လူငယ်တွေကို အရောင်ဆိုးတဲ့ အောက်တန်းကျသော နိုင်ငံရေး

    ၈-၈-၈၈ ရှစ်လေးလုံး (၃၈)နှစ်မြောက်နှစ် ပတ်လည်နေ့ဆိုပြီး အထိမ်းအမှတ် အခမ်းအနားတွေ ကြေညာချက်ထုတ်တာတွေ တွေ့ရပါတယ်။ အထူးသဖြင့် ပြည်တွင်းမှာထက်စာရင် ပြည်ပမှာ လှုံ့ဆော် နေကြတာများပါတယ်။ ပြည်တွင်းကတော့ သိပ်ပြီးစိတ်ဝင်စားမှု မရှိကြတော့ဘဲ ပြည်ပြေးအဖွဲ့တွေနဲ့ ပြည်ပရောက် မြန်မာတွေသာ အထင်ကရနေ့တစ်နေ့အဖြစ် ပွဲခင်းနေကြတာပါ။ သူ့အကြောင်းနဲ့သူ ရှိကြမှာဖြစ်ပေမယ့် အဓိကကတော့ သူတို့နိုင်ငံရေးမသေအောင် အခုအခင်းအကျင်းနဲ့ ချိတ်ဆက် ပုံကြီးချဲ့နေကြတာက ပိုများပါတယ်။  
    ၁၉၈၈ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ ဒီအရေးအခင်းဟာ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ နိုင်ငံရေးအပြောင်း အလဲတစ်ခုဖြစ်ခဲ့တဲ့ အရေးအခင်းပါ။ စနစ်အပြောင်း အလဲဖြစ်စေခဲ့တဲ့အပြင် နောက်ဆက်တွဲ ပြဿနာတွေလည်း တသီကြီးကျန်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဖြစ်ချင်တဲ့အတိုင်းမဖြစ်ခဲ့တာ၊ ကိုယ်လိုချင်တာ မရခဲ့တာတွေအပေါ်မှာ အမုန်းတရားကို အသက်သွင်းပေးနေတာ ခုချိန်ထိပဲ ဖြစ်ပါတယ်။ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေကို အဲဒီအချိန်မှာ ရှိတဲ့သူတွေအတော်များများ သိကြပါတယ်။ အမှန်ဆိုရင် ၈၈ အရေးအခင်းကို သမိုင်းသင်ခန်းစာတစ်ခုအဖြစ်သာ ရှုမြင်သင့်ပေမယ့် အခုချိန်ထိ တစ်ဖက်က သူရဲကောင်း၊ တစ်ဖက်က ဗီလိန်လုပ်နေကြတာတွေဟာ သမိုင်းတန်ဖိုးပျက်သလို နောင်မျိုးဆက်သစ်တွေအတွက် လွဲမှားတဲ့ ထင်မြင်ယူဆချက်တွေရရှိသွားစေမှာ ဖြစ်ပါတယ်။ 
    ခေတ်တစ်ခေတ်မှာ အဆိုးလည်းရှိသလို အကောင်းလည်းရှိပါတယ်။ ဘယ်ကိစ္စရပ်တွေမှာမဆို အဆိုးချည်းသက်သက်၊ အကောင်းကြီးသက်သက် မရှိတတ်ဘဲ အကောင်းအဆိုး ဒွန်တွဲနေကြတာ ပိုများပါတယ်။ လူနဲ့ လူ့ပတ်ဝန်းကျင်မှာ အားလုံးကြိုက်ကြတာ၊ အားလုံးမကြိုက်ကြတာ မရှိပါ။ ကြိုက်ခြင်း၊ မကြိုက်ခြင်းက အမြဲလိုလို ဒွန်တွဲနေမှာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခအတော်များ များဟာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးခါစက စခဲ့တဲ့ ပြဿနာအတော်များများကို အခြေခံတာ တွေ့ရမှာ ဖြစ်ပါတယ်။ သမိုင်းအခြေခံကို သိထားသင့်သလို သိပြီးရင်လည်း လက်ခံမျှေ၀ကြဖို့ လိုပါတယ်။ ဒါမှသာ တိုင်းပြည် တည်ဆောက်ရေးမှာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 
    အထူးသဖြင့် မသိနားမလည်တဲ့ လူငယ်မျိုး ဆက်သစ်တွေကို အရောင်မဆိုးကြဖို့ လိုပါတယ်။ အခုဟာက ကိုယ်အားသာဖို့ တစ်ဖက်ကို ဖိတာကပိုများနေတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီအကျင့်တွေ မပြင်သရွေ့ အနာဂတ်အတွက် ဘယ်လိုမှ ကောင်းလာနိုင်မှာ မဟုတ် ပါ။ လက်ဝဲဆိုလည်း လက်ဝဲစွန်း၊ လက်ယာဆိုလည်း လက်ယာစွန်း ငါချည်းပဲ မှန်နေကြတာမျိုးတွေ မဖြစ်သင့်တော့ပါ။ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ နိုင်ငံ ရေးအဓိကရုဏ်း အတော်များများကို လေ့လာကြည့်ရင် လက်ဝဲလှုံ့ဆော်မှုတွေက စခဲ့တာများပါတယ်။ လက်ဝဲအယူအဆ အသက်မဝင်ခင် အင်္ဂလိပ်ခေတ်မှာ နိုင်ငံရေးအန်တုမှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    အဲဒီအချိန်က လက်ဝဲလက်ယာ အယူအဆထက် အမျိုးသားရေးကို အခြေခံလှုံ့ဆော်ခဲ့ကြတာ တွေ့ရမှာဖြစ်ပါတယ်။ လက်ဝဲလက်ယာ အယူအဆကို မသိခင်အချိန်မှာကတည်းက လက်ဝဲဆိုရှယ်လစ်ကို အခြေခံမှန်းမသိ အခြေခံခဲ့ကြတာ ဖြစ်ပါတယ်။ နောက်ပိုင်း ကွန်မြူနစ်ဝါဒကို ပိုမိုလေ့လာ သိရှိလာပြီးနောက်မှာ တော်လှန်ရေးအခြေခံ လှုံ့ဆော်မှုတွေက ဆိုရှယ်လစ် အမျိုးသားရေးလှုပ်ရှားမှုနဲ့ ကွန်မြူ နစ်လူတန်းစားရေး အယူအဆတွေ အတူယှဉ်တွဲခဲ့ကြတာ တွေ့ရပါတယ်။ ဖက်ဆစ်တော်လှန်ရေးမတိုင်ခင် အင်္ဂလိပ်နယ်ချဲ့တော် လှန်ရေးအတွက်ချမှတ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်တွင်းမြေအောက် တော်လှန်ရေး အင်အားစုတွေရဲ့ မူဝါဒက မြေပေါ်လက်နက်ကိုင်တော်လှန်ရေးနဲ့  မြေအောက်နိုင်ငံရေး လှုံ့ဆော်စည်းရုံးမှုတိုက်ပွဲပဲ ဖြစ်ပါတယ်။ 
    ဒီအယူအဆ ဒီမျိုးစေ့ဟာ အင်္ဂလိပ်နဲ့ ဖက်ဆစ်တော်လှန်ရေးမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် အကျိုးရှိခဲ့ပေမယ့် ပြည်တွင်းနိုင်ငံရေး အားပြိုင်မှုတွေမှာတော့ အကျိုးနည်းစေခဲ့ပါတယ်။ အချင်းချင်း မညီညွတ်ရုံမက သူ့အုပ်စု၊ ကိုယ့်အုပ်စု အားပြိုင်အားမွေး တိုက်ခိုက်ခဲ့ကြရာက အားကြီးတဲ့ အမုန်းတရားတွေ ပိုလာခဲ့တာ တိုင်းပြည်အတွက် စိတ်မကောင်းစရာပါ။ ဒီပြဿနာရဲ့အစဟာ လွတ်လပ်ရေးရခါနီးမှာ ဖြစ်ခဲ့တာပါ။ ဘုရင်ခံ အမှုဆောင်ကောင်စီမှာ  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်တွေ ပါဝင်ခဲ့စဉ်မှာ ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ပယ်ပစ်ခဲ့ရာက စတယ်လို့ ဆိုနိုင်ပါတယ်။ 
