တော်လှန်ရေးခေါင်းစဉ်အောက်က ဒုက္ခရောက်ရသည့် ပြည်သူတို့၏ နာကြည်းချက် အတုံ့အလှည့်

    လေဘာတီ မမြရင်၏ တုံးကျော်မသီချင်းထဲက 'ပေတစ်ရာဆီ လျှောက်ပါလို့ မြင်သလောက် ပြလိုက်ချင်ပါသည်'ဆိုသည့် စာသားကို ဟစ်၍များ ဆိုပြချင်နေ မလားမသိ။ 'မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ်ကို အဖြေထုတ်ချင်သည်'ဆိုသည့် သီချင်းကိုများ ခံစားချက် အပြည့်ဖြင့် ဆိုနေလေ မလားမသိပေ။ အကြောင်းက အောက်တိုဘာ ၇ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွှေဘိုမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းထွန်းက ရွှေဘိုမြို့နယ်အတွင်း PDF အဖွဲ့ကြီးစိုးနေသည့် ကျေးရွာများတွင် နေရပ်စွန့်ခွာ ထွက်ပြေးသွားသူများ၏ အိုးအိမ်နှင့် လယ်ယာမြေများကို PDF ထောက်ခံသူများက သိမ်းယူပြီး လုပ်ကိုင်စားသောက် နေကြောင်းနှင့်ပတ်သက်သည့် မေးခွန်းမေးမြန်းခဲ့သည်။ ဦးသန်းဝင်းထွန်း၏ ရွှေဘိုဒေသနှင့်ပတ်သက်သည့် မေးခွန်းပါအချက်အချို့ကို ကောက်နုတ်ဖော်ပြရလျှင် '၂၀၂၁ ခုနှစ် နိုင်ငံရေး ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်အဖွဲ့များ၏ အစွန်းရောက်လုပ်ရပ်များကြောင့် မြို့နယ်အတွင်းရှိ အချို့သော ကျေးရွာများတွင် တည်ငြိမ်အေးချမ်းမှု ပျက်စီးသွားရပြီး အကြမ်းဖက်အဖွဲ့များက ၎င်းတို့နှင့် အမြင်မတူသူ၊ ဝါဒမတူသူများအား လက်နက် အားကိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အိုးအိမ်စည်းစိမ်များကို အတင်းအဓမ္မသိမ်း ယူခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သော ကြောင့်အပြစ်မဲ့ပြည်သူများမှာ မိမိတို့၏ အိုးအိမ်များကို စွန့်ခွာ၍ ဘေးလွတ်ရာမြို့ပေါ်များသို့ တိမ်းရှောင်နေထိုင်ခဲ့ကြရပါကြောင်း၊ အကြမ်းဖက်မှုဘေးမှ လွတ် ရာအေးချမ်းသောမြို့များပေါ်တွင် တိမ်းရှောင်နေစဉ် နိုင်ငံတော် အစိုးရနှင့် အသင်းအဖွဲ့များမှ လှူဒါန်းသော အစားအသောက်၊ လူ့အသုံးအဆောင် ပစ္စည်းများနှင့် ငွေကြေးတို့ကို ထောက်ပံ့ကူညီခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင်လျက်ရှိကြောင်း။
    အကြမ်းဖက်များ ကြီးစိုးနေသော ကျေးရွာများတွင် တိမ်းရှောင်ရန် အခက်အခဲရှိကြသည့် ပြည်သူ အနည်းငယ်နှင့် အများစုမှာ ၎င်းတို့အား ထောက်ခံအားပေးသော မိသားစုများသာ ကျန်ရှိနေပြီး တိမ်းရှောင်သွားသည့် မိသားစုများ၏ အိုးအိမ်နှင့် လယ်ယာမြေများကို  သိမ်းယူ၍ လုပ်ကိုင်စားသောက်နေကြ ပါကြောင်း၊ မူလမြေပိုင်၊ ယာပိုင်၊ အိုးပိုင်၊ အိမ်ပိုင်မိသားစုအများစုမှာ အရပ်ဒေသအသီးသီးသို့ ရောက်ရှိ ကာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံတွေ့နေကြရပြီး တိမ်းရှောင်ရန် အခက်အခဲရှိသည့် ကျန်ရှိနေသော ပြည်သူတ ချို့မှာလည်း သားသမီးများကို အခြားမြို့များသို့ ပညာသင်ကြားရန် ပို့ဆောင်ထားရှိကြရာ အကြမ်းဖက် အစွန်းရောက်များမှ ကျောင်းနေကျောင်း သားများကို ပညာမသင်ကြားနိုင်အောင် ပြန်လည်ခေါ် ဆောင် စေပြီး မခေါ်ပါက ငွေညှစ်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ရဲ့ အနာဂတ်ကိုပါ ဖျက်ဆီးနေကြပြီး အကြမ်းဖက် အစွန်းရောက်များ၏ ထိုသို့ပြုမူ လုပ်ကိုင်ဆောင်ရွက်နေ မှုများကြောင့် ပြည်သူများမှာ စိတ်နှလုံး မရွှင်ပြုံးဖြစ်နေ ကြရသည်မှာ ငါးနှစ်ကျော်ကာလသို့ ရောက်ရှိနေ ပြီဖြစ်ပါကြောင်း၊ အကြမ်းဖက်ရှောင် နေရပ်စွန့်ခွာပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည် သွားလာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးသွား မည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်းဖြစ်သည်။
    ထိုမေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက 'ရွှေဘို ခရိုင်အတွင်းမှာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက် နှိမ်နင်းရေးလုပ်ငန်းများ ကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံ ခြုံရေးများနှင့် ပူးပေါင်းပြီး PDF အကြမ်း ဖက်သောင်းကျန်းသူများကို တိုက်ခိုက်ချေမှုန်းလျက်ရှိပါကြောင်း နယ်မြေဒေသ အေးချမ်းတည်ငြိမ်မှု ရှိလာပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရ ကြီးကြပ်အဖွဲ့၊ တပ်မတော် ပူးပေါင်းဆောင်ရွက်မှုတို့နှင့် ဆောင်ရွက်သွားမည့်အကြောင်း' ဖြေကြားထားသည်။
    ဤအကြောင်းအရာသည် အညာဒေသ အထူးသဖြင့် ရွှေဘိုနယ်ဘက်၏ ပကတိအရှိတရားအပေါ် ကို အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်ကြီးက မေးခွန်းမေးမြန်းထားပြီး တာဝန်ရှိသူဘက်ကလည်း လက်တွေ့ကျသည့်အဖြေကို ဖြေကြားထားကြောင်း အညာ၏ တည်ငြိမ်မှုမဲ့နေသည့် အခြေအနေကို မျက်ခြည်မပြတ်သည့်သူတိုင်း သိသည့်အကြောင်းအရာ ဖြစ်ပါသည်။
    ထိုကဲ့သို့မြေပြင်အခြေအနေကို လွှတ်တော်တွင် မေးမြန်းခြင်း၊ ဖြေကြားခြင်းသည် ဒေသတစ်ခု၏ ကောင်းခြင်း၊ ဆိုးခြင်းကို လွှတ်တော်တွင် သမိုင်းမှတ်တမ်းအဖြစ် တင်ကျန်စေရန်မေးခြင်း၊ ဖြေခြင်းမျိုး လည်း ဖြစ်နိုင်ပါသည်ဟု ယူဆမိသည်။ လွှတ်တော်တွင် မေးမြန်းခြင်း၊ ဖြေကြားခြင်းတွင် စစ်ဘေးရှောင် သည့်သူများ၏ ကိန်းဂဏန်းအချက်အလက် အတိအကျ၊ ကူညီထောက် ပံ့ပေးထားသည့် အရေအတွက် များကို ဖြေကြားထားခြင်းက နောင်အနာဂတ်တွင် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဤသို့ဤပုံ ဖြစ်ခဲ့ရသည်ဆိုသည့် မှတ်တမ်းတစ်ခုအဖြစ်လည်း ရှိနေမည်ဖြစ်သည်။
    သို့သော်လည်း ထိုကဲ့သို့ မြေပြင်အချက်အလက်အပေါ်ကို အခြေခံ၍ မေးမြန်းခြင်း၊ ဖြေကြားခြင်း မျိုးကို အညာဒေသ၏ ပဋိပက္ခများနှင့် မစိမ်းသူတိုင်း သိရှိကြသော်လည်း ပြည်ပရောက်သတင်းဌာနတို့က ယုံကြည်ဟန်မရှိကြပေ။ 'နေရပ်စွန့်ခွာသူတွေရဲ အိုးအိမ်နဲ့ လယ်ယာမြေတွေကို PDF ထောက်ခံသူတွေ သိမ်းယူနေတယ်လို့ လွှတ်တော်မှာ စွပ်စွဲ}ဆိုသည့် အသုံးအနှုန်းများဖြင့် ပြည်ပြေးသတင်းဌာနတို့တွင် ဖော်ပြနေလေသည်။ပြည်ပြေးသတင်းဌာနဆိုသည့်အတိုင်း ပြည်တွင်းတွင် အမှန်တကယ် ဖြစ်ပျက်နေ သည်များနှင့် လုံးဝကင်းကွာနေကြပြီး အဝေးမှ မှန်းဆချက်များဖြင့်သာ ပြည်သူကို ဂျင်းကြွေးနေကြောင်း ပေါ်လွင်လှ၏။
    ထို ပြည်ပြေးသတင်းဌာနများ၏ ရွှေဘိုအကြောင်းနှင့်ပတ်သက်သည့် သတင်းကိုမြင်လျှင် ရွှေဘို ဘက်က စစ်ရှောင်လာသည့် အဒေါ်ကြီးတစ်ယောက်ကို သတိရမိ၏။ ထို ပြည်ပြေးသတင်းဌာနများကို ကျွန်တော့် မိတ်ဆွေအဒေါ်ကြီးက လေဘာတီမမြရင်၏ သီချင်းနှင့်  ဘယ်သူတွေရူးလဲ သီချင်းများဆိုပြီး နားရွက်ဆွဲ၍ ခေါ်ပြချင်နေမလား မသိပေ။ သူတို့က ရွှေဘိုနယ်ဘက်တွင် အမှန်တကယ် နေမဖြစ်သော ကြောင့် စစ်ရှောင်လာရ သူများဖြစ်ကြပြီး သူတို့၏ အိုးအိမ်၊ လယ်ယာ၊ ခြံမြေများကို PDF တို့ အပိုင်သိမ်း ပိုက်၍ နေသည်မှာ ငါးနှစ်ကျော်လာပြီဖြစ်သည်။
    အိုးအိမ်၊ ခြံဝင်းအတွင်းက ပစ္စည်းပစ္စယများကို မည်မျှခွာ၍ ယူငင်ကြသနည်းဟုဆိုလျှင် အားလုံး ယူစရာ ကုန်သွားသည့်အခါ အလှစိုက်ထားသည့် ပန်းအိုးထဲက ပန်းပင်နှင့် ပန်းအိုးကိုပါ မယူသွားကြ သည်အထိ ဖြစ်သည်။ ဆည်ရေသောက်ရသည့် လယ်မြေများကိုလည်း PDF တို့က အပိုင်သိမ်းပိုက် စိုက်ပျိုး စားသောက်နေသည်မှာ ခံစားဖူးသူတို့သာ ကိုယ်ချင်းစာနိုင်မည့် အခြေအနေ ဖြစ်သည်။ ထိုအဒေါ်ကြီး၏ စကားသံကို နားထောင်ကြည့်လျှင်ပင် သူတို့၏ စိတ်ထဲကခံစားချက်ကို ကောင်းကောင်း ကြီးသိနိုင်ပါ သည်။ 'ငါ့အိမ်ကို ဗုံးကြဲမယ် ဆိုရင်တောင် လေယာဉ်ပေါ်ကနေ ငါကိုယ်တိုင် အဲဒါငါတို့အိမ်ပဲ၊ အိမ် ပေါ်တည့်တည့်ကို ဗုံကြဲခိုင်းလိုက်ချင်တာ'ဟု ဆိုလေသည်။
    အဘယ့်ကြောင့် သူ အိမ်တည့်တည့်ကို ဗုံးကြဲစေချင်သနည်းဟု မေးလာလျှင် သူတို့၏ အိမ်အပေါ် ကို PDF များက တက်၍ နေနေသောကြောင့်ပင် ဖြစ်သည်။တော်လှန်ရေးဘက်အခြမ်းက "မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်"ဟု ကြုံးဝါးတတ်ရဲ့ မဟုတ်လား။ PDF များ နှိပ်စက်မှုကြောင့် စစ်ရှောင်နေ ရသည့် ပြည်သူ လူထုသည်လည်း အခွင့်သင့်လျှင် ငါတို့အလှည့်ကျန်သေး သည်ဆိုသည့် မျှော်လင့်ချက် များဖြင့် တေးမှတ်ထားသူ များကိုလည်း မျက်မြင်တွေ့ဖူးပါသည်ဟု ဆိုနိုင်ပါသည်။ စစ်ဘေးရှောင်တစ် ယောက် ပြောသည့်စကား ယခုအထိ ပြန်ကြားယောင်မိပါသည်။ "စစ်ဘေးရှောင်ရင်း အလုပ် လုပ်လို့ရ တယ်ဆိုတာ ကိုယ့်အရပ်ကိုယ့်ဒေသက အလုပ် သမားခေါ်ခိုင်းတုန်းက ပေးခဲ့တဲ့ ငွေလောက် မရှိပါဘူး" ဆိုသည့်စကား နားထဲက မထွက်ပေ။

နာကြည်းချက်များ
    အချို့သော အငြိုးအတေးများက ကြောက်စရာကောင်းလှသည်။ စစ်ပွဲအတွင်း သူများ တွန်းပို့၍ ပျော်ပျော်ကြီး ခုန်ဝင်သွားသူများနှင့် ထိုကဲ့သို့ သူများ မြှောက်ပေးသဖြင့် ပျော်ပျော်ကြီး ခုန်ဝင်သွားသူများ ကြောင့် အတိဒုက္ခရောက်ကြရသူတို့၏ နာကျင်မှုခြင်းယှဉ်လျှင် မည်သူကပို၍ နာကျင်ကြသနည်းဟု မေးလျှင် ဖြေဆိုရခက်မည်လား မသိပေ။ သည်နိုင်ငံအတွင်းမှာ နေထိုင်ပြီး တစ်မြေတည်းနေ တစ်ရေ တည်းသောက်ကြသူ အချင်းချင်း ဟိုဘက်သည်ဘက်အဖြစ် ခွဲကြပြီး ကိုယ့်ဘက်မပါသူကို ရန်သူဟု သတ်မှတ်ကြသူတို့ တော်လှန်ရေးဆိုသည့် ဘက်အခြမ်းတွင် ရှိခဲ့ကြသည်။ ထိုကဲ့သို့ ကိုယ့်ဘက်မလိုက် လျှင် သူ့ဘက်အဖြစ် သတ်မှတ်သည်မှာ တော်လှန်ရေးခေတ်ဦး အစကတည်းက ယနေ့အထိ ဖြစ်နေကြ သေးရာ တော်လှန်ရေးဘက်အခြမ်းက လူတို့၏ အတွေးတိမ် ဦးနှောက်ပိန် ကျပ်မပြည့်မှုအဖြစ် တိုင်း ပြည်ကို ချစ်ကြသူတို့က သတ်မှတ်ကြသည်။ ကိုယ့်ဘက် မပါဘဲ တစ်ဖက်တွင်  နေသူကိုလည်း သူတို့အ ခေါ်ရန် သူစာရင်းသွင်းလိုက်သည် ဆိုကတည်းက ရန်သူများစွာ အသစ်ဖွေရှာနေသည့် တော်လှန်ရေးဖြစ် သည်ဟု နားလည်သူတို့က ရှင်းပြကြသော်လည်း နားမဝင်ခဲ့ကြပေ။ သည်ကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် ဒီမိုကရေစီကိုတောင်းဆို ကြသည်မှာ ရှက်ဖွယ်ဖြစ်ကြောင်း ပြောလျှင်လည်း ရှက်ရကောင်းမှန်းမသိ မျက် ကန်းတစ္ဆေမကြောက် အရိုင်းဇာတ်ကို ကçခဲ့ကြသည်။ ဒီမိုကရေစီ၏ အနှစ်သာရအဖြစ် မတူညီသည့် အမြင်များကို လက်ခံရမည်ကိုလည်း နားမလည်တော့ဘဲ မဖြူလျှင်နက်ရမည်ဆိုသည့် ဥစအင-သညျ နှစ်ခုသာ ပေးထားလေသည်။
    ဤကဲ့သို့ ရွေးစရာနှစ်ခုသာ ပေးထားရခြင်း၏ အဓိကအကြောင်းအရင်းသည် နလပိန်းတုံးများ အတွက် အချက်အလက်ပေါ် အခြေခံ၍ စဉ်းစားစရာမလိုသဖြင့် လွယ်ကူနိုင်သော်လည်း ပညာအခြေ ခံရှိပြီး စဉ်းစားဉာဏ် ရှိသူတို့အဖို့ လက်ခံနိုင်ရန် ခဲယဉ်းနိုင်သည်။ ထိုအချက်ကိုက တော်လှန်ရေးကို အားပေးအားမြှောက် လုပ်သူတို့ လိုချင်သော အဓိက အချက်ပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့လိုချင်သည်က ဆင်ခြင်တုံ တရားနှင့် စဉ်းစားတတ်သူများမဟုတ်ဘဲ ပညာမဲ့အဆင် အခြင်မဲ့ သူတို့သာ အလိုရှိသောကြောင့်ပင် ဖြစ်သည်။ထိုအခြေအနေရောက်မှ တော်လှန်ရေးဆိုသည့် အမည် လှလှ လေးအောက်က ဆင်ခြင်တုံတရားမဲ့သူများထံက အမြတ်ကောင်းကောင်းထုတ်၍ ရနိုင်မည်ဖြစ်သော ကြောင့်ပင်ဖြစ်၏။ ယခု ငါးနှစ်ကျော်ကြာလာသည့်အချိန် တွင် ထိုခေါင်းစဉ်လှလှပေးထားသည့် လုပ်ငန်းမှ အကျိုး အမြတ်များစွာ ရသွားသူတို့ကို မျက်မြင်ဒိဋ္ဌ တွေ့ကြုံကြ ရပြီဖြစ်သော်လည်း အချို့က သူတို့ နဖားကြိုးထိုးထားသည့် နှောင်ကြိုးမှ ရုန်းထွက်ရန် ခက်ခဲကုန်ကြလေသည်။
    သို့သော်လည်း ထိုဆင်ခြင်ဉာဏ်မဲ့သူတို့၏လုပ်ရပ်ကြောင့် မည်သည့်ဘက်မျှ မပါဆိုသည့်သူများ က အတိဒုက္ခရောက်ရသွားချိန်တွင် တော်လှန်ရေးဘက်အခြမ်းက လူတို့အပေါ် ခွင့်လွှတ်နိုင်စွမ်း မရှိကြ တော့ပေ။ ထိုအကြောင်းအရာကို ကွက်ကွက်ကွင်းကွင်း ဖော်ပြထားသည့် စာလေးတစ်စောင်ကို ဝေမျှ ပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် တော်လှန်ရေးဟု အမည်လှလှ လေးပေးပြီး သူတော်ကောင်း ယောင် ဆောင်နေသူတို့ တော်လှန်ရေးဘက်အခြမ်းက လူတို့၏ ဆောင်ရွက်ချက် ကြောင့် ဒုက္ခရောက်ခဲ့ရ သူတို့၏ နာကြည်းချက်ကိုလည်း  သိရှိစေရန် ဖြစ်သည်။ 
    ဘယ်ဘက်မှ မပါလိုသော ဘယ်သူ့မှ ဒုက္ခမပေးခဲ့သော ကြားနေ ပညာရေးဝန်ထမ်းရှိတဲ့ မိသားစု အကြီးအကဲတစ်ယောက်ရဲ့ နာကြည်းချက် 'ဒီစစ်ပွဲကြီး မပြီးစေချင်သေးဘူး၊ ငါကြည့်လို့ မဝသေးဘူး'တဲ့။ ဤကဲ့သို့ ပြောထွက်စေရန် သူ့တွင် မည်ကဲ့သို့ နာကြည်းချက်မျိုး များ ရှိနေ၍နည်း။
    'ဒီဦးလေးကြီးက လူရိုးလူအေးကြီး၊ သူဘယ်လိုခံစားချက်နဲ့ ပြောတယ်ဆိုတာ ကျွန်တော် နားလည် ပါတယ်။ သူက ရွာသားကြီး၊ သူ့မှာ ဇနီးနဲ့သား နှစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်။ ငါ့သမီး လေးက ကျောင်းဆရာမလေးလေ၊ သူက သူ့အလုပ်ကို ဝါသနာပါတယ်၊ တန်ဖိုးထားတယ်။ သူ့အစ်ကို တွေက ညီမကို သိပ်ချစ်တာ၊ သူတို့ ကျောင်းဆရာ မဖြစ်ခဲ့လို့ ညီမကျောင်းဆရာမလေးဖြစ်တာကို ကြည့်ပြီး ဂုဏ်ယူနေကြတာ။ ဦးလေးကြီးမျက်လုံးများက ရီဝေနေသည်။သူတို့ အားလုံးပေါ့၊ ငါတို့ကို သတ်မယ်လုပ်ကြတယ်၊ ငါ့အမျိုးတွေ၊ ငါ့ရွာသားတွေက ငါတို့ကို ဒလန်တဲ့၊ တစ်ရွာလုံး ငါ့အိမ်ရှေ့မှာ သံပုံး လာတီးတော့ သမီးလေးဆို ရှက်လို့ ငိုလိုက်တာ။ ညဆို ခဲနဲ့ပေါက်တယ်၊ ငါရော၊ ငါ့သားတွေ ယောက် ကျားတန်မဲ့ ခေါင်းငုံ့ခံခဲ့ရတယ်။ အကြောက်ကြောက် အလန့်လန့် အိပ်မပျော်တဲ့ ညတွေ၊ အားလုံး မျက် တွင်းဟောက်ပက်လိုက်လို့"ဟု သူတို့၏ နာကြည်းဖွယ်ရာ အဖြစ်အပျက်များကို ပြောပြသည်။ မြန်မာနိုင်ငံ တွင် တော်လှန်ရေးသမား ဆိုသူတို့ကြောင့် ဒုက္ခရောက်ကြရသူများ အမှန်တကယ် ရှိခဲ့သည်ဆိုသည်ကို လွယ်လွယ် မမေ့စေချင်သေးပေ။ ဖွင့်ဟထားခြင်း ဖြစ်ဟန်တူ၏။
    ဤကဲ့သို့ လုပ်ရပ်မျိုးကိုလည်း ဓမ္မဘက်ကဟု မျက်လုံးစုံမှိတ်၍ အော်ခဲ့ကြသည်ကို ငြင်ချင်သူများ ရှိ နေသေးလား မသိပေ။
    "ငါတို့ ရှိသမျှ၊ ပိုင်ဆိုင်သမျှ အကုန်ထားပြီး ထွက်ပြေးခဲ့ရတာ။ မြို့ရောက်လို့ အိမ်ငှားမဲ့သူမရှိဘူး။ သနားညှာတာခြင်း၊ မေတ္တာမပြခဲ့ကြဘူး၊ ငါတို့ရွာက ထွက်ပြေးလို့လွတ်တာ မသတ်လိုက်ရလို့ တောက်တ ခေါက်ခေါက်။ ဘယ်သူကမှ၊ ဘယ်လူကမှ မကယ်မကူကြဘူး။ ငါတို့အိမ်ကို ဖျက်ဆီးတယ်၊ ငါတို့ ပစ္စည်းတွေကို ယူကြတယ်။ ငါတို့ လယ်ယာမြေတွေကို သူတို့သိမ်းကြတယ်။ ငါ့သမီးလေး သူ့ကျောင်းဆရာမ လစာလေးနဲ့ ငါတို့မလောက်မင စားရတယ်။ ငါက ငါ့ရွာ၊ ငါ့အိမ်မှာ ငါ့မိသားစုနဲ့အတူ သိုက်သိုက်ဝန်းဝန်း နေချင်တယ်။ အခု ငါ့သားသမီးတွေ ငါ့အနားမှာ မရှိကြတော့ဘူး။ မိသားစုအတွက် ပြည်ပကို စွန့်ပြီး စီးပွား ရှာကြရတယ်။ သုံးနှစ် ဘာကြာတာမှတ်လို့၊ ခြေမဲ့လက်မဲ့ ရုန်းကန်ခဲ့ ကြရတာ"ဟု သူတို့ ရုန်းကန်ခဲ့ရသည် များကို ဖွင့်ဟထား၏။ စစ်ကိုမလိုချင်သော စစ်ကိုရှောင်ဖယ်ချင် သူတို့သည် စစ်နှင့် ဝေးရာအရပ်သို့ထွက် ပြေးကာ ဘဝအသစ်ကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ရင်း အဆင်ပြေသည့်အခြေအနေ ပြန်၍ရောက် လာလေသည်။ ပညာတတ်၍ ထိုပညာအပေါ် အခြေခံ၍ ဘဝကို ဖြတ်သန်းသူတို့သည် အခက်အခဲနှင့် ကြုံသော်လည်း ရုန်းထွက်နိုင်ခဲ့သည်ကို ဆိုလိုသည့်သဘောလည်း ဖြစ်သည်။
    "ငါတို့ရွာ မီးလောင်ပြီ၊ အားလုံးရွာကို စွန့်ပြေးကြရပြီ၊ လူတွေသတ်ခံရ၊ သေကြရပြီ။ ဘုန်းကြီး လဲမရှိ၊ စာသင်ကျောင်းမဖွင့်ကြဘူး။ ဒါတွေကြားတော့ ငါပြုံးမိတယ်၊ ဒါ ငါမှားသလား။ ရွာက လူတွေကို ငါပြောလိုက် တယ်ငါ့ဝိုင်း၊ ငါ့မြေတွေကို ရောင်းပြီး မင်းတို့တော် လှန်ရေးအတွက် သုံးလိုက်ပါလို့။ ဘယ် သူမှမဝယ်ရဲကြဘူး။ အဲဒါ ငါချစ်လို့ မဟုတ်ဘူး။ စစ်ကို ရှည်စေချင်လို့၊ တိုက်စေချင်လို့ သူတို့တွေ အဲဒီလို တပ်စစ်ကြောင်းလာလို့ ပြေးကြပုန်းကြရင် ငါပျော်တယ်။ ငါတို့ ကြောက်ခဲ့ရသလို သူတို့ကို ကြောက်စေ ချင်သေးတယ်။ ဒါက အကုသိုလ် စိတ်၊ ငါသိတာပေါ့၊ ဒီအကုသိုလ် ငါခံရဲတယ်။ ငါက ပြုံးရုံလေး ပြုံး တာလေ၊ သူတို့လို ငါမယုတ်မာခဲ့ဘူး။ အရင်က ငါ့မိသားစုနဲ့ ခွဲခွာရမှာကို ငါကြောက်ခဲ့တာ၊ အခု ဘာ အစွဲမှမရှိဘူး၊ ငါမကြောက်တော့ဘူး။ ဒါပေမဲ့ ငါ့ကို ဒုက္ခပေးခဲ့တဲ့သူတွေကို ငါမှပြန်မပေးတာ။ သူတို့ဝဋ် လည်တာကို ငါပြုံးရုံပြုံးတာ။ ပြုံးရုံလေး ပြုံးမိတာပါ ငါမှားသလား။ စစ်မပြီးသေးဘူး၊ ဝဋ်ကြွေးတွေ ကျေတဲ့အထိ စစ်ပွဲက ရှိနေလိမ့်မယ်၊ မကျေကြသေးဘူး"ဟု ဆိုကာ နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရသည့် ဒဏ်ရာများအကြောင်းကို တင်ပြထားသည်။
    နာကြည်းဖွယ်ရာ အဖြစ်အပျက်ကြောင့် စစ်ကို မပြီးစေချင်ဆိုသည့် ထိုဦးလေးကြီး၏ ခံစားချက် ကို သင်ရော မည်သို့ထင်သနည်းဟု မေးခွန်းထုတ်ကာ အဆုံးသတ်ထားလေသည်။ ထိုမေးခွန်းကို ဖြေရ မည်ထက် ထိုအကြောင်းအရာကို ပြည်ပြေးများ၊ တော်လှန် ရေးခေါင်းစဉ်တပ်၍ ကိုယ်ကျိုးရှာခဲ့သူများ ဝဋ်မလည်ပါ စေနှင့်ဟုသာ ထိုဦးလေးကဲ့သို့ ဘဝများစွာအတွက် ဆုတောင်းပေးမိပါသည်။                           
ရွှေထီး  
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 16

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

66813

© 2022 - 2026 News. All Rights Reserved.