ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်းခြင်း . . . .

၂၀၂၆ ၊ မတ် ၅

EAO တွေရဲ့ သဘောထားတွေကို အမှန်တကယ် တိတိကျကျပြောနိုင်တဲ့ အနေအထား၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းမျိုးကို အစိုးရသစ်က ဖန်တီးပေးဖို့လိုတယ် . . . 

            မကြာမီပေါ်ပေါက်လာမည့် အစိုးရသစ်လက်ထက် ငြိမ်းချမ်းရေး အလားအလာ၊ အခက်အခဲ၊ စိန်ခေါ်မှုများ၊ ယခင်အစိုးရလက်ထက်များက ငြိမ်းချမ်းရေးဆောင်ရွက်ခဲ့ အခြေအနေအချို့၊ သင်ခန်းစာယူဖွယ်များနှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲအစည်း ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော 7 EAO Alliance  ၏ မဟာမိတ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းအား ဆက်သွယ်မေးမြန်း ထားပါသည်။

TREND ။            ။ NCA ရေးထိုးထားတဲ့အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်နေမှုနဲ့ ငြိမ်းချမ်းရေးခရီးနဲ့ပတ် သက်ပြီး ဘယ်အထိရောက်ပြီလဲ၊ ဘယ်လို အခြေအနေလို့ ပြောနိုင်လဲ။

DSMYZL။            ။ လက်ရှိ NCA-EAOs မှာ ရှိနေကြတဲ့ အဖွဲ့တွေဟာ ငြိမ်းချမ်းရေးခရီးကို စတင်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ၁၄ နှစ်တာကာလကို ရောက်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒီလောက်ကြီး ရေရှည် မဖြစ်သင့်ဘူးလို့ မြင်တယ်။ အဲဒါကို နိုင်ငံတော် အစိုးရဘက်ကရော၊ EAO တွေ ဘက်ကရော ဘယ်လို ဆုံးဖြတ်ချက်တွေ ချနိုင်မလဲ။ ဘယ်လို ဆုံးဖြတ်ချင်တာလဲ။ EAO တွေ ဘက်ကရော ဘာတွေကို တင်ပြ တောင်းဆိုမှာလဲဆိုတာကို နဖူးတွေ့ဒူးတွေ့ ဆွေးနွေးဖို့ အရမ်းအရေးကြီးတယ်လို့ မြင်တယ်။ ကိုယ်လိုချင်တာကို ရင်ထဲမှာချည်းပဲ ထားလို့မရဘူး။ ပြီးလို့ရှိရင် နိုင်ငံတော် အစိုးရဘက်ကလည်း EAO တွေကို ကမ်းလှမ်းဖိတ်ခေါ်နေတဲ့ လက်နက်စွန့်လွှတ်တော်ထဲကိုဝင် ဆိုတဲ့ဟာမျိုးထက် ငြိမ်းချမ်းရေးစကားဝိုင်းထဲကို ရောက်လာအောင် ဘယ်လိုပုံစံမျိုးနဲ့ ဆွဲခေါ်မှာလဲ၊ ပုံဖော်မှာလဲဆိုတဲ့ တစ်ချက်ရှိတယ်။ ပြီးရင် EAO တွေ ဘက်ကလည်း မိမိတို့ရဲ့ တောင်းဆိုချက်တွေကို ပြတ်ပြတ်သားသား ပြောဖို့လိုပါတယ်။ ဒါကြောင့် နှစ်ဖက်လုံးမှာက အားနည်းနေတာကို တွေ့ရတယ်။ နှစ်ဖက်လုံးမှာ လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း မပြောကြဘူး။ အဲဒီလို ပုံစံမျိုးတွေကတော့ မဖြစ်သင့်တော့ဘူးလို့ မြင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်၊ ပြတ်ပြတ်သားသား ပြောသင့်တယ်။ တစ်ဖွဲ့ချင်းစီအနေနဲ့ သွားမှာလား၊ ပြတ်ပြတ်သားသားသွားလိုတဲ့ အဖွဲ့အစည်းက ဘယ်နှဖွဲ့ရှိလဲ၊ နောက်ထပ် မသွားလိုတဲ့အဖွဲ့က ဘယ်နှဖွဲ့ရှိလဲ ဆိုတာကိုလည်း နိုင်ငံတော် အစိုးရဘက်က အမှန်တကယ် စေ့စေ့စပ်စပ် နားလည်အောင် ကြိုးပမ်းဖို့ လိုအပ်တယ်။ ပြီးရင် အားလုံးက မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို သွားမယ်၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားမယ် စသည်အားဖြင့် ဝေါဟာရ အပြောင်းအလဲအပေါ်မှာ ပြောနေကြတာရှိတယ်။ ချုံ့ပြီးပြောရမယ်ဆိုရင် အားလုံးက ဖက်ဒရယ်နိုင်ငံကို ထူထောင်ဖို့ဆိုပြီး ပြောနေကြပြီးတော့မှ ရေရှည်ကိုချည်းပဲ သွားနေတဲ့ ပုံစံမျိုးကမဖြစ် သင့်တော့ဘူး။ အဲဒါကြောင့်မို့လို့ အစိုးရသစ်တစ်ရပ် တက်လာပြီဆိုရင် EAO တွေရဲ့ သဘောထားတွေကို အမှန်တကယ် တိတိကျကျပြောနိုင်တဲ့ အနေအထား၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းမျိုးကို အစိုးရသစ်က ဖန်တီးပေးဖို့ လိုအပ်တယ်။ ပြီးရင်ဖက် ဒရယ်တပ်မတော်ကို ဖွဲ့စည်းမယ်ဆိုရင်လည်း ဘယ်လို ပုံစံမျိုး ဖွဲ့စည်းမှာလဲ၊ အနာဂတ် မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဖို့၊ အားလုံးပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု အစိုးရတစ်ရပ်ဖြစ်ပေါ်လာဖို့ ဒါတွေနဲ့ပတ် သက်ပြီး အားလုံးက သေသေချာချာ ဆွေးနွေးညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ အားလုံးဆိုတဲ့နေရာမှာ အလုံးစုံ ပါဝင်တယ် ဆိုတာကတော့ မဖြစ်နိုင်ဘူး။ ပါဝင်နိုင်သ လောက်ကို ပါဝင်နိုင်တဲ့ အနေအထား တစ်ခုခုရောက်အောင် အစိုးရသစ်က ဖန်တီးပေးသင့်တယ်လို့ မြင်ပါတယ်။

