၂၀၂၆ ၊ မေ ၁
နိုင်ငံရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး အခြေအနေတွေကို မူလအခြေအနေအတိုင်း ပြန်ရောက်ဖို့ အတော်ကြိုးစားရဦးမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲကစပြီး ယိုယွင်းလာခဲ့တဲ့ အခြေအနေတွေဟာ အခုချိန်မှာ အတန်အသင့် ပြန်လည်ထိန်းချုပ်နိုင်တဲ့အခြေအနေမှာ ရှိပေမယ့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေက ပေးထားတဲ့ အခြေအနေထိ ပြန်လည်ရောက်ရှိဖို့ လိုပါသေးတယ်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကစပြီး နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ စစ်အစိုးရလက်ထက်က အခြေအနေထက် ပြောင်းလဲတိုးတက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံရေးအရကြည့်ရင် ဒီမိုကရေစီ အနှစ် သာရရဲ့ အားပြိုင်မှုကို လေးစားတန်ဖိုးထား လိုက်လျောပေးခဲ့တာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအဝင် ပြည်တွင်းပြည်ပ နိုင်ငံရေးသမားအတော်များများ ပြည်တွင်း နိုင်ငံရေးမှာ သက်ဝင်လှုပ်ရှား နိုင်ခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။
၂၀၀၈ အခြေခံဥပဒေမှာ လက်နက်ကိုင်လမ်း စဉ်ချုပ်ငြိမ်းရေး၊ ပပျောက်ရေးအတွက် တိုက်ရိုက်ညွှန်းဆိုထားတာမရှိတဲ့အတွက် စစ်အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးရယူထားတဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးမှု အဆင်မပြေ ဖြစ်ခဲ့ရတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်တစ်ခုတည်းသာ ခွင့်ပြုထားတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ BGF အဖြစ် အသွင်ပြောင်းချင်ပြောင်း၊ မပြောင်းချင်ရင် ပြည်သူ့စစ်အဖွဲ့အစည်းအဖြစ် ရပ်တည်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုရပ်တည်လိုခြင်း မရှိတဲ့အတွက် တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအခြေအနေကတစ်ဆင့် ပြည်တွင်းလက်နက် ကိုင်လမ်းစဉ် ပြန်လည်ကြီးထွားလာနိုင်ပါတယ်။ စနစ်သစ်ပြောင်းခါစမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ လက်နက်ကိုင်လမ်းစဉ်နောက် ပြန်မလိုက်ဘဲ အခြေခံဥပဒေ ဘောင်အတွင်းမှာ ရှိနေဖို့ အရေးတကြီး လိုအပ်ချက်တစ်ခု ဖြစ်စေခဲ့တာ ငြင်းလို့မရတဲ့ အခြေအနေပါ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးစ အခြေအနေကို သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ အဲဒီကစခဲ့တဲ့ လက် နက်ကိုင်လမ်းစဉ် နောက်ထပ် သက်တမ်း မရှည်စေဖို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးအသိုင်းအဝိုင်း၊ သြဇာတိက္ကမကြီးတဲ့ လူမျိုးစုခေါင်းဆောင်များနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ထိုစဉ်က တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်း စိန်အစိုးရ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်တို့ရဲ့ ဦးဆောင်ကြိုးပမ်းမှုအရ တိုက်ပွဲတွေရပ်ပြီး NCA လမ်းကြောင်း ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။
NCA လမ်းကြောင်းပေါ်လာဖို့ ဘယ်လောက်ထိ ကြိုးစားခဲ့ကြရတယ်။ ညှိနှိုင်းခဲ့ကြရတယ်ဆိုတာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အသိဆုံး ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေ ကြားထဲမှာ NCA လက်မှတ်ထိုးသလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ နိုင်ငံတော်ကရော၊ တပ်မတော်ကပါ ဘယ်သူ့ကိုမှ အပြစ်မဆို၊ ပုံမချဘဲ ရတဲ့အခြေအနေ၊ ပေးတဲ့အခွင့်အရေးကို လိုက်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးခဲ့ကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အစိုးရအသစ် ပြောင်းလဲစမှာ စကြိုးစားခဲ့တဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ သူ့သက်တမ်းကုန်ခါနီး တစ်နှစ်အလို ခန့်မှ NCA လက်မှတ် ရေးထိုးနိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်လောက်ထိ ခက်ခက်ခဲခဲ အပင်ပန်းခံ ကြိုးစားခဲ့ရ တယ်ဆိုတာ ပေါ်ပါတယ်။
အဲဒီအချိန်မှာ နိုင်ငံရေးအားဖြင့် တည်ငြိမ်နေတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အပါအဝင် နိုင်ငံရေးသမား အတော်များများ လွှတ်တော်မှာ ပါနိုင်ခဲ့ကြသလို လွှတ်တော် ပြင်ပ နိုင်ငံရေးလှုပ်ရှားမှုများမှာလည်း မင်းကိုနိုင်တို့လို လူတွေပင် လွတ်လပ်စွာ နိုင်ငံရေးလှုပ်ရှားခွင့် ရခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ အပြိုင်အဆိုင်နဲ့ သဘောထားကွဲလွဲမှုတွေရှိခဲ့ကြပေမယ့် ဒီမိုကရေစီ သဘောအရ လက်ခံနိုင်တဲ့ အခြေအနေတစ်ရပ်လို့ ဆိုနိုင်ပါတယ်။ အဲဒီကာလမှာ ဒေါ်အောင်ဆန်းစုကြည် က NCA ကို အဆောတလျင် လက်မှတ်မထိုးကြဖို့ လက်နက်ကိုင်အဖွဲ့တွေကို ပြောခဲ့တာ သတိထားမိကြမှာပါ။ ဒါဟာ သူအာဏာမရသေးချိန် အောင်မြင်သွားမှာ မကြိုက်တဲ့သဘောပါ။ ကဖျက်ယဖျက် လုပ်တယ်လို့ပင် ဆိုနိုင်ပါတယ်။ ဒီအပေါ်မှာလည်း အစိုးရနဲ့ တပ်မတော်က ဘာမှတုံ့ပြန်မှု၊ ဝေဖန်မှု မလုပ်ခဲ့တာ သတိထားမိကြမှာပါ။ ဒီမိုကရေစီသဘောအရ နားလည်မှုပေးခဲ့တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၁၁ ခုနှစ်မှာ စတင် ပြောင်းလဲခဲ့တဲ့ အပြောင်းအလဲဟာ ၂၀၁၅ NLD မဲနိုင်ပြီး ၂၀၁၆ မှာ ဦး သိန်းစိန်အစိုးရက အေးဆေးတည်ငြိမ်စွာ အာဏာလွှဲပြောင်းပြီး နောက်မှာ ပုံစံတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ရထားပြီးသား Result ကတစ်ဆင့် တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲရေးကို ဖန်တီးရမယ့်အစား ကိုယ်ဖြစ်ချင်တာကို အတင်းအကျပ် သွတ်သွင်းရာကစပြီး အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တပ်မတော်ကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာ ဖက်ဒရယ်အရေးနဲ့ ငြိမ်းချမ်းရေးကို အဓိကထား ကြိုးစားခဲ့တာ မတွေ့ရဘဲ အခြေခံဥပဒေပါ သမ္မတအရည်အချင်းနဲ့ တပ်မတော်ကို နိုင်ငံရေးလောကမှ ဖယ်ပြီး နိုင်ငံရေးသမား အောက်ရောက်ရေးကို အဓိကထားခဲ့ တာကို တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော်အပိုင်းကလည်း နိုင်ငံရေးက စွန့်ခွာမယ့်အချိန်ကို အတိအလင်း ကြေညာချပြထားတဲ့အတွက် အတင်းအကျပ် လုပ်စရာမလိုဘဲ အဓိက လုပ်ရမှာက NCA က တစ်ဆင့် လက်နက်ကိုင် နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုမိုခိုင်မာအောင် ဆောင်ရွက်သင့်တာပဲ ဖြစ်ပါတယ်။
တပ်မတော်အပိုင်းကလည်း ဖက်ဒရယ်အခြေခံဖြစ်တဲ့ ပြည်နယ်အာဏာ ပိုပေးရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အစိုးရဖွဲ့ရေးအ တွက် သက်ဆိုင်ရာ ဒေသလွှတ်တော်မှာ မဲနိုင်တဲ့ပါတီက အစိုးရဖွဲ့နိုင်အောင် အခြေခံဥပဒေပြင်ဖို့ တင်ပြခဲ့တာ NLD က လက်မခံဘဲ ကန့်ကွက်ခဲ့ပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က ဘာလဲဆိုတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လက်ဝါးကြီး အုပ်ပြီး သူဖန်တီးတဲ့ နောက်လိုက်၊ သူပေးရင်ရမယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ သူ သွားလိုတဲ့ အခြေအနေက လစ်ဘရယ်ဒီမိုကရေစီနဲ့ တပ်မတော်ကို နိုင်ငံရေးမှာ မပါစေချင်ဘဲ သူခိုင်းတဲ့အတိုင်း လုပ်စေချင်တာပဲ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့အရေးနဲ့ပတ်သက်ပြီး မူဝါဒ ရှင်းရှင်းလင်းလင်း မတွေ့ရဘဲ တပ်မတော်က သူတိုက်ဆိုရင်တိုက်၊ သူနောက် ဆုတ်ဆို နောက်ဆုတ်ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ ငြိမ်းချမ်းရေးအတွက် ထိထိရောက်ရောက်ဘာမှ စွမ်းဆောင်နိုင်ခဲ့တာ မရှိဘူး။
ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရဲ့ လုပ်ရပ်တွေဟာ တည်ငြိမ်အေးချမ်းရေး၊ နယ်မြေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အန္တရာယ်ရှိလာနိုင်တဲ့ အနေအထားမျိုးဖြစ်ပါတယ်။ တပ်မတော်နဲ့ ပွတ်တိုက်မှုဖြစ်တာရဲ့ အဓိကက ဒါပါပဲ။ တပ်မတော် အပိုင်းကတော့ ရှင်းတယ်။ ၂၀၀၈ အခြေခံ ဥပဒေနဲ့ အမျိုးသားအကျိုးစီးပွားကလွဲရင် ဘယ်သူဖြစ်ဖြစ် လက်ခံမှာ မဟုတ်ဘူး။ NLD တို့ သွားချင်တာ က ရှေ့၊ တကယ်ဖန်တီး လုပ်ဆောင်နေတာတွေက အချိန်မရွေးနောက်ကို ပြန်ရောက်သွားစေနိုင်တယ်ဆိုတာ သတိထားမိကြဟန်မတူဘူး။
၂၀၁၀နဲ့ ၂၀၁၅မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာ အမှားအယွင်းနည်းပြီး အောင်မြင်ခဲ့တာ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုပါ။ ၂၀၁၅ ဆိုရင် အာဏာရပါတီကိုယ်တိုင်ကပင် သန့်သန့်ရှင်းရှင်းနဲ့ ကျင်းပပေးခဲ့ပြီး အာဏာလွှဲပေးခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရလဒ်နဲ့ ဒီမိုကရေစီအကျင့်ကို ဒီမိုကရေစီကိုတန်ဖိုး ထားပါတယ်ဆိုတဲ့ NLD က ပိုပြီး လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ အကျည်းတန် အရုပ်ဆိုးစေခဲ့တာ အများအသိပါ။ မဲသမာလား၊ မသမာ လား ကိုယ်တိုင်လည်းသိကြသလို အများလည်း သိကြပါတယ်။ ၂၀၁၆ အစိုးရလက်ထက် တပ်မတော်ကို အတင်းအကျပ် ဖယ်ထုတ်ချင်တဲ့ လုပ်ရပ်နဲ့ ဒီရွေးကောက်ပွဲ လုပ်ရပ်တွေကြောင့် ရှေ့မှာ ကောင်းလာမယ့် အလား အလာတွေဟာ နောက် ပြန်ဆုတ်ရုံတင်မကဘဲ တိုင်းပြည် သောက်ကျိုးနည်းမယ့် အခြေအနေထိ ဖြစ်ခဲ့ရတယ် မဟုတ်ပါလား။
ဒီအခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ်မှာ ပြောင်းလဲခဲ့ရတဲ့ နိုင်ငံရေး အခြေအနေတွေဟာ တိုင်းပြည် ဖရိုဖရဲဖြစ်မှုနဲ့ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားနိုင်တဲ့အထိ တာစူခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ NLD ရဲ့ အတင်းအကြပ် ဝါဒမှိုင်းတိုက်မှုအရ နေရာစုံမှာ လူငယ်တွေ လက်နက်ကိုင်လမ်းစဉ်နောက် လိုက်ခဲ့ကြပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ နေရာအနှံ့မှာ ဖြစ်ပွားခဲ့ရတာ တိုင်းပြည်ရဲ့ဆုံးရှုံးမှုပါ။ လက်တွေ့အခြေအနေကို မှန်ကန်စွာ သုံးသပ်ကြဖို့လိုပါတယ်။ ဒီနိုင်ငံရေး ပေါက်ကွဲမှုကတစ်ဆင့် လက်နက်ကိုင်လမ်းစဉ် ကြီးထွားလာရခြင်းရဲ့ အကြောင်းရင်းက ဘာလဲ။ သူတို့ပြောနေတဲ့ စစ်အာဏာရှင်စနစ် အမြစ်တွယ်နေလို့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တော်လှန်ရေးလုပ်နေတယ်ဆိုတာ အခြေအ နေမှန်လား။ လုံး၀မဟုတ်ဘူး။ တကယ့်အခြေအနေမှန်က ရထားတဲ့ မဲရလဒ်အရ အာဏာရရှိရေး၊ သူတို့လုပ်ရပ် မှန်ကန်တယ်ဆိုတာ သက်သေပြရေး၊ စားရခါနီးမှ ပုတ်ချခံရတဲ့ နားကြည်းချက်နဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေ တစ်ဖွဲ့ချင်းစီရဲ့ လိုလားချက်၊ တစ်နည်းပြောရရင် နယ်မြေနဲ့ အာဏာချဲ့ထွင် လိုတဲ့လောဘပဲ ဖြစ်ပါတယ်။
ဒါကိုတပ်မတော်က ဒီ့ထက်ပို အခြေအနေဆိုးမသွားစေဖို့နဲ့ မူလအခြေအနေ ပြန်ရောက်အောက် ကြိုးစားပေးခဲ့တာပဲ ဖြစ်ပါတယ်။ ထိုက်သင့်တဲ့ တည်ငြိမ်အေးချမ်းမှု အခြေအနေတစ်ခု ရရှိပြီးချိန်မှာတော့ နိုင်ငံရေးစနစ်ကို ပြန်လည်အသက်သွင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ ရွေးကောက်ပွဲကတစ်ဆင့် အာဏာသုံးရပ် ပြန်လည်ပေါ်ပေါက်လာခဲ့ပါပြီ။ နိုင်ငံရေးစနစ် တည်ငြိမ်အေးချမ်းစွာ ပြန်လည်မှန်ကန်လာ ဖို့ အရေးကြီးသလို ပြည်သူတွေအားလုံး မျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်စနစ် ပေါ်ပေါက်လာဖို့ မှန်ကန်စွာ ဦးတည်ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့သမိုင်းကြောင်း၊ ပေးထားတဲ့အခြေအနေ၊ လက်ရှိဖြစ်ပျက် နေတဲ့ ပကတိအရှိတရားတွေအပေါ်မှာ အခြေခံပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့၊ ဖြစ်နိုင်ခြေမြင့်မားတဲ့ လုပ်ငန်းစဉ်ကို ချမှတ်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။ စိတ်ကူးယဉ်ထင်ကြေးတွေနဲ့ လုပ်နေလို့မရပါဘူး။ ကိုယ်စီကိုယ်စီ လိုလားချက် လောဘ သရုပ်မှန်ကိုဖုံးပြီး ဟန်ဆောင်ပန်ဆောင် ပေါင်းစည်းနေလို့လည်း အကျိုးမရှိပါဘူး။
လက်ရှိအခြေအနေအရ နိုင်ငံရေး၊ နိုင်ငံတည်ဆောက်ရေးနဲ့ ဖက်ဒရယ်အရေးတို့အတွက် အရေးတကြီး လိုအပ်ချက်က လက်နက်ကိုင်လမ်းစဉ် ပပျောက်ရေးပါ။ လက်နက်ကိုင်လမ်းစဉ် ပပျောက်ရေးအတွက် အခြေခံအချက်က အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေပဲ ဖြစ်ပါတယ်။ ဒီအမြင်ဟာ ဆန္ဒကိုအခြေခံပြီး ထွက်ပေါ်လာတာမဟုတ်ဘဲ သမိုင်းသင်ခန်းစာ အရပြောခြင်းသာ ဖြစ်ပါတယ်။ အခု တော်လှန်ရေး တော်လှန်ရေးနဲ့ အားသန်စွာ ဟောပြောဖန်တီးနေကြတဲ့ NUG / CRPH / NUCC နဲ့ တခြားလက် နက်ကိုင်အဖွဲ့ အစည်းအချို့ရဲ့ စစ်အာဏာရှင် အမြစ်ပြတ် ဖြိုချရေးနဲ့ ထိုမှတစ်ဆင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ခြေရှိပါရဲ့လား။
၂၀၂၁ ဖြစ်ခါစ အခြေအနေနဲ့ ၁၀၂၇ အခြေအနေကာလမှာ ဖြစ်ကောင်းဖြစ်နိုင်ခြေရှိပေမယ့် အခုချိန်မှာ ပိုလို့ဝေးသွားပြီ ဖြစ်ပါတယ်။ အဲဒီအချိန်က စစ်အာဏာရှင် အမြစ်ပြတ်ရေး အားကောင်းတယ်ဆိုတဲ့ အမြင်ရှိပေမယ့် အမှန်တကယ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရဲ့ ရည်ရွယ်ချက်နဲ့ သူတို့ မျှော်မှန်းထားတာနဲ့ တခြားစီဆိုတာ မသိဘဲ ရမ်းသန်း ခန့်မှန်းနေကြတာပဲ ဖြစ်ပါတယ်။ တိုင်းပြည်အတွက် ဘယ်ဟာက ပိုအဆင်ပြေမယ်။ ဘယ်လမ်းစဉ်က ပိုကောင်းသလဲဆိုတာ အမြင်ကျယ်ကျယ် စဉ်းစားကြဖို့ လိုပါတယ်။
လက်ရှိနိုင်ငံရေး၊ အုပ်ချုပ်ရေး အချိန်းအပြောင်းကာလမှာ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေးအတွက် ရက်ပေါင်း ၁၀၀ ဖိတ်ခေါ်ခဲ့တာဟာ လက်တွေ့ ကျကျ ဖက်ဒရယ်တည်ဆောက်ဖို့ ရည်ရွယ်ဖိတ်ခေါ် တယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ တိုင်းပြည်အတွက် အကျိုး ရှိ၊ မရှိ ချိန်ဆကြဖို့ လိုပါတယ်။ သူ့ရဲ့ ဖိတ်ခေါ်ချက်နဲ့ ဆောင်ရွက်ချက်ကို သေချာမြင်အောင်၊ နားလည်အောင်ကြည့်ပြီး မိမိအကျိုး၊ ပြည်ထောင် စုအကျိုးကို ရအောင်ယူကြဖို့ လိုပါတယ်။ စစ်ဆိုတာ အချိန်မရွေး တိုက်လို့ရပါတယ်။ တိုက်သင့်တဲ့ အချိန်မှာ တိုက်ဖို့လိုသလို တိုက်စရာမလိုဘဲ ဖြစ်သင့်တာ၊ ရသင့်တာရမယ့် အချိန်ကာလမှာ တိုက်နေရင်တော့ လူမိုက်လို့ဆိုရမှာ ဖြစ်ပါတယ်။ ကမ်းနေတဲ့ လက်ကိုပုတ်ချရင်တော့ ပုတ်ချသူရဲ့ အပြစ်လို့သာ ဆိုရမှာပါ။
ဒီရက်ပေါင်း ၁၀၀ ဖိတ်ခေါ်ချက်ထွက်ပေါ် လာချိန်မှာ အသံမျိုးစုံထွက်လာတာ၊ လာမယ်၊ မလာ ဘူးပြောနေကြတာတွေလည်း တွေ့လာရပါတယ်။ မူတစ်ခုချပြီးရင် သဘာဝအရ ဖြစ်သင့် မဖြစ်သင့် သူ့အမြင် ကိုယ့်အမြင် ပြောနေကြတာ ဝေဖန်နေကြတာတွေဟာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ အခုချိန်ထိတော့ တောပြောတောင်ပြော ပြောနေကြပေမယ့် တစ်ဖက်က ဖိတ်ခေါ်တဲ့အခါမှာ တစ်ဖက်က တိကျတဲ့ ဆုံးဖြတ်ချက် အဖြေပေးဖို့လိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုသာ ဖိတ်ခေါ်နေ ပေမယ် NUG / CRPH နဲ့ NUCC တို့မပါဘဲ PDF အဖွဲ့တွေကို လက်နက်စွန့် အလင်းဝင်ဖို့ဆိုတာ ထူးခြား ချက်တစ်ခုပါ။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လှုပ်ရှားမှုဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာထက် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး ဖြစ်တဲ့အတွက် ခွင့်လွှတ်ဆွေးနွေးလို့ရပေမယ့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ရယူဖို့ သေဒဏ်ထိုက်တဲ့ နိုင်ငံတော်ပုန် ကန်မှုကို ကျူးလွန်နေသူတွေကိုတော့ ဆွေးနွေးနေစရာ အကြောင်းမရှိတာကို နားလည်ဖို့ လိုပါတယ်။ PDF လူငယ်လေးတွေကို အလင်းဝင်ဖို့ ခေါ်တာက မသိနား မလည်လို့ ဖြစ်ခဲ့တဲ့အမှားကို ကုစားပေးပြီး အေးချမ်းစွာနေစေလိုတဲ့ စေတနာအရလို့ ဆိုရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လက်နက်ကိုင် ပုန်ကန်နေသူတွေနဲ့ ပေါင်းပြီး ဆက်လက်ပုန်ကန်တိုက်ခိုက်နေမယ်ဆိုရင်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မတရားထိပါးနေတဲ့ အဖွဲ့အစည်းအဖြစ် တစ်တန်း တစ်စားတည်း သတ်မှတ်ချေမှုန်းခံရမှာ သတိထားဖို့ လိုပါတယ်။ သဘောကတော့ NUG နဲ့ပေါင်းပြီး SCEF မှာပါတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအနေနဲ့ သတိ ထားဖို့၊ ပြန်လည်စဉ်းစားသုံးသပ်ကြဖို့ လိုပါလိမ့်မယ်။
စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် နိုင်ငံရေးနည်းလမ်းကလွဲလို့ တခြားမရှိဘူးဆိုတာ မြင်ကြဖို့လိုပါတယ်။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )