအချို့က နေရပ်စွန့် ခွာသူများကို မြန်မာနိုင်ငံသို့ မပြန်ကြရန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများ၌သာ ဆက်လက်နေထိုင်ရန် သွေးထိုးလျက်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၁၉၉၀ ပြည့်နှစ်များ၌ မြန်မာနိုင်ငံက နေရပ်စွန့်ခွာသူများကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည့် ဖြစ်စဉ်ကိုလည်း ထည့်သွင်းဖြေ ကြားခဲ့သည်။ 
    ထို့အပြင် နေရပ်စွန့်ခွာသူများအရေးသည် မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံညှိနှိုင်း၍ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိနေပြီး အခြားသော တတိယနိုင်ငံ၊ အဖွဲ့အစည်း (Third Party) များက ဝင်ရောက်ဆောင်ရွက်ရန် မလိုအပ်ဟု သူ့အမြင်ကို ဖော်ထုတ်ထားသည်။တွေ့ဆုံမေးမြန်းမှုတွင် အဆိုပါပုဂ္ဂိုလ်က UNHCR အပါအဝင် နိုင်ငံအချို့သည် ဒုက္ခသည်များကို နေရပ်သို့မပြန် ရန်တိုက်တွန်းကြပြီး လိုအပ်သည်များကို ထောက်ပံ့ပေးမည်ဟု ဆိုကြကြောင်း၊ အမေရိကန် ပြည်ထောင်စုကဲ့သို့သောနိုင်ငံများသို့ ခေါ်ဆောင်မည် ဖြစ်ကြောင်းကိုလည်း မက်လုံးများ ပေးလေ့ရှိကြောင်း၊ ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာ အဖွဲ့အစည်းများစွာလုပ် ကိုင်နေကြပြီး အလှူငွေများ မည်မျှရရှိ၍ မည်မျှထိ ရောက်သော လုပ်ငန်းများတွင် မည်သည့် ပမာဏသုံးစွဲ နေကြသည် စသည့် အချက်အလက်များ မသိရကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ ပြောကြားချက်များသည်ခိုင်မာသော အထောက်အထားများ ဖြစ်သလို နေရပ်စွန့်ခွာသူများအရေးကို INGO အဖွဲ့အစည်းများ၊ ပြည်ပမီဒီယာများက စီးပွားရေးသဖွယ်၊ အနောက်နိုင်ငံကြီးများက မြန်မာနိုင်ငံအပေါ် ဖိအားပေးရန် လက်ကိုင်တုတ်သဖွယ် အသုံးပြုခဲ့ကြသည်က ထင်ရှားလှသည်။
    ဖြစ်ရပ်မှန်များကို ရည်ရွယ်ချက်ရှိရှိ ထိမ်ချန်ခဲ့ကြသည်။ ၂၀၁၂ ခုနှစ်တွင် ရခိုင်တိုင်းရင်းသူတစ်ဦး အဓမ္မကျင့်ခံရသည့် ဖြစ်စဉ်နောက်ပိုင်း နှစ်ဖက်တင်းမာ မှုဖြစ်ပေါ်ခဲ့ရာ မောင်တောတစ်ဝိုက်နှင့် ရခိုင်ပြည်နယ် (တောင်ပိုင်း)ရှိ ရခိုင်တိုင်းရင်းသားကျေးရွာများ၊ ပြည်သူများနှင့် သံဃာတော်များကို ပစ်မှတ်ထား ကာ မီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများကို ဘင်္ဂါလီများက ပြုလုပ်ခဲ့ကြသည်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် ရခိုင်ပြည်နယ်(မြောက်ပိုင်း) ရဲကင်းများနှင့် တပ်စခန်းများကို အစွန်းရောက် ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်အဖွဲ့ဝင်များက ကြိုတင်အကွက်ချ စီစဉ်တိုက်ခိုက်ခဲ့ကြပြီး ရဲစခန်းနှင့် တပ်စခန်းများအပြင် ဒေသခံဟိန္ဒူ မိသားစုဝင်နှင့်ဒေသခံ ရခိုင်တိုင်းရင်းသားမိသားစုများ၏ နေ အိမ်များ မီးရှို့ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်း၊ အုပ်စုလိုက်သတ်ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။ တပ်မတော်က ပြန်လည်ခုခံကာကွယ် ထိုးစစ်ဆင်သဖြင့် တိုက်ခိုက်မှုမအောင်မြင်ချိန်တွင် ဒေသခံများကို ခြိမ်း ခြောက် ကာကျေးရွာများကို ကိုယ်တိုင်မီးရှို့စေပြီး စွန့်ခွာ ထွက်ပြေးစေရန် လှုံ့ဆော်ခဲ့ကြသည်။ ထိုဖြစ်ရပ်များအစား တပ်မတော်၏ အကြမ်းဖက်မှုနှိမ်နှင်းရေး စစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာသယောင် သတင်းတု သတင်းမှားများဖြင့် ကမ္ဘာကို လိမ်ညာခဲ့ကြသည်။
    ARSA အကြမ်းဖက်များ၏ တိုက်ခိုက်မှု၊ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ သတ်ဖြတ်၍ နေအိမ်များ ဖျက်ဆီးမီးရှို့မှု အခြေအနေမှန်များကား မီဒီယာများတွင် ဖော်ပြခွင့်မရခဲ့ဘဲ တစ်ဖက်သတ်လိုရာဆွဲ၍ အနောက်နိုင်ငံအချို့အလိုကျ လက်ကိုင်တုတ်မီဒီယာများတွင် ဝိုင်းဝန်းလုပ်ကြံ ဖော်ပြခဲ့ကြသည်။ ၂၀၁၇ ခုနှစ် ဖြစ်စဉ်နောက်ပိုင်းမှစတင်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားသည့် နေရပ်စွန့်ခွာသူများကို ပြန် လည်လက်ခံနိုင်ရေး နှစ်နိုင်ငံ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုများကြောင့်ပင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၁၉ ခုနှစ် သြဂုတ်လများတွင် နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံ နိုင်ရေးနယ်စပ်တွင် အဆင်သင့် ပြင်ထားနိုင်ခဲ့သည်။ သို့သော် တစ်ဖက်နိုင်ငံ ဒုက္ခသည်စခန်းများတွင် အဖျက်အမှောင့်လုပ်ဆောင်သူများ၏ ပယောဂနှင့် ခြိမ်းခြောက်မှုဖိအားများကြောင့် မအောင်မြင်ခဲ့ဘဲ နှစ်နိုင်ငံသဘောတူထားသည့် နေရပ် ပြန်ရေးအစီအစဉ်များ ယနေ့ချိန်ထိ ရပ်ဆိုင်းနေရခြင်း ဖြစ်သည်။
    ပြည်ပမီဒီ ယာအချို့က နေရပ်စွန့်ခွာသူများ အရေးသည် လူသားချင်းစာနာမှုဆိုင်ရာသဖွယ် ပုံဖော်နေကြသော်လည်း လက်တွေ့တွင် နေရပ်စွန့်ခွာသူအားလုံးနှင့် လှေစီးဒုက္ခသည်များအရေးသည် မြန်မာနိုင်ငံနှင့် သာသက်ဆိုင်သည့်သဖွယ် အလေးပေးဖော်ပြကာ ဖိအားပေးနေကြခြင်း ဖြစ်သည်။ ပြည်ပမီဒီ ယာအချို့နှင့် အဖွဲ့အစည်းများသည် ဖြစ်ရပ်မှန်များကို ဖုံးကွယ်ကာ  သတင်းတု၊ သတင်းမှားများဖြင့် ကမ္ဘာကို လှည့်ဖြား၍ မီဒီယာစစ်ပွဲ ဆင်နွှဲနေကြသည်ကို တွေ့ရသည်။ နှစ်နိုင်ငံသံတမန်နည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရမည့် ပြဿနာကို နိုင်ငံတကာအဆင့် အရေးတယူ ဆောင်ရွက်ရမည့် ကိစ္စအဖြစ် ပုံမှားရိုက်ခြင်း၊ ဒုက္ခသည်စခန်းများအတွင်း ပြန်လည်မဝင်ရောက်နိုင်စေရန် သွေးထိုးလှုံ့ဆော်ခြင်းများသည် ကိုယ်ကျိုး ရှာလိုသည့် ရည်ရွယ်ချက်များသာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဟောင်း၏ ထုတ်ဖော် ပြောကြားချက်များကပင် သက်သေပြနေသည်။ 
    ဖြစ်ရပ်မှန်များနှင့် ခိုင်မာသည့် သာဓကများအရ ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအရေးတွင် မြန်မာနိုင်ငံသည် တရားဥပဒေနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိ ဆောင်ရွက်နေသော်လည်း ပြည်ပမီဒီယာအချို့၏ တစ်ဖက်စောင်းနင်း သတင်းဖန်တီးမှုများကြောင့် ပကတိအခြေ အနေမှန်များ ဖုံးကွယ်ခံနေရသည်။ ထိုပြည်သူများအနေနှင့် လုပ်ကြံဖန်တီးထားသည့် သတင်းမှားများ၏ သွေးထိုးလှုံ့ဆော်မှု အန္တရာယ်ကို သတိရှိရှိ ဆင်ခြင်သုံးသပ်ကြရန် လိုအပ်ပြီး အမျိုးသားလုံခြုံရေးနှင့် သမိုင်းကြောင်းဆိုင်ရာ အမှန်တရားများ ရေရှည်တည်တံ့ ခိုင်မြဲစေရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်နှင့်အတူ ကြံ့ကြံ့ခံရပ်တည်သွားကြရမည် ဖြစ်သည်။
    နေရပ်စွန့်ခွာသူများအရေးသည် နှစ်နိုင်ငံသံတမန်နည်းလမ်းဖြင့် စနစ်တကျ ညှိနှိုင်းဖြေရှင်းရမည့် ပြဿနာတစ်ခုဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအနေနှင့် အိမ်နီးချင်းကောင်းပီသစွာဖြင့် မိတ်ဝတ်မပျက် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည့် ဆန္ဒအပြည့်ရှိကြောင်း ပြသခဲ့ပြီးဖြစ်သည်။ သို့သော် မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေး၊ အချုပ်အခြာအာဏာနှင့် တိုင်းရင်းသားများ၏ လုံခြုံရေးကို အထိပါးခံမည်မဟုတ်ဘဲ တရားမျှ တသော စံနှုန်းများအတိုင်း အမျိုးသားရေး အသိ၊ သတိများဖြင့် အမှန်တရား ဘက်မှခိုင်မာစွာ ဆက်လက်ရပ်တည်သွားရမည် ဖြစ်သည်။         ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64752

© 2022 - 2026 News. All Rights Reserved.