PDF ပေါ်လာသည်နှင့်အပြိုင် ပျက်ခဲ့ရသည့် မြို့ ရွာများ

ဘဝ၏ အချိုးအကွေ့များ
    ‘ဘဝကြီးက ရယ်စရာကောင်းသည်’ဟု ကိုယ်ဖြတ်သန်းလာခဲ့သည့် အတိတ်ကို အနည်းငယ် ငဲ့စောင်း၍ ပြန်ကြည့်ကာ ရယ်ကာမောကာနှင့် စိတ်လိုလက်ရ စကားပြောနေသည့် ဈေးသည်တစ်ဦး၏ ဒဿနက စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူက ငါန်းဇွန်မြို့နယ် မြို့မဈေးပေါက်နှင့် မျက်နှာချင်းဆိုင် လမ်းတွင် ရှိသည့်နေရာတွင် ဈေးရောင်းသူဖြစ်ကြောင်း ပြောထား၏။
    “ဒီနေရာကို ပြဦးမယ်၊ အဲဒါ ငါန်းဇွန်လမ်းပဲ”ဟုဆိုကာ သူမ ဈေးရောင်းသည့်နေရာကို ရုပ်သံရိုက်၍ ပြလေသည်။ သူပြောမှ သတိထား၍ ကြည့်လိုက်မိသည်။ သူမ ဈေးရောင်းသည့်နေရာက ငါန်းဇွန်မြို့မဈေး၏ ရှေ့တည့်တည့်တွင်ဟုဆိုခဲ့ပြီး လက်ရှိငါန်းဇွန်မြို့၏ အခြေအနေကို ရုပ်သံရိုက်ပြမှ သူဆိုလိုချင်သည့်အကြောင်းကို သဘောပေါက်သွားပါသည်။ ငါန်းဇွန်မြို့၏ အဓိကလမ်းမကြီးထဲတွင် ပါဝင်သည့်နေရာဆိုသည်ကို ကျိန်ပြောမှ ယုံနိုင်ကြမည့် အနေအထား ဖြစ်သွားလေသည်။ စုံမြိုင်ဂနိုင်ထဲကလှည်း လမ်းကဲ့သို့ ဖြတ်သွားဖြတ်လာ ဖြတ်သန်းသူများ ကျိုးတိုးကျဲတဲမျှမရှိဘဲ ခြောက်သွေ့တိတ် ဆိတ်ငြိမ်သက် နေလေသည်။ ထိုကဲ့သို့ ခြောက်ကပ်တိတ် ဆိတ်ငြိမ်သက်နေသည့် လမ်းမကြီးကိုပြပြီး သူမပြောချင်သည့် အကြောင်းအရာကို၊ ဘဝထဲက ကြုံတွေ့ခဲ့ရသည့် အကြောင်းကို ‘ဘဝကြီးက ရယ်စရာကောင်းသည်’ဟု ဆိုနေခြင်းပင် ဖြစ်သည်။
    သူမက ‘ဒီနေရာမှာ တအားကြီးစည်ခဲ့တဲ့ အချိန်တွေက အအေးရောင်းရတာ အလှူပေးသလို ရောင်းရတဲ့အချိန်တုန်းကပေါ့။ ဒီသစ်ပင်တန်းလေးမှာဆို  မီးလုံးလေးတွေနဲ့ ခုံတန်းလေးတွေနဲ့၊ ညဆိုလို့ ရှိရင် ၁၁ နာရီ၊ ၁၂ နာရီအထိ လူမပြတ်ဘူး ရောင်းနေရတယ်။အဲဒီတုန်းက လမ်းဘေးဈေးရောင်းတယ် ဆိုလို့ရှိရင် ဒီလော်ကာတွေကို ဘီးတပ်ရမယ်တဲ့၊ လမ်းဘေးတွေကို ဈေးမရောင်းရဘူးတဲ့၊ အဲဒီတုန်းကတော့ ဒီလမ်းကြီးပေါ်မှာ လူတွေအပြည့်၊ ကိုယ်က မရောင်းချင်မှအဆုံး  ကျွန်မ ဈေးမရောင်းချင်တော့ပါဘူး၊ နားပါဦးမယ်။ ကျွန်မ ထမင်းစားပါဦးမယ်၊ ရေချိုးပါဦးမယ်ဆိုတဲ့ အခြေအနေအဲဒီလိုမျိုး။ အဲဒီတုန်းက နေ့ခင်း ၁၁ နာရီကျော်မှ ဒီလမ်းဘေးက ဈေးစရောင်းလို့ရတာ အဲဒီလိုမျိုးလာတာ၊ ညနေဈေးအနေနဲ့ ရောင်းရတာ၊ မနက်ခင်းဆို မရောင်းရဘူး၊ သူက အဲဒီလိုလာတာ။ သဘာဝတရားကြီးကို ပြောပြတာပါ။ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တွေပြောတာ မဟုတ်ဘူးနော်။ အဲဒီတုန်းက ဝယ်သူတွေ ရှိတယ်။ ဈေးသည်တွေက စည်းတွေ၊ ကမ်းတွေ၊ ကလနားဘောင်တွေနဲ့ပေါ့။ အဲဒီလိုတွေနဲ့နေပြီး ဒီလိုပါပဲ။ ကြိုးစားခဲ့ရပြီး အခု”ဟုဆိုကာ လွန်ခဲ့သောကာလက အင်မတိအင်မတန် ဈေးရောင်းကောင်းခဲ့သည့် အချိန်များကို လွမ်း မောဖွယ်ပြန်၍ အမှတ်ရနေရင်း ပြောနေလေသည်။ 
    ငါန်းဇွန်က ဈေးရောင်းသည့် အမျိုးသမီးတစ်ဦးက ထိုကဲ့သို့ပြောမှ ကျွန်တော့်မိခင်ကြီး ဆုံးမခဲ့သည့် စကားများကို သတိရမိပါ၏။ “အခါပေးတုန်း ကြိုးစားလုပ်ရတယ်”ဆိုသည့် စကားပင်ဖြစ်သည်။ အခါဆိုသည်မှာ အခွင့်အခါကို ဆိုခြင်းဖြစ်ပြီး အခွင့်ကောင်းအခါကောင်းဆိုသည်မှာလည်း အကြိမ်ကြိမ် ပြန်၍ မရတတ်ဆိုသည့် သဘောကို ပြောခြင်းဖြစ်၏။ အခွင့်ကောင်း အခါကောင်းနှင့် ပစ္စုပ္ပန်တည့်တည့် တွင် ကြုံပြီဆိုလျှင် အချိန်မဆွဲဘဲ