မြန်မာပြည်ကြီး သာယာလှပစွာ တည်ရှိစေဖို့ ပြည်ထောင်စုတစ်ဝန်းမှာ တည်ရှိနေတဲ့ဒေသ အစိတ်အပိုင်းအားလုံး ပြည်ထောင်စုအတွင်းမှာ တည်ငြိမ်အေးချမ်းစွာ တည်ရှိဖို့ အရေးကြီးပါတယ်။ သမိုင်းကြောင်း အရပဲဖြစ်ဖြစ်၊ လက်ရှိအခြေအနေထိ ဖြစ်တည်မှုအရပဲ ဖြစ်ဖြစ် ခွဲထွက်ဖို့ မဆိုထားနဲ့ သီးခြားရပ်တည်လို့ပင် မဖြစ်နိုင်ပါ။ ကမ္ဘာ့နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ လူမျိုးရေး အခြေအနေတွေအရဆိုရင်လည်း ပြည်ထောင်စုကြီးပဲ့သွားပါက အဲ့ဒီအပဲ့နေရာကစပြီး တစ်စစီ ဖြစ်သွားနိုင်တာကို သတိထားဖို့ လိုပါတယ်။
အင်အားကြီး နိုင်ငံကြီးနှစ်ခုကြားမှာ တည်ရှိနေမှု၊ ကမ္ဘာ့နိုင်ငံရေးအရ လက်ဝဲလက်ယာ လွှမ်းမိုးမှုတွေအရ ပဲ့ထွက်သွားတဲ့ အစိတ်အပိုင်းဟာလည်း တည် ငြိမ်အေးချမ်းမယ်၊ ဖွံ့ဖြိုးတိုးတက်မယ် မထင်ပါနဲ့။ အသားတစ်‘တစ်’တစ်ကို ခွေးအçတွေ ဝိုင်းဆွဲသလိုဖြစ်မှာ အသေအချာပါ။ ပြည့်အင်အားဟာ ပြည်တွင်းမှာသာ ရှိပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက ပြည့်အင်အားပါ။ အင်အားအဖြစ် တည်ရှိနိုင်ဖို့ ကြိုးစားရမှာဖြစ်သလို အင်အား ဖြစ်လာနိုင်စရာ မရှိရင်တော့ လှိုက်စားမယ့်ပြည်ကို အလှိုက်စားမခံဘဲ အမြစ်ပြတ် ဖောက်ထုတ်ပစ်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းဖြစ်တည်မှုဟာ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စုစည်းပြီး အင်အားအဖြစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် စတင်ဖြစ်တည်မှု မတိုင်ခင်မှာကတည်းက ပဋိပက္ခက စနေခဲ့တာ ဖြစ်ပါတယ်။ အနာရဲ့ ရင်းမြစ်ကိုရှာပြီး ပြတ်သားစွာ မကုသခဲ့ရာက ကူးစက်ခဲ့ရတဲ့ပြဿနာလို့ မြင်ပါတယ်။ ပြဿနာဟာ ပြည်ထောင်စုဖွဲ့စည်းရေးထက် ကိုယ်ပိုင်နယ်မြေနဲ့ ကိုယ်ပိုင်အာဏာတည် ဆောက်လိုသူတွေရဲ့ လိုလားချက်လို့ဆိုနိုင်မှာ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေရဲ့ လိုလားချက်ဟာ တန်း တူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပါ။
တန်းတူအခွင့်အရေးဆိုတာ ပြောလို့သာလွယ်တာ အဓိပ္ပာယ်ကောက်ယူချက်က ကျယ်ပြန့်ပ တယ်။ နယ်မြေနဲ့အာဏာတည်ဆောက်လိုသူတွေက လိုသလို အဓိပ္ပာယ်ကောက်ယူပြီး ဝါဒဖြန့်ရာက စည်းလုံးညီညွတ်ရေးပြိုကွဲတဲ့ ပြဿနာပိုကြီးထွားလာတာပဲ ဖြစ်ပါတယ်။ ပြည်ထောင်စုတစ်ခုရဲ့ တန်းတူအခွင့်အရေးဟာ အခြေခံအားဖြင့် တစ်ဦးချင်းစီအတွက် သတ်မှတ်ချက်ရှိဖို့လိုသလို လူမျိုးစုချင်းအလိုက် ညီညွတ်မျှတဖို့ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာ ဘာကိုဆိုလိုချင်တာလဲ။ ပြည်ထောင်စုအတွင်းမှာ သီးခြားဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့ကိစ္စတွေ ရှိပါတယ်။ တစ်နယ်တစ်မျိုးလုပ်၍ မဖြစ်နိုင်ပါ။ လွတ်လပ်စွာ ကိုးကွယ်မှုနဲ့ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့တွေကို လွတ်လပ်စွာ ဖန်တီးဆောင်ရွက်ခွင့်ရှိဖို့သာ အဓိကပါ။ ဒါတွေအကုန် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရပြီးသား ဖြစ်ပါတယ်။
ဒါဆို လိုနေတာဘာလဲ။ အဓိကက ကိုယ့်နယ်မြေအတွင်းမှာ လူမျိုးရေးအရ ကိုယ့်လူမျိုးအုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ ပြည်ထောင်စုအမြင်နဲ့ကြည့်ရင် တစ်မျိုး၊ လူမျိုးရေးအမြင်နဲ့ကြည့်ရင် တစ်မျိုးဖြစ် ပါတယ်။ ဒီပြဿနာက အခြေခံဥပဒေ ပြင်ပေးလိုက်ရင် မခက်ခဲတဲ့ကိစ္စပါ။ သို့သော် လက်နက်ကိုင်ထား ပြီး အာဏာတည်ဆောက်လိုတဲ့ လိုလားချက်ကတော့ ပြဿနာရှိပါတယ်။ ဒါကလည်း ဥပဒေဘောင် အတွင်း က သတ်မှတ်ချက်အရ ဆို ဖြစ်နိုင်ခြေရှိပါသေးတယ်။ သီးခြားနိုင်ငံထူထောင် မယ်ဆိုတာမျိုး၊ အနိမ့်ဆုံးအဆင့် Confederate ဆိုတာမျိုးကတော့ ပြည်ထောင်စုအတွက် ဘယ်လိုမှ လက်ခံလို့ မရတဲ့ကိစ္စပါ။ ဒီလိုမျိုး ပြည်ထောင်စုအတွက် အန္တရာယ်ပေးလာမယ့် ဆူးငြောင့်ကတော့ ငုတ်မကျန်အောင် နုတ် ရမှာဖြစ်ပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အတော်များပါတယ်။ ပုံသဏ္ဌာန်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး ရှိကြပေမယ့် လိုလားချက်ကတော့ သီးခြားနယ်မြေနဲ့ လက်နက်ကိုင်တပ် တရားဝင် တည်ရှိရေးဖြစ်ပါတယ်။ ခေတ်ကာလ ကြာလာတာနဲ့အမျှ ဒီအမြင်၊ ဒီဝါဒကြီးစိုး လာတာ မှန်ပေမယ့် ပြည်ထောင်စုအတွင်းက ခွဲမထွက်ဘဲ ပြည်ထောင်စုအတွက် အားအဖြစ်တည်ရှိနေမယ်၊ ပြည် ထောင်စုအပေါ် သစ္စာရှိနေမယ် ဆိုရင်တော့ ပုံစံတစ်မျိုးနဲ့ စဉ်းစားနိုင်ပေမယ့် ပြည်ထောင်စုအတွက် အားမဖြစ်တဲ့ အဖွဲ့တွေကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အဖြစ် သတ်မှတ်လို့ မရပါ။ လက်နက်ကိုင်ထားတိုင်း တိုင်းရင်းသားကို ကိုယ်စားမပြုပါ။
ကချင်ပြည်နယ်အတွင်းမှာ ကချင်လူမျိုးစုတွေ အများကြီးရှိပေမယ့် KIA ဟာ ကချင်လူမျိုးစုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါ။ ကချင်ပြည်နယ်အတွက်ဆို ပိုလို့တောင် ကိုယ်စားမပြုဘူးလို့ ဆိုနိုင်ပါ တယ်။ ၁၉၄၇ ခုနှစ် ပင်လုံညီလာခံအကျိုးဆက်အရ ကချင်တိုင်းရင်း သားအမည်ခံ ကချင်ပြည်နယ် ဖြစ်တည်လာခဲ့ပေမယ့် ကချင်တွေချည်းပဲ သီးခြားနေထိုင်ရာ နယ်မြေမဟုတ်ပါ။ အတူယှဉ်တွဲနေထိုင်ဖို့ သင့်ပါလျက်နဲ့ အမည်ကိုကိုယ်စားပြုပြီး လက်ဝါးကြီးအုပ်လို့ မသင့်တဲ့ကိစ္စပါ။ သမိုင်းကြောင်းအရ ကြည့်ရင်ပဲဖြစ်ဖြစ်၊ လက်ရှိအခြေအနေအရပဲဖြစ်ဖြစ် ကချင်ပြည်နယ်အတွင်းမှာ KIA ကို ကချင်လူမျိုးစု တပ်မတော်အဖြစ် လက်မခံတဲ့ ကျန်တိုင်းရင်းသားတွေမပြောနဲ့ ကချင်လူမျိုးစုတွေအများကြီး ရှိပါတယ်။
ဘာဖြစ်လို့ လက်မခံကြတာလဲ။ ခပ်ရှင်းရှင်းပြောရရင် စတင်ဖွဲ့စည်းမှုက သန္ဓေမမှန်ခဲ့သလို နောက်ပိုင်း ဖွဲ့စည်းမှုကလည်း ပြည်ထောင်စုအရေးထက် လူမျိုးစုအမည်ခံ အာဏာတည်ဆောက်ရေး အတွက်ကြောင့် ဖြစ်ပါတယ်။ လုပ်ရပ်တွေကို ကြည့်ရင်လည်း လူမျိုးစုအရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးထက် ကိုယ်ကျိုးအဓိကဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ စတင်ဖွဲ့စည်းခဲ့တာက KNU ရဲ့ ပယောဂ အရပါ။ ၁၉၅၀ ပြည့်နှစ်မှာ ဗိုလ်ကြီးနော်ဆိုင်းဟာ တပ်မတော်က တောခိုပြီး KNDO ရဲ့ အင်အားစုအဖြစ် ရှမ်းပြည်(မြောက်ပိုင်း) လားရှိုးကို ရောက်ရှိလာခဲ့ပါတယ်။ လားရှိုး အထက်တန်းကျောင်းမှာ ပညာသင် နေတဲ့ ရှစ်တန်းကျောင်းသား ဇော်ဆိုင်းက နော်ဆိုင်းနဲ့ လိုက်ပါပြီး တောခိုခဲ့ပါတယ်။
အဲဒီအချိန်ထိ ကချင်အရေးတစ်လုံးတစ်ပါဒမှ မဆိုသေးပါ။ ၁၉၅၁ ခုနှစ်မှာ နော်ဆိုင်း တရုတ်နိုင်ငံထဲ ဝင်သွားခဲ့ပါတယ်။ ဇော်ဆိုင်းက လိုက်ပါခြင်းမရှိဘဲ သံတောင်၊ ဘောဂလိက KNDO တို့နဲ့ သွားရောက်ပူး ပေါင်း ခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရကာလအထိ KIA မပေါ်သေးပါ။ ၁၉၅၉ ခုနှစ်မှာ KNU က ဂျီလစ်လင်း (ကချင်အမည်ဇော်ဘောက်)ကို ဇော်ဆိုင်းရဲ့ အကြံပေးအရာရှိအဖြစ် ခန့်အပ်ပြီး ဇော်ဆိုင်းကို ရှမ်းပြည်(မြောက်ပိုင်း)မှာ မြေအောက်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ စေလွှတ်ခဲ့ပါတယ်။ ဇော်ဆိုင်းက သူ့အမေ ကျောင်းဆရာမ တာဝန်ထမ်းဆောင်နေတဲ့ ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာမှာ ခိုအောင်းပြီး မြေအောက်လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။ အဓိကအားဖြင့် ကချင်လူငယ်တွေကို စတင်စည်းရုံးခဲ့တာပါ။ ဇော်ဆိုင်းရဲ့ညီ တက္ကသိုလ်ကျောင်းသား ဇော်တူး၊ အမှတ်(၄) ကချင် သေနတ် ကိုင်တပ်ရင်းက ဒုတပ်ကြပ်အဆင့်နဲ့ ထုတ်ပယ်ခံထားရတဲ့ လမုန်တူးဂျိုင်၊ တက္ကသိုလ်ကျောင်းသား လမားလရိန်းတို့နဲ့ ပေါင်းပြီး ၁၉၆၀ ပြည့်နှစ်မှာ ဇော် ဆိုင်းက KIO ( Kachin Independence Organization) ကို စတင်ထူထောင်ခဲ့ပါတယ်။ ဇော်ဆိုင်းက ဥက္ကဋ္ဌ၊ ဇော်တူးက ဒုဥက္ကဋ္ဌ၊ လမားလရိန်းက အတွင်းရေးမှူး၊ လမုန်တူးဂျိုင်က ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ယူခဲ့ကြပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ နိုင်ငံရေး သမားတွေ က ခါးပိုက်ဆောင်အဖြစ် လက်နက်တပ်ဆင်ပေးတဲ့အတွက် လက်နက်ကိုင်အင်အား ၂၇ ယောက်နဲ့ KIO အဖွဲ့အစည်း ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် ဦးနုရဲ့ ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်မှု၊ တရုတ်-မြန်မာ နယ်နိမိတ်သတ်မှတ်ချက်စာချုပ်မှာ ဖိမော်၊ ဂေါ်လံ၊ ကန်ဖန်ဒေသတွေကို တရုတ်နယ်မြေအတွင်း ထည့်သွင်းဖော်ပြမှုအရ ကချင်ပြည်သူတွေ မကျေနပ်တာကို လှုံ့ဆော်စည်းရုံးရာကစပြီး အင်အားအတန်အသင့် ကြီးထွားလာခဲ့တာ ဖြစ်ပါတယ်။ KNU ရဲ့ အားပေး ထောက်ပံ့မှုတွေအရ ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၅ ရက် ကွတ်ခိုင်နယ်မြေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (Kachin Indepen-dence Army-KIA)နဲ့ ကချင်လွတ် မြောက်ရေးကောင်စီ (KIC)ကို စတင်ထူထောင်ခဲ့ကြပါတယ်။ KIA ဖွဲ့စည်းစဉ်ကြေညာခဲ့တဲ့ ရည်ရွယ်ချက်က ]အချုပ်အခြာအာဏာပိုင်သည့် သီးခြားလွတ်လပ်သော ကချင်သမ္မတနိုင်ငံထူထောင်ရန်’ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၆၁ ခုနှစ် စက်တင်ဘာလခန့်က စပြီး ဇော်တူးခေါင်းဆောင်တဲ့ KIA အင်အား ၁၀၀ လောက် ဟာ ဗန်းမော်ခရိုင် မွန်ဘာပါဒေသကို စတင်ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုအခြေခံအားဖြင့် စတင်ခဲ့တဲ့ KIA ဟာ ပင်လုံညီလာခံသဘောတူညီချက်ထက် ကျော်လွန်နေသလို လွတ်လပ်ရေးရဖို့အတူ ကြိုးစားခဲ့ကြတဲ့ ကချင်ခေါင်းဆောင်ကြီးတွေရဲ့ သဘောထားနဲ့ ကင်းလွတ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ထို့အတူ ကချင်ပြည်နယ်အတွင်းမှာ မှီတင်းနေထိုင်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ သဘောထား လည်းမဟုတ်ပါ။ ၁၉၆၃ ခုနှစ်မှာ တော်လှန်ရေးကောင်စီက လက်နက်ကိုင်လမ်းစဉ်စွန့်ဖို့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ KIA ရဲ့ ရပ်တည်ချက်ကခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ရေးသာ လိုလားကြောင်း အတိအလင်းဆိုပါတယ်။ ဆွေးနွေးချက်တွေထဲက အဓိကအချက်ကတော့ -
“ဤသို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ် ခွဲထွက်သွားသည်ကို နှစ်ဦးသဘောတူ လက် မှတ်ရေးထိုးပြီးသည့်နေမှစ၍ ကချင်ပြည်နယ်နှင့် ဗမာပြည်သည် အောက်ပါ ထာဝရမူငါးချက်ကို အခြေခံ ထား၍ နှစ်ပြည်ထောင် ဆက်ဆံသွားရေးကိုပဲ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးရန်
(၁) တစ်ဦး၏နယ်မြေ တည်တံ့ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ရေးကို တစ်ဦးက လေးစားရန်၊
(၂) တစ်ဦးကိုတစ်ဦးက မကျူးကျော်ရေး၊
(၃) တစ်ဦး၏ ပြည်တွင်းရေးရာတွင် တစ်ဦးက ဝင်မစွက်ရေး၊
(၄) တူညီစွာနှင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစွာ ဆက်ဆံရေး၊
(၅) ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ ဖြစ်ပါတယ်။ အချက်သုံးကိုကြည့်ရင် ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်မှာထက် လက်နက်ကိုင်လက်ဝါးကြီးအုပ်မှာ သေချာနေတာကို သတိထားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသီးခြားနိုင်ငံ ထူထောင်မယ့် ရပ်တည်ချက်ကို အသေဆုပ်ကိုင်ထားတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားခဲ့ရခြင်း ဖြစ်ပါတယ်။ ဒီလိုသဘာဝနဲ့ တည်ဆောက်ထားတဲ့ KIA ဟာ ပြည်ထောင် စုရဲ့ အန္တရာယ်ဖြစ်တဲ့အတွက် ထိုစဉ်အခါကတည်းက အမြစ်ဖြတ်ခဲ့ရမှာ ဖြစ်ပါတယ်။
နဝတ၊ နယက အစိုးရလက်ထက် ၁၉၉၄ မှာ KIA နဲ့ ငြိမ်းချမ်းရေးယူခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီကာလ မတိုင်ခင်အထိ KIA က KIA တခြား၊ ကချင်လူထုက တခြားပါ။ KIA ကို ကချင်လူမျိုးစုတူ တွေကပင် ကချင်တပ်မတော်အဖြစ် အသိအမှတ်မပြုကြပါ။ နဝတ၊ နယကလက်ထက်မှာ ရယူခဲ့တဲ့ ငြိမ်းချမ်းရေးက နိုင်ငံရေးသဘောတူညီမှုထက် အပစ်အခတ်ရပ်စဲရေးနဲ့ ဒေသဖွံ့ဖြိုးရေးကိုသာ အဓိက ထားခဲ့တာ ဖြစ်ပါတယ်။ အခြေခံဥပဒေပေါ်လာပြီး ရွေးကောက်ခံ အစိုးရလက်ထက်မှာ နိုင်ငံရေးအရ ရပ်တည်မှုကိစ္စ ဆက်လက်ဆွေး နွေးကြဖို့ ဖြစ်တဲ့အတွက် ထိုစဉ်အခါက အေးချမ်းခဲ့ပေမယ့် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ပေါ်ပေါက်လာပြီးနောက်မှာ KIA ရဲ့ ပြည်ထောင်စုအတွင်းက ခွဲထွက်လို တဲ့သဘောထားကို ပြန်လည်တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစပြီး တစ်ကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ နဝတလက်ထက်မှာ ရရှိထားတဲ့ အခါကောင်းကိုယူပြီး ကချင်လူထုအတွင်း စည်းရုံးခဲ့တာ၊ ကချင်လူငယ်တွေကို သိမ်းသွင်းခဲ့တာ၊ စစ်အင် အားတိုးချဲ့ခဲ့တာတွေဟာ အခုချိန်မှာ သူ့အတွက် အားတစ်ခု ဖြစ်စေခဲ့တာတော့ လက်ခံရမှာ ဖြစ်ပါတယ်။ သို့သော် ပြည်ထောင်စုအတွင်းက ခွဲထွက်ဖို့ကြံရွယ်နေတဲ့ လုပ်ရပ်မှန်သမျှ ခွင့် လွှတ်သည်းခံနေလို့ မသင့်ပါ။ KIA မှာ ကချင်လူမျိုး နောက်ခံအားကောင်းတယ် ဆိုပေမယ့် ကျန်ကချင် လူမျိုးစုတွေနဲ့ ပြည်နယ်အတွင်းက တိုင်းရင်း သားပြည်သူတွေအတွက် ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါ တယ်။ KIA ဟာ ကချင်လူမျိုးစုအားလုံးနဲ့ ကချင်ပြည်နယ်ကို ကိုယ်စားမပြုပါ။ ပြည်ထောင်စုနဲ့ ကချင် ပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အန္တရာယ် တစ်ခုပါ။
၂၀၀၈ အခြေခံဥပဒေ အတည်ပြုပြီးနောက်ပိုင်း တစ်ကျော့ပြန် စစ်ကာလမှာ KIA ရဲ့ ရပ်တည်ချက် ကိုကြည့်ရင် ပြည်ထောင်စုအတွက် မရိုးသားတာတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဦးစခုန်တိန့်ယိန်းရဲ့ ကချင် ပြည်နယ်အထူးဒေသ(၁)ကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် AA နဲ့ TNLA ကို မွေးမြူ မြေတောင်မြှောက်ပေးခဲ့တယ်။ NCA လက်မှတ်ရေးထိုးဖို့ သူကိုယ်တိုင် စာသားရေးပေးခဲ့ပေမယ် တကယ်တမ်း လက်မှတ်ရေးထိုးရာမှာ ဟိုလိုလို ဒီလိုလိုနဲ့ ရှောင်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်း အလဲကာလမှာ KIA ရဲ့ ပြည်ထောင်စုအပေါ်ထားတဲ့ သစ္စာမရှိတဲ့ လုပ်ရပ်ဟာ ဘူးပေါ်သလို ပေါ်လာနေတာ တွေ့ရမှာဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းက မြို့တွေကို သိမ်းတာ၊ သူ့ဒေသနဲ့ သူနေထိုင်နေတဲ့ ပန်ဝါလူမျိုးစုဒေသကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာ၊ အဲဒီဒေသက တန်ဖိုးကြီးမြေ ရှားသတ္တုတွေကို ကိုယ်ကျိုးအတွက် လက်ဝါးကြီးအုပ်ခဲ့တာ၊ ကချင်ပြည်နယ်အတွင်းက လူငယ်တွေကို KPDF အဖြစ် စည်းရုံးသိမ်းသွင်း လက် နက်တပ်ဆင်ပေးပြီး နယ်မြေတွေကို တိုက်ခိုက်စေခဲ့တာ၊ စစ်ကိုင်းတိုင်းအတွင်းက ဗမာလူငယ်တွေကို စစ်သင်တန်းပေးပြီး လက်နက်တပ် ဆင်ပေးခဲ့တာတွေဟာ ပြည်ထောင်စုအတွက် ဆိုးရွားတဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ ဂွမ်မော်ပြောတဲ့ ကချင်ပြည် လုံခြုံရေးအတွက် စစ်ကိုင်းတိုင်းက လူငယ်တွေကို ခြံ စည်းရိုးအဖြစ် ကာထားနေတယ်ဆိုတဲ့ လုပ်ရပ်ဟာ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ လုပ်ရပ်ပါ။ ဗမာ ဗမာချင်း ပြန်သတ်ခိုင်းပြီး သူ့အတွက် လုံခြုံရေးနဲ့ လွတ်မြောက်နယ်မြေတည်ဆောက်တဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်။
KIA ရဲ့ လုပ်ရပ်ကိုကြည့်ရင် နိုင်ငံတော်နဲ့ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ လမ်းဖွင့်ထားပေး ခဲ့ပေမယ့် NUG နဲ့ပေါင်းပြီး အဆုံးထိသွားမယ့်လမ်းကို ရွေးချယ်ထားတာတွေ့ရပါတယ်။ ဗန်းမော်၊ ရွှေကူ၊ ကသာမြို့တွေအထိ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြိုးစားလာခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဒေသတွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့အချိန်မှာ တစ်ဖက်နိုင်ငံက စီးပွားရေးမသမာ သူတွေနဲ့ ပေါင်းပြီး သစ်ခိုးထုတ်ခြင်း၊ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းတွေကို အလွန်အကျွံ လုပ်ပြီး စီးပွားရှာနေတာ တွေ့ရမှာဖြစ်ပါတယ်။ နိုင်ငံတော်က တည်ဆောက်ပေးထားတဲ့ ဧရာဝတီမြစ်ကူး တံတားစင်းခန်းကို အသုံးချပြီး နိုင်ငံ့သယံဇာတတွေကို တစ်ဖက်နိုင်ငံကို ပေါပေါလောလောနဲ့ ကိုယ်ကျိုးအတွက် ရောင်းချနေတာတွေ့ရပါတယ်။
အခုချိန်မှာ တပ်မတော်က စင်းခန်းကို ထိုးစစ်ဆင်တော့ တံတားကို ဖောက်ခွဲခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ ကိုယ့်အတွက် အကျိုးမရှိရင် ဘာမဆိုဖျက်ဆီးမယ့် စိတ်ဓာတ်ပါ။ KIA ရဲ့ လုပ်ရပ်ဟာ ပြည် ထောင်စုငြိမ်းချမ်းတည်တံ့ရေးထက် ပျက်စီးရေးကို ဦးတည်နေတာ ဖြစ်ပါတယ်။ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးထက် ကိုယ်ကျိုးအတ္တကိုအခြေခံပြီး အာဏာတည်တံ့ရေးနဲ့ ကြွယ်ဝချမ်း သာရေးကို ရှေးရှုနေကြတဲ့အတွက် ပြည်နယ်ပျက်စီးရေးကို ဦးတည်နေတာ ဖြစ်ပါတယ်။ ဒီ လုပ်ရပ်တွေဟာ ကချင်ပြည်နယ်နဲ့ ကချင်လူထုကောင်းစားရေး ဟုတ်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပင် မလိုပါ။ ကချင်လူထုနဲ့ ကချင်ပြည်ကို ကိုယ်စားမပြုတဲ့ KIA ဟာ ပြည်နယ်အတွက်ရော၊ ပြည်ထောင်စုအတွက်ပါ အန္တရာယ်ပါ။ ဒီဆူးကို အမြစ်ပြတ်နုတ်ပစ်မှသာ ပြည်ထောင်စုအတွက် အကျိုးရှိမှပါ။
KIA ဟာ ကချင်လူမျိုးကို ကိုယ်စားမပြုတဲ့ ကိုယ်ကျိုးရှာ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုသာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် သာယာလှပရေး၊ ပြည်ထောင်စုမပြိုကွဲရေးအတွက် KIA ဆိုတဲ့ဆူးကို နုတ်ပစ်မှသာ ရှေ့ခရီးဆက်နိုင်မှာပါ။ KIA ရဲ့ ငြိမ်းချမ်းရေးစကားသံဟာ သူအားနည်းချိန် သက်သာဖို့ သက်သက်အတွက်သာ ဖြစ်တဲ့အတွက် အမြစ်ဖြတ်တာသာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ကျည်တောက် ဘယ်လောက်စွပ်စွပ် ဖြောင့်လာစရာ မရှိပါ။
ဇော်နိုင်
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )