ပြည်ပရောက် မြန်မာတွေများတဲ့အတွက် အခုအချိန် ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေ ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ အကောင်းဆုံးအချိန်
၂၀၂၆ ၊ အောက်တိုဘာ ၁၅
ပြည်တွင်းဈေးကွက်ထဲတွင် စားသောက်ကုန်များအား သဘာဝနည်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် အသေးစား၊ အလတ်စား စားသောက်ကုန်လုပ်ငန်း New A1 Family စားသောက်ကုန်လုပ်ငန်း ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဒေါက်တာအေးခိုင်စိုးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
TREND ။ ။ လက်ရှိ ထုတ်လုပ်နေတဲ့ စားသောက်ကုန် အမျိုးအစားတွေအကြောင်း ပြောပြပေးပါဦး။
Dr.AKS ။ ။ လက်ရှိထုတ်လုပ်နေတဲ့ ဈေးကွက်ထဲမှာ ဖြန့်ချိနေပြီးသား စားသောက်ကုန် တံဆိပ်အမျိုးအစားပေါင်းက ခြောက်မျိုးရှိပါတယ်။ ပြည်တွင်းဈေးကွက် ထဲမှာတော့ Premium အကောင်းစား ငရုတ်သီးမှုန့်နဲ့ Spicy ၊ ကြက်သွန်ဖြူကြော်၊ ကြက်သွန်နီကြော်၊ မြေပဲနို့၊ ကြက်သွန်နီတွေ ထုတ်လုပ်ပါတယ်။ ပြီးတော့ ငရုတ်သီးမှုန့်ကိုမှ ဈေးနှုန်းသက်သာတဲ့ Second Brand အနေနဲ့ အာဘွားလေး ငရုတ်သီး မှုန့်ဆိုပြီးတော့ Second Brand အနေနဲ့ သွားတာရှိတယ်။ ပြီးတော့ကာာပ တံဆိပ်ကကျတော့ ဒီမာလာရှမ်းကော၊ မာလာဟော့ပေါ့၊ မာလာမောက်ချိုက်၊ ဇွန်းဇွန်းမာလာဟင်းပြီးရင် ငရုတ်သီးနှမ်းကပ်ကြော်၊ ပဲဦးနှောက်နှမ်းကပ်ကြော် မုန့်တွေပေါ့နော်။ Snacks နဲ့ မာလာ Series Line ပေါ့။ မာလာ Series ဆီ၊ မာလာ အနှစ်တွေကို Yummy Brand နဲ့လုပ်ထားတယ်။ နောက် တစ်ခုကကျတော့ ရွှေဆွမ်းအုပ် သီးစုံအာဟာရ ဆန်ပေါ့။ အာဟာရဆန်ကိုမှ သီးနှံခြောက်တွေနဲ့ ရောထားပြီးတော့ ဖြည့်စွက်စာ ဒီထမင်းကျွေးတဲ့ အချိန်မှာ ကလေးတွေအတွက် ပေါင်းအိုးထဲကိုထည့်ပြီးတော့ ချက်လိုက်တယ်ဆို ရင် အသီးအနှံတွေရော အကုန်ပါသွားသလို အာဟာရ ဆန်လည်းပါတယ်။ ဗီတာမင်ရယ် ရှစ်မျိုးလည်းပါတယ်။ သီးစုံအာဟာရ ဆန်တွေအပြင် ဆီးချို၊ နှလုံးသွေးတိုး ရောဂါရှိသူတွေအတွက် ဆန်လုံးညို အာဟာရဆန်တွေကိုလည်း ရွှေဆွမ်းအုပ်နာမည်နဲ့ ထုတ်လုပ်တာရှိတယ်ပေါ့။ နောက် ရွှေနန်းဆောင်ဆိုတဲ့ ဟင်းချိုဟင်းချက်အနှစ်မှုန့် လည်းထုတ်လုပ်ပြီးတော့ ပြည်တွင်းမှာတင် Value-added Product ထုတ်ကုန်တွေ ဖြန့်ချိလျက်ရှိပါတယ်။ ရန်ကုန်၊ မန္တလေးကိုတော့ ကိုယ်တိုင်ဖြန့်ချိတယ်။
TREND ။ ။ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ဈေးကွက်ထိုးဖောက်မှုအခြေအနေ လေးကိုလည်းပြောပြပေးပါဦး။
Dr.AKS ။ ။ အဓိကတော့ ပြည်တွင်းတင်မကဘဲ ပြည်ပနိုင်ငံတွေဖြစ်တဲ့ ကိုရီးယား၊ ဂျပန်၊ မလေး၊ ထိုင်းက မြန်မာတွေကများလာတော့ အကုန်လုံးက မြန်မာ ထုတ်ကုန်ပစ္စည်းတွေကို စားချင်လာကြတယ်။ မြန်မာတံဆိပ်တပ်ထားရင် အားပေးချင်တယ်ဆိုတော့ ဒီပြည်တွင်းထုတ်ကုန်တွေက ဟို Export Potential တအားများလာတာပေါ့နော်။ ငရုတ်သီးမှုန့်ဆိုလည်း ဂျပန်မှာ နာမည်ကောင်းရသလို မြန်မာတွေတင် သုံးတာမဟုတ်ဘဲနဲ့ အခြားနိုင်ငံကလူတွေပါ ဒီငရုတ်သီးမှုန့်ကို စပြီးတော့ သုံးလာကြတယ်ပေါ့။ အရည်အသွေး၊ အရောင်အဆင်း၊ အနံ့၊ အရသာကို အကုန်ကြိုက်နှစ်သက်ကြတယ်။ မြန်မာ့ထုတ်ကုန်ပစ္စည်းတွေ ဥပမာ လက်ဖက်ပဲကြော်တို့ဆိုတာလည်း ရောင်းမလောက်ဖြစ်နေတယ်။ ကိုယ့်ရဲ့ မြန်မာ့ထုတ်ကုန်တွေ ပြည်ပကိုထွက်ပြီးတော့ Export လုပ်နိုင်ဖို့ အခြေအနေကတော့ အခုအချိန်က အကောင်းဆုံးပဲပေါ့နော်။ ဆိုတော့ ပြည်တွင်းထုတ်ကုန်တွေကို မြန်မာတွေတင်မက အခြားနိုင်ငံသားတွေပါ အားပေးလာတာ တွေ့လာရတယ်။ ကိုရီးယားနဲ့ ဂျပန်ကို ငရုတ်သီးအစိုကိုခဲပြီးတော့ တင်ပို့တယ်။
TREND ။ ။ ကုန်ကြမ်းရရှိမှုအခြေအနေလေးကိုလည်း ပြောပြပေးပါဦး။
Dr.AKS ။ ။ ကုန်ကြမ်းရရှိမှုအပိုင်းကတော့ အဓိကတော့ ငရုတ်နဲ့ ကြက်သွန်ပေါ့၊ အခုချိန်မှာ ကြက်သွန်ဈေးက အားလုံးသိတဲ့အတိုင်း ၇၀၀၀၊ ၈၀၀၀ ဈေးဖြစ်နေတယ်။ တစ်ခါမှမကြုံဖူးတဲ့ဈေးဖြစ်နေတယ်။ အခုချိန်က ကုန်ကြမ်းက ရှားလည်းရှားတယ်။ ဈေးလည်းကြီးနေတယ်။ ကွာလတီက အခု ၉ လပိုင်းနဲ့ ၁၀ လပိုင်းဆိုရင် အဆင်မပြေတော့ဘူး။ ငရုတ်သီးကလည်း ရာသီဥတု ပြောင်းလဲတာ၊ ဖောက် ပြန်တာ၊ ရေကြီးတာတွေကြောင့် မျိုးစိုက်ခင်းတွေ ပြောင်းလဲတာ ရှိတယ်။ ပိုးမွှားဒဏ်တွေကြောင့် အထွက်နှုန်းတွေ လျော့ကျတာရှိတော့ ငရုတ်သီးဈေးကလည်း အရင်နှစ်တွေထက် အမြင့်ဆုံးဈေးမှာရှိ နေတယ်။ အထွက်နှုန်းက နည်းနည်းပဲထွက်တော့ လုပြီးတော့ဝယ်ရတယ်။ နောက် မာလာအဆီအနှစ် တို့အတွက်က ဆီပေါ့၊ စားအုန်းဆီကလည်း သတ်မှတ်ထားတဲ့ ကိုတာနဲ့ပဲရတော့ ထုတ်လုပ်မှုပိုင်းမှာ တော်တော်လေး ဒုက္ခရောက်တယ်။ ကိုယ့်ရဲ့ထုတ်ကုန်နာမည်လေးရရှိလာတဲ့အချိန်မှာ ထုတ်လုပ်မှုက တိုးရမှာ ကို ဒီအခက်အခဲတွေကြောင့် ထုတ်လုပ်မှုမှာ အခက်အခဲ ရှိလာတာပေါ့။ ထုပ်ပိုးမှုက အရင်တုန်းကတော့ တရုတ်ပြည်ကနေမှာတယ်။ နောက်ပိုင်း Import အခက်အခဲကြောင့် ပြည်တွင်းစက်ရုံက ဝယ်တယ်။ ပြည်တွင်းစက်ရုံကလည်းကော်စေ့က ပြည်ပကနေ မှာယူရတာဆိုတော့ ထုပ်ပိုးမှုဈေးတွေက နှစ်ဆ တက်ကုန်တယ်။ တစ်ခါတလေပစ္စည်း ပြတ်တာတွေ၊ ကိုယ့်ပစ္စည်းပြတ်လတ်မှာစိုးလို့ ကြိုပြီးကုန်ကြမ်းဝယ် ရတယ်။ ထုပ်ပိုးမှုအပိုင်းတွေ ကြိုတင်ပြင်ဆင်ရတော့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နှစ်ဆပိုထပ်တိုးလုပ်ရတယ်။
TREND ။ ။ လက်ရှိအခြေအနေ ဈေးကွက်ထဲက မှာယူမှုရော ဘယ်လို ပြည့်မီအောင် ဖြည့်ဆည်းပေးနေလဲ။
Dr.AKS ။ ။ ကျွန်မတို့မှာလည်း ထုတ်လုပ်မှုနဲ့ပတ်သက်ပြီး ဘယ်အချိန်မှာဘာလုပ်မယ်ဆိုတဲ့ အချိန်ဇယားပေါ့။ အဲ့ဒါရှိတယ်။ ဒါတွေကို ကျွန်မတို့အပိုင်းက မရရအောင်ဝယ်ရတယ်။ ကုန်ကြမ်းမရှိလို့ ထုတ်လုပ်မှုပိုင်းကို ရပ်မသွားဘူး။ အခုလက်ရှိအချိန်အထိ တောင့်ခံ နေတယ်။ မရရတဲ့နည်းလမ်းနဲ့ ဆက်လက်ပြီးတော့ လုပ်ဆောင်နေတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာ အကုန်လုံး ကျပ်တည်းသွားတဲ့ အချိန်မှာ လူ ကြိုက်နည်းတဲ့ ကုန်ပစ္စည်းတွေကို ဖြုတ်ချပြီးတော့ ဆောင်ရွက်ဖို့တော့ရှိပါတယ်။ အခုကတော့ ဈေးကွက်က မှာယူတဲ့အော်ဒါအရည်အသွေးကိုတောင် ပြည့်မီအောင် မပို့နိုင်ဘူးဖြစ်နေတယ်။
TREND ။ ။ ပြည်တွင်းထုတ်ကုန်တွေ ပြည်ပဈေးကွက်ထိ ထိုးဖောက်မှုနဲ့ပတ်သက်ပြီး ဘယ်လိုမျိုး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသလဲ။ ဈေးကွက်အခြေအနေနဲ့ အခက်အခဲလေးတွေရှိရင် ပြောပြပေးပါဦး။
Dr.AKS ။ ။ ပြည်ပကို ထုတ်ကုန်တွေတင်ပို့တဲ့နေရာမှာ ပြည်ပရောက်မြန်မာတွေ များလာတဲ့အတွက်ကြောင့် ကိုရီးယား၊ ဂျပန်၊ မလေး၊ ထိုင်းနဲ့ ကမ္ဘော ဒီးယား အဲဒီနိုင်ငံမှာ ပြည်ပရောက်မြန်မာ တွေများလာတဲ့အတွက် မြန်မာပစ္စည်းကို စားချင်တယ်။ မြန်မာတံဆိပ် တပ်ထားရင် အားပေးချင်ကြတော့ ပြည်ပက မှာယူမှုက ပိုမိုပြီး များပြားလာတယ်။ ဈေးကွက်ကတော့ အကြီးကြီးပဲ။ ပြည်ပကိုတင်ပို့ဖို့ ဒီအချိန်ကအကောင်းဆုံးပါပဲ၊ ပြည်ပကို ပို့ဖို့အတွက်က ဆောင်ရွက်ရတဲ့အပိုင်းတွေ အများကြီးရှိပါတယ်။ ဥပမာ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး FDA ရှိသလား၊ Food Safety နဲ့အညီ ထုတ်လုပ်ထားသလား။ အဲဒါမျိုးတွေ ပေါ့နော်။ အဲဒါတွေပြီးလို့ရှိရင် တချို့ကတော့ လုပ်ငန်းအသေးစားဆိုလို့ရှိရင်ရင် ကုမ္ပဏီမထောင်ထားတာတို့၊ စာရွက်စာတမ်းတွေ မပြည့်စုံတာတို့ အဲဒါမျိုးလေးရှိပါတယ်။ အဲဒါတွေကို ဖြည့်ဆည်းနေရတဲ့ အသေး စား၊ အလတ်စား လုပ်ငန်းလေးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ကုမ္ပဏီနာမည်နဲ့ မထွက်တော့ ဘူးဆိုရင် တချို့ Export/Import License ရှိတဲ့ ကုမ္ပဏီကနေ ထွက်သွားတာမျိုးတွေလည်း ရှိတယ်ပေါ့။ တချို့ကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ကုမ္ပဏီက Direct Export လုပ်တယ်ဆိုတဲ့ အနေအထားရချင်တဲ့အတွက်ကြောင့်မို့လို့ Certifications တွေစုံအောင်၊ FDA ရအောင် ကြိုးစားနေတဲ့အသေးစား၊ အလတ်စား လုပ်ငန်း ရှင်တွေလည်း အများကြီးပဲပေါ့။ ကျွန်မတို့ ဒီ Export License လျှောက်တဲ့အဆင့် အခက်အခဲရှိမယ်။ ပြီးရင် တကယ် ထွက်သွားပြီဆိုရင်လည်း အကောက်ခွန်၊ ဆိပ်ကမ်းမှာ အစစ်ဆေးခံရပါတယ်။ ပြီးရင် သက်ဆိုင်ရာ အသင်းတွေပေါ့နော်။ ဥပမာ ပဲနှမ်းအသင်း၊ စိုက်ပျိုးရေးအသင်းတွေကနေ ထောက်ခံချက်ယူရတာပေါ့။ အဆင့်ဆင့်ကတော့ အကုန်လုံးမှာတော့ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ရတာတွေမှာ နားမလည်တဲ့ အသေးစား၊ အလတ်စား(SME)လုပ်ငန်းရှင်တွေလည်းရှိတယ်။ တချို့အသေးစား၊ အလတ်စား (SME) လုပ်ငန်းရှင်တွေအနေနဲ့ အတွေ့အကြုံမရှိဘူးဆိုရင်တော့ အခက်အခဲတွေ အများကြီးရှိနိုင်တယ်။ နောက်ပြီးကျွန်မအနေနဲ့ (MYEA) မှာ ဗဟိုအလုပ်အမှု ဆောင်တစ်ဦးလည်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ အသင်း အနေနဲ့ အသင်းရဲ့ Members တွေရော၊ အသင်းရဲ့ Network မှာရှိတဲ့ SME လုပ်ငန်းရှင်တွေအကုန်လုံးကို ဖိတ်ခေါ်ပြီးတော့မှ Seminar တွေ စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) လေးတွေ ကျင်းပခဲ့ပါတယ်။ အခုလက်ရှိ Export သွားနေတဲ့ ရှမ်းပြည်နယ်၊ မန္တလေးနဲ့ ရန်ကုန်တိုင်းက အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ပေါင်းပြီးတော့ စကားဝိုင်းဆွေးနွေးပွဲလည်း ကျင်းပပေးခဲ့ပါတယ်။ အဲဒီမှာဆိုလို့ရှိရင်လည်း သူတို့သိချင်တဲ့ မေးခွန်းတွေ ပွင့်ပွင့်လင်းလင်း မေးမြန်းနိုင်ခဲ့ပြီး အကုန်လုံးကလည်း နည်းမှန်လမ်းမှန်နဲ့ ဘယ်လိုလုပ် ရမယ်ဆိုတဲ့လမ်းကြောင်းတွေကို ညွှန်ကြားပြသပေးခဲ့ပါတယ်။
