စိန်ခေါ်မှုများကြားမှ ပြည်သူ့ဆန္ဒ ထင်ဟပ်မှုနှင့် အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့သော အထွေထွေရွေးကောက်ပွဲ

၂၀၂၆ ၊ ဇန်နဝါရီ ၃၀

    ပြည်တွင်းပြည်ပ နိုင်ငံတကာ အသီးသီးကနေ ဂရုတစိုက် အသေးစိတ် စောင့်ကြည့်နေခဲ့ကြတဲ့ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး တစ်ရပ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်မှာ အောင်အောင်မြင်မြင်ပဲ ပြီးဆုံးလို့သွားခဲ့ပါပြီ။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲမှာ ကြုံတွေ့ခဲ့ကြရတဲ့ မဲမသမာမှုတွေ၊ ရည်ရွယ်ချက်ရှိရှိ မဲစာရင်းမှားယွင်းမှုတွေအပေါ် တခြားပါတီအင်အားစုတွေရဲ့ တိုင်တန်းချက်တွေအပြင် တပ်မတော်ရဲ့ ဥပဒေနည်းလမ်းတကျ တောင်းဆိုမှုတွေအပေါ် လျစ်လျူရှုခဲ့ရာကနေ အတင်းအဓမ္မ အာဏာရယူဖို့အထိ ကြိုးစားခဲ့ကြတဲ့ NLD ပါတီရဲ့ လုပ်ဆောင်ချက်တွေကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူခဲ့ရတဲ့ တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့အစိုးရလက်ထက်က ပေါ် ပေါက်ခဲ့တဲ့ ပြဿနာတွေကို အသေးစိတ် သင်ခန်းစာရ ယူပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲကို အပိုင်းသုံးပိုင်း နဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင်တော့ ၂၀၂၁ ဖြစ်စဉ်နောက်ပိုင်း ငါးနှစ်တာကာလအတွင်း တာဝန် ယူခဲ့ရတဲ့ တပ်မတော်အစိုးရရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ရွေးကောက်ပွဲတစ်ရပ်ကို အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ပြီးတဲ့နောက် အဆုံးသတ်လုပ်ငန်းတာဝန်အနေနဲ့ ရွေးကောက်ခံအစိုးရကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်ဖို့အတွက်သာ ကျန်ရှိတော့တာလည်း ဖြစ်ပါတယ်။ 
    ပြည်သူ့ဆန္ဒနဲ့အညီ၊ ပြည်သူတစ်ရပ်လုံးက တောင်းဆိုထားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက် လက်ရှိ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ခု ပီပီပြင်ပြင် ပုံဖော်နိုင်ဖို့အ တွက် အဓိကအခြေခံကျတဲ့ လုပ်ငန်းစဉ်တစ်ခုလို့ ဆိုရင်လည်း မမှားပြန်ဘူး။ ရွေးကောက်ပွဲတစ်ရပ်ရှိမှသာ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေကို အကောင်အထည် ဖော်ပေးနိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ခွင့်ရမှာ ဖြစ်သလို ရွေးကောက်ပွဲဆိုတဲ့ လုပ်ငန်းစဉ်ကသာလျှင် ပြည်သူတွေရဲ့ လူနေမှုဘဝပုံစံ မြင့်မားတိုးတက်ဖို့နဲ့ အနာဂတ် မြန်မာ့နိုင်ငံ ရေးလမ်းကြောင်း ရွေးချယ်လျှောက်လှမ်းဖို့ဆိုတဲ့နေရာမှာ လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်စေနိုင်တဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်နေပြန်ပါ သေးတယ်။ ဆို လိုတာကတော့ ရွေးကောက်ပွဲတစ်ခုဟာ ပြည်သူလူထုရဲ့ ထောက်ခံမဲပေးခြင်းဆိုတဲ့ ဆန္ဒနဲ့အတူ ပြည်သူရွေးချယ်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာစေသလို ရွေးကောက်ပွဲတစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းဟာလည်း နိုင်ငံရဲ့ အချုပ်အခြာအာဏာ မူလပိုင်ရှင်ဖြစ်တဲ့ နိုင်ငံသားနဲ့ ပြည်သူတွေလက်ထဲကို အခွင့်အာဏာ ပြန် လည်ပေးအပ်နိုင်ခြင်း တစ်ခုလို့သာ ညွှန်းဆိုရမှာလည်း ဖြစ်ပါတယ်။ 
    တကယ်တော့ ဒီလိုမျိုး ပြည်သူ့အာဏာ၊ ပြည်သူ့ဆီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ဖို့ဆိုတဲ့ လုပ်ငန်းစဉ်ဟာ တာဝန်ယူခဲ့ရတဲ့ ကြားကာလ အစိုးရအတွက်တော့ လွယ်ကူလွန်းနေခဲ့တာတော့ မဟုတ်ပါဘူး။ ဒီငါးနှစ်တာ ဆိုတဲ့ကာလမှာ မူလပြဿနာဖြစ်တဲ့ မဲစာရင်းအမှားတွေကို စနစ်တကျ မှန်ကန်မှု ရှိစေဖို့၊ အိမ်အကြောင်းအရာနဲ့ သန်းခေါင်စာရင်းတွေကိုလည်း အချိန်ကိုက် ကောက်ယူကြိုးပမ်းခဲ့ရသလို ပန်းခင်းလမ်း စီမံချက်တွေနဲ့လည်း ဘက်စုံ၊ ကဏ္ဍစုံကနေ လစ်ဟာပျက်ကွက်မှု မရှိအောင် ဟန်ချက်ညီညီ ကြိုးပမ်းခဲ့ရတာလည်း တွေ့ရပါလိမ့်မယ်။ ဒီလိုလုပ်ငန်းစဉ်တွေ ဆောင်ရွက်နေတဲ့ကာလမှာပဲ အချုပ်အခြာအာဏာ ထိခိုက်မှုရှိစေနိုင်တဲ့အထိ ပြင်းထန်လွန်းတဲ့ ရှမ်းမြောက်ကျူးကျော်စစ်ကို ရင်ဆိုင်ခဲ့ရသလို တစ်ဖက်မှာလည်း နိုင်ငံရေးအရ အမြင်ကွဲပြားမှုတွေကို လက်နက်ကိုင်ပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်လာမှု၊ နိုင်ငံ တကာ ဖြတ်ကျော်ရာဇဝတ်မှုဖြစ်တဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေအပြင် မြန်မာနိုင်ငံမှာ သမိုင်းစဉ်တစ်လျှောက် အကြီးမားဆုံး ဖမ်း ဆီးရမိခဲ့တဲ့ အကြမ်းဖက် မူးယစ်ဆေးဝါး ထုတ်လုပ်မှု လုပ်ငန်းတွေကိုလည်း အမျိုးသားရေး လုပ်ငန်းစဉ်တစ်ခုအဖြစ်နဲ့ တစ်ပြိုင်နက်တည်း ပြတ်ပြတ်သားသား၊ ထိထိရောက်ရောက်တိုက်ဖျက်နေခဲ့ချိန်လည်း ဖြစ်ပါတယ်။
    တည်ဆဲကြားကာလအစိုးရရဲ့ ရွေးကောက်ပွဲကျင်းပမှု လုပ်ငန်းစဉ်အောင်မြင်မှု မရှိလေအောင် အမျိုးသားညီညွတ်ရေးအစိုးရလို့ခေါ်တဲ့ အကြမ်းဖက် NUG လက်အောက်ခံ  PDF တွေရဲ့ လုံခြုံရေးဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်မှု၊ အပြစ်မဲ့ပြည်သူတွေကို မဲလာမပေးရဲ အောင် ခြိမ်းခြောက်တိုက်ခိုက်မှုနဲ့ ရှမ်းမြောက်ကျူးကျော်စစ်ကြောင့် နယ်မြေတချို့ လက်လွတ်ဆုံးရှုံးနေရ ချိန်မျိုးမှာ လုံခြုံရေးဆိုင်ရာ အခက်အခဲ၊ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာတွေကြောင့် မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကို မြို့နယ် ၃၃၀ လုံးမှာ တင်းပြည့်၊ ကျပ်ပြည့် ကျင်းပနိုင်ခဲ့ခြင်းတော့ မရှိဘူးဆိုပေမယ့် ၂၆၃ မြို့နယ်အထိ ကျင်းပနိုင်ခဲ့တာကလည်း အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်လို့ ရတဲ့အခြေအနေလို့ ဆိုကြရမှာ ဖြစ်ပါတယ်။ အပေါ်ကဆိုခဲ့သလို လုံခြုံရေးနဲ့ စီမံခန့်ခွဲမှုတွေကို နိုင်နိုင်နင်းနင်း ဖြေရှင်းနိုင်ဖို့ အထွေထွေရွေး ကောက်ပွဲ အပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)ကို ၂၀၂၆ ခုနစ် ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် ၆၁ မြို့နယ်ဆိုပြီး အသီးသီးကျင်းပခဲ့တာ ဖြစ်ပါတယ်။ 
    အစိုးရအနေနဲ့ ရွေး‌ကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ဖို့အပြင် မဲဆန္ဒရှင်ပြည်သူတွေ ရဲ့လုံခြုံရေးနဲ့ နိုင်ငံရေးပါတီ ကိုယ်စား လှယ်တွေရဲ့ လုံခြုံရေးကို အပြည့်အ၀ အကာအကွယ်ပေးနိုင်ဖို့အတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးရေးမှ အကာအကွယ်ပေးရေးဆိုတဲ့ ဥပဒေကိုလည်း ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်ကတည်းက ကြိုတင်ထုတ်ပြန်ခဲ့တာလည်း တွေ့ကြရမှာပါ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီရွေးကောက်ပွဲကို နိုင်ငံတကာက မထောက်ခံစေဖို့၊ လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိကြောင်း ပေါ်ပေါက်စေဖို့၊ ပြည်သူတွေကို အေးချမ်းစွာ မဲမပေးနိုင်စေဖို့အတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းတက်ရောက်တဲ့ ဆရာ၊ ဆရာမတွေကို ခြိမ်းခြောက်ဖမ်းဆီးတာမျိုး၊ ရွေးကောက်ပွဲကာလမှာ လက်လုပ်ရှော့ခ်တိုက်ဒုံးတွေနဲ့ ပစ်ခတ်နှောင့်ယှက်တာမျိုး၊ အသံမိုင်း၊ ဒရုန်း၊ Fixed Wing တွေနဲ့ ပစ်ခတ်တာမျိုး၊ ပြည်သူတွေ ဆန္ဒမဲမပေးရဲအောင် လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ခြိမ်းခြောက်သတင်းတွေနဲ့ လုပ်ကြံရေးသား ဖြန့်ဝေတာမျိုး စသဖြင့် လုပ်ဆောင်ခဲ့ကြတာကလည်း အများအပြားပါပဲ။ ဥပမာ- ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပ ခဲ့ချိန်မှာ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းကို လက်လုပ် အသံမိုင်းနဲ့ တိုက်ခိုက်ခဲ့ တာမျိုး၊ လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်နဲ့ မင်္ဂလာရပ်ကွက်ကို ၁၀၇ မမ လက်လုပ်ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ခဲ့တာမျိုး၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့က မဲရုံ အမှတ် (၂)ကို Drop Bomb ချတိုက်ခိုက်ခဲ့သလို မန္တလေးအောင်မြေသာဇံမြို့နယ်၊ မြင်းခြံမြို့ ထွေ/အုပ်ရုံးနဲ့ ညောင်ဦး မြို့နယ် မဲရုံအမှတ်(၆၄) အခြေခံပညာမူလ တန်းကျောင်းကို လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာ တွေ့မြင်ကြရမှာပါ။ အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်စာရင်း ဇယားအရတော့ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) မှာ  မြို့နယ် ၁၃ မြို့အထိ အကြမ်းဖက်အဖွဲ့အစည်း တွေရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံခဲ့ကြရပါတယ်။
    ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) မှာလည်း ကယားပြည်နယ် ဖရူဆိုမြို့၊ တနင်္သာ ရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်ထဲက ကမ်းကြီးအုပ်စု၊ မကွေးတိုင်းဒေသကြီးထဲက ဂန့်ဂေါမြို့၊ ဆိပ်ဖြူမြို့၊ စလင်းမြို့နဲ့ ကံမမြို့တွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့သလို စစ်ကိုင်း တိုင်းဒေသကြီးထဲက ချောင်းဦးမြို့၊ ဘုတလင်မြို့နဲ့ မြင်းမူမြို့၊ ပဲခူးတိုင်းဒေသကြီးထဲက ထန်းတပင်မြို့တွေကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တွေက Drop Bomb ချ တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြပြန်ပါသေးတယ်။ ဝမ်းနည်းစရာကောင်းတာက အပိုင်း(၂) ရွေးကောက်ပွဲကာလအတွင်းမှာ နိုင်ငံ့ဝန်ထမ်းနှစ်ဦး သေဆုံးခဲ့သလို အပြစ်မဲ့အရပ်သားနှစ်ဦး ထိခိုက်သေဆုံးခဲ့ရတာပါပဲ။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) မှာလည်း ကချင်ပြည်နယ်ထဲက ဖားကန့်မြို့၊ တနင်္သာရီတိုင်းဒေသ ကြီးထဲက လောင်းလုံ မြို့မရဲစခန်း၊ မန္တလေးတိုင်းဒေသကြီးထဲက တောင်သာမြို့နယ် ရုံစည်ကြီးကျေးရွာ၊ ပဲခူးတိုင်းဒေသကြီးထဲက ဖြူးမြို့နယ်၊ ညောင်ပင်သာ၊ ကျောက်တံခါး၊ ညောင်ခြေထောက်နဲ့ ရေတာ ရှည်မြို့နယ်တွေမှာ အကြမ်းဖက်လုပ်ငန်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို လုပ်ဆောင်ခဲ့ကြတာ တွေ့ရမှာ ပါ။ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) မှာ မြို့နယ် ၁၀ မြို့နယ်နဲ့ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃)မှာတော့ မြို့နယ်(၁၁)မြို့နယ် အကြမ်း ဖက်တိုက်ခိုက်မှုတွေ ခံခဲ့ကြရတာ ဖြစ်ပါတယ်။ 
    တစ်ဖက်အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထိခိုက်ပျက်ပြားစေဖို့အတွက် ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကျင်းပစဉ်ကာ လတွေမှာဘယ်လိုပဲ ခြိမ်းခြောက်သတ်ဖြတ်မှု၊ အကြမ်းဖက်မှုတွေ လုပ်နေပါစေ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲကိုတော့ ပျက်ပြားအောင် တားဆီးနိုင်ခြင်း မရှိခဲ့ကြပါဘူး။ လက်နက်ကိုင်ဆောင်ပြီး အကြမ်းဖက်လုပ်ငန်းတွေ ဆောင်ရွက်ခြင်းကြောင့် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးဖြစ်စဉ်ကို မဖန်တီးနိုင်ဘူးဆိုတာကို သိရှိနားလည်ထားတဲ့ ပြည်သူတွေအတွက်ကတော့ အနှောင့်အယှက်၊ အတားအဆီး၊ အခက်အခဲ ပေါင်းများစွာကနေ အစိုးရနဲ့ အတူ ရပ်တည်ပြီး ရွေးကောက်ပွဲကို အောင်မြင်ဖြစ်မြောက်စေဖို့ ကြိုးပမ်းခဲ့ကြတာလည်း ဝမ်းမြောက်ဂုဏ်ယူစရာ အခြေအနေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်းဆန္ဒမဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် ၂၄ ဒသမ ၂၂ သန်းရှိတဲ့ အခြေအနေမှာ စုစုပေါင်း ၁၃ ဒသမ ၁၄ သန်းအထိ ဆန္ဒမဲလာပေးခဲ့ကြသလို ရာခိုင်နှုန်းအားဖြင့်ဆိုရင်လည်း ၅၅ ရာခိုင်နှုန်းနီးပါးအထိ ရှိခဲ့တာဖြစ်လို့ လက်ခံနိုင်တဲ့ပမာဏထဲမှာ ရှိတယ်လို့ပဲ သုံးသပ်ရမှာပါ။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာမှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုဆိုတဲ့ အပိုင်းမှာလည်း အထွေထွေရွေးကောက်ပွဲ အပိုင်းသုံးပိုင်းလုံးကာလမှာ နိုင်ငံတကာက စောင့်ကြည့်သူတွေအဖြစ် နိုင်ငံပေါင်း ၁၀ နိုင်ငံ၊ အဖွဲ့အစည်းနှစ်ခုနဲ့ ပြည်တွင်းသံရုံး ကိုယ်စားလှယ်တွေက ကြည့်ရှုလေ့လာခဲ့ကြတာကိုလည်း တွေ့မြင်ကြရမှာပါ။ သတင်းမီဒီယာအပိုင်းမှာလည်း ပြည်ပမီ၄၁ ခုနဲ့ သတင်းသမား ၁၃၅ ဦး တဒီယာအနေနဲ့ အပိုင်း(၁) မှာ မီဒီယာ ၆၁ ခု၊ သတင်းသမား ၂၁၅ ဦး၊ အပိုင်း(၂)မှာ မီဒီယာ ၃၅ ခု၊ သတင်းသမား ၁၀၁ ဦး၊ အပိုင်း(၃)မှာ မီဒီယာ က်ရောက်သတင်းရယူခဲ့သလို ပြည်တွင်းမီဒီယာ ၅၂ ဖွဲ့၊ သတင်းသမား ၁၁၇၇ ဦးအထိ ပွင့်လင်းမြင်သာစွာ သတင်းရယူတင်ဆက်ခဲ့ကြတာ တွေ့နိုင်ပါတယ်။ 
    ရွေးကောက်ပွဲနဲ့ပတ်သက်ရင် အနောက်နိုင်ငံ၊ အထူးသဖြင့် ဥရောပနိုင်ငံတွေ အများစုအနေနဲ့ ရွေးကောက်ပွဲဟာ အတုအယောင်နဲ့ တရားမျှတမှု မရှိကြောင်း ပြောဆိုနေကြပေမယ့် ရုရှား၊ ဘီလာရုဇ်၊ ကာဇက်စတန်အပြင် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယအပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံ တွေထဲက ကမ္ဘောဒီးယား၊ ဗီယမ်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေလည်း စောင့်ကြည့်ကိုယ်စားလှယ်တွေ စေလွှတ်ခဲ့တာရှိသလို ရန်ကုန်အခြေစိုက် သံရုံးတွေထဲက နီပေါ၊ ဘရူနိုင်းနဲ့ ဖိလစ်ပိုင် နိုင်ငံတွေရဲ့ သံ အမတ်ကြီးတွေလည်း လေ့လာခဲ့ကြတာ မျက်မြင်ပဲ ဖြစ်ပါလိမ့်မယ်။ အနောက်နိုင်ငံရဲ့ Agenda အရ မဖြစ် နိုင်တဲ့ အာဆီယံဘုံ သဘောထား ငါးရပ်ကိုင်စွဲထားတဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ အထူး သဖြင့် မလေးရှားတို့ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအပေါ် ဘယ်လိုပဲ သဘောထားရှိနေပါစေ အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်ခုရဲ့ ပြည်သူ့ဆန္ဒအရ ရွေးချယ်တင်မြှောက်တဲ့ ရွေးကောက်ပွဲရလဒ်ကိုတော့ မလွဲမသွေ လက်ခံကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ Hidden Agenda ဆိုတာကလည်း တရုတ်-မြန်မာဆက်ဆံရေးကို ပိုကောင်းသွားမှာ စိုးရိမ်တဲ့အချက်ရယ်၊ NUG နောက်ကွယ်မှာ Backup ပေးထားတဲ့ အနောက်နိုင်ငံတွေ အလိုကျ အာဆီယံက ယိမ်းပေးနေတဲ့ သဘောပါပဲ။ ဒါကြောင့်လည်း လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မနီလာ အစိုးရကိုယ်တိုင် NUG အဖွဲ့တွေကို လက်ခံတွေ့ဆုံပြီး ဒီအဖွဲ့တွေကို နိုင်ငံရေးအရ တန်းဝင်နိုင်စေဖို့ နိုင်ငံရေး ပေါင်းစပ်ညှိနှိုင်းရေး လုပ်နေတဲ့အချက်ကိုလည်း အထင် အရှား မြင်တွေ့နေရပါလိမ့်မယ်။ 
    အချုပ်အနေနဲ့ဆိုရရင်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးဟာ ပြည်တွင်းစိန်ခေါ်မှုများစွာ၊ လုံခြုံရေးအခက် အခဲများနဲ့ နိုင်ငံတကာ ဖိအားများကြားကနေ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရအနေနဲ့ သူ့ရဲ့ အန္တိမရည်မှန်း ချက်တစ်ရပ်ကို အောင်မြင်စွာ ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ဆိုနိုင်သလို ပြည်သူလူထုရဲ့ဆန္ဒကို ထင်ဟပ်စေနိုင်တဲ့ လုပ်ငန်းစဉ် တစ်ရပ်အဖြစ်လည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ မဲဆန္ဒရှင် ၁၃ သန်းကျော် ပါဝင်ဆန္ဒမဲပေးခဲ့တာ၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေနဲ့ မီဒီယာများစွာ တက်ရောက်ခဲ့တာတွေကို အခြေခံလိုက်ရင် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု ရှိခဲ့တယ်ဆိုတာ ငြင်းချက် ထုတ်နိုင်မယ် မထင်ပါဘူး။ ဒါပေမဲ့လည်း မတူညီတဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတကာတွေကြားမှာတော့ ကွဲပြားတဲ့ ဝေဖန်မှုတွေတော့ ရှိကောင်း ရှိနေပါလိမ့်မယ်။ မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အင်အားကြီး တရုတ်နဲ့ ရုရှားတို့ရဲ့ ထောက်ခံမှုနဲ့အတူ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ဟာ မကြာခင် ရက်ပိုင်းအတွင်း အတည်ပြုချက်တစ်ခုတော့ ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီရလဒ်ကို အခြေခံပြီး အနိုင်ရ ပါတီအနေနဲ့လည်း လာမယ့်မတ်လထဲမှာ ပထမ ဆုံးအကြိမ် လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်တစ်ရပ်ကို စတင်ဖွဲ့စည်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။ UN အပါအဝင် အနောက်နိုင်ငံတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တဲ့ NUG ကလည်း ဒီရလဒ်ကို ငြင်းပယ်ဖို့နဲ့ ဆန့်ကျင်ကြောင်း သတင်းတွေ ထုတ်ပြန်လာဦးမယ်လို့ မျှော်လင့်လို့ရသလို မကြာခင်ကျင်းပဖို့ ရှိနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ထိပ်တန်းအဆင့် ဆွေးနွေးရမယ့် ခေါင်းစဉ်တစ်ခုအဖြစ်နဲ့ သေချာပေါက်ရှိနေပါ လိမ့်ဦးမယ်လို့ ယူဆရပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံအချို့အနေနဲ့ ဘယ်လိုပဲ ငြင်းပယ်ဆန့်ကျင်နေကြပါစေ နိုင်ငံတကာ စောင့်ကြည့်ကိုယ်စားလှယ်တွေနဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေကြား တရားမျှတစွာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ပြည်သူ့ဆန္ဒအရ ရွေးချယ်ပေါ်ပေါက်လာတဲ့ ရလဒ်ကိုတော့ မဖြစ်မနေ လေးစားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အနာဂတ် အစိုးရတွေအနေနဲ့ကတော့ ရွေးကောက်ပွဲအပါအဝင် နိုင်ငံတော်အဆင့် လှုပ်ရှားမှုတွေမှာ လူထုပါဝင်မှုမြင့်မား လာစေဖို့အတွက် လက်ရှိပူပူနွေးနွေးကျင်းပပြီးစီးခဲ့တဲ့ လူငယ်ဖိုရမ်လိုမျိုး ပြည်သူပါဝင်မှု မြင့်မားအောင် လက်တွေ့ကျတဲ့ ချဉ်းကပ်မှုမျိုး ပိုမိုအသုံးချနိုင်ဖို့ ကြိုးစား သင့်ပါသေးတယ်။ မဖြစ်မနေ အသိအမှတ်ပြုရမှာ တစ်ခုကတော့ ပြည်သူတွေရဲ့ တာဝန်ကျေပွန်မှုကြားမှာ ဒီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးဆုံးခဲ့တာဟာ တပ်မတော်ဦးဆောင်တဲ့ ကြားကာလ အစိုးရအတွက် အရေးပါတဲ့ မှတ်တိုင်တစ်ခုလို့လည်း သေချာပေါက်သတ်မှတ်ရမှာ ဖြစ်ပါတယ်။ မကြာခင် ကျင်းပလာဖို့ ရှိလာတဲ့ လွှတ်တော်အစည်းအဝေး၊ အစိုးရသစ် ဖွဲ့စည်းရေးနဲ့ နိုင်ငံ တကာ ဆက်ဆံရေး ဖွံ့ဖြိုးမှုတွေပေါ်မှာ အခြေခံပြီး မြန်မာ့နိုင်ငံရေး အနာဂတ်လမ်းကြောင်းက ပိုမိုရှင်းလင်း လာနိုင်လိမ့်မယ်လို့လည်း သုံးသပ်ရပါတယ်။ ခြုံပြောရရင်တော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းမှာ ဒီရွေး ကောက်ပွဲဟာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့သလို နောက်ဆက်တွဲ ကြုံတွေ့လာမယ့် နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုတွေကတော့ ဒီခရီးလမ်းရဲ့ ဦးတည်ရာကို ပိုပြီး အဆုံးအဖြတ် ပေးမယ့် အရာတွေပဲလို့သာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60127

© 2022 - 2026 News. All Rights Reserved.