တိုင်းရင်းသား လက်နက်ကိုင်တွေ လောဘမကြီးကြပါနဲ့

၂၀၂၆ ၊ ဖေဖော်ဝါရီ ၂၈

            ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးအကြီးဆုံးက ဘာလဲ။ ဘယ်လိုအောင်မြင်အောင် တည်ဆောက်ကြမလဲဆိုတာ စဉ်းစားအဖြေရှာကြဖို့ လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အမြင်မတူတာတွေ ရှိကြမှာ မှန်ပေမယ့် ဦးတည်ချက်တူရင် မဖြစ်လာစရာ မရှိပါဘူး။ ဦးတည်ချက်တော့ မှန်ဖို့လိုပါတယ်။ ပြထားတဲ့ ဦးတည်ချက်ကတစ်မျိုး၊ တကယ့်ရည်မှန်းချက်က တစ်ဖုံဆိုရင်တော့ ဖက်ဒရယ်အရေးဟာ သွေးမအေးစရာသာ ဖြစ်လာပါလိမ့်မယ်။ မှန်ကန်စွာရပ်တည်၊ ဖြစ်သင့်တာကို လက်ခံ၊ မဖြစ်နိုင်တာကို စွန့်လွှတ် ဒါမှသာလျှင် ဖက်ဒရယ်အတွက် အနီးစပ်ဆုံးအဖြေကို ရရှိမှာဖြစ်ပါ တယ်။

            ဖက်ဒရယ် ပြည်ထောင်စုအတွက် အရေးအကြီးဆုံးက  ငြိမ်းချမ်းရေးပါ။ ဒီအချိန်မှာ လက်နက်စွန့် စရာမလိုဘဲ ပြောင်းမလှည့်ဖို့သာ လိုပါတယ်။ တွေ့ဆုံကြပါ။ ကြိုက်သလို ငြင်းကြပါ။ ရိုးသားစွာ မိမိဖြစ်ချင်တာကို ပြောကြပါ။ တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းပဲ တွေ့တွေ့၊ စုပေါင်းပြီးပဲတွေ့တွေ့၊ ဘယ်လိုပဲတွေ့တွေ့ တွေ့ဆုံခြင်းက မတွေ့တာထက်စာရင် ပိုအကျိုးရှိမှာပါ။ တူရာစုပြီး ကိုယ်အားသာဖို့ ဝိုင်းဖိအားပေးတာမျိုး မလုပ်ကြဘဲ၊ ကိုယ်ကျိုးအတ္တကို အခြေမခံကြဘဲ ပြည်ထောင်စုအကျိုးကို ရှေးရှုကြရင် တစ်ဆင့် တက်မလာစရာ မရှိပါဘူး။ ယုံကြည်မှုနဲ့ ရင်းနှီးမှု ပိုမို ခိုင်မာလာဖို့လည်း လိုပါတယ်။ ဒီလိုရစေဖို့ကလည်း လိုက်လျောရုံသက်သက်နဲ့ မရပါဘူး။ မှန်ကန်စွာ ရပ်တည်ပြောဆိုနေထိုင်မှု၊ သူ့သဘော ထားကို နားလည် ပေးနိုင်မှု၊ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆက်ဆံမှု စသဖြင့် ထိတွေ့ကူးလူးဆက်ဆံမှု များများ ရှိရမှာ ဖြစ်ပါတယ်။

            လက်ရှိ နိုင်ငံတော်ကို ဦးဆောင်နေတဲ့အစိုးရနဲ့ တပ်မတော်က ရရှိပြီးသား စနစ်ကတစ်ဆင့် သွားလိုတဲ့ သဘောထားကို ခိုင်မာစွာ ဆုပ်ကိုင်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလမ်းကြောင်းအတိုင်း သွားဖို့ကိုလည်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေအသက်ဝင်ပြီး  ၂၀၁၀ ရွေးကောက် ပွဲကတစ်ဆင့် ပေါ်ပေါက်လာ တဲ့အစိုးရ လက်ထက်က အခိုင်အမာ ချမှတ်အကောင်အထည် ဖော်ခဲ့တာပဲဖြစ်ပါတယ်။ သူချမှတ်ထား တဲ့လမ်းက ပထမဆုံး တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပါ။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကတစ်ဆင့် အခြေခံဥပဒေ ပြောင်းလဲပြီး ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်မှာ ဖြစ်ပါတယ်။

            ဒီလမ်းကြောင်း ဘယ်လိုပေါ်လာသလဲဆိုရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အတည်ပြုပြီးနောက် လက်နက်ကိုင်အဖွဲ့တွေကို လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ပြီး နိုင်ငံတော်အတွက် တန်ဖိုးရှိတဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် အသွင်ကူးပြောင်းရာက တစ်ကျော့ပြန် တိုက်ပွဲတွေ ပေါ်လာရာက စခဲ့တာပဲ ဖြစ်ပါတယ်။ Border Guard Force  အဖြစ် ပြောင်းလဲရင်ပြောင်းလဲ၊ မပြောင်းလဲရင် ပြည်သူ့စစ်အဖွဲ့အဖြစ် ရပ်တည်၊ နိုင်ငံတော်က ဒီလိုပုံစံမျိုးနဲ့ ပြောင်းလဲဖို့ ကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကိုလက်မခံဘဲ တချို့က အထူးဒေသအဖြစ် ဆက်လက်နေထိုင်လိုကြတာ၊ တချို့က ပြည်နယ်လူမျိုးစုတပ်မတော်အဖြစ် ရှိချင်ကြတာပဲ ဖြစ်ပါတယ်။

            အခြေခံဥပဒေအရပဲဖြစ်ဖြစ်၊ ဖက်ဒရယ်ပြည်ထောင်စု သဘောသဘာဝအရပဲဖြစ်ဖြစ် နိုင်ငံတော်မှာ တပ်မတော်အပြိုင် ထားလို့မရပါဘူး။ နိုင်ငံတော်က ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်အရေးကို တန်ဖိုးထားတဲ့အတွက် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA လမ်းကြောင်းမှာ မပါပေမယ့်လည်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆောင်ရွက်ပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း 'ဝ' UWSA ဦးဆောင်တဲ့ ကိုးကန့် (MND-AA)၊ မိုင်းလား(NDAA)၊ ကချင် (KIA)၊ ရခိုင် (AA)၊ တအာန်းပလောင် (TNLA)၊ ရှမ်း SSPP/SSA  စတဲ့ လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ ပူးပေါင်း စည်းထားတဲ့ FPNCC ဆိုတာ ပေါ်လာတာပဲ ဖြစ်ပါတယ်။

            ဒီအဖွဲ့တွေနဲ့ နိုင်ငံတော်ကြားက ဆွေးနွေးချက်တွေကို အသေးစိတ်မသိရပေမယ့် ဖက်ဒရယ်တပ်မ တော်ကိုဖွဲ့စည်းဖို့ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နေရာကို အလှည့်ကျ ကိုင်တွယ်မယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ဆွေးနွေး ချက်တွေပါခဲ့တယ်ဆိုတာ ကြားသိရတော့ သူတို့ရဲ့ လိုလားချက်က ဘာလဲ။ ပြေလည်ရေးလား၊ မပြေလည်အောင် အချိန်ဆွဲထားပြီး အခါကောင်း စောင့်နေတာ လားဆိုတာ စဉ်းစားစရာ ဖြစ်ခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲနောက် ပိုင်းမှာ နိုင်ငံတော်ကို ပြဿနာအပေးဆုံးက ဘယ်သူတွေလဲဆိုတာ မျက်မြင်ပဲ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေရဲ့ ဆောင်ရွက်ချက်တွေအရ NCA လက်မှတ်ရေးထိုးထားတဲ့ တချို့အဖွဲ့တွေတောင် လမ်းကြောင်းက သွေဖည် သွားတာတွေ့ရမှာဖြစ်ပါတယ်။

            ဒီအဖွဲ့တွေရဲ့ သဘောထားတွေဟာ တစ်ဖွဲ့ချင်းစီရဲ့ လိုလားချက်တွေ တူချင်မှတူမှာ မှန်ပေမယ့် အခြေခံ ကိုယ်ကျိုးအတ္တနဲ့ သဘော ထားတွေကတော့ အတူတူပဲလို့ ဆိုနိုင်ပါတယ်။ (၆၅) နှစ်ပြည့် ကချင် တော်လှန်ရေးနေ့ အခမ်းအနားမှာ ဂွမ်မော်ရဲ့ ပြောကြားချက်တွေကိုကြည့်ရင် ဒီလူတွေရဲ့ စဉ်းစားဆောင်ရွက်ချက်တွေဟာ ပြည်ထောင်စု အကျိုးအတွက်လား၊ သူတို့အတွက်လားဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာ ဖြစ်ပါတယ်။ သူ့ပြောကြားချက်ကို အခြေခံပြီး FPNCC ရဲ့ သဘောထားကို ခန့်မှန်းလို့ ရစေပါ တယ်။ အတူတူနဲ့ အနူနူချည်းပါပဲ။ NCA လက်မှတ်မထိုးထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းမှာ ပါဝင်နေတာဟာ နောင်လာ မယ့်စစ်ပွဲအတွက် ပြင်ဆင်နေပြီး အချိန်ကောင်းစောင့်နေတယ်ဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရမှာဖြစ်ပါတယ်။

            ဂွမ်မော်ပြောတဲ့ထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အရေးပေါ်အခြေအနေကြေညာပြီး နောက်နေ့မှာ KIO ဗဟိုကော်မတီ အစည်းအ ဝေးလုပ်ကြောင်း၊ ဆက်လုပ်ရမယ့်မူဝါဒတွေ ဆုံးဖြတ်ခဲ့ကြကြောင်း ဆိုထားတာ တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အခွင့်ကောင်းရောက်ပြီ၊ ဘယ်လို ဖျာခင်းမလဲဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ တကယ်လည်း လူငယ်တွေ တောခိုလာကြ တဲ့အခါမှာ မလုပ်သင့်ကြောင်း သတိ ပေးပြန်လွှတ်တာမျိုး လုံးဝမလုပ်ခဲ့ဘဲ သူတို့အင်အားအဖြစ် အသုံးချခဲ့ကြတာ၊ ချနေကြတာ ခုချိန်ထိဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ တရုတ်သံတမန်နဲ့တွေ့တော့ "နိုင်ငံရေးအခြေအနေအရ မလွှဲမရှောင်သာတဲ့ တိုက်ပွဲတွေ ဖြစ်လာမှာသေချာတယ်။ ရှောင်လွှဲလို့မရဘူးလား"လို့ တရုတ်သံတမန်ကမေးတော့ "မရဘူးလို့ ပြန်ဖြေခဲ့တယ်"လို့ ဂွမ်မော့်စကားမှာ ပါတယ်။ အဖြေက ရှင်းနေတာပဲ မဟုတ်လား။ ၂၀၂၁ အပြောင်းအလဲမှာ အစိုးရနဲ့ တပ်မတော်ဘက်က KIA အပါအဝင် ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုမှ စတိုက်ခဲ့တာ မရှိဘူး။ ကိုယ့်ကို တိုက်လာတာတောင် ခံစစ်အနေနဲ့သာ တွန်းလှန်ခဲ့တာပဲ ရှိတယ်။ သူ့ရည်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် ဖက်ဒရယ် ပြည် ထောင်စုတည်ဆောက်ဖို့အတွက် အမုန်းတရားနဲ့ နာကြည်းချက် မကြီးထွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့တာ အခုချိန်ထိဆိုတာ တွေ့ရမှာဖြစ်ပါတယ်။

            ဂွမ်မော်ပြောတဲ့အထဲမှာ သမိုင်းနဲ့ပတ်သက်တဲ့အမှားတွေ အများကြီးပါတယ်။ သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းပြောတာက အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လို့ မဆိုအပ်ဘူး။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံနဲ့ သမိုင်းအကြောင်း ပြန်ပြောရင်  တိုင်းရင်းသားအဖွဲ့တွေ ပြောတာက အမှန်ထက် သူတို့ လိုချင်တာကို ပိုပြောတာများတယ်။ ပင်လုံညီလာခံမှာ ဘယ်သူတွေ၊ ဘယ်တိုင်းရင်းသားတွေပါ တယ်။ ဘာတွေ သဘောတူခဲ့ကြတယ် လူတိုင်းသိနေတာပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ မပါဘူး။ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ပါတယ်။ Limit နဲ့ အတိုင်းအတာ အသေးစိတ်မပါဘူး။ ပြဿနာက အဲဒီက စတာ။ ပင်လုံစာချုပ်နဲ့ပတ် သက်ပြီး အငြင်းအခုံစကားက စာချုပ်အပိုဒ်(၁)မှာပါတဲ့ "Full Autonomy in internal Administration for the Frontier Areas is Accepted in Principle" ဆိုတဲ့ စကားရပ်အပေါ်မှာ အခြေခံတာပဲ ဖြစ်ပါတယ်။ ဒီစကားရဲ့ အဓိပ္ပာယ်က နယ်စပ်ဒေသမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝပေးဖို့ မူအားဖြင့် သဘောတူတယ်လို့ ဆိုထားတာပါ။ ပြည်ထောင်စုတည် ဆောက်ရာမှာ အပြည့်အဝဆိုတာ ဘယ်အတိုင်းအတာထိ ပြောတာလဲ။ စာချုပ်မှာပါတဲ့ နောက်အချက်တွေကိုကြည့်ရင် တိုင်းရင်းသားတွေပြောတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ ချုပ်ကိုင်ထားတာ မဟုတ်ဘူးဆိုတာ ရှင်းတယ်။ ပံ့ပိုးကူညီမှုတွေ ပါတယ်။ ၄၇ အခြေခံဥပဒေမှာ နိုင်ငံသားအားလုံး တန်းတူဆိုတာ ပါပြီးသား။ အာဏာလိုချင်တဲ့သူတွေအတွက်သာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတာ ပေါ်လာတာပဲဖြစ်တယ်။

            ပြည်နယ်ခွဲထွက်ခွင့်က ရှမ်းတစ်ဖွဲ့တည်းကိုသာမူအားဖြင့် သဘောတူခဲ့တာ။ ခွဲထွက်ခွင့်ကို အသုံးပြုနိုင်တယ်လို့သာ ဆိုထားတာ။ ခွဲကို ခွဲထွက်ရမယ်လို့ မဆိုထားဘူး။ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး အခြေခံဥပဒေရေးဆွဲတော့ ပင်လုံမှာ ပါဝင်လက်မှတ်ရေး ထိုးတဲ့ တိုင်းရင်း သားကိုယ်စားလှယ်တွေ အကုန်ပါတယ်။ ဘာလို့ မငြင်းခဲ့သလဲ။ ဘာလို့ ပျက်အောင် မဖျက်ခဲ့ကြသလဲ။ ကချင်ဆိုရင် ပြည်နယ် ပေးနိုင်လောက်တဲ့ အင်အား၊ နယ်မြေမရှိဘူး။ လုံး၀ ခွဲမထွက်ပါဘူးဆိုတဲ့ ကတိနဲ့ ရှမ်းစော်ဘွားတွေနဲ့ အချေအတင်ဖြစ်ရာမှာ ပြေလည်အောင် ကြားဝင်စေ့စပ်ပေးခဲ့တဲ့အတွက် ရှမ်း၊ ဗမာတွေပိုင်တဲ့ မြေပြန့်က တချို့ဒေသတွေပေါင်းပြီး ကချင်ပြည် နယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပင်လုံမှာ ကချင်တွေပါ တာက မြစ်ကြီးနားခရိုင် တောင်တန်းဒေသနဲ့ ဗန်းမော်ခရိုင် တောင်တန်းဒေသနှစ်ခုက ကိုယ်စားလှယ် ဒူးဝါး ငါးဦးပဲ ဖြစ်ပါတယ်။ အခုလိုနယ်မြေနဲ့ အင်အားမရှိဘူး။

            ဂွမ်မော်ပြောတဲ့ ပင်လုံညီလာခံ သဘောတူညီ ချက်တွေ ချိုးဖောက်လို့ KIA ပေါ်လာတာ။ မချိုး ဖောက်ရင် KIA ဆိုတာပေါ်လာမှာမဟုတ်ဘူးဆိုတဲ့ စကားဟာ KIA အဖွဲ့အစည်းပေါ်ပေါက်လာတဲ့ အခြေအနေနဲ့ ကင်းကွာနေပါတယ်။ KIA ဘယ်ကစသလဲဆိုရင် KNU/KNDO လက်နက်ကိုင်လမ်းစဉ်က စပါတယ်။ ကချင်သေနတ်ကိုင် တပ်ရင်းက ဗိုလ်ကြီးနော်ဆိုင်းဟာ KNDO နဲ့အတူ တောခိုရာက စတယ်လို့ ဆိုနိုင်ပါ တယ်။ KNDO တွေ တောမခိုခင် ပင်လုံညီလာခံမှာပါတဲ့ ကချင်တိုင်းရင်းသားခေါင်းဆောင် ဆမားဒူးဝါး ဆင်ဝါးနောင်က ဝန်ကြီးချုပ် ဦးနုကို 'ကရင်တွေ တောခိုတော့မယ်။ ကချင်တွေကိုပါ စည်းရုံးနေပြီ'ဆိုပြီး လာရောက် သတင်းပေးခဲ့တာ စာဖတ်ကျေတယ်ဆိုတဲ့ ဂွမ်မော် မသိမရှိလောက်ဘူး ထင်တယ်။ ဆိုလိုတာ က ပင်လုံညီလာခံမှာပါတဲ့ ကချင်ခေါင်းဆောင်တွေ KIA မှာ မပါခဲ့ပါ။ ပြည်ထောင်စုကို မပုန်ကန်ခဲ့ပါ။

            ၁၉၅၀ ပြည့်နှစ်မှာ နော်ဆိုင်းက KNDO အင်အားအဖြစ် ရှမ်းမြောက်ဒေသကို ရောက်လာခဲ့ပါတယ်။ နော်ဆိုင်းနဲ့အတူ လားရှိုးအထက်တန်းကျောင်းမှာကျောင်းတက်နေတဲ့ အဋ္ဌမတန်းကျောင်းသား ဇော်ဆိုင်း တောခိုပြီး နော်ဆိုင်းနောက်လိုက်ပါတယ်။ ၁၉၅၁ ခုနှစ် နော်ဆိုင်းတရုတ်နိုင်ငံမှာ ခိုလုံသွားတဲ့အခါ ဇော်ဆိုင်း လိုက်ပါခြင်းမရှိဘဲ KNDO တွေ ကြီးစိုးတဲ့ သံတောင်၊ဘောဂလိကိုသွားပြီး ပူးပေါင်းပါတယ်။ အဲဒီအချိန်ထိ KIA မဖွဲ့ရသေးပါ။ ၁၉၅၉ခုနှစ်မှာ KNU က ဂျီလစ်လင်း (ကချင်အမည် ဇော်ဘောက်)ကို ဇော်ဆိုင်းရဲ့ အကြံပေးခန့်ပြီး ဇော်ဆိုင်းနဲ့အတူ ရှမ်းမြောက်မှာ မြေအောက် စည်းရုံးရေးလုပ်ဖို့ စေလွှတ်ခဲ့တာပါတယ်။ အဲဒီနောက် ကချင်သေနတ်ကိုင် တပ်ရင်း(၄)မှ ထုတ်ပယ်ခံရတဲ့ ဒုတပ်ကြပ် လမုန်တူးဂျိုင်၊ ဇော်ဆိုင်းရဲ့ညီ ဇော်တူး၊ တက္ကသိုလ်ကျောင်းသား လမာလရိန်းတို့ ပူးပေါင်းပြီး ၁၉၆၀ ပြည့်နှစ်မှာ မြေအောက် ကချင်စည်းရုံးရေးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ KIO (Kachin Independence Organization) အဖြစ် အမည်စတင် သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အဖွဲ့မှာ ဇော်ဆိုင်းက ဥက္ကဋ္ဌ၊ သူ့ညီ ဇော်တူးက ဒုဥက္ကဋ္ဌ၊ လမာလရိန်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူကြပါတယ်။ နောက်ပိုင်း ရှမ်းနိုင်ငံ ရေးသမားအချင်းချင်း အားပြိုင်ရာက KIO ကို လက်နက်တပ်ဆင်ပေးခဲ့တဲ့အတွက် KIA ဖြစ်လာတာပါ။ စတင်ဖွဲ့စည်းစဉ်က ၂၇ ယောက်ပဲ ရှိပါတယ်။ တရုတ် မြန်မာ နယ်နိမိတ်ကိစ္စ၊ ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြုမယ့်ကိစ္စတွေကစပြီး KIA အင်အားကြီးထွား လာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး လက်နက်ကိုင်လမ်းစဉ်ရဲ့ မူဝါဒအဖြစ် ဝမ်ပေါင်နိုင်ငံထူထောင်မှာ ဘာညာနဲ့ မူဝါဒတွေချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ သူတို့ လက်နက်ကိုင်ရခြင်းရဲ့ အကြောင်းပြခြင်း သက်သက်ပါ။ ဘာမှ ပင်လုံသဘောတူ ညီချက် ချိုးဖောက်တယ်ဆိုတာနဲ့ မဆိုင်ဘူး။ ထို့အတူ လူမျိုးကြီးဝါဒတို့၊ စစ်အာဏာရှင် စနစ်တို့ဆိုတာတွေက စည်းရုံးရေး၊ နိုင်ငံရေးအရသုံးခဲ့တဲ့ ဝါဒဖြန့် အသုံးအနှုန်းသက်သက်ပဲ ဖြစ်ပါတယ်။ နှစ်ကြာလာတာနဲ့အမျှ လူမျိုးရေးကို အခြေခံတဲ့အတွက်  အခုလိုဖြစ်လာတာပဲ ဖြစ်ပါတယ်။ KIO ဥက္ကဋ္ဌ ဇော်ဆိုင်းနဲ့ သူ့ညီနှစ်ယောက် ဘာတွေလုပ်ခဲ့ကြသလဲဆိုတာ KIA ရော၊ ကချင်လူမျိုးတွေ အားလုံးသိကြပါတယ်။

            ဂွမ်မော်ရဲ့စကားထဲမှာ CRPH နဲ့ လက်မှတ်ရေးထိုးစာချုပ် ချုပ်ထားတာ အတိအလင်း တွေ့ရတယ်။ တော်လှန်ရေး အောင်မြင်အောင်လုပ်ဖို့ လိုအပ်ချက်ကို ရှင်းပြတယ်။ ဗန်းမော်ကို နိုင်ငံရေးသိက္ခာအရ မရရအောင်တိုက်မယ်လို့ဆိုတယ်။ တရုတ်သံတမန်နဲ့တွေ့စဉ် ကချင်ပြည်လုံခြုံဖို့အတွက် ခြံစည်းရိုးဖြစ်တဲ့ စစ်ကိုင်းတိုင်းဒေသကို အသုံးချရမယ်လို့ ဆိုထားတယ်။ တကယ် လည်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ထဲအထိဆင်းပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်နေတာ တွေ့ရတယ်။ CRPH က ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းတယ်ဆိုတဲ့အပေါ်ထောက်ခံထားတာ တွေ့ရတယ်။ စာချုပ်ချုပ်ဆိုရာမှာ ကချင်ဒေသကို အသိအမှတ်ပြုမယ့် သဘောတွေပါနေ တာတွေ့ရတယ်။ ဒါကြောင့်လည်း သူတို့လိုအပ်ချက်ကို ဖြည့်ပေးနိုင် မယ်ထင်တဲ့ NUG နဲ့ CRPH ကို ပေါင်းတာ။ မရရင် ဆော်ကြဦးမှာ သေချာတယ်။ လောလောဆယ် KIA က NUG အတွက်ဆရာကြီးပဲ။ စစ်ကိုင်းတိုင်းအတွင်းက ကသာ၊ ကောလင်း၊ ကန့်ဘလူ 'က'သုံးလုံးနယ်မြေနဲ့ ရှမ်းမြောက်ဒေသကို ကချင်နယ်မြေအဖြစ် ပြင်ဆင်ဆောင်ရွက်နေတာ တွေ့ရတယ်။ ဆိုလိုတာက ကချင်ပြည်နယ်ဟာ လက်ရှိနယ်မြေအတိုင်း မဟုတ်တော့ဘဲ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) အပါအဝင် မြန်မာပြည်အထက်ပိုင်း တစ်ခုလုံးကို ယူမယ့်သဘောပဲ ဖြစ်ပါတယ်။ ကချင်ခေါင်းဆောင်တွေရဲ့ သဘာ၀ ပင်လုံညီလာခံမှာ ပါးပါးနပ်နပ်နဲ့ နယ်မြေရယူခဲ့သလို အခု လည်းတိုးယူမယ့်သဘော တွေ့ရတယ်။ လက်ခံသဘော တူထားတဲ့ NUG နဲ့ CRPH က ဗမာနဲ့ ရှမ်းနီတွေအပေါ်၊ ဖြစ်သင့်တဲ့ ပြည်ထောင် စုဖွဲ့စည်းမှုအပေါ် ဘယ်လိုသဘောထားသလဲ မေးရမှာ ဖြစ်ပါတယ်။ သူတို့ အာဏာရရှိရေးအတွက် တိုင်းပြည်ကို ချနင်းတာကို လက်ခံကြမှာလားဆိုတာ ပြည်သူတွေ စဉ်းစားကြရတော့မှာ ဖြစ်ပါတယ်။

            ဂွမ်မော်ပြောတဲ့အထဲမှာ စိတ်ဝင်စားစရာ တစ်ခုရှိတယ်။ စစ်ရေးနဲ့ နိုင်ငံရေးအချိုးကျမှ တော်လှန်ရေး အောင်မြင်မယ်ဆိုတဲ့စကားပါ။ ဒီစကားကိုကြည့် ခြင်းအားဖြင့် နိုင်ငံရေးအရ တပ်မတော်အပေါ်၊ ခေတ်အဆက်ဆက်က အစိုးရတွေအပေါ်မှာ နိုင်ငံရေးအရ ထိုးနှက်တိုက်ခဲ့ကြတာတွေ ဘယ်လောက်ထိ ရှိခဲ့ပြီးပြီလဲ။ သူတစ်ဖွဲ့တည်းမဟုတ်ဘဲ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးနဲ့ လက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ဝါဒဖြန့်မှုတွေ ဘယ်လောက် ရှိခဲ့ပြီးပြီလဲ။ ဒီအကျိုးဆက်အရ အမျိုးသားအကျိုးစီးပွားကို ရှေးရှုတဲ့ တပ်မတော်အပေါ် ပြည်သူတွေ မြင်တဲ့အမြင် လွဲနေပြီး ခေတ်အဆက်ဆက် ဘာကောင်းကျိုးမှမပေးတဲ့ သူပုန် Warlord တွေအပေါ် သူရဲကောင်းလိုမြင်နေတာ အဆန်းတော့ မဟုတ်ဘူးလို့ ဆိုရမယ်။ တပ်မတော်အနေနဲ့ နိုင်ငံရေးဦးဆောင်မှုမှာ ပါခဲ့ရတာက သမိုင်းလိုအပ်ချက်အရသာ ဖြစ်ပါတယ်။ ဘယ်စစ်ခေါင်း ဆောင်မှ စစ်အာဏာရှင်စနစ် မတည်ဆောက်ခဲ့ဘူး။ သူ့လက်ထက်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ အမျိုးသားအကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ကြတာပဲ ရှိပါတယ်။

            ၂၀၀၈ ခုနှစ်အခြေခံဥပဒေဟာ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက် ဘာဒုက္ခမှမပေးဘဲ တည် ငြိမ်စွာ တိုးတက်မှုကိုပေးတဲ့ စနစ်ပါ။ တိုးတက်မှုအရ ပြင်ဆင်သင့်တာ ပြင်ရမှာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ အဓိက ထိုးနှက်တိုက်ခိုက်နေကြတာ၊ ပျက်စေချင်ကြတာက ဘယ်သူတွေလဲ။ ပြန်ကြည့်ပါ။ ဒဲ့(တည့်)ပြောရရင် NLD နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေသာ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့ဆို ရာမှာ ခုနစ်ဖွဲ့ပါ FPNCC အဖွဲ့နဲ့ လက်ရှိ KNU ပါ။ ၂၀၂၁ မှာ ပြန်ပေါ် လာတဲ့ တစ်ကျော့ပြန် ဗကပနဲ့ ဗမာလူငယ်အဖွဲ့တွေ လည်းပါပါတယ်။ FPNCC ခုနစ်ဖွဲ့ကို တစ်ဖွဲ့ချင်း လေ့လာကြည့်ပါ။ 'ဝ' UWSA က တိုက်ပွဲတွေမှာမပါဘဲ နောက်ကွယ်က ရင်းမြစ်အဖြစ် ရပ်တည်ပြီး နယ်မြေချဲ့ထွင် ပြည်နယ်လိုချင်နေ တာပါ။ မိုင်းလားနဲ့ SSPP/SSA တို့က 'ဝ'သဘောထားအတိုင်းပဲ ဖြစ်ပါတယ်။ သူတို့လည်း သီးခြားနယ်မြေ လိုချင်နေကြတာပါ။ တအာန်း (TNLA) က သိမ်းထားတဲ့မြို့နယ် ၁၂ မြို့နယ် ပြန်မပေးချင်ဘူး။ကိုးကန့် (MNDAA) က သိန္နီကိုပင် သူ့နယ်မြေထဲ ထည့်နေပြီ။ AA ကိုကြည့် ဘယ်လိုဖြစ်နေပြီလဲ။ ဘာကိုရည် မှန်းထားသလဲ။ KIA က အထက်မှာ ပြောခဲ့တဲ့အတိုင်းပဲ။

            ဒါကို ပြည်သူတွေမြင်ကြဖို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ တပ်မတော်နဲ့ ၂၀၂၆ ခုနှစ်မှာ ပေါ်ပေါက်လာမယ့် အစိုးရကို ဝိုင်းဝန်းကူညီကြဖို့ လိုပါတယ်။ တပ်မတော်နဲ့ နိုင်ငံတော်အနေနဲ့ လုပ်ပေးရမယ့်တာဝန်က ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း မူလအခြေ အနေ ပြန်ရောက်အောင်၊ ရအောင်လုပ်ရမှာပါ။ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံ၊ ဘယ်သူတွေပြောပြော ကိုယ်တိုင်းပြည်အရေး ကိုယ်သာဖြေရှင်းရမှာပါ။ ကြမ်းသင့်ရင်လည်း ကြမ်းရမယ်၊ ရင်းသင့်ရင်လည်း ရင်းရမှာဖြစ်ပါတယ်။  အကောင်းဆုံး အပြန်အလှန် ညှိနှိုင်းနားလည်မှုပါ။ လက်ရှိ နယ်မြေရယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတော်က မူလအခြေအနေထိ ရောက်အောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်ရမယ့် တာဝန်ရှိတဲ့အတွက် အေးအေးဆေးဆေး မူလအခြေအနေကိုလည်း ပြန်ရောက်၊ ကိုယ်လည်း အထိအခိုက်မရှိ ပြည်ထောင်စုအတွင်းမှာ သိက္ခာရှိရှိ တင့်တယ်စွာ တည်ရှိစေဖို့ စဉ်းစား ကြဖို့လိုပါမယ်။ ဖြစ်သင့်တာထက် ပိုလောဘမကြီးကြဖို့ တိုက်တွန်းပါရစေ။

(ဇော်နိုင်)

(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၇ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 30

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

60610

© 2022 - 2026 News. All Rights Reserved.