    ဗိုလ်ချုပ်အောင်ဆန်းရဲ့ အယူအဆနဲ့ သခင်သန်းထွန်းရဲ့ အယူအဆ မတူညီကြရာက ကွဲခဲ့ကြတဲ့ အထိဖြစ်ခဲ့ကြတာပါ။ ကွန်မြူနစ်တွေရဲ့ အယူအဆက လွတ်လပ်ရေးကို တိုက်ယူမှရမယ်ဆိုတဲ့သဘောနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အယူအဆက ဘုရင်ခံအမှုဆောင်ကောင်စီမှာပါပြီး လွတ်လပ် ရေးရယူမယ်ဆိုတဲ့သဘောပဲ ဖြစ်ပါတယ်။ ကြားချညှိနှိုင်းမှုထက် သူ့အယူအဆ၊ ကိုယ့်အယူ အဆနောက် လိုက်ဖို့ကိုသာ ရှေ့တန်းတင်ခဲ့ကြတဲ့အတွက် အဲဒီအချိန်ကတည်းက ပြန်စိလို့မရအောင် ကွဲခဲ့ကြတာပဲ ဖြစ်ပါတယ်။ အဲဒီအကွဲက ခေတ်အဆက်ဆက်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးတိုက်ပွဲတွေရဲ့ အဓိက လှုံ့ဆော်မှုအခန်းကဏ္ဍမှာ ပါဝင်ခဲ့တယ်ဆိုတာ ခေတ်ပြိုင်နိုင်ငံရေးသမားတိုင်း သိကြပါတယ်။ 
    လွတ်လပ်ရေးရချိန်မှာ ပထမဆုံးပြဿနာ တက်တာက ဖဆပလအစိုးရကို ဗကပတို့က  နိုင်ငံရေး နည်းအရ တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးစ အားနည်းနေသေးတဲ့ အစိုးရအပေါ် ဗကပ တို့က နိုင်ငံရေးနည်းအရ စတင်တိုက်ခိုက်ခဲ့ကြတာပါ။ ဓနိတောဘီအိုစီကုမ္ပဏီနဲ့ ဖူးကား၊ ဘုံဘေဘားမား သစ် ကုမ္ပဏီက အလုပ်သမားတွေကို သပိတ်မှောက်ဖို့ ကွန်မြူနစ်ပါတီက သွေးထိုးလှုံ့ဆော်ပေးခဲ့တာ ဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး တည်ဆဲဖဆပလအစိုးရ တက်ခါစမှာ အတော်ရှင်းခဲ့ရပါတယ်။ မတ် ၂၇ ရက် ရန်ကုန်မြို့ ဗန္ဓုလပန်းခြံမှာ ဗမာပြည်ကွန်မြူနစ်ပါတီသြဇာခံ အလုပ်သမားသမဂ္ဂက ကြီးမှူးပြီး လူထုအစည်းအဝေး တစ်ခုကျင်းပခဲ့ကြပါတယ်။ သခင်သန်းထွန်းက အဲဒီအစည်း အဝေးမှာ မိန့်ခွန်းပြောရင်း "အေးအေးနေချင်တဲ့ သခင်နုကို အအေးဆုံးနေရာဖြစ်တဲ့ သင်္ချိုင်းကို ပို့ရမယ်။ ......... ဗားကရာ ချောက်ကြီးမှာ ဆိုရှယ်လစ်အရိုးတောင်လိုပုံစေရမယ်"ဆိုပြီး ထည့်သွင်းပြောကြားခဲ့တာ တွေ့ရပါတယ်။ 
    မတ် ၂၈ ရက်မှာ ဖဆပလ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းက ဗကပ ပါတီဝင်တွေကို ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့ပြီး လိုက်လံဖမ်းဆီးခဲ့ရာမှ သခင်သန်းထွန်း အပါအဝင် ကွန်မြူနစ်ခေါင်းဆောင်တွေ တောခို သွားကြတာ ဖြစ်ပါတယ်။ တချို့အမာခံပါတီဝင်တွေ မြို့ပေါ်မှာ နေရစ်ခဲ့ကြပါတယ်။  အဲဒီအချိန်ကစပြီး မြန်မာ့နိုင်ငံရေးမှာ တည်ဆဲအစိုးရကို ပြန်တိုက်တဲ့ မြေပေါ်မြေအောက်တိုက်ပွဲတွေ စတင်ခဲ့တာပဲ ဖြစ်ပါ တယ်။ မြေပေါ်ဆိုတာက လက်နက်ကိုင်တိုက်တာ၊ မြေအောက်က မြို့ပေါ် လူထုလူတန်းစား အသီးသီး ကြားဝင်လှုံ့ဆော်ပြီး နိုင်ငံရေးအုံကြွမှုဖြစ်အောင် ဆောင်ရွက်တာပဲ ဖြစ်ပါ တယ်။ 
    အဲ့ဒီလှုံ့ဆော်မှုတွေဟာ တဖြည်းဖြည်းနဲ့ အမုန်းတရားကို ကူးစက်စေတာ ဖြစ်တဲ့အတွက် စည်းလုံးညီညွတ်ရေးထက် ပြိုကွဲရေးကို ဦးတည်စေပါတယ်။ ဗကပက စခဲ့တဲ့ဇာတ်လမ်းဟာ ကူးစက်မှုတွေ ခိုင်မာလာတာ နှစ်ပေါင်းကြာခဲ့ပြီ ဖြစ်ပါတယ်။ လက်ဝဲဖြစ်ဖြစ်၊ လက်ယာဖြစ်ဖြစ် အခုချိန်မှာ ရောနှောနေပြီး ဘယ်သူက ကွန်မြူနစ်၊ ဘယ်သူက လက်ယာလစ်ဘရယ်ဆိုတာ ခွဲခြားလို့မရပေမယ့် လှုံ့ဆော်တိုက် ခိုက်မှုတွေကတော့ ထူးမခြားနားပါပဲ။  အရေးအခင်းတိုင်းလိုလိုရဲ့ ဖြစ်ပွားမှုကိုကြည့်ရင် ဒီသဘာဝကို တွေ့ရမှာဖြစ်ပါတယ်။  နှစ်ရှည်လများ လှုံ့ဆော်ခဲ့ကြတဲ့ အကျိုးဆက်ကို အခုချိန်မှာ အားလုံး ခံစားနေကြ ရတာ ဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်နေကြသူတိုင်း ဆင်ခြင်ကြဖို့ လိုပါတယ်။ 
    ၁၉၈၈ အရေးအခင်းဟာ လွတ်လပ်ရေးရခါစ  အခြေခံမကျေလည်ခဲ့မှုတွေက စခဲ့တဲ့ ပြဿနာတွေရဲ့ အပြင်းထန်ဆုံး ပေါက်ကွဲမှု ဖြစ်ပါတယ်။ ဗကပနဲ့ KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုရဲ့ ပထမ ဆုံး ဦးတည်ရန်သူက ဖဆပလအစိုးရပါ။ သူတို့ရဲ့လိုလားချက်ကိုကြည့်ရင် ဗကပက မြန်မာပြည် တစ်ခုလုံး သူတို့အာဏာရရှိရေးနဲ့ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုရဲ့ လိုလားချက်က သီးခြားနယ်မြေကို အခြေခံတဲ့ အာဏာရရှိရေးပဲ ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ တပ်မတော်က ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ရရှိခဲ့တဲ့လွတ် လပ်ရေးနဲ့ အချုပ်အခြာအာဏာ မပျက်စီးရအောင်၊ ပြည်ထောင်စုမပြိုကွဲ ရအောင် အစိုးရရဲ့မူဝါဒအရ  ကျားကန်ပေးခဲ့ရတာ ဖြစ်ပါတယ်။ 
    ၁၉၆၂ ခုနှစ် အာဏာသိမ်းခဲ့ရတာက အဲဒီခေတ်အခြေအနေအရ မသိမ်းမဖြစ်လို့သိမ်းခဲ့ရတာ အဲဒီခေတ်က နိုင်ငံရေးသမားတွေအပါအဝင် လူတိုင်းသိကြပါတယ်။ တိုင်းရင်းသားအချို့နဲ့ ကွန်မြူနစ်အပါ အဝင် နိုင်ငံရေးသမားအချို့ကလွဲလို့ လက်ခံကြတဲ့သူတွေ အတော်များတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် ဆိုရှယ်လစ်တစ်ပါတီစနစ် သွားကြတဲ့အခါမှာတော့ သာမန်ပြည်သူလူထုကလွဲလို့ နိုင်ငံ ရေးအုပ်စု၊ လက်နက်ကိုင် အုပ်စုအားလုံးလိုလို လက်မခံကြပါ။ အတိုက်အခံတွေအနေနဲ့ အစပိုင်းနဲ့ အားကောင်းနေစဉ်မှာ ငြိမ်နေကြပေမယ့် အားနည်းသွားတဲ့အချိန်မှာ အပြုတ်တိုက်ဖို့ အားလုံး ဝိုင်းခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဗကပနဲ့ လက်နက်ကိုင်အုပ်စုတွေကတော့ တောက်လျှောက်တိုက်နေကြတာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ လမ်းစဉ်ပါတီကို အဓိက ထိုးနှက်တိုက်ခိုက်ခဲ့တာက ဗကပပါ။ မြေပေါ်မြေအောက် တောက်လျှောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၈၈ ခုနှစ် အရေးအခင်းကို သူတို့ ဦးဆောင် လှုပ်ရှားခဲ့တာ ဖြစ်ကြောင်းကိုလည်း ၁၉၉၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ညီလာခံ အစီရင်ခံစာမှာ အတိအလင်း ဖော်ပြထားတာတွေ့ရှိ ရမှာဖြစ်ပါတယ်။ 
    ၁၉၈၈ ခုနှစ် အရေးအခင်းမှာ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီ ကျရှုံးခဲ့ရတာက ဆန့်ကျင်ဘက် အုပ်စုတွေရဲ့ လှုံ့ဆော်ဝါဒဖြန့်မှု၊ တိုက်ခိုက်မှု သက်သက်အရ မဟုတ်ဘဲ ကိုယ်တိုင်မအောင်မြင်မှုနဲ့ ပြည်သူတွေ ဆင်းရဲကျပ်တည်းမှုအရ မနှစ်သက်ကျတော့တာလည်း ပါပါတယ်။ ဆိုရှယ်လစ်စနစ်အစမှာ အလွန်အကျွံပြည်သူပိုင်သိမ်းပြီး စီးပွားရေးလုပ်ငန်းအားလုံးနဲ့ ပြည်သူလူထု စားဝတ်နေရေး၊ သက်သာချောင်ချိရေး လုပ်ငန်း စဉ်တစ်ခုလုံး ပါတီမှာ တာဝန်ရှိသွားတဲ့အတွက် အဆင်မပြေမှုများလာတဲ့အပေါ် ပြည်သူတွေ သည်းမခံနိုင်တော့တဲ့အ ခြေအနေနဲ့ ရင့်မှည့်သွားတဲ့ လှုံ့ဆော်မှုတွေရဲ့ အဆုံးရောက်ပံ့ပိုးမှု မီးပွားဆုံသွားတဲ့အခါ ပြင်းထန်စွာပေါက် ကွဲမှုဖြစ်ပေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ၈၈ အရေး အခင်းရဲ့ သရုပ်မှန်ပါ။ 
    မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး အားကောင်းအောင် ဆောင်ရွက်ခဲ့တာ၊ အမျိုးသားရေးဦးစားပေးခဲ့တာ၊ အချုပ်အခြာအာဏာအတွက် ပြတ်သားစွာ ဆောင်ရွက်ခဲ့တာတွေဟာ ကောင်းကွက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ပြည်နယ် မရရှိခဲ့တဲ့ ရခိုင်၊ မွန်နဲ့ ချင်းတို့ကို ပြည်နယ်ပေးခဲ့တာ၊ တိုင်းရင်းသားအားလုံး တန်းတူအဆင့်အတန်း သတ်မှတ်ခဲ့ပြီး တိုင်းရင်း သားဖွံ့ဖြိုးရေးသိပ္ပံ ထူထောင်ပေးခဲ့တာ၊ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားတန်ဖိုးထားတတ်အောင် လမ်းပြပေးခဲ့တာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပြည်ထောင်စုနေ့ကို ခမ်းနားစွာ ကျင်းပပေးခဲ့တာ၊ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို အဓိကထားဆောင်ရွက်ပေးခဲ့တာ၊ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ အာရှအသိုင်းအဝိုင်းမှာ မြန်မာအဖြစ် တန်းတူ ရည်တူ ဆက်ဆံရေးရှိခဲ့တာ စသဖြင့် သူ့လက်ထက်မှာ သူ့အမြင်နဲ့ အောင်မြင်စွာ  ဆောင်ရွက်ခဲ့ကြတာ တွေလည်း ရှိခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ 
    ၈၈ အရေးအခင်းကို ဖြစ်ပေါ်စေခဲ့တာက သမိုင်းကိုအခြေခံတဲ့ ပေါက်ကွဲမှု၊ နောက်ပိုင်းဆက်ဖြစ်တဲ့ပြဿနာတွေက ၈၈ မှာထင်ပေါ်လာတဲ့ ဇာတ်ဆောင်တွေရဲ့ ပေါ်ပြူလာဖြစ်မှုနဲ့ အလိုမကျမှုတွေအရလို့ ဆိုရမှာဖြစ်ပါတယ်။ တပ်မတော်ကတော့ ဘယ်သူပဲခေါင်းဆောင်ခေါင်းဆောင် အမျိုးသားအကျိုးစီးပွားကို အခြေခံမှာဖြစ်တဲ့အတွက် သူ့ရဲ့လမ်းစဉ်အတိုင်းသာ ဆက်လက်ချီတက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း ၈၈ အရေးအခင်းနောက်ပိုင်းမှာ တပ်မတော်နဲ့ မျိုးဆက်သစ် နိုင်ငံရေးသမားတွေကြားမှာ ထိပ်တိုက်ပြဿနာတွေ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ တပ်မတော်ကလည်း ပါတီစုံ ဒီမိုကရေစီစနစ်ကို သွား မယ်လို့ ကြွေးကြော်ထားတယ်။ လုပ်ဆောင်ချက်တွေကို ကြည့်ရင်လည်း ဒီအတိုင်းပဲရပ် တည်တယ်။ သို့သော် အနောက်အလိုကျ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအစား ကိုယ့်သဘာဝနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီ ကိုသာ ရှေးရှုခဲ့တယ်။ ပြဿနာက ဒီအခြေအနေကို လက်မခံနိုင်ကြတဲ့သူတွေအနေနဲ့ အရာရာကို တပ်မတော်အပေါ်ပုံချပြီး သူတို့လိုအပ်ချက်အရ ရန်သူလိုသဘောထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ 
    ၂၀၂၁ မှာ စတင်ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးပြဿနာကလည်း တပ်မတော်အပြုတ်တိုက်ရေးကို ရှေးရှုခဲ့ကြတာပဲ မဟုတ်ပါလား။ အမှန်တကယ် ဖြစ်သင့်တာက ၁၉၈၈ အရေးအခင်းအပြီးမှာ ဖြစ်တည်လာတဲ့ နိုင်ငံရေးသမားတွေအနေနဲ့ တပ်မတော်ကို ရန်သူလိုသဘောမထားဘဲ အတူရပ်တည်ခဲ့သင့်တာပါ။ အဲဒီ လိုသာ တပ်မတော်နဲ့ နိုင်ငံရေးသမားတွေကြားမှာ စည်းကမ်းတကျ ညီညွတ်ခဲ့ကြရင် ဒီအခြေအနေထိ ဖြစ် လာစရာမရှိပါ။ ဒီဘက်အိတ်ကပ်ထဲက ဟိုဘက်အိတ်ကပ်ထဲ ပြောင်းထည့်တာဆိုတဲ့အမြင်နဲ့ ထိပ်တိုက် ရင်ဆိုင်ခဲ့ကြတဲ့အတွက် အခုချိန်ထိ ပြဿ နာတွေ ဆက်တိုက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ 
    လက်ရှိအခြေအနေကိုကြည့်ရင် သူတို့အတွက် အရေးကြီးတာက နိုင်ငံရေးမသေဖို့၊ သူတို့ကို ပြည်သူတွေ အမှတ်ရနေစေဖို့ပဲ ဖြစ်ပါတယ်။ ဒါမှသာ အသက်ရှူချောင်မှာဖြစ်သလို လုပ်စရာ နည်းလမ်းကလည်း နိုင်ငံရေးမငြိမ်မသက်ဖြစ်ဖို့နဲ့ တပ်မတော်ကို ဗီလိန်နေရာပို့ဖို့က လွဲလို့ ဘာမှမရှိပါ။ အဲဒီလိုမဟုတ်ဘဲ နိုင်ငံရေးတည်ငြိမ်နေကြည့်သူတို့အနေနဲ့ ဘယ်လိုမှရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာ ရှင်းတယ်။ ဒါကြောင့်လည်း ခုချိန်ထိ သူတို့လုပ်ရပ်တွေကို ပုံကြီးချဲ့နေကြတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဆန္ဒပြအရေးအခင်းတွေ အများကြီး ရှိခဲ့ပါတယ်။ အားလုံးသူ့အကြောင်းနဲ့သူ ရှိကြပါတယ်။ ဘယ်လိုပဲရှိရှိ ပြဿနာအားလုံးကို တပ်မတော်အပေါ် ပုံချတာကတော့ မဖြစ်သင့်တဲ့ ကိစ္စပါ။ 
    အခုလည်း ၈၈ နဲ့  လက်ရှိဖြစ်ပွားနေတဲ့အခြေအနေကို အတင်းစွဲကပ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြုတ်တိုက်နေကြတယ်ဆိုတာကတော့ တော်ရုံကလိမ်ကျတယ်လို့ ဆိုလို့မရတော့ဘူး။ နိုင်ငံရေး အောက်တန်းကျတယ်လို့ ဆိုရမယ်။ ၈၈ အရေးအခင်းက မဆလ ပြုတ်ကျပြီး ဒီမိုကရေစီရရှိရေး၊ နောက် ပိုင်းဆက်ဖြစ်ခဲ့တာက အာဏာရရှိရေးပါ။ အောင်စုတင် (ဦးအောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦး တင်ဦး)တို့ ကြားဖြတ်အစိုးရ မလုပ်လိုက်ရဘဲ တပ်မတော်လက်ထဲ အာဏာလွှဲပေးခဲ့တာကို မကျေနပ်လို့ သူတို့အာဏာရရှိရေးအတွက် တပ်မတော်ကို တောက်လျှောက်တိုက်ခိုက်ခဲ့တာဟာ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေး မဟုတ်ခဲ့ဘူးဆိုတာ သမိုင်းမီသူတိုင်းသိတယ်။  အာဏာရရှိရေးဇာတ်လမ်းမှာ ကလိမ်က ကျစ်ကျပြီး နိုင်ငံရေးသူတော်ကောင်း မလုပ်ကြ ဖို့လိုပါတယ်။  ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 71

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

64671

© 2022 - 2026 News. All Rights Reserved.