TREND ။ ။ အသေးစား၊ အလတ်စား (MSME) ပြပွဲတွေမှာ ဝင်ရောက် ပြသဖြစ်တဲ့အကြောင်းလည်း ပြောကြားပေးပါဦး။
Dr.AKS ။ ။ ကျွန်မတို့အနေနဲ့ ဝယ်သူတွေနဲ့ ထိတွေ့ချင်တယ်။ ထုတ်ကုန်တွေကိုရှင်းပြချင်တယ်။ မရှင်းပြရင်မသိဘူး။ ငရုတ်သီးမှုန့်ချင်း တူပေမယ့် ဒီငရုတ်သီးက ဘာလို့ဈေးကြီးနေလဲ။ ဒီငရုတ်သီးကို ဘာကြောင့်စားသုံးသင့်သလဲ ဆိုတာတွေ ရှင်းပြပေးပါတယ်။ ဈေးနှုန်းအရတော့ နှစ်ဆ၊ သုံးဆဈေးကြီး တာမဟုတ်ဘူး။ ရာခိုင်နှုန်း အနည်းငယ်ဈေးကြီးတာပေါ့နော်။ ဒါလည်း ထုတ်ကုန်က အဆင့်ဆင့်ပြုလုပ် တဲ့အတွက်ကြောင့်နဲ့ ဓာတ်ခွဲစစ်ဆေးတာကြောင့်ပါ။ ဓာတုဆိုးဆေးသုံးပြီး အရောအနှောတွေ ပါတာတွေကို စားသုံးရင် ဘယ်လိုဖြစ်မလဲဆိုတာကို စားသုံးသူတွေ သိစေချင်တဲ့အတွက် အခုလိုပြပွဲ တွေမှာ ပါဝင်ပြ သပြီး အသိပညာဗဟုသုတတွေမျှ ဝေပေးနေပါတယ်။
TREND ။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးပါဦး။
Dr.AKS ။ ။ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် နံပါတ် (၁)ကတော့ ကုန်ကြမ်းပေါ့နော်။ ကုန်ကြမ်းဆိုတာလည်း အစားအသောက်နဲ့သက်ဆိုင်တာ အကုန်လုံးအပြင် ထုပ်ပိုးမှုပုံစံလည်း ပါတယ်ပေါ့။ တစ်ခု ထိခိုက်သွားတယ် မပြည့်စုံခဲ့ရင် ကျွန်မတို့ထုတ်ကုန်တွေက ကောင်းကောင်းမွန်မွန်ထွက်လာမှာ မဟုတ်ဘူးပေါ့။ ထုပ်ပိုးမှုပုံစံမရှိလို့ နောက်ပုံစံပြောင်းလိုက်လို့ရှိရင် လည်း ဝယ်ယူသူ ဖောက်သည်တွေက ဝေဝါးသွားပြီးတော့ အရောင်းက ထိုးကျတာပေါ့နော်။ တချို့ Brand တွေဆိုရင် ကိုယ့်ရဲ့ထုတ်ကုန်က ပျောက်သွားတဲ့အထိ ဖြစ်သွားတယ်။ အဲဒီလို မျိုးလေးတွေ ရှိတဲ့အတွက် ကြောင့်မို့လို့ ထုတ်ကုန်တွေမှာ သုံးရမယ့် အမှန်တကယ် လိုအပ်တဲ့ပစ္စည်းတွေ ရှိဖို့လိုအပ်ပါတယ်။ ဆိုတော့ စက်မှုကုန်ကြမ်းမှာ လိုအပ်နေတဲ့ အခြေအနေမှာ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်နေတာ တွေဆိုလို့ရှိရင်တော့ ပိုပြီးတော့ပံ့ပိုးပေးသင့်တယ်လို့ မြင်ပါတယ်။
သက်မှူး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၉ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )