ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ရဲ့ အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်း နှင့် ဆက်သွယ်မေးမြန်းခြင်း

နှစ်ပေါင်း ၃၀ ကျော် ငြိမ်းချမ်းရေးယူထားပြီး ဘွဲ့ရပညာတတ်တွေအများကြီး မွေးထုတ်ထားနိုင်ပေမယ့် တိုင်းပြည်ကို ထူထောင်ဖို့ အသိပညာ၊ အတတ်ပညာရှင်တွေ အများကြီး လိုအပ်နေသေးတယ် . . .

၂၀၂၆ ၊ စက်တင်ဘာ ၃

    နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးနောက်ဒေသနှင့် လူမျိုးဖွံ့ဖြိုးတိုးတက်မှုအခြေအနေ၊ အစိုးရသစ်၏ ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် အကြံပြုချက်များနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ရဲ့ အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းနှင့် ဆက်သွယ် မေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။

 

TREND ။        ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစိုးရကတော့ ကြိုတင်ကန့်သတ်ချက်မထားဘူးဆိုတဲ့  ကတိကဝတ်နဲ့ ဖိတ်ခေါ်နေပါတယ်။ ဒီလိုအခြေအနေမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာရောက်ကြတဲ့ အဖွဲ့တွေကိုလည်း တွေ့ရပါတယ်။ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေးဆောင် ရွက်ချက်တွေအပေါ် ဘယ်လိုများ သုံးသပ်လိုပါသလဲ။
SKKW    ။    ။
လောလောဆယ် ကျွန်တော်တို့ လေ့လာသိရှိရသလောက်တော့ ပြောဖို့ခက်တဲ့ အနေအထားပါ။ အစိုးရဘက်က ကန့်သတ်ချက်မထားဘူးဆိုတော့ လာတွေ့တဲ့အဖွဲ့တွေ လာတွေ့ကြတယ်။ တွေ့ဆုံမှုမှာ ဘာတွေဆွေးနွေးပြီး၊ ဘာတွေပြောဆိုလဲဆိုတာ ကျွန်တော်တို့အကုန်လုံး မသိရဘူး။ ဒီတော့ လာတွေ့တဲ့အဖွဲ့ လိုက်အဖြေကတော့ အမျိုးမျိုး ဖြစ်နိုင်တာပဲ။ ဒီအပေါ်မှာတော့ သုံးသပ်ရခက်တဲ့ အခြေ အနေတွေ ရှိတာပေါ့။ တွေ့ဆုံပြီး နှစ်ဖက်သဘောထားတွေ ဘယ်လိုရှိတယ်ဆိုတာ တိတိကျကျ ထုတ်ပြန်တာ မတွေ့ရဘူး။ ဒါကြောင့် သုံးသပ်ရတာ ခက်တယ်လို့ ပြောချင်ပါတယ်။ လောလောဆယ်တော့ အစိုးရဘက်က ငြိမ်းချမ်းရေးကို တောက်လျှောက် ကမ်းလှမ်းဖိတ်ခေါ်တာ တွေ့ရတယ်။ ဖိတ်ခေါ်မှုမှာ အစိုးရကို လာတွေ့တဲ့ အဖွဲ့တွေရှိသလို လာမတွေ့ကြသေးတဲ့ အဖွဲ့တွေလည်း ရှိတာပေါ့။ လာတွေ့တဲ့ အဖွဲ့တွေအပေါ်မှာပေါ့ သူတို့ရဲ့တောင်းဆိုမှု၊ သူတို့လိုလားချက်တွေကို အစိုးရဘက်က ဘယ်လောက်ထိ ပေးနိုင်မလဲ၊ ဘယ်လောက် အာမခံချက်ပေးနိုင်မလဲ၊ သူတို့ရဲ့ မျှော်မှန်းချက်၊ လိုလားချက်တွေ ရနိုင်၊ မရနိုင်အပေါ်မှာ မူတည်တာပေါ့။ အဖြေတော့ အားလုံးမရ နိုင်ပေမယ့်လာတွေ့တဲ့ အဖွဲ့တွေရဲ့ လိုလား ချက်၊ တောင်းဆိုချက်တွေကို အစိုးရဘက်က ဘာတွေကို လုပ်ဆောင်ပေးမယ်၊ ဖော်ဆောင်ပေးမယ်ဆိုတဲ့ သဘောထားမျိုး၊ အဖြေမျိုးရှိတယ်ဆိုရင်တော့ နီးစပ်လာပြီလို့ ပြောလို့ရပါတယ်။ လောလောဆယ်တော့ အဲဒီလိုအနေအထား မရောက်သေးပါဘူး။ ဆွေးနွေးတုန်းပဲ ရှိသေးတယ်လို့ မြင်ပါတယ်။

TREND ။     ။ လက်ရှိ ငြိမ်းချမ်းရေးအတွက် အဓိကကျနေတာက NCA လမ်းကြောင်းပေါ့လေ။ NCA စာချုပ်ကလည်း တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေ ပါဝင်သလို ပဋိပက္ခတွေကို ပြေငြိမ်းဖို့ ပထမခြေလှမ်းဖြစ် တယ်လို့ နားလည်မိပါတယ်။ ဒီလိုအခြေအနေမှာ အချို့တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ NCA လမ်းကြောင်းပေါ် ရောက်ဖို့ ဘာကြောင့် ကြန့်ကြာနေရသလဲဆိုတာ သုံးသပ်ပေးပါ။
SKKW    ။    ။
NCA ကို သမ္မတဦးသိန်းစိန်လက် ထက်မှာ စတင်ဖော်ဆောင်ခဲ့တယ်။ တိုင်းရင်းသားလက် နက်ကိုင်ခေါင်းဆောင်တွေအားလုံး ပါဝင်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ လက်ရှိအနေအထားနဲ့ မတူဘူး။ တကယ်တမ်း စာချုပ်ချုပ်တော့မယ်ဆိုတော့ အကြောင်းအမျိုးမျိုးကြောင့်၊ မြေပြင်မှာဖြစ်တဲ့ အခြေအနေတွေကြောင့် တချို့ သဘောထား တိုက်ဆိုင်မှုမရှိတာကြောင့် လက်မှတ်မထိုးခဲ့ကြတာလည်း ဖြစ်နိုင်တယ်။ နောက် ကနဦးမှာ ပါခဲ့ပေမယ့် နောက်ပိုင်း စာချုပ်မှာပါတဲ့အတိုင်း လက်တွေ့မှာ မဖော်ဆောင်နိုင်ဘူးလို့ ယူဆတဲ့အတွက် သူတို့ လက်မှတ်မထိုးတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်က အစိုးရအပေါ် ယုံကြည်မှုအပြည့်အဝမရှိလို့ လက်မှတ်ထိုးခါနီးကျမှ မထိုးတော့တာတွေလည်း ဖြစ်နိုင် တာပေါ့။ ခုအခြေအနေမှာ ငြိမ်းချမ်းရေးလမ်းကြောင်းမှာက NCA လမ်းကြောင်းက အခိုင်မာဆုံးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာတော့ အခက်အခဲတွေအများကြီး ရှိနိုင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်း ရင်းသားတွေရဲ့ အခြေအနေပေါ့လေ။ တိုင်းရင်းသားက အများကြီးရှိတယ်။ နယ်မြေလည်း အများကြီးရှိတယ်။ ကွဲပြားချက်တွေများတော့ လိုလား ချက်၊ လိုချင်တဲ့အရာတွေ မတူကြဘူးပေါ့။ ဒီတော့ တိုင်းရင်းသားတွေရဲ့ လိုလားချက်က တစ်ပုံစံတည်း ဖြစ်ဖို့မလွယ်ဘူး။ NCA လမ်းကြောင်းရှိပေမယ့် အဖွဲ့လည်းများတယ်၊ လိုချင်တဲ့ ပုံစံတွေ မတူတဲ့အခါကြတော့ ညှိနှိုင်းဆောင်ရွက်ဖို့ အခက်အခဲနဲ့ ကြန့်ကြာမှုရှိနေတယ်လို့ မြင်ပါတယ်။

TREND ။      ။ နိုင်ငံတော်သမ္မတကြီးကလည်း ငြိမ်းချမ်းရေးကို သူ့လက်ထက်မှာ ပြီးပြတ်စေချင်တဲ့ သဘောရှိသလို အိမ်နီးချင်းနိုင်ငံတွေကလည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ဖို့ ထောက်ခံအားပေးတာ တွေ့ရတယ်။ ဒီအလားအလာက ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လောက်အထိ သက်ရောက်မှုရှိနိုင်သလဲဗျ။
SKKW    ။    ။
လက်နက်ကိုင်အဖွဲ့တွေမှာ နယ် စပ်ကိုအခြေပြုတဲ့ လက်နက်ကိုင်တွေ ရှိတယ်။ တချို့ ခေါင်းဆောင်ပိုင်းတွေဆိုရင် တစ်ဖက်နိုင်ငံမှာ နိုင်ငံသားခံယူတာ ရှိတယ်။ လက်နက်ကိုင်အရကို ဆောင်ရွက်တဲ့အခါမှာ ဟိုဘက်ဒီဘက် ခွပြီး ဆောင်ရွက်တဲ့အဖွဲ့အစည်း တွေလည်း ရှိတယ်။ တစ်ခါတလေကျရင် ဒီအပေါ်မှာ အခြေခံပြီး တစ်ဖက်နိုင်ငံက ကျွန်တော်တို့နိုင်ငံကို နိုင်ငံရေးအရ ကစားတာမျိုး ရှိကောင်းရှိနိုင် တယ်။ တကယ်လို့ တစ်ဖက်နိုင်ငံတွေက အစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို လုံး၀လက်မခံဘူး။ သူတို့နယ်မြေထဲ ပေးမနေဘူးဆိုရင်တော့ ဆွေးနွေးမှုတွေရှိလာပြီး ငြိမ်းချမ်းရေးအတွက်ပိုပြီး ရှေ့ရောက်လာနိုင်မလားဆိုတာ စဉ်းစားစရာတစ်ခု ဖြစ်တယ်။ အဲဒီလိုမဟုတ်ဘဲ ဟိုဘက်ကူးလိုက်၊ ဒီဘက်ကူးလိုက်၊ နိုင်ငံရေးကစားမှုအရ တိုက်ပွဲဖြစ်လိုက်ပြီဆိုရင်တော့ ကြာတာပေါ့ဗျာ။ ပြောရမယ်ဆိုရင် လွတ်လပ်ရေးရပြီးကတည်းက နှစ်ပေါင်းများစွာ ဒီလိုပုံစံပဲ သွားနေတာပဲ။ အစိုးရက ငြိမ်းချမ်းရေး ဖိတ်ခေါ်ပေမယ့် တိုင်းရင်း သားဘက်က လိုလားတဲ့ပုံစံကို တစ်ဖက်ကလည်း မပေးနိုင်ဘူးဆိုရင် ဒီလိုပဲ ဆက်သွားနေကြမယ်။ တကယ်လို့ အိမ်နီးချင်း နိုင်ငံတွေက ပြည်တွင်းငြိမ်းချမ်းရေးကို လိုလားပြီး တကယ်ကူညီရင် ဖြစ်နိုင်တယ်။ နိုင်ငံရေးအရ ကစားချင်တယ်ဆိုရင်တော့ မလွယ်ဘူးပေါ့ဗျ။ ရှမ်းမြောက်ဖြစ်စဉ်တွေကိုပဲ ကြည့်ရင်သိပါတယ်။ အိမ်နီးချင်းနိုင်ငံက ဖိအားပေးလိုက်ရင် တစ်မျိုးဖြစ် သွားတာမျိုး တွေရှိတယ်။ ဖိအားမပေးဘဲ လွတ်ထားရင် တစ်မျိုးဖြစ်သွားတယ်။ ဒါကြောင့် အိမ်နီးနားချင်းက အရမ်းအရေးကြီးတယ်။ အိန္ဒိယပဲဖြစ်ဖြစ်၊ တရုတ်ပဲဖြစ်ဖြစ်၊ ထိုင်းပဲဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံရဲ့ သဘောထားတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေက တကယ်လို လိုလားလားနဲ့ကူညီရင် အဆင်ပြေနိုင်ပါတယ်။ ပြည်တွင်းမှာ တစ်ဖက်နဲ့တစ်ဖက် လိုလားချက် တွေကို ညှိညှိနှိုင်းနှိုင်း ဆွေးနွေးကြတာကတော့ အကောင်းဆုံးပါ။ လောလောဆယ် သမ္မတကြီးက ဘာပြောထားတာရှိလဲဆိုတော့ ဖြစ်နိုင်တဲ့အရာကိုပဲတောင်းပါ။ မဖြစ်နိုင်တာကို မတောင်းနဲ့ဆိုတဲ့အခါကြတော့  တိုင်းရင်းသား ဘက်က ဘာတွေဖြစ်နေလဲဆိုတော့ ဖြစ်နိုင်ခြေရှိတာပဲတောင်းမှ ရမယ်၊ မဖြစ်နိုင်တာတောင်းရင် ငြိမ်းချမ်းရေးမရဘူးလို့ တွေးကြတယ်။ ဒီအပေါ်မှာ အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကျေကျေလည်လည် ညှိကြဖို့လိုပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ကိုယ့်ရဲ့ပြည်သူလူထု၊ ကိုယ်ရဲ့နယ်မြေ၊ ကိုယ့်ရဲ့တိုင်းပြည်အတွက် စဉ်းစားပြီး ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားရမယ်။ ကိုယ့်ရဲ့အကျိုးစီးပွားတွေကို နောက်မှာထားပြီး တိုင်းပြည်အတွက် ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးက ဖြစ်လာမှာပါ။ တချို့က ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်၊ ကိုယ်ဒေသအတွက် လုပ်ကြတယ်ဆိုပေမယ့် အကျိုးစီးပွားတွေပါလာတော့ ငြိမ်းချမ်းရေးအတွက် အလှမ်းဝေးတာပေါ့ဗျာ။ အကျိုး စီးပွားကိစ္စကို ပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ်မှာလည်း အများကြီးမူတည်တာပေါ့လေ။

TREND ။    ။ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကိုသွားဖို့ လိုအပ်နေတဲ့အခြေအနေမှာ တိုင်းရင်းသားတွေအနေနဲ့  အရင်ဆုံးငြိမ်းချမ်းရေးကနေစတင်ရမယ်လို့ ယူဆလို့ရသလားဗျ။ ဆရာ့အမြင်ကို သုံးသပ်ပေးပါ။
SKKW    ။    ။
မှန်ပါတယ်။ ငြိမ်းချမ်းရေးရမှပဲ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားလို့ရမှာပါ။ ငြိမ်းချမ်းရေးမရရင် လွယ်လွယ်ကူကူသွားနိုင်မှာ မဟုတ်ဘူးပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ ဖက်ဒရယ်သွားကြမယ်ဆိုရင် တိုင်းရင်းသားအဖွဲ့အစည်းတွေ အားလုံးက ပုံစံချင်းမတူဘူး။ လိုချင်တဲ့ ပုံစံချင်း မတူကြဘူးပေါ့။ ဒီတော့ အပစ်အခတ်ရပ်ဆဲပြီး ငြိမ်းချမ်းရေးဆွေးနွေးပြီး ရလာတဲ့အဖြေအပေါ် မှာ မူတည်ပြီးတော့ ဘယ်အဖွဲ့ကတော့ အစိုးရနဲ့ ဘယ်လိုသဘောတူတယ်။ လိုချင်တာတွေ ရပြီးတော့ ရှေ့ဆက်သွားဖို့အစဉ်ပြေတယ်။ အပစ်အခတ်ကလည်း မရပ်ဘူး၊ ငြိမ်းချမ်းရေးလည်းမရှိဘူးဆိုရင် ဖက်ဒရယ်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့က ဝေးနေမှာပါ။


TREND ။     ။ PNO အနေနဲ့ ငြိမ်းချမ်းရေးကို လျှောက်လှမ်းခဲ့တာ ကြာပြီဖြစ်သလို ငြိမ်းချမ်းရေးကို လည်း မပျက်မယွင်း ဆောက်တည်ထားနိုင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကနေရရှိလာတဲ့ အကျိုးရလဒ်ကြောင့် ဒေသခံပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာတာ တွေ့ရပါတယ်။ ငြိမ်းချမ်းရေးက ပြည်သူလူထုအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်တယ်ဆိုတဲ့ အတွေ့အကြုံလေး မျှဝေပေးစေလိုပါတယ်။
SKKW    ။    ။
အဖွဲ့အစည်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတူကြဘူး။ နယ်မြေမတူကြဘူး။ ပုံစံချင်းလည်း မတူကြဘူး။ ကျွန်တော်တို့ PNO မှာရှိတဲ့ ခေါင်းဆောင်တွေကြတော့ ဘယ်လိုမြင်လဲဆိုတော့ လက်နက်ကိုင်လာခဲ့ကြတယ်။ လက်နက်ကိုင်တော်လှန်တော့ ဘာဖြစ်လာလဲဆိုရင် ထိခိုက်တာက ပြည်သူလူထု ထိခိုက်တယ်။ ကျေးရွာတွေပျက်စီးတယ်။ နောက် ပညာသင်ကြားခွင့်တွေ မရကြဘူး။ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးအကုန်လုံး ဘာမှလုပ်လို့မရဘူးပေါ့။ ဒီလိုဆက်သွားရင် ကျွန်တော် တို့နယ်မြေလည်း ပျက်စီးမယ်။ လူတွေလည်း ပြောင်းရွှေ့နေထိုင်ကြရမယ်။ ကျွန်တော်တို့မှာ အရိပ်ဆိုတာ လိုအပ်တယ်။ PNO ခေါင်းဆောင်တွေကတော့ ဘယ်အစိုးရ တက်တက်ဆိုတဲ့ မူလည်းရှိပါတယ်။ တက်လာတဲ့ နိုင်ငံတော်အစိုးရနဲ့ လက်တွဲဆောင်ရွက်ပြီးတော့မှ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ အတူနေထိုင်တဲ့ တိုင်းရင်းသား အားလုံးအတွက် အစိုးရနဲ့ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံး နည်းလမ်းပဲလို့ ခံယူခဲ့ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးစယူကတည်းက နှစ်ပေါင်း ၃၀ ကျော် ကျွန်တော်တို့ နယ်မြေ တည်ငြိမ်တယ်။
    ဖွံ့ဖြိုးတာလည်း အချို့နေရာဒေသတွေထက် ဖွံ့ဖြိုးတယ်ပြောလို့ရတာပေါ့။ နောက်အဲဒီလိုလုပ်ရင်းနဲ့ ကျွန်တော်တို့ ဘာတွေ့လာရသလဲဆိုရင် ကျွန်တော်တို့ ဒေသမှာရှိတဲ့ ပြည်သူတွေ အသိပညာ၊ အတတ်ပညာ ကျွန်တော်တို့ အများကြီးလိုအပ်တယ်။ ကျွန်တော်တို့ နှစ်ပေါင်း ၃၀ ကျော် ငြိမ်းချမ်းရေးယူထားပြီး ဘွဲ့ရပညာတတ်တွေ အများကြီး မွေးထုတ်ထားနိုင်ပေမယ့် တိုင်းပြည်ကို ထူထောင်ဖို့ တိုးတက်ဖို့အတွက် အသိပညာ၊ အတတ်ပညာတွေ အများကြီး လိုအပ်နေသေးတယ်။ နှစ်ပေါင်း ၃၀ ကျော် ကျွန်တော်တို့ကြိုးစားတာတောင် မရနိုင်သေးဘူး။ ရေရှည်မှာ ကျွန်တော်တို့ ဒေသဖွံ့ဖြိုးတိုး တက်ဖို့ရယ်၊ တိုင်းပြည်ကို တစ်ဖက်တစ်လမ်းအထောက် အကူပြုနိုင်ဖို့အတွက်ဆို ကျွန်တော်တို့ဒေသမှာရှိတဲ့ လူ ငယ်တွေ ပညာတတ်ဖို့လိုတယ်။ နောက် စီးပွားရေးနဲ့ ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေ တတ်ဖို့ လည်းလိုတယ်။ ကျွန်တော်တို့ ကြိုးစားတည်ဆောက်နေပါတယ်။ နိုင်ငံရေးအရဆိုရင်လည်း ပအိုဝ်းခေါင်း ဆောင်တွေက ချမှတ်တဲ့မူ ရှိပါတယ်။ ကိုယ့်အရပ်ဒေသမှာ ကိုယ့်ရဲ့ရပိုင်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ကိုယ့်လက်ထဲမှာ ရှိဖို့ဆိုတဲ့မူချထားပြီး သွားတဲ့အခါမှာ တစ်ဖက်မှာ ပြည်သူလူထုကို တည် ဆောက်တယ်။ ပညာတတ်တွေပေါ့။ တစ်ဖက်မှာလည်း ဥပဒေဘောင်ထဲကပဲ သွားတယ်။လက်နက်ကိုင်ပြီး မဖြေရှင်းဘူး။ အဲဒီလိုတည် ဆောက်ရင်း တစ်နေ့တစ်ချိန်ကြရင် ကျွန်တော်တို့ မျှော်လင့်တာတွေ ရောက်လာမယ်လို့ ခေါင်းဆောင်တွေ ယုံကြည်ထားပါတယ်။ ငြိမ်းချမ်းရေးအားဖြင့်၊ အစိုးရနှင့်လက်တွဲ ခြင်းအားဖြင့်ရော၊ ကိုယ့်လူထုအတွက်ရော၊ ကိုယ်ဒေသအတွက်ရော၊ တိုင်းပြည်အတွက်ရော အကောင်းဆုံးနည်း လမ်းဖြစ်တဲ့အတွက် အဲဒီနည်းလမ်းကို ကျင့်သုံးနေရတာ ဖြစ်ပါတယ်။


TREND ။        ။ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ပါတီအစုအဖွဲ့ ဖွဲ့စည်းမယ်လို့သိရပါတယ်။ ဒီဖွဲ့စည်းမှုအပေါ် သုံးသပ်ပေးပါဦး။
SKKW    ။    ။
ငြိမ်းချမ်းရေးကိစ္စအတွက် နိုင်ငံရေးပါတီတွေ အစုအဖွဲ့ ဖွဲ့တယ်ပေါ့။ NSPNC နဲ့ ဦး ဆောင်ပြီးမှ လုပ်နေတယ်။ ကော်မတီက အပြီးသတ်တော့ မဖွဲ့ရသေးဘူး။ ပါတီ ၅၀ ကျော်ထဲမှာ ၃၂ ပါတီပေါ့။ အဲဒီအထဲမှာ လာမည့်လမှာ အလုပ်အမှုဆောင်အဖွဲ့ ဖွဲ့ဖို့ရှိတယ်။ အဲဒီ့အဖွဲ့ ဖွဲ့ပြီးတော့မှ NSPNC နဲ့ ညှိနှိုင်းဆွေးနွေးကြမယ်။ နိုင်ငံရေးပါတီတွေ ကိုယ်စားပြုပြီး ဘာဆက်လုပ်ကြမယ်။ ဘာလုပ်ကြမယ် ဆိုတာ အဲဒီ အချိန်မှာ ပြောလို့ရမယ်။ လောလောဆယ် နိုင်ငံရေးပါတီတွေအနေနဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ ဘယ်လို ပူးပေါင်းပါဝင်မယ်၊ ဘယ်လိုဆောင် ရွက်မယ်ဆိုတာပြောဖို့ နည်းနည်းစောပါသေးတယ်။

TREND ။        ။ နောက်ဆုံးအနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဘယ်လိုအကြံပြုချင်ပါသလဲခင်ဗျ။
SKKW    ။    ။
ကျွန်တော်တို့ တိုင်းပြည်က နှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခကြောင့် နောက်ကျ ကျန်ရစ်ခဲ့ရတယ်။ လူထုတွေက ဓားစာခံဖြစ်ရတယ်။လူထုတွေ ဒုက္ခရောက်ခဲ့ရတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသပေါ့။ ဆိုတော့ လက်ရှိအနေအထားမှာ အစိုးရဘက်ကနေ ငြိမ်းချမ်းရေးကို ဖိတ်ခေါ်တယ်။ သမ္မတကြီးကလည်း ဖိတ်ခေါ်တယ်။ ကြိုတင်ကန့်သတ်ထားတာမရှိဘဲ ဖိတ်ခေါ်တယ်။ နောက် သမ္မတ ကြီးက ဖြစ်နိုင်တာပဲ တောင်းကြဆိုပြီး ပြောထားတယ်။ ဖြစ်နိုင်တာကိုပဲ တိုင်းရင်းသားတွေဘက်က ဆွေးနွေးမယ်။ ဖြစ်နိုင်တာ ဘာတွေရှိမလဲဆိုတာ တောင်းဆိုကြဖို့လိုတယ်။ မဖြစ်နိုင်တာပါလာခဲ့မယ်ဆို ရင်လည်း အစိုးရနဲ့တိုင်းရင်း သားခေါင်းဆောင်တွေ ညှိနှိုင်းကြဖို့လိုပါတယ်။ ဒါပဲလိုချင်တယ်။ ဒါက မဖြစ်နိုင်ဘူးဆိုရင် တစ်ဖက်နဲ့တစ်ဖက် မလျှော့ဘူးဆိုရင် ငြိမ်းချမ်းရေးက မဖြစ်နိုင်ဘူး။ အစိုးရဘက်က ဖြစ်နိုင် တာပဲ တောင်းဆိုပေမယ့် ဖြေလျှော့စရာရှိတဲ့ ဘယ်နည်းလမ်းကို ဖြေလျှော့ဖို့လိုမယ်။ တိုင်းရင်းသားဘက်ကလည်း ကိုယ်လိုချင်တာကို ဘယ်လောက်အထိ အလျှော့ပေးလို့ရမလဲ။ ဘယ်လောက်အထိ လျှော့ပေးလို့ရမလဲဆိုတာကို အခြေခံပြီးတော့မှ ဖြေလျှော့မှုတွေလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်မှာပါ။ တစ်ဖက်နဲ့တစ်ဖက် တင်းထားမယ်ဆိုရင် ငြိမ်းချမ်းရေးကဝေးနေဦး မှာပါ။


TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထူးမြတ်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၃ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 45

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65210

© 2022 - 2026 News. All Rights Reserved.