(၁၇)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော် ထူးခြားစွာ ကျင်းပမည်

ရန်ကုန်၊ ဒီဇင်ဘာ ၃
    အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)၏ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် (၁၇)ကြိမ် မြောက်ပန်းပွဲတော် (Floral Fantasia)ကို ၂၀၂၄ ဒီဇင်ဘာ ၁၄ ရက်မှ ၂၀၂၅ ဇန်နဝါရီ ၁၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ အခြားနှစ်များနှင့်မတူ ထူးခြားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)မှ ထုတ်ပြန်ကြေညာထားသည်။
    ပြင်ဦးလွင်ပန်းပွဲတော်ကို မြန်မာပြည်အနှံ့အပြားမှ ပန်းချစ်သူများ နှစ်စဉ်လာရောက်မှုများပြား ပြီး ယခင်နှစ်က ပန်းပွဲတော်တွင် နယ်သာလန် လီလီပန်းမျိုးဥများကို ပြည်တွင်းမှာပင် ထိန်းသိမ်း ပျိုးထောင်စိုက်ပျိုး ပြသထားသော လီလီပန်းပြကွက်သည် ပန်းပွဲတော်၏ အဓိကပန်းပြကွက်ဖြစ်ကာ ပန်းဝါသနာရှင်များ စိတ်ဝင်စားမှုများပြားခဲ့သည်။ တစ်ကြိမ်လျှင် အပင်အရေအတွက် ၂၀၀၀ ကျော်ကို စိုက်ပျိုးပြသထားပြီး ပန်းပွဲတော် ကာလတစ်လျှောက်လုံး အဖူးအပွင့်အဆက်မပြတ် တွေ့မြင်နိုင်ရန် လဲလှယ်ဖြည့် စွက် စိုက်ပျိုးခဲ့ကြောင်း သိရသည်။ ယမန်နှစ် ကပြပွဲတွင် လီလီပန်းအမျိုးအစားများ ဖြစ် သည့် Arbatax Pink, Basin Orange, Eldo-rest Yellow, Honesty Orange, Nashville Yellow နှင့် Robira Pink  အမျိုးအစားများကို ပြသခဲ့သည်။
    "ပန်းပွဲတော်ရာသီကတော့ ခရီးသွားတွေ အများအပြား လာလေ့ရှိတယ်။ ဒီနှစ်ကတော့ ခရီးသွားရာသီစကတည်းက မြို့မှာခရီးသွားတွေ များနေတာပဲလေ။ ကောလာဟလတွေ ဘယ်လောက်ပဲ ဖြန့်ဖြန့် ပွဲတော်ရာသီနဲ့ ခုလိုခရီးသွားရာသီဆိုရင် နေရာဒေသအသီးသီးက ခရီးသွားတွေကတော့ ပုံမှန်ပါပဲ။ ခုတော့ မြို့တော်သာယာလှပရေးတွေလုပ်နေသလို ဟိုတယ်၊ မိုတယ်တွေကလည်း ကြိုပြင်နေကြပါပြီ"ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ပြောသည်။
    လာမည့် ခရစ္စမတ်ကာလတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များကို ထည့်သွင်းပေးသွားမည်ဖြစ်ကာ တေးသီချင်းဖျော် ဖြေမှုများနှင့်အတူ ပန်းအလှ၊ သစ်ပင်အလှနှင့် ရှုခင်းအလှများ ကြည့်ရှုခံနိုင်ရန် အမျိုး သားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) မှ ဖိတ်ခေါ်ထားသည်။ ထူးမြတ်

Total Views ~ 486

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60794

© 2022 - 2026 News. All Rights Reserved.