၂၀၂၆ ၊ ဇန်နဝါရီ ၁၆
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် အလိုရှိတယ်ဆိုရင် ဆောင်ရွက်စရာတွေ၊ လိုက်နာစရာတွေ ရှိပါတယ်။ လိုက်နာကြဖို့လည်း လိုပါတယ်။ အခြေခံအကျဆုံးက တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာစွာရှိဖို့ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအချင်းချင်းဆိုတာ ဗမာနဲ့ ကျန်တိုင်းရင်းသားတွေကို ဆိုလိုတာမဟုတ်ဘဲ ဗမာအပါအဝင် တိုင်းရင်းသား ၁၃၅ မျိုးလုံးကို ဆိုလိုတာ ဖြစ်ပါ တယ်။ ချစ်ကြည်ရင်းနှီးမှု မခိုင်မာသေးရင်တောင်မှ အနိမ့်ဆုံးအဆင့် သူ့စည်းကိုယ့်စည်း နားလည်လိုက်နာ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ ဒါမှသာ ကြီးနိုင်ငယ်ညှဉ်း ပြဿနာတွေကို ရှောင်ကြဉ်နိုင်မှာဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေခံသဘော တရားကို ကိုယ်တိုင်လိုက်နာကြရဲ့လားဆိုတာ ကိုယ်တိုင်ပြန်လည်ဆန်းစစ်ကြဖို့ လိုပါတယ်။
သမိုင်းကြောင်းအရ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေ၊ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို နားလည် လက်ခံဖို့လည်း လိုပါတယ်။ ဒါ့အပြင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်ဖို့နဲ့ လက်နက်နဲ့ အာဏာ တည်ဆောက်တာတွေဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် အဟန့်အတားဖြစ်စေတာကို လက်ခံရပါမယ်။ သမိုင်းအစဉ်အဆက်ကနေ အခုလက်ရှိအခြေအနေထိ ဖြစ်တည်ခဲ့တဲ့အခြေ အနေတွေကိုကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စုအတွက် အဓိကအဟန့်အတားဟာဘာလဲဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ မိမိတို့နိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံကောင်းတွေ အများကြီး ရှိပါတယ်။ ဒီအခြေခံကောင်းတွေရှိရဲ့သားနဲ့ ခုချိန်ထိ ပထမအဆင့် ပန်းတိုင်ကို မရောက်သေးတာ ဘာကြောင့်လည်း အားလုံးမှာ တာဝန်ရှိပါတယ်။ ပထမအဆင့် ပန်းတိုင်ဆိုတာ တည်ငြိမ်အေးချမ်းပြီး ခိုင်မာတဲ့စနစ်ကို ဆိုလိုတာပါ။ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ ခိုင်မာတဲ့စနစ်ကို မရသေး၊ မရောက်သေးတာ ဘာကြောင့်လဲ။ ဘယ်လိုပြုပြင်တည်ဆောက်ကြမလဲ။ ရထားပြီးသား အခွင့်အရေးကို ဘယ်လိုထိန်းသိမ်းပြီး ဘယ်လိုတစ်ဆင့်မြှင့်ကြမလဲဆိုတာ စဉ်း စားကြဖို့လိုပါတယ်။
ဖက်ဒရယ်ပြည်ထောင်စုအတွက် အဓိကအဟန့်အတားဟာ လက်နက်ကိုင်လမ်းစဉ်ပဲ ဖြစ်ပါတယ်။ လက်နက် ကိုင်လမ်းစဉ်ရဲ့ အစကို ပြန်ကြည့်ရင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ထက် ကိုယ့်လူမျိုးကောင်းစားရေး၊ သီးခြားနယ်မြေရရှိရေးကိုသာ အဓိက အခြေခံခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ တိုင်းရင်းသားအမည်ခံပြီး တည်ဆောက်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘာဝကိုကြည့်ရင် အစပထမပိုင်းမှာ လူမျိုးရေးကိုအခြေခံတဲ့ တော်လှန်ရေးကို အခြေခံကြပေမယ့် နောက်ပိုင်းမှာ တော်လှန်ရေး အမည်ခံတဲ့ ကိုယ်ကျိုးအတ္တတွေပါ နေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် လက်နက်ကိုင် ကြာလာတာနဲ့အမျှ အာဏာကိုပိုပြီး ခုံမင်လာကြတာ ငြင်းလို့မရတဲ့ အခြေအနေတစ်ခုပါ။ ဘယ်လက် နက်ကိုင်အဖွဲ့ကိုပဲကြည့်ကြည့် တွေ့ရမှာဖြစ်ပါတယ်။ အလိုလိုနေရင်းပင် ကိုယ့်ကိုယ်ကိုယ် လူမျိုးစုခေါင်း ဆောင်အဖြစ် ထင်လာတတ်ကြတာ၊ သမုတ်ထားကြတာပဲ မဟုတ်ပါလား။ ဒီလို ကိုယ့်ကိုယ်ကိုယ် လူမျိုးစုခေါင်းဆောင်အဖြစ် ထင်လာတဲ့အခါ ပြည်ထောင်စုအရေးထက် ကိုယ့်လူမျိုးတွေ နေထိုင်ရာဒေ သမှာ ရာသက်ပန် ခေါင်းဆောင်ဖြစ်ရေးကိုသာ အဓိကထား ရှေးရှုနေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
အတိတ်ကလုပ်ရပ်တွေကို မကြည့်ဘဲ လက်ရှိ မျက်မှောက်ကာလ အခြေအနေတွေကို ကြည့်ရင်ပင် တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ လောဘကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ တော်လှန်ရေးဗန်းပြပြီး လူအင်အား တည်ဆောက်တာ၊ နယ်မြေချဲ့ထွင်တာတွေကို အထင်အရှားတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် မတိုင်မီကဆိုရင် ရရှိထားပြီးသား အခွင့်အရေး မဆုံးရှုံးစေဖို့အတင်း ကျားကန်ထားနေရတဲ့ အခြေအနေကနေ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ရုတ်ခြည်း အင်အားတောင့်တင်းသွားတဲ့ အခြေအနေကို ရောက်လာတဲ့အခါမှာ ဒီအဖွဲ့တွေ ဘာလုပ်ကြပါသလဲ။ နယ်မြေမချဲ့တဲ့ အဖွဲ့အစည်းက ခပ်ရှားရှားမဟုတ်ပါလား။ ပြည်ထောင်စုအရေးကို စဉ်းစားပြီး ကိုယ်ရ ထားတဲ့နယ်မြေမှာ တည်ငြိမ်စွာ ရပ်တည်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိပါတယ်။ နိုင်ငံတော်ရဲ့အခြေ အနေကို နားလည်ပြီး အချုပ်အခြာအာဏာ မဆုံးရှုံးရ အောင် ခက်ခက်ခဲခဲ ထိန်းပေးနေရတဲ့ တပ်မတော် ဘက်က ရပ်တည်တဲ့အဖွဲ့တွေလည်း ရှိပါတယ်။ သို့သော် အနည်းစုပါ။ အများစုက ကိုယ်ကျိုးနဲ့ နယ်မြေချဲ့ထွင်ကြလို သူတွေသာ ဖြစ်ကြပါတယ်။ တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးလိုလိုပါပဲ။ ဒီလိုသဘောထားတွေ ရှိနေကြတာ ဘယ်လိုပုံစံနဲ့ ဖက်ဒရယ် တည်ဆောက်ကြမလဲ။
KIA ကိုကြည့်ပါ။ စတင်ဖွဲ့စည်းခဲ့တဲ့ အချိန်တုန်းက ရှမ်းပြည်(မြောက်ပိုင်း) ကွတ်ခိုင်ဒေသမှာ လူအင်အား နှစ်ယောက်တစ်ပိုင်းနဲ့ တည် ထောင်ခဲ့ကြရာက အခုချိန်မှာ ဘယ်အတိုင်းအတာအထိ ရောက်ရှိနေပြီး၊ ဘယ်အတိုင်းအတာအထိ မှန်းထားကြပါသလဲ။ ကချင်ပြည် နယ်ရရင် တော်ပြီလို့ ထင်ပါသလား။ ကချင်ပြည် နယ်ဖွဲ့စည်းဖို့ ရှမ်းနီနဲ့ ဗမာပိုင်နယ်မြေတွေ ပေးထားတာနဲ့တင် ရသင့်တာထက် လွန်နေပြီ မဟုတ်လား။ လက်ရှိ KIA ရဲ့လက်တံကိုကြည့်ရင် ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်(မြောက်ပိုင်း)၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်အထိ နယ်မြေချဲ့ထွင် ထိန်းချုပ်လာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ခြမ်း တစ်ခုလုံးကို ရည်မှန်းထားပုံရပါတယ်။ ကချင်ပြည်နယ်အတွင်းမှာရော တိုင်းရင်း သားလူမျိုးစုအားလုံးက သူ့ကိုလက်ခံပါရဲ့လား။ သူတိုက်ယူထားတဲ့နေရာတွေ၊ သူ့ကိုတိုက်နေတဲ့ ပြည်သူ့ စစ်အဖွဲ့တွေကိုရော ဘယ်လိုစဉ်းစားမလဲ။
ရှမ်းပြည်နယ်မှာဆိုရင် တိုင်းရင်းသားအမည်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီး။ 'ဝ' (UWSA)၊ ကိုးကန့် (MNDAA)၊ မိုင်းလား(NDAA)၊ ရှမ်း (RCSS/SSA)၊ (RCSS/SSPP)၊ ပအိုးဝ်၊ တအာန်း(ပလောင်) TNLA စသဖြင့် တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေက အင်အားရှိပြီး ထင်ရှားတဲ့ အဖွဲ့အစည်းတွေ။ တစ်ဖွဲ့ချင်းကို ကြည့်။ ၁၉၈၈ ခုနှစ်မတိုင်မီက အင်အားကြီးကြီးမားမားရှိခဲ့ကြတာ၊ နယ်မြေအပိုင်ရှိခဲ့ကြတာ မဟုတ်ဘူး။ ၁၉၈၈ ခုနှစ် ငြိမ်းချမ်းရေးရပြီးနောက်မှာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့အတူ လက်နက်အင်အား ကြီးထွားလာကြပြီး ကိုယ်ပိုင်အာဏာ တည်ဆောက်လာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
TNLA ဆိုရင် အရင်က လက်နက်စွန့်ခဲ့တဲ့ ရှမ်းမြောက်အထူးဒေသ(၅) ရဲ့ အကြွင်းအကျန်ကနေ KIA က မ,စ ပေးလိုက်လို့ အင်အား ပြန်ကြီးထွားလာတာပဲ ဖြစ်ပါတယ်။ လက်ရှိ လက်နက်ကိုင်တိုက်ပြီး နယ်မြေတချို့ကို သိမ်းပိုက်ထားပြီးနောက်မှာ မူလပလောင်ဒေသပင် မကတော့ဘဲ ကိုယ်နဲ့မသက်ဆိုင်တဲ့ နယ်မြေတွေပါ ရယူချင်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အလားတူ ကိုးကန့် (MNDAA) ဆိုရင်လည်း မူလ ဇာစ်မြစ်ဒေသ ဖြစ်တဲ့နေရာတင်မကဘဲ သမိုင်းကြောင်းအရ တစ်ခါမှပင် ပိုင်ဆိုင်ခဲ့ခြင်း မရှိတဲ့ ဒေသတွေ ကိုပါ ကိုးကန့်နယ်မြေအဖြစ် မကြာမီက ကြေညာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ 'ဝ' (UWSA) ဆိုရင် မူလ'ဝ'ဒေသအပါအဝင် သံလွင်မြစ်အရှေ့ခြမ်းကို 'ဝ'ပြည်နယ်အဖြစ် အလိုရှိနေ တာကို ပေါ်ပေါ်တင်တင် ထုတ်ဖော်ပြောဆိုခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ မိုင်းလား(NDAA)ဆိုရင် မိုင်းလား၊ ဆီလူး၊ မိုင်းယန်း၊ မိုင်းယောင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေကို သူတို့အပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်လို ချင်နေကြ တာ။ ရှမ်းနှစ်ဖွဲ့ဖြစ်တဲ့ SSA နဲ့ SSPP ဆို ရင်လည်း အပြန်အလှန် နယ်မြေလုတိုက်ခိုက်နေကြတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အခုဆိုရင် လူငယ်တွေ PDF ဖွဲ့နေကြတာ လူမျိုးစုံသလောက် ရှိနေပြီ။
ကယားပြည်နယ်ထဲမှာ ကယားအဖွဲ့၊ ကယန်းအဖွဲ့နဲ့ လူမျိုးပေါင်းစုံ လူငယ် PDF အဖွဲ့တွေဆိုပြီး ရှိကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ကယားပြည်နယ်ထဲမှာ နယ်မြေလုံလောက်မှု မရှိလို့ ထင်ပါရဲ့။ ရှမ်းပြည် နယ်ထဲက ပအိုးဝ်ဒေသကို ပအိုးဝ်သစ္စာဖောက်တွေနဲ့ပေါင်းပြီး နယ် မြေချဲ့ထွင်ဖို့ကြံတာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကနေ ကရင်ပြည်နယ်နဲ့ မြန်မာပြည်အောက်ပိုင်းကို ကြည့် လိုက်ရင် KNU အပါအဝင် ကရင် လူမျိုးအမည်ခံလက်နက်ကိုင် အဖွဲ့အစည်းအမျိုးမျိုးကို တွေ့ရမှာဖြစ်ပါတယ်။ အားလုံးကတော့ ကရင်လူမျိုး ကောင်းစားရေးသာကြွေးကြော်နေကြတာပါ။ တကယ်တမ်းကျတော့ ကရင်လူမျိုးတွေရဲ့ဘ၀ သာယာလှပအောင်၊ အေးချမ်းစွာရပ်တည်နိုင်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဘာတွေများလုပ်ပေး ခဲ့ဖူးကြပါသလဲ။ အဖွဲ့အစည်းအသီးသီးကို ကြည့်လိုက်ရင် ကိုယ်ကျိုးအတ္တကို အခြေခံပြီး အာဏာနဲ့ငွေကြေး တည် ဆောက်နေကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ မကြာမီက လူအစုလိုက် အပြုံလိုက် သတ်ထားတဲ့ နယ်ဒါးမြက သူ့ကိုယ်သူ ကရင်ပြည်နယ် ကော်သူးလေ သမ္မတပါလို့ ကြေညာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကရင်လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားဟာ အခုချိန်ထိ လွတ်လပ် ရေးကာလက စခဲ့တဲ့ သီးခြားနယ်မြေ ရရှိရေးနဲ့ ခွဲထွက်ရေးစိတ်ရှိနေသေးတာ ထင်ရှားစေမှာ ဖြစ်ပါတယ်။
KNU ကနေ ခွဲထွက်လာခဲ့ကြပြီး တပ်မတော်နဲ့ ပူးပေါင်းခဲ့ကြတဲ့ DKBA အသွင်ပြောင်း BGF အဖွဲ့တွေကိုကြည့်ရင်လည်း ကိုယ်ကျိုးအတ္တကို ရှေ့တန်းတင်ကြတဲ့သူတွေရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ တပ်မတော်လက်အောက်ကိုဝင်ခဲ့ကြတာ တိုင်းပြည်အတွက်၊ စစ်မှန်တဲ့ ပြည်ထောင်စုအတွက် ရည်ရွယ်ကြသလားမှတ်တာ။ နောက်ဆုံးတော့ ကိုယ်ကျိုးအတ္တကို အခြေခံထားတဲ့ မင်းသားခေါင်းစွပ် ဘီလူးတွေ ဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ မကြာမီမှာ ဒီလူတွေ ပြည်ထောင်စုနဲ့ ကရင်လူမျိုး တွေအတွက် ဓမ္မန္တရာယ်ဖြစ်လာမှာသေ ချာသလောက်ရှိတယ်။ အမျိုးသားရေးအမြင်နဲ့ အခုချိန်ထိ ကြံ့ကြံ့ ခိုင်ထားကြတဲ့ BGF တွေကတော့ ပြည်ထောင်စုနဲ့ ကရင်လူမျိုးတွေအတွက် တန်ဖိုးရှိပါတယ်။ ကရင် လူမျိုးအမည်ခံထားတဲ့ KNU ရဲ့နယ်မြေ ဖြန့်ခွဲမှု၊ ထိန်းချုပ်မှုတွေကိုကြည့်ရင် ကရင်ပြည်နယ်တင်မကဘဲ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းမှာပါ လက်တံဖြန့် ခြေကုပ်ယူထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဖြစ်သင့်ပါရဲ့လား။ သမိုင်းကြောင်းအရ၊ နိုင်ငံရေးအရထက် လက်နက်နဲ့ နယ်မြေ ချဲ့ထွင် ထားတာ မဟုတ်ဘူးလား။
အဲဒီကနေပြီး မြန်မာပြည် အနောက်ခြမ်းကို ကြည့်ရင် ချင်းတိုင်းရင်းသားအမည်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ရခိုင်လူမျိုးအမည်ခံ ထွန်းမြတ်နိုင်ရဲ့ AA ကိုတွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘာသာရေးနဲ့နယ်မြေပိုင်ရရှိရေး၊ ထိုမှတစ်ဆင့် နယ်မြေချဲ့ထွင်ရေး ရည်ရွယ်ချက်ရှိတဲ့ မူဆလင်စစ်သွေးကြွ အုပ်စုတွေလည်း ရှိပါသေးတယ်။ ချင်းလက်နက်ကိုင်အဖွဲ့ကတော့ KIA နဲ့ AA ကို မှီခိုနေရတဲ့ အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့် KIA ကိုခိုနေရတဲ့သဘောမျိုး ဖြစ်ပါတယ်။ AA ကိုကြည့်ရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပေါ်လာပြီးမှ KIA ရဲ့ သွေးထိုးမြှောက်ပင့် မြေတောင်မြှောက်ပေးမှုအရ အားကောင်းလာတာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုအတွက် ငြိမ်းချမ်းရေးကို ရှေးရှုနေချိန်မှာ KIA က ဇာတ်တူ အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုအတွက် ရှေ့တိုးရမယ့်အချိန်မှာ နောက်ပြန် ဆုတ်စေခဲ့တာပဲ ဖြစ်ပါတယ်။ အခုချိန် AA ရဲ့ ရည်မှန်းချက်ကိုကြည့်ရင် ရခိုင်ပြည်နယ်တစ်ခုတည်းကို မျှော်မှန်းထားတာမဟုတ်ဘဲ ဧရာဝတီတိုင်းအပါအဝင် မြန်မာပြည်အနောက်ခြမ်းကိုပါ လိုလားနေပုံရပါတယ်။ ချင်းဒေသတချို့ကို သိမ်းပိုက် လက်ဝါးကြီးအုပ်ထားတာ တွေ့ရမှာဖြစ်ပါတယ်။
ဒါဟာ လက်ရှိကြုံတွေ့နေရတဲ့ တိုင်းရင်းသား အမည်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အခြေအနေအကျဉ်းမျှသာ ဖြစ်ပါတယ်။ အဲဒီအပြင် ၂၀၂၁ နိုင်ငံရေးအပြောင်းအလဲကာလမှာ မြန်မာပြည်အလယ်ကြောတစ်လျှောက်လုံးမှာ လက်နက်ကိုင်အဖွဲ့မျိုးစုံ ပေါ်လာတာတွေ့ရမှာဖြစ်ပါတယ်။ NLD တစ်ဖြစ် လည်း NUG ဦးဆောင်တဲ့ PDF၊ ကိုယ့်ဘာသာကိုယ် တစ်စင်ထောင်ဖွဲ့ စည်းထားကြတဲ့ မောင်ဆောင်းခအဖွဲ့ အပါအဝင် လက် နက်ကိုင်အဖွဲ့တွေ၊ ဗကပကနေ ပြန်လည်ဖွဲ့စည်းထားတဲ့ PLA ၊ NCA စွန့်ပြီး ပြန်လည် ခေါင်းထောင်လာတဲ့ ABSDF အဖွဲ့တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကို ကြည့်ရင် မြန်မာပြည်ကို တည်ငြိမ်အေးချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဘယ်လိုဖွဲ့စည်း တည်ဆောက်ကြမလဲဆိုတာ ခေါင်းခြောက်စရာပါ။ NUG က ကြွေးကြော်နေတဲ့ တော်လှန်ရေးပြီးရင် တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုဆိုတာ သဲထဲရေသွန်မယ့် ဇာတ်လမ်းသာ ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတာကို သိချင်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ CRPH ၊ NUG တို့ရဲ့ ဆက်ဆံရေးကိုကြည့်ရင် အဖြေကရှင်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက CRPH နဲ့ NUG ကို ပြည်ထောင်စုအစိုးရနဲ့ ပြည် ထောင်စုလွှတ်တော်အဖြစ် သဘောမထားဘဲ တော်လှန်ရေး Source တစ်ခု၊ ဖက်ဒရယ် ပြည်ထောင်စုအတွက် အစိတ်အပိုင်းတစ်ခုအဖြစ်သာ သဘောထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ NUG ဘက်ကကြည့်ရင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ် ယတိပြတ်အဖြေနဲ့ လုပ်သင့်တာ၊ ဖြစ်သင့်တာကို မာမာချာချာပြောရဲ၊ ဆုံးဖြတ်ရဲတဲ့ အခြေအနေမှာမရှိဘဲ မျှော်လင့်ချက်ပေးပြီး မျှားခေါ်နေရတဲ့ အဆင့်သာ ရှိပါတယ်။
ဒီလိုအခြေအနေမျိုးရှိနေတဲ့အတွက် ဘယ်လိုနည်းနဲ့မှ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ကို တည်ဆောက် နိုင်မှာ မဟုတ်တာ သေချာပါတယ်။ သူတို့မှန်းထားတဲ့ တော်လှန်ရေး အောင်မြင်တဲ့အခါ ဖြစ်လာနိုင်စရာ အခြေအနေ နှစ်ခုပဲရှိမယ်လို့ မြင်ပါတယ်။ ပထမအခြေအနေက ဖြစ်သင့်တဲ့ အခြေအနေထက်ကျော် လွန်နေလို့ NUG က မပေးနိုင်ရင် သေချာတယ်။ ထချကြဦးမှာပါပဲ။ ထမချရင်တောင် ဆွေးနွေးနေတာ မပြတ်တာနဲ့ ပြည်သူတွေအတွက် ဒီမိုကရေစီအကျိုးကို ခံစားရမှာ မဟုတ်ဘူး။ အီလည်လည် ဖက်ဒရယ်သာ ဖြစ်နေမှာပါ။ နောက်အခြေ အနေတစ်ခုက နိုင်ငံကို မိဘအမွေလို ခွဲခြမ်းရယူတာမျိုးတွေ ဖြစ်လာ မှာပဲဖြစ်ပါတယ်။ ဒေသအလိုက်အာဏာရှင်တွေပေါ်လာမှာသေချာတယ်။ ဘာလို့ ဒီလိုပြောနိုင်သလဲဆိုရင် တိုင်းရင်းသားအမည်ခံထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အင်အားတည်ဆောက်ပြီး နယ်မြေအပိုင်စီး သိမ်းပိုက်ထားတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် အဖြေက ရှင်းပါတယ်။ ြ့ွ အနေနဲ့ ဒီလက်နက်ကိုင်အဖွဲ့တွေအပေါ်မှာ သြဇာမရှိဘဲ မှီနေရတာ၊ ချော့ပြီး မြှောက်ပင့်ပေးနေရတာက အနာဂတ် ဖက်ဒရယ်အတွက် အဓိက အားနည်းချက်ပါ။
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အခုချိန်မှာ အဓိက လိုအပ်တာက ပထမအဆင့်က မြန်မာပြည်အလယ်ပိုင်း ဒေသတွေမှာ လက်နက်ကိုင်ချုပ်ငြိမ်းပြီး တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ ကျူးကျော်ထားတဲ့ နေရာကနေ မူလနေရာကို ပြန်လည်ရောက်ရှိရေးပဲ ဖြစ်ပါတယ်။ ဆွေးနွေးညှိနှိုင်း လို့ပဲဖြစ်ဖြစ်၊ တိုက်ထုတ်လို့ပဲဖြစ်ဖြစ် ပြန်လည်ရောက်ရှိဖို့ ပဲလိုပါတယ်။ ဒုတိယအဆင့်က လက် နက်ကိုင်လမ်း စဉ်စွန့်ပြီး ပြည်ထောင်စုတည်ဆောက်ရေးမှာ ပါဝင်လာဖို့ပဲဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ မကြာခင်မှာ ဖြစ်ပေါ်လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့က ကျိန်းသေပေါက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ တပ်မတော်၊ တိုင်းရင်းသားနိုင်ငံရေးသမားများ အပါအဝင် နိုင်ငံရေးသမားများ၊ သြဇာတိက္ကမရှိပြီး ဒေသက လေးစားတဲ့လူမျိုးစု အကြီးအကဲများနဲ့ ပြည်သူလူထုတို့က ဝိုင်းဝန်း ပူးပေါင်း ကူညီကြဖို့ လိုပါမယ်။ ဘယ်လိုနည်း နဲ့ဖြစ်ဖြစ် ပေါ်ပေါက်လာမယ့် လွှတ်တော်အသီးသီးနဲ့ အစိုးရ ခိုင်မာနေဖို့၊ တပ်မတော်အင်အားရှိနေဖို့က အရေးအကြီးဆုံးပါ။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ် ( ၁ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )