နှစ်ပဲတစ်ပြား လော်စိန်သောင်း

 

    လော်စိန်သောင်းဆိုရင် မြိုင်သာယာရွာမှာ မသိတဲ့လူ ခပ်ရှားရှားပင် ဖြစ်သည်။ အမည်အရင်းက စိန်သောင်းဖြစ်ပြီး အသက်မွေးဝမ်းကျောင်းကတော့ လော်စပီကာငှားစားတဲ့ လုပ်ငန်းလုပ်ဆောင်သူဖြစ်သည်။ ယနေ့ခေတ်လို ဒုန်းဒုန်းဒိုင်းဒိုင်း စပီကာတွေ မပေါ်သေးတော့ စိန်သောင်း၏ လော်စပီကာ ကြီးကတော့ ရွာနီးချုပ်စပ်မှာ နာမည်ကြီးသည်။ ဒါကြောင့်လည်း စိန်သောင်းရှေ့မှာ လော်ဆိုတာထည့်ပြီး လော်စိန်သောင်း ဖြစ်လာသည်။ မြိုင်သာယာရွာနဲ့ ရွာနီးချုပ်စပ်မှာ အလှူအတန်း၊ သာရေး၊ နာရေးရှိရင် လော်စိန်သောင်းရဲ့ လော်စပီကာကြီးကို အားကိုးနေကြရသည်။ ဒီတော့ လော်စိန်သောင်းက ဘဝင်ခပ် မြင့်မြင့် ရွာကသူကြီးတောင် ဖုတ်လေတဲ့ငါးပိ ရှိတယ်တောင်မထင်သည့် ပုံစံ ဖမ်းလာသည်။ အေးလေ တစ်နယ်လုံးက သူ့လော်အား ကိုးနေရတာကြောင့်လည်း ပါတာပေါ့လေ။ နယ်မှာဆိုတော့ လော်က အရေးပါသည်။ သာရေးဆိုရင်လည်း လော်လေးပါမှ ပွဲစည်သည်။ နာရေးဆိုရင်လည်း 'တေးဘုမ္မာ'ဆိုတဲ့ သီချင်းလေး ဖွင့်လိုက်တယ်ဆိုရင်ပဲ နာရေးဖြစ်ရာအိမ်သို့ တဖွဲဖွဲ လာရောက်ကူညီကြသည်။ ဒီတော့ရွာ ကလူတွေ လော်သံကြားရုံဖြင့် ရွာတောင်ပိုင်းမှာတော့ အလှူရှိသဟဲ့၊ ရွာမြောက်ပိုင်းမှာတော့ ဘယ်သူဆုံးတာဟဲ့ဆိုပြီး သတင်းစီးဆင်းမှုမြန်တာ ဖြစ်သည်။ ဒီလိုဆိုတော့ စိန်သောင်းတစ်ယောက် လော်အားကိုးနဲ့ ရွာမှာ လူတွင်ကျယ် လုပ်တော့သည်။
    စိန်သောင်းက နှယ်နှယ်ရရတော့ မဟုတ်ချေ။လော်အားကိုးနဲ့ ပိုက်ဆံရှာတဲ့နေရာမှာ ဆရာတစ်ဆူပင် ဖြစ်သည်။ ပိုက်ဆံရှာတယ် ဆိုတာကလည်း လော်ငှားခအပြင် အပိုဆောင်းလေးရအောင် ရှာတတ်တာ လော်စိန်သောင်း၏ သောက်ကျင့်ကြီးလို ဖြစ်နေသည်။ လော်စိန်သောင်း ပိုက်ဆံရှာတတ်ပုံကို ပြောရမည်ဖြစ်သည်။ တလောက ရွာတောင်ပိုင်းက ဘကြီးမှုံ ဆုံးရှာသည်။ 'တေးဘုမ္မာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ တရားမရလို့ များလှသံသရာ'ဆိုတဲ့ သံဝေဂရစရာသီချင်းကို စိန်သောင်းလော်နဲ့ ဖွင့်တော့ လူတွေစုရုံးရောက်လာသည်။ တေးဘုမ္မာသီချင်း ဆိုတာကလည်း ရွာတွေမှာ နာရေးဖြစ်ရင် ဖွင့်ရတဲ့သီချင်း ဖြစ်သည်။
    ထားပါတော့လေ ဒီတော့ နာရေးရှိတော့ ရွာကလူတွေ ကူကြဝိုင်းကြဖို့ ရောက်လာသည်။ ဒီလိုဆိုရင် စိန်သောင်းတော့ ခွင်ထဲရောက်လာပြီ ဖြစ်သည်။ နာရေးမြေချဖို့ သုံးရက်သုံးည လော်ဖွင့်ခ ၁၅ ကျပ်ရသည်။ သီးချင်းလေးဖွင့်ရင်း မိုက်ခွက်ကြီးနဲ့ စိန်သောင်းက တိမ်းပါးသွားတဲ့သူအကြောင်းကို အဟောအပြောလေးနဲ့ ဖွဲ့နွဲ့ပြတတ်သေးသည်။ ယနေ့ခေတ်လိုပြောရရင် နာမည်ကြီး အနုပညာရှင်တစ်ယောက် ဆုံးပါးသွားရင် ကျန်ရစ်သူတွေ၊ ရင်းနှီးသူတွေကို ကွယ်လွန်သွားသူ၏အမှတ်တရ စကားပြောခိုင်းပြီး ဖေ့စ်ဘုတ်ပေါ်တင်တာနဲ့ခပ်ဆင်ဆင်တူသည်။ တချို့ဆိုရင် ဆုံးတော့မှ အိမ်ထောင်က ဘယ်နှဆက်ရှိတာ၊ ဘာရောဂါတွေနဲ့ဆုံးတာ စသဖြင့် ငယ်ကျိုးငယ်နာတွေ ဖော်သလိုဖြစ်နေသည်။ စိန် သောင်းအကြောင်း ဆက်ပြောရရင် ဘကြီးမှုံနာရေး ဆိုတော့ ဘကြီးမှုံအကြောင်း လူတွေသိအောင် ပြောပြရသည်။
    "သြော် ဘကြီးမှုံ ဘကြီးမှုံ သိပ်စေတနာ ကောင်းတဲ့လူကြီး သေမင်းက တယ်အကောင်းကြိုက် တာကိုးဗျ။ အဟမ်း ဘကြီးမှုံ ဘယ်လောက်စေတနာ ကောင်းလဲဆိုရင် ရွာထိပ်က အပျိုကြီးဒေါ်ပု စားစရာမရှိလို့ ဆန်တစ်အိတ် ကိုယ်တိုင်ထမ်းပြီး သွားပေးတာ ဒေါ်ပုအိမ်မှာ တစ်ညအိပ် ကြာသကိုးဗျ။ ဒါတင် ပဲလားဆိုတော့ ရွာနောက်ပိုင်းက မုဆိုးမလေး မိချောကို သနားလို့ဆိုပြီး ပိုက်ဆံတွေ ခေါ်ခေါ်ပေး မိချော ဆီကို လူလစ်ရင်သွားပြီး နှစ်သိမ့်ပေးရှာတဲ့ အဘိုးကြီး"ဆိုပြီး လော်ကြီးနဲ့ ထအော်တော့သည်။ ဒီတော့ နာရေးရှင်တွေကလည်း တို့အဖေ၊ တို့အဘိုး သေတော့မှ ငယ်ကျိုးငယ်နာတွေ ဖော်နေပါလား။ မဖြစ်ချေ ဘူးဆိုပြီး ငွေငါးကျပ်လောက် စိန်သောင်းကို လက်သိပ်ထိုးပေးရသည်။ ဒီတော့မှ စိန်သောင်းက သွား လေသူက ဘုရားတရားမြဲသူကြီး၊ ရွာဦကျောင်းကို ဥပုသ်နေ့တိုင်းသွားပြီး သီလစောင့် သူကြီးအဖြစ် ပြောင်းပြီး လော်စပီကာကနေ အသံလွှင့်ပေးသည်။ စိန်သောင်းက ဒီလိုလူမျိုး ဖြစ်သည်။
    ဒီတော့ ရွာကလူတွေက စိန်သောင်းကို ရွံကြောက်ကြီး ဖြစ်ကုန်ကြသည်။ လော်စပီကာမျက်နှာကြောင့်သာ ထောက်ထားပြီး အောင့်အည်းသည်းခံနေရ တာဖြစ်သည်။ သူကြီးဆိုရင် "စိန်သောင်း မင်းသောက်ကျင့်တွေ ငါသိတယ်ပြင်စမ်း"ဆိုပြီး ခဏခဏ ခေါ်ဆူတတ်သည်။ စိန်သောင်းတို့က သူကြီး ခေါ်ဆူတုန်းခဏပဲ ငြိမ်ကာ  လော်စိန်သောင်း အရင်အကျင့်က ပြန်ပြန်ပေါ်လာသည်။ ရွာအလှူပွဲရှိပြန် တော့လည်း လော်စိန်သောင်းလုပ်ပုံ ကြည့်လေ။ ဧည့်ခံမဏ္ဍပ်နားမှာ လော်စပီကာကြီး ထောင်ပြီး "ရွာ တောင်ပိုင်းက ဒေါ်ကြီးမြတို့များ သူများအလှူ အထမြောက်အောင် ဝက်သားသုံးတုံးတိတိ စားသွား သဗျို့"၊ "ကာလသားခေါင်း ကိုတင်မောင်ကြီးတို့ကတော့ အလှူရှင့်ဆီက ထန်းရည်ဖိုးလေး တောင်းပြီး အလှူက ပိုတာတွေ ပါဆယ်ဆွဲပြီး လစ်တော့မယ်ထင်ပါရဲ့"၊ "ပုဆွဲမတို့များ အိမ်မှာသာ ငါးပိချက်နဲ့စားတာ အလှူကြတော့ ဝက်သားပန်းကန်ထဲကဇွန်းကို လက်ကမချဘူး"ဆိုတာမျိုး အလိုက်ကန်းဆိုးမသိ ထထအော်တတ်သည်။ ဒီလိုဆိုတော့ အလှူလာတဲ့သူတွေမှာ စိန်သောင်းကို ရွံကြောက်ကြီး ဖြစ်ကြ သည်။ ဒါကို အကြောင်းသိနေသူတွေက အလှူထမင်းစားမဏ္ဍပ်ထဲ အရင်မဝင်သေးဘဲ စိန်သောင်းအ တွက်ဆိုပြီး ငါးမူး၊ တစ်ကျပ် လာဘ်ထိုးသွားကြသည်။ လာဘ်ငွေပေးသူတွေဆိုရင်တော့ စိန်သောင်းတို့ အပြောအဆိုက လွတ်သည်။
    တစ်ခါက ရွာဦးစေတီသို့ သွားတဲ့လမ်းမကြီး ပြုပြင်ပြီး လမ်းဖွင့်ပွဲကျင်းပသည်။ ဒီတော့ စိန်သောင်း လော်ကြီး ငှားရပြန်သည်။ စိန်သောင်းလော်ကို တစ်ရွာလုံးက ရွံကြောက်ဆိုသော်လည်း လော်ပိုင်တာ သူပဲ ရှိတာဆိုတော့ ငှားရသည်။ လမ်းဖွင့်ပွဲ ရွာသူရွာသားတွေပျော် ကြမော်ကြပေါ့လေ။ ဒီလိုဆိုရင် လော်စိန်သောင်းတို့ လူထူရင် အနူထပြီ ဖြစ်သည်။ "ကဲတို့ရွာလမ်းကြီးဖြောင့်ဖြူးနေတာ ဝမ်းသာစရာ အတိ ပေါ့ဗျာ။ သူကြီးကတော့ သူ ကြီးဘုရား ရွာသား ကောင်းမှု ဆိုတာမေ့ပြီး ပျော်နေလေ့ရဲ့"ဟူ၍ တစ်ဖုံ၊ "ဟိုကောင် အောင်မောင်း လမ်းလုပ်အားပေးတုန်းက ပျောက်နေပြီး ခုမှ မောင့်ကျက်သရေခေါင်း ပေါင်းကြီးနဲ့ လမ်းသလားနေသဗျ"ဆိုပြီးတော့ တစ်မျိုး "ကာလသားခေါင်း ကိုတင်မောင်ကြီး လမ်းအလှူ ငွေတွေများ ပိုတာလျှံတာလေးများ ရှိသေးလားဗျ ဆိုစမ်းပါဦး"ဆိုပြီး ကလိတိတိ ရိရိတိတိတွေ ပြောလေသည်။ တချို့ကလည်း စိန်းသောင်းပါးစပ်ကြောက်တာနဲ့ ငွေလေးနှစ်ပဲတစ်ပြားလောက်ပေးပြီး  ပါးစပ်ပိတ်ရသည်။ ဒီလိုလေးများရရင် စိန်သောင်းတို့ ပါးစပ်ပေါက်ပိတ်သည်။ ဒါကြောင့်လည်း လော်စိန်သောင်းကို တချို့က နှစ်ပဲတစ်ပြား စိန်သောင်းလို့ ခေါ်ကြတာ ဖြစ်သည်။ လော်စိန်သောင်း တို့က မျက်နှာ ခပ်ပြောင်ပြောင်ပင် ဖြစ်သည်။
    ကြာတော့ လော်စိန်သောင်းကို လူတွေ အမြင်ကပ်ကုန်ကြသည်။ နေရာတကာ သူမသိတာမရှိ ဆိုတဲ့ ပုံစံမျိုးဖြင့် လော်ကြီးတကားကားနဲ့ အာချောင်တာကြောင့် ကြာတော့လည်း လော်စိန်သောင်းရဲ့ လော်သံဟာ မြိုင်သာယာရွာအတွက် သတင်းစဉ်လည်း မဟုတ်တော့၊ သံဝေဂလည်း မဟုတ်တော့ဘဲ ဒုက္ခသံကြီး ဖြစ်လာတော့သည်။ မျက်နှာပြောင်လှသော စိန်သောင်းကတော့ ရွာကလူတွေ အမြင်ကပ်လေ၊ လော်ကြီးကို ပိုမို ကျယ်လောင်စွာ အော်လေ ဖြစ်နေတော့သည်။ လော်စပီကာ မိုက်ခွက်ရှေ့မှာ ရပ်လိုက်လျှင် သူကြီးကိုပင် ဂရုမစိုက်ချင်သော စိန်သောင်းတစ်ယောက် လက်ထဲသို့ 'နှစ်ပဲ တစ်ပြား'လေး ရောက်လာသည့်တိုင်အောင် မိုက်ခွက်ကြီးကို ကိုင်ကာ မျက်လုံးစောင်း၊ ပါးစပ်တွဲတွဲဖြင့် ရွာ၏ မကောင်းကြောင်းများကို မသိမသာတစ်မျိုး သိသိသာသာတစ်ဖုံ စကားပလ္လင်ခံနေဆဲပင် ဖြစ်တော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65210

© 2022 - 2026 News. All Rights Reserved.