လျှပ်စစ်ကား (EV Charging Station) အခု (၂၀) မြောက်အဖြစ် မန္တလေးမြို့ ဂေါဝိန်ဆိပ်တွင် ဖွင့်လှစ်

ရန်ကုန်၊ စက်တင်ဘာ ၉
    လျှပ်စစ်မော်တော်ယာဉ်နှင့်ဓာတ် အားဖြည့်သွင်းရုံ (EV Charging Station) အခု (၂၀)မြောက်အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ၃၅ လမ်းနှင့် ကမ်းနားလမ်းထောင့် (ဂေါဝိန် ဆိပ်)တွင် စက်တင်ဘာ ၈ ရက်က ဖွင့်လှစ်ခဲ့သည်။
    ဂေါဝိန်ဆိပ်တွင် ဖွင့်လှစ်ခဲ့သည့် (EV Charging Station) မှာ Yar Zar Min Industry co.,ltd မှ တည် ဆောက်ခဲ့ခြင်းဖြစ်ပြီး ကားလေး ၁၀ စီးတစ်ပြိုင်နက်အားသွင်းနိုင်ကြောင်း သိရသည်။
    ဂေါဝိန်ဆိပ် လျှပ်စစ်မော်တော်ယာဉ်နှင့် ဓာတ်အားဖြည့်သွင်းရုံဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၈ ရက်က ယင်းဓာတ်အားဖြည့်သွင်းရုံ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ လျှပ်စစ်သုံး ယာဉ်များပြေးဆွဲ၊ အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည် ဖော်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ဝန် ဦးကျော်ဆန်း၊ မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
    ရန်ကုန်၊ နေပြည်တော်၊ မန္တလေးမြို့ကြီးများရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီး တစ်ပြိုင်နက် အားသွင်းနိုင်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရှိ (EV Charging Station) များတွင် ကားလေး ၁၀ စီးနှင့် ဘတ်စ်ကားလေးစီးတစ်ပြိုင်နက် အားသွင်းနိုင်ပြီဖြစ်ကြောင်း၊ မန္တလေးမြို့တွင် ယခုလို (EV Charging Station) များ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် မန္တလေးမြို့နှင့် အနီးတစ်ဝိုက်ရှိမြို့များ တွင်လည်း လျှပ်စစ်ကားများ အသုံးပြုသွားလာနိုင်တော့မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေက ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
    အမျိုးသားအဆင့် လျှပ်စစ်သုံး ယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင် ကော်မတီ၏ ညွှန်ကြားမှု ဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် မြေနေရာများကို ရွေးချယ်သတ်မှတ်လျာထားခဲ့ပြီး နေပြည်တော်တွင် ခြောက်နေရာ၊ ရန်ကုန်တွင် ရှစ်နေရာ၊ မန္တလေးတွင် ရှစ်နေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ကိုးနေရာ စုစုပေါင်း ၃၁ နေရာကို Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုဖွင့်လှစ်သည့် ဂေါဝိန်ဆိပ်နေရာ (EV Charging Station) သည် တစ်နိုင်ငံလုံးအနေဖြင့် အခု (၂၀)မြောက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ နဒီ

Total Views ~ 434

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

67301

© 2022 - 2026 News. All Rights Reserved.