TREND ။            ။ ငြိမ်းချမ်းရေးခရီးဟာဆိုရင် ၁၄ နှစ်တာကာလကို ရောက်လာခဲ့ပြီ၊ အချိန်ကြာနေပြီ ရေရှည် မဖြစ်သင့်ဘူးဆိုတော့ ဘယ်လိုဖြစ်သင့်လဲ။

DSMYZL။            ။ ၂၀၁၂ ကနေ ၂၀၁၅ အထိက ရလဒ်တစ်ခု ထွက်ခဲ့တယ်။ NCA စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တာဟာဆိုရင် ရလဒ်ကောင်းတစ်ခု ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး ဘာမှမတိုးတက်တော့ဘူး၊ အရွေ့မရှိသလို ဖြစ်သွားတယ်။၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ အထိက NCA လမ်းကြောင်းအတိုင်း ပြည်ထောင်စုညီလာခံတွေ ကျင်းပနိုင်ခဲ့တာတွေရှိတယ်။ ဒါပေမဲ့ ရလဒ်က ခလုတ်ထိသွားတဲ့ အနေအထားမျိုးတွေ ဖြစ်ခဲ့တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာဆိုရင် ဘာမှဆက်လုပ်လို့ မရတော့ဘူး။ NCA မှာ ပြောထားတာက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ အရေးကြီတယ်၊ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို ရောက်ဖို့လိုတယ်ဆိုပြီးပါတယ်။ ရခိုင်ဘက်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ခဲ့ရဘူး။ တချို့လူမျိုးတွေဆိုရင်လည်း မလုပ်ခဲ့ရဘူး၊ တချို့အဖွဲ့အစည်းတွေ ဆိုရင်လည်း ခွင့်ပြုပေးခဲ့တာတွေ ရှိခဲ့တယ်။ အဲဒီလိုမျိုး မညီမျှမှုတွေက ရှိခဲ့တယ်။ ၂၀၁၅ ကနေ ၂၀၂၀ အထိကိုပဲ ရှိခဲ့တာ။ ၂၀၁၉ ခုနှစ်ကဆိုရင် တော်တော်လေးကို ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ကြတာရှိတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ ဆိုတော့ အဲဒီကာလက မြင်ရသလောက်ဆိုရင် နိုင်ငံရေးကို တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်တဲ့အဆင့်ကို မရောက်ခဲ့ဘူး။ ငြိမ်ချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ၂၀၁၅ ကနေစပြီး  အခုထိကို အရွေ့မရှိသလို ဖြစ်သွားတယ်။ အဲဒါက တကယ့်ကို ငြီးငွေ့ဖို့ကောင်းတယ်။ အလုပ်လုပ်နေကြတဲ့ ပုဂ္ဂိုလ်တွေအများစုက နိုင်ငံအတွက် အလုပ်လုပ်နေကြတယ်လို့ ပြောကြတယ်။ နိုင်ငံကို ပြောင်းလဲစေချင်တယ်။နိုင်ငံအတွက် အလုပ်လုပ်တယ်၊ ကိုယ့်လူမျိုးအတွက် အလုပ်လုပ်တယ်ဆိုရင် အပွင့်လင်းဆုံး ဆွေးနွေးရမယ့် အချိန်အခါက အကောင်းဆုံးသော အခြေအနေကို ရောက်နေပြီလို့ ပြောရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ပွင့်လင်းစွာ ဆွေးနွေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ နိုင်ငံမှာ အပြောင်းအလဲဖြစ်ခဲ့တဲ့ ၂၀၂၁ နောက်ပိုင်းမှာတော့ နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တယ်။ ပြီးတော့ EAO တွေနဲ့ တွေ့ဆုံနိုင်ခဲ့တယ်။ EAO တွေနဲ့ တွေ့ဆုံနိုင်ဖို့ကို အများကြီး ကြိုးပမ်းဆောင်ရွက် နေတာတွေကိုလည်း တွေ့ရပါတယ်။

TREND ။            ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးကြန့်ကြာစေတဲ့ အရာတွေထဲမှာ အဓိကက ဘယ်အကြောင်းအရာဖြစ်မလဲ။

DSMYZL။            ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးကြန့်ကြာစေတဲ့ အရာတွေထဲမှာတော့ ယုံကြည်မှု တည်ဆောက်ခြင်းဆိုတဲ့ အချက်တစ်ချက်ပါတယ်။ ဒီယုံကြည်မှုတည်ဆောက်ခြင်းက  သမ္မတဦးသိန်းစိန်လက်ထက်မှာ အများကြီး ယုံကြည်မှုတွေရခဲ့တယ်။ တည် ဆောက်နိုင်ခဲ့တယ်။ NCA လက်ထက် မှာလည်း ယုံကြည်မှုကို ကြိုးစားနေဆဲကာလမှာပဲ ကိုဗစ်-၁၉ ဖြစ်လာခဲ့တယ်။ အထစ်အငေါ့တွေ ဖြစ်လာ ခဲ့တာကတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ပြတ်ပြတ်သားသား မဆွေးနွေးနိုင်ခဲ့ဘူး။ မရနိုင်ခဲ့ဘူး။ တချို့အဖွဲ့အစည်းတွေက ဆွေးနွေးနိုင်ခဲ့တယ်၊ တချို့အဖွဲ့အစည်းတွေက မဆွေးနွေးခဲ့ရဘူး။ အဲဒီလိုအခြေအနေမှာ စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတာတွေ ရှိခဲ့တယ်။ အဲဒါတွေကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နှောင့်နှေးကြန့်ကြာစေတဲ့ အကြောင်းအရာတချို့ပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်သွားတယ်။ ဆွေးနွေးပွဲတွေ ရှိခဲ့တယ်။ အဓိကပြောချင်တာက ဆွေးနွေးပွဲတွေကို သေသေချာချာ စနစ်တကျ တကယ့်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မယ့် EAO တွေရဲ့ သဘောထားတွေကို အမှန်တကယ် တိတိကျကျပြောနိုင်တဲ့ အနေအထား၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အခင်းအ ကျင်းမျိုးပဲ ဖြစ်သင့်ပါတယ်။ အဲဒီလိုမျိုးလိုရာ ခရီးကိုရောက်အောင် အမှန်တကယ်သွားဖို့ လိုတယ်လို့ မြင်ပါတယ်။ အားလုံးက တိုင်းပြည်အပေါ်မှာ စေတနာထားကြဖို့ အရမ်းလိုအပ်ပါတယ်။

 

TREND ။            ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေက ဘယ်လိုပုံစံဖြစ်သင့်လဲ။

DSMYZL။            ။ အမျိုးသားအဆင့် နိုင်ငံရေးဆွေး နွေးပွဲတွေဆိုတာက တိုင်းနဲ့ပြည်နယ်အလိုက်လည်း ဆွေးနွေးရမယ်။ နိုင်ငံတော်အဆင့်မှာလည်း ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ရမယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာက ငြိမ်းချမ်းရေးအတွ အက်ထောက်အပံ့ ဖြစ်စေပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်မယ်ဆိုရင် ဘယ်လိုပုံစံ တည်ဆောက်မလဲ ဆိုတာက တိုင်းနဲ့ပြည်နယ်တွေထဲမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ EAO တွေအားလုံးက ဆွေးနွေးနိုင်ကြလိမ့် မယ်။ ဗဟိုမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲတွေမှာ လူမျိုးတိုင်း လူမျိုးတိုင်းကနေ တိကျပြတ်သားတဲ့ ဆွေးနွေးချက်တွေ ရလာနိုင်တယ်။ ဒါကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက လိုအပ်တယ်လို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးအကြောင်းကို၊ ပြည်နယ်တစ်ခုအကြောင်းကို ဆွေးနွေးတဲ့အခါ၊ ဆုံးဖြတ်တဲ့အခါ တစ်ဦးတည်း စဉ်းစားနေလို့မရဘူး။ တစ်ဦးတည်းထင်တာကို အားလုံးကောက် ပြောနေလို့ မရဘူး။ ရလာတဲ့ ရလဒ်ဟာ တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ အဖြေတွေ ဖြစ်ဖို့လိုပါတယ်။ အဲဒါကိုပဲ ပြည်ထောင်စုညီလာခံတွေမှာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေတွေကတော့ မရခဲ့ဘူး။ ပြည်ထောင်စု ညီလာခံတွေဆိုရင်လည်း ထိရောက်တဲ့အနေအထားက အားနည်းခဲ့တယ်။ အဲဒါကြောင့်မို့လို့ လာမယ့်အစိုးရသစ်လက်ထက်မှာမျှော် လင့်ပါတယ်။ အချိန်တိုအတွင်းမှာ ပြတ်ပြတ်သားသား ဆွေးနွေးပြီးတော့မှ ဖက်ဒရယ်နိုင်ငံကို တကယ်ကို ရုပ်လုံးဖော်နိုင်တဲ့ အနေအထား တစ်ခုခု ဖြစ်လာဖို့ အရေးကြီးပါတယ်။ ဒါကြောင့် NCA-EAOs တွေနဲ့ ဦးစွာ ဆွေးနွေးသင့်တယ်။ ပြီးရင် သူတို့တစ် တွေကနေ ထွက်ပေါ်လာတဲ့ အခြေအနေတွေအပေါ်မှာ မူတည်ပြီးတော့ တခြားအဖွဲ့အစည်းတွေကို ဖိတ်ခေါ်ပြီးတော့မှ ဆွေးနွေးတဲ့အခါ ပိုပြီးတော့ ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးကို မြင်လာမယ်လို့ ထင်ပါတယ်။

            "ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အစိုးရသစ်အတွက် အဓိက  စိန်ခေါ်မှုက ဘာဖြစ်မလဲ။ အဓိကကတော့ တိုက်ပွဲတွေမရှိဖို့ လိုအပ်တာပေါ့။ နယ်စပ်တွေဒေသတွေမှာ တိုက်ပွဲတွေ မရှိဖို့ လိုအပ်တယ်။ လက်နက်ကိုင်ချုပ်ငြိမ်းရေးက တိုင်းပြည်အတွက် အရေးကြီးပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုခုမှာ ပြဿနာတစ်ခုခု ဖြစ်လာပြီဆိုရင် အဓိကကတော့ နိုင်ငံတော်အစိုးရကနေ ဦးဆောင်ဦးရွက်ပြုပြီး ဖြေရှင်း ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရက၊ တက်လာတဲ့အစိုးရက တိုင်းပြည်အပေါ် စိတ်ကောင်းစေတနာထားပြီး ကြိုးပမ်းလုပ်ဆောင်ပေးမယ်ဆိုရင် တိုင်းပြည်က ငြိမ်းချမ်းရေး ရလာမှာပါ။ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းဖို့ လုပ်နည်းလုပ်ဟန်တွေကို ဘယ်လိုပြင်ဆင်ပြီးတော့ လုပ်လာမလဲဆိုတာက အာဏာရလာတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။ မျှော်လင့်ချက်တော့ ရှိပါတယ်။ မျှော်လင့်ချက်က ဘာလဲဆိုရင် အခုလက်ရှိ ယာယီသမ္မတကြီးက ငြိမ်းချမ်းရေးအ တွက် တံခါးဖွင့်ထားပေးတယ်။ တိုင်းပြည်ငြိမ်းချမ်းဖို့ အမြဲပြောပါတယ်။ ရှေ့ကိုတိုးပြီး ကြိုးစားလုပ်ဆောင် လိမ့်မယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်က အများကြီး ထိခိုက်နစ်နာခဲ့တာတွေကို အားလုံး ကလည်း သိထားကြပြီးသား။ အဲဒီနစ်နာမှုတွေကို အပြောင်းအလဲနဲ့ ကုစားနိုင်အောင် အစိုးရသစ်က စွမ်းဆောင်ပေးမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ လက်နက်ကိုင်ချုပ်ငြိမ်းရေးက တိုင်းပြည်အတွက် အရေး ကြီးပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုခုမှာ ပြဿနာတစ်ခုခုဖြစ် လာပြီဆိုရင် အဓိကကတော့ နိုင်ငံတော် အစိုးရကနေ ဦးဆောင်ဦးရွက်ပြုပြီး ဖြေရှင်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရက၊ တက်လာတဲ့အစိုးရက တိုင်းပြည်အပေါ် စိတ်ကောင်း စေတနာထားပြီး ကြိုးပမ်းလုပ်ဆောင်ပေးမယ်ဆိုရင် တိုင်းပြည်က ငြိမ်းချမ်းရေး ရလာမှာပါ။ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့၊ ငြိမ်းချမ်းဖို့ လုပ်နည်းလုပ် ဟန်တွေကို ဘယ်လိုပြင်ဆင်ပြီးတော့ လုပ်လာမလဲဆိုတာက အာဏာရလာတဲ့ ပုဂ္ဂိုလ်တွေအပေါ်မှာ အများကြီး မူတည်ပါတယ်။

TREND ။            ။ အပစ်ရပ် 7 EAO Alliance မဟာမိတ်အဖွဲ့ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေလေးတွေကို ပြောပြပါဦး။

DSMYZL။          ။ အခုလောလောဆယ်မှာတော့  ပေါ်ပေါက်လာမယ့် အစိုးရသစ်တစ်ရပ် အခြေအနေတွေကို စောင့်ကြည့်ပြီးတော့ အနာဂတ်အစီအစဉ်တွေကိုချမှတ်ဖို့ စဉ်းစားဆုံးဖြတ်ထားတာ ရှိပါတယ်။ အဓိကကတော့ ရွေးကောက်ပွဲ မတိုင်ခင်ကာလကလည်း ရွေးကောက်ပွဲ ဘယ်လိုဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ခဲ့ကြတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ပြောင်းလဲရေးအတွက် လုပ်တာဖြစ်တယ်၊ လုပ်ရလိမ့် မယ်ဆိုတာကို အားလုံး အကောင်းဘက်က မြင်ကြပါတယ်။ ပြီးရင် အစိုးရသစ်ကလည်း ဘယ်လိုပုံစံမျိုးနဲ့ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ဖို့ စဉ်းစားထားပါတယ်။ အနာဂတ်မှာဆိုရင် တက်လာမယ့် အစိုးရသစ်သည် ဘယ်လိုရည်မှန်းချက်တွေနဲ့ နိုင်ငံငြိမ်းချမ်းအောင် လုပ်ပြီးတော့မှ အနာဂတ်မှာ တည်ဆောက်မယ့် ဖက်ဒရယ်နိုင်ငံတစ်ခုခုကို ဘယ်လိုပုံဖော်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်ဆိုတာမျိုး စဉ်းစားဆုံးဖြတ်ထားကြတာပါ။ လက်ရှိကတော့ EAO တိုင်း၊ အဖွဲ့အစည်းတိုင်းကတော့ ကိုယ့်အဖွဲ့အစည်းရဲ့ တိုးတက်ရာတိုးတက်ကြောင်းတွေကို ကိုယ့်နေရာဒေသတွေမှာတော့ လုပ်နေကြပါတယ်။

TREND ။            ။ အရင်အစိုးရ လက်ထက်တွေက ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေထဲက သင်ခန်းစာယူစရာက ဘာဖြစ်မလဲ၊ အစိုးရသစ်ရဲ့ ငြိမ်ချမ်းရေးအလားအလာကို ဘယ်လိုသုံးသပ်ချင်လဲ။

DSMYZL။            ။ အစိုးရသစ်တစ်ရပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေက အရေးကြီးပါတယ်။ NLD အစိုးရတက်လာတဲ့အခါမှာ ငြိမ်းချမ်းရေးကို သွားနေတဲ့ Key Player တွေ အပြောင်းအလဲ ဖြစ်သွားတယ်။ ဥပမာဆိုရင် ဦးသိန်းစိန် လက်ထက်မှာဆိုရင် ဝန်ကြီးဦးအောင်မင်းက ဦးဆောင်ခဲ့တယ်။ NLD လက်ထက်မှာကျတော့ ဒေါက်တာ တင်မျိုးဝင်းတို့၊ ဦကျော်တင့်ဆွေတို့ကို ဦး ဆောင်စေခဲ့တယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်တွေက ငြိမ်းချမ်းရေးကို ဆွေးနွေးလာခဲ့တဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘူး။ နောက်ပိုင်းမှာတော့ Key Player တွေအဖြစ် ကိုဇော်ဌေးက ဦးဆောင်လာတယ်။ နှစ်နှစ်လောက်ကို အချိန် နှောင်းသွားတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုရင် ကွင်းဆက်ပြတ်သွားသလို ဖြစ်ပြီးတော့မှ အသစ်တက်လာတဲ့ ပုဂ္ဂိုလ်တွေက ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို  Study လုပ်ရတယ်။ အဲဒီအနေအထားမှာ လစ်ဟာမှုဖြစ်ခဲ့တာတွေ အများကြီးရှိခဲ့တယ်။ ဒါက Key Player တွေ အပြောင်းအလဲကြောင့်ပေါ့။ Key Player အပြင် အဲဒီအထဲမှာ ပါဝင်ခဲ့တဲ့ Team Leader တွေကလည်း အစိုးရတစ်ရပ်နဲ့ တစ်ရပ်ကြားမှာ တော်တော်ကို အပြောင်းအလဲဖြစ်သွားတာ။ အဲဒါက တော်တော်အခက် အခဲဖြစ်ခဲ့တယ်။ အဲဒီတုန်းက အာဏာရပါတီ ခေါင်းဆောင်က UPDJC မှာ ပါလာတယ်ဆိုရင် တစ်ဖက်က အဖွဲ့အစည်းတွေက Decision Making ကို ချက်ချင်းလုပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာ။ ဒါပေမဲ့ အဲဒီလို ဘယ်လောက်ပဲ မျှော်လင့်ခဲ့ကြပေမယ့်လို့ နောက်ပိုင်းမှာ သူက Decision ကို တိုက်ရိုက်ချနိုင်တဲ့ အနေအထား တအား အားနည်းခဲ့တယ်။ နောက်ပိုင်းမှာတော့ သူက တာဝန်မယူတော့ဘူး၊ UPDJC မှာ ကိုဇော်ဌေးကပဲ အဓိက ဦးဆောင်လာခဲ့တယ် ပေါ့။ ပြီးတော့ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြတဲ့ အခြေအနေမှာ စကားလုံးတစ်လုံးလေးနဲ့ နှောင့်နှေးခဲ့တာတွေရှိတယ်။ ဟိုဘက်ကအမြင်နဲ့၊ ဒီဘက်ကအမြင်နဲ့မတူတာ။ အဲဒါမျိုးတွေ အများကြီး ဖြစ်ခဲ့တယ်။ ဒါကြောင့်မို့လို့ အချိန်တိုအတွင်းမှာ ခဏလေး ဆွေးနွေးပြီးတော့မှ ခဏလေး ပြန်သွား လိုက်ဆိုတဲ့ ဆွေးနွေးမှုမျိုးထက် ရေရှည်ဆွေးနွေးဖို့လိုအပ်တယ်လို့ မြင်တယ်။ ခဏလေး ဆွေးနွေးလိုက်၊ လေး၊ ငါး၊ ခြောက်လလောက် ကြာလိုက်ဆိုတာမျိုးတွေ ရှိခဲ့တော့ အချိန်ကို ဂရုစိုက်ပြီးတော့မှ ဆွေးနွေးကြတဲ့ Key Player တွေအားလုံး စုံစုံညီညီထိုင်ပြီး ဆွေးနွေးကြတဲ့ အခင်းအကျင်းမျိုး ဖြစ်သင့်တယ်။ ဒါကြောင့် လာမယ့်အစိုးရသစ်လက်ထက်မှာက တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးအတွေ့ အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ နေရာပြန်ရလာလိမ့်မယ်လို့ မြင်တယ်။ Key Player တွေ နေရာပြန်ရလာတာမျိုးလည်း ဖြစ်သင့်တယ်။ သမ္မတ ဦးသိန်းစိန်လက်ထက်က ငြိမ်းချမ်းရေးအတွေ့အကြုံရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေက ဝိုင်းဝန်း ဆွေးနွေးလာကြမယ်ဆိုရင်လည်း ငြိမ်းချမ်းရေးရှေ့ခရီးရောက်ဖို့အတွက် အထောက် အကူဖြစ်စေ မယ်လို့ မြင်တယ်။ ပြီးတော့ EAO တွေဘက်က စဉ်းစားထားတာတွေ ရှိတယ်။ အဓိကကတော့ ယန္တရားတွေ ပြန်ပြီး ဖော်ထုတ်ဖို့ပေါ့။ ဥပမာ အစိုးရဘက်မှာဆိုရင်လည်း ဗဟိုကနေ ငြိမ်းချမ်းရေးအဖွဲ့နဲ့ အောက်ကနေ ပြီးတော့မှ ဝန်ကြီးဦးအောင်မင်းတို့ လုပ်ခဲ့တဲ့ UPCC နဲ့ UPWC ဆိုတာမျိုး ရှိခဲ့တယ်။ ဒီဘက်မှာ ဆိုရင်လည်း၊ EAO တွေ ဘက်မှာဆိုရင်လည်း Senior Delegation ဆိုတာရှိတယ်။ NCCT ဆိုတာရှိတယ်။ NCA လက်မှတ် ရေးထိုးပြီး နောက်မှာဆိုရင် UPDJC တို့၊ JMC တို့ အဲဒီလိုမျိုး ပေါ်လာခဲ့တာရှိတယ်။ အဲဒီလို ယန္တရားမျိုးတွေ၊ အဲဒီလိုပုံစံမျိုးတွေကိုတော့ အသစ်တက်လာမယ့် နိုင်ငံတော်ရဲ့ အကြီးအကဲက ပုံဖော်လာလိမ့်မယ်လို့ မြင်တယ်။ EAO တွေဘက်က စဉ်းစားထားတာက တော့ Mechanism (ယန္တရား)တော့ ရှိသင့်တယ်ဆိုတာကို စဉ်း စားထားတာရှိတယ်။

TREND ။            ။ အစိုးရသစ်တစ်ရပ် တက်လာပြီဆိုရင် ရက် ၁၀၀ စီမံကိန်းဆိုပြီး စီမံချက်ချ အကောင်အထည် ဆောင်ရွက်ခဲ့တာရှိတယ်။ လူထုသိသာထင်ရှားတဲ့ အပြောင်းအလဲဖြစ်ဖို့ အစိုးရသစ်ရဲ့ ရက် ၁၀၀ မှာ ဘယ်ကဏ္ဍတွေကို အကောင်အထည်ဖော်ပေးသင့်လဲ။ဖြည့်စွက်ပြောကြားပေးပါဦး။

DSMYZL။           ။ အဓိကကတော့ အစိုးရသစ်တစ်ရပ်က တိုင်းပြည် ငြိမ်းချမ်းသာယာဖို့အရေးကို ဦးစားပေးစဉ်းစားမယ်ဆိုရင် ပြည်သူတွေ ဝမ်းဝဖို့အရေးကို အရင်ဆုံး စဉ်းစားသင့်တယ်။ ကုန်စည်စီးဆင်းမှုတွေက မြန်မာနိုင်ငံမှာ အရင်လို မရှိတော့ဘူး။ အဲဒီလို ပုံစံမျိုးတွေဖြစ်နေတော့ လူတွေက ဝမ်းမဝကြဘူး။ အဲဒါကို အရင်ဆုံး ဖြည့်ဆည်းပေးဖို့ လိုတယ်။ နောက်တစ်ချက်ကတော့ တိုင်းပြည်ငြိမ်းချမ်းဖို့လိုပါတယ်။ ပြည်သူတွေကတအားကို စိတ်ပင်ပန်းနေကြတယ်၊ ပူလောင်နေကြတာတွေရှိတယ်။ သေကျေပျက်စီးနေ ကြရတာတွေ ရှိတယ်။ အဲဒါကြောင့် ငြိမ်းချမ်းဖို့အရေးကို ပြည်သူတွေကတောင့် တနေကြပြီ။ ဒါကို အစိုးရကလည်း သတိပြုမိမယ်လို့ မြင်ပါတယ်။ ဝမ်းဝဖို့အရေးနဲ့ ငြိမ်းချမ်းဖို့အရေးပါ။ အဓိကကတော့ ပြည်သူ တွေ ငိုသံတိတ်ဖို့ပါ။ ဝမ်းဝတယ်ဆိုရင်လည်း လိုလားတောင့်တမှုကို ဖြည့်ဆည်းပေးရာ တစ်ခုပေါ့။ ငြိမ်းသွားတယ်ဆိုရင်လည်း ငြိမ်းဖို့ပြောတာတစ်ခုပေါ့။ ဒါကြောင့် ဒီနှစ်ချက်ကို အဓိကစဉ်းစားသင့်တယ်။ စဉ်းစားပေးလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ပြီးတော့ ဒါတွေက လူတိုင်းလည်း စဉ်းစားရမယ့်အချက် လို့ မြင်ပါတယ်။

TREND   ။           ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

(ညီသစ်)

(TREND News ဂျာနယ်အတွဲ (၅) ၊ အမှတ် ( ၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန် လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 24

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60660

© 2022 - 2026 News. All Rights Reserved.