၂၀၂၆ ၊ ဇွန် ၅
တော်လှန်ရေးအဆိုးရကြီးဘက်မှာ လေကြောင်းရန် ကာကွယ်ရေးပညာရှင်တွေ ရှိနေမှတော့ တော်လှန်ရေးအတွက် ထူးမြတ်တို့လို တော်လှန်ရေးဘက် တော်သားတွေ ရင်အေးရပြီ ဖြစ်သည်။ လေကြောင်းရန် ကာကွယ်ရေး အသိပညာ၊ အတတ်ပညာဆိုတာကို ငါးနှစ်လောက်အတွင်းမှာ မခြွင်းမချန် အကုန်အစင် သိသွားကြသည့် ပညာရှင်ကြီးတွေ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွန်းလာတာကို ကြည့်ပြီး ဝမ်းသာပီတိဖြစ်မိသည်။ တော်လှန်အဆိုးရကြီးကလည်း လေကြောင်းရန် ကာကွယ်ရေးအတွက် ဒေါ်လာသန်းချီ အသုံးပြုထားပြီး ခုလို ပညာရှင်တွေ ဆက်တိုက်မွေးထုတ်ပေးနေသောကြောင့် ခုဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မွေးထုတ်မပေးနိုင်သေးသည့် လေကြောင်းပညာရှင်တွေကို မွေးထုတ်ပေး နိုင်ခဲ့ပြီဖြစ်သည်။ အရင်ကဆိုရင် ရွာထိပ်ကသစ်ပင်ကြီးမှာ လော်စပီကာတွေ ဆင်ပြီး ဘယ်လေတပ်ကနေ ဘယ် လေယာဉ်အမျိုးအစားကတော့ ဘယ်အရပ်ကို ပျံသန်းတယ်ဆိုတာမျိုး၊ လေယာဉ်လာရင် ကျင်းထဲ ဆင်းပုန်းနေပါတယ်ဆိုတဲ့ လေကြောင်းအသိပညာပေးစာရွက်တွေ ဖြန့်ဝေရာကတစ်ဆင့် အတွေ့အကြုံ များ ရင့်ကျက်လာပြီး နောက် ခုလိုပညာရှင်ကြီးတွေ ပေါ်ထွန်းလာတာ ဖြစ်သည်။
သိပ်မကြာသေးခင်ကလည်း လေကြောင်းရန် ကာကွယ်ရေးပညာရှင် အမျိုးသမီးကြီးတစ်ဦးကို တော်လှန်အဆိုးရကြီးက မွေးထုတ်ပေးခဲ့ရာ ကမ္ဘာကျော်သွား ခဲ့သည်။ ထိုအမျိုးသမီးကြီးက လေကြောင်း က ဆော်ပလော်မတီးခင် လေယာဉ်ပေါ်က သီချင်းအကျယ်ကြီး တွေဖွင့်ပြီး လာတာဆိုပြီး ပညာရပ်ဆိုင်ရာ သုံးသပ်ချက်ကို ကမ္ဘာသိ ချပြခဲ့သည်။ နိုင်ငံတကာ သတင်းဌာနကြီးတွေက ဖော်ပြရာ နိုင်ငံတကာမှာ ဟိုလေးတကျော်ကျော် ဖြစ်သွားသည်။ အမြင့်ပေ ထောင်သောင်းချီ ပျံသန်းလာသည့် လေယာဉ်ပေါ်က ဖွင့်တဲ့သီချင်းကို ဘာနည်းပညာ အကူအညီမှမလိုဘဲ နားနဲ့ဆတ်ဆတ် ကြားနိုင်သည့် ပညာရှင်ကြီးတစ်ယောက် ပေါ်ထွန်းခဲ့တာကြောင့် နိုင်ငံတကာက စိတ်ဝင်စားကြတာ ဖြစ်သည်။ နိုင်ငံအလိုက် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပညာရှင်ပေါင်းများစွာဖြင့် ခေတ်မီလက်နက်များ တီထွင်ဖန်တီးကာ ကာကွယ် ရေးစွမ်းပကား အသီးသီး မြှင့်တင်နေချိန် လေယာဉ်ပေါ်က သီချင်းသံကြားတဲ့ ရေဒါစနစ်မျိုးကို ဖန်တီးဖို့ ထိုပညာရှင်ကြီးကို အလုအယက် တိတ်တဆိတ် ကမ်းလှမ်းခဲ့ကြသေးသည်။ နောက်ပြီး ရွှေပြည်ကြီးမှာ ဘယ်လိုနည်းပညာမြင့် လေယာဉ်တွေ တိတ်တဆိတ် ထုတ်လုပ်နေလဲ ဆိုတာကိုလည်း အာရုံစိုက်လာ ကြသည်။
တော်လှန်ရေးခေါင်းဆောင်ကြီးတွေကလည်း နွေဦးကာလ ဖုန်ထစဉ်က ငါတို့ တော်လှန်ရေးအတွက် မရှိမဖြစ် လေယာဉ်ပစ်ကြီး ဝယ်မယ်ဟေ့ဆိုပြီး ငါးပြား ရရ၊ တစ်ကျပ်ရရ အလှူခံလိုက်တာ ဒေါ်လာ သန်း ၂၀ ကျော်လောက် ပိုက်မိသွားသည်။ နောက်တော့လည်း လေယာဉ်ပစ်ဆိုတာကလည်း နောက်ဆုံး ပေါ်တိုက်လေ ယာဉ်တွေအတွက် အလုပ်မဖြစ်ဘူးဆိုကာ တော်လှန်ရေး ဘက်တော်သားတွေ လေ ကြောင်းရန်ကာကွယ်နိုင်အောင်ဆိုပြီး လေကြောင်းအသိပညာပေးစာစောင်အဖြစ် အေဖိုး စာရွက်မှာရေး၊ တစ်ရွက်ကို ၁၅၀ လောက်နဲ့ မိတ္တူဆွဲပြီး ဖြန့်ဝေလိုက်ကြပြန်သည်။ အင်မတန် ထိရောက်သည့် နည်းဖြစ်ပြီး တော်လှန်ရေးဘက်တော်သားတွေ လေကြောင်းအသိပညာ၊ အတတ်ပညာတွေ တိုးပွားကာ လေယာဉ် သံကြားတာနဲ့ ပြေးကြတော့သည်။ ခုရက်ပိုင်းတောင် တိုင်းရင်းသားခေါင်းဆောင်ကြီးတစ်ယောက် သူ နဲ့နီးတဲ့နေရာမှာ လေယာဉ်ဖြတ်ပျံသွားတာကို သူ့ကို ခြိမ်းခြောက်ပါတယ်ဆိုပြီး ထအော်သည်။ အနှီပုဂ္ဂိုလ်ကြီးကို တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ရေးသားဖြန့်ဝေတဲ့ လေကြောင်းအသိပညာပေး စာရွက်လေးတစ်စောင်လောက် လမ်းကြုံရင် ပေးစေလိုသည်။ ဒါမှ လေယာဉ်သံကြားရင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ သိမှာဖြစ်သည်။ ငါးနှစ်သား တော်လှန်ရေးခေါင်းဆောင်ကြီးတွေရဲ့ လေကြောင်းအသိပညာ ဗဟုသုတတွေကို နှစ်ပေါင်းများစွာ လက်နက်ကိုင်လာသော အဖွဲ့တွေဆီ ပညာဒါန လက်ဆင့်ကမ်းရမည် ဖြစ်သည်။
ခုလည်း တော်လှန်ရေးအဆိုးရကြီးအတွက် လေကြောင်းရန် ကာကွယ်ရေးပညာရှင်နှစ်ဦး ထပ်မံပေါ်ထွန်းလာကြောင်း ဝမ်းမြောက်ဖွယ်ရာ သတင်းကြား ရပြန်သည်။ ခုနောက်ပိုင်း လေယာဉ်တွေလာရင် အရင်လို သီချင်းသံတွေ မကြားရသလို၊ စက်သံပင်မကြားရဘူးဆိုပြီး တော်လှန်ရေးဘက်တော်သားတွေဘက်က စကားသံ ထွက်လာသည်။ ဒီလိုဆိုတော့ တတ်သိပညာမနေသာဆိုပြီး လေကြောင်းရန်ကာ ကွယ်ရေး ပညာရှင်ကြီးနှစ်ဦး စကားလက်ဆုံပြောပြီး ၎င်းတို့တတ်ကျွမ်းသော ပညာရပ်များကို ထူးမြတ်တို့ လို လူပြိန်းတွေ နားလည်အောင် ရှင်းပြကြလေသည်။ ပညာရှင်ကြီးတွေရဲ့ စကားဆိုတော့ သာမန်လူတွေ နားလည်ရခက်လေသည်။ ခုဆိုရင် လေယာဉ်တွေက အရင်လို အသံဆူဆူညံညံဖြင့် ပျံသန်းလာတာ မဟုတ်တော့ကြောင်း စက်သုံးဆီချွေတာရေးအတွက် သတ်မှတ်နေရာသို့ ရောက်ရှိရန် လေပေါ်မှာ ဖရီး ရိုက်ပြီး လာတာဖြစ်ကြောင်း ပညာခန်းဖွင့်ချလေသည်။ အင်ဂျင်ပါဝါ အင်မတန်ကြီးပြီး ပေပေါင်းသောင်း ချီအမြင့်က ပျံသန်းတာတောင် အသံဆူဆူညံညံ ကြားရတတ်သည့် တိုက်လေယာဉ်ကြီးများ ဖရီးရိုက် ပျံသန်းလို့ရကြောင်း ပညာရပ်ဆိုင်ရာ ပြောစကားကြောင့် ကြားရသူအပေါင်း အံ့သြနပန်း ဖြစ်ကြရသည်။
ကမ္ဘာမှ မြန်မာဟေ့လို့ ဟစ်ေ<ကးနိုင်လောက်သည့် လေကြောင်းရန်ကာကွယ်ရေး ပညာရှင်ကြီးတွေ ပေါ်ထွန်းလာခဲ့ခြင်းက တော်လှန်အဆိုးရကြီးအတွက်တော့ တစ်တပ်တစ်အားပင် ဖြစ်သည်။ လေကြောင်းရန် ကာကွယ်ရေးပညာရှင်တွေ ဆက်တိုက်ဆိုသလိုမွေးထုတ် ပေးနိုင်တာကြောင့် နိုင်ငံအသီးသီးက လေတပ်တွေက တိုက်လေယာဉ်တွေ၊ ပညာရှင်တွေနား ဖြတ်ပျံရမှာတောင် စိုးရိမ်လာကြကြောင်း နိုင်ငံတကာသတင်းတွေကလည်း ဖော်ပြလာကြသည်။ သက်ဆိုင်ရာနိုင်ငံအလိုက် လေကြောင်းစွမ်းပကား မြှင့်တင်ဖို့ သူ့ထက်ငါ အဆင့်မြင့် တိုက်လေယာဉ်ကြီးတွေကို အသံထက် အဆပေါင်းများစွာ မြန်အောင် တီထွင်ထုတ်လုပ်နေကြသည်။ ဒီလိုလုပ် ငန်းမျိုးဆိုတာက လျှို့ဝှက်လုပ် ဆောင်ရတာ ဖြစ်သည်။ ပုံစံဒီဇိုင်းကအစ၊ လေယာဉ်၏ အရည်အသွေးကအစ အခြားနိုင်ငံတွေ တုလို့မရအောင် ထိတ်တန်းလျှို့ ဝှက်လုပ် ဆောင်ရတာဖြစ်သည်။ ခုတော့ လေယာဉ်ကို ကိုင်တွယ် ကြည့်ရှုစစ်ဆေးစရာ မလိုဘဲ ဘယ်လေယာဉ်က ဘယ်လိုပျံတာ၊ ဘယ်လေယာဉ်ပိုင်းလော့က ဘယ်သီချင်းကို ဖွင့်တာကအစ သိနေသော ပညာရှင်တွေ ပေါ်ထွက်လာခြင်းက ကမ္ဘာ့လေကြောင်းပညာကို ကိုင်လှုပ်လိုက်ခြင်း ဖြစ် သည်။
ဒီလိုပညာရှင်မျိုးတွေဆိုတာကလည်း နိုင်ငံအသီးသီးက လိုချင်ကြမှာအမှန်ပင် ဖြစ်သည်။ ဘာနည်းပညာ၊ ဘာကိရိယာမှ မလိုဘဲ လေယာဉ်လာရာကို မော့ကြည့်ရုံဖြင့် ဘာလေယာဉ် အမျိုးအစား၊ ဂီယာနံပါတ် ဘယ်လောက်နဲ့မောင်းတာ၊ ဘယ်အချိန်မှာ ဖရီးရိုက်ပြီး ပိုလျှံစက်သုံးဆီ ဘယ်နှဂါလန်ကို ပိုင်းလော့က ဘယ်ဆီဆိုင်မှာ ပြန်ရောင်းတာကအစ သိနိုင်သော ပညာရှင်မျိုးတွေဆိုတာက တော်ရုံဉာဏ်ရည်မျိုးနဲ့ မဖြစ်နိုင်ခြေ။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံအသီးသီးက တော်လှန်အဆိုးရ ကြီးရဲ့ လေကြောင်းရန်ကာကွယ်ရေး ပညာရှင်တွေကို အသေရရ၊ အရှင်ရရ လိုချင်နေကြသည်။ အရှင်ရရင်တော့ ပြိုင်ဘက်နိုင်ငံတွေရဲ့ လေကြောင်းစွမ်းပကားတွေ ကို လေ့လာနိုင်ဖို့ ဒေါ်လာသန်းချီပေး၍ ငှားရမ်းကြမှာ ဖြစ်သည်။ မပြောကောင်း မဆိုကောင်း ပညာရှင်ကြီးတွေ အနိစ္စ ရောက်သွားရင်တောင် လေယာဉ်ပေါ်က သီချင်းဖွင့်တာကို ကြားနိုင်သည့် နားရွက်တွေ၊ လေယာဉ်ဖရီးရိုက်တာကို တွေးတောစဉ်းစား အဖြေထုတ်နိုင်သည့် ဦးနှောက်တွေကိုထုတ်ကာ ဆေးစိမ်ပြီး သုတေသနလုပ်ကြပေလိမ့်မည်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၂၀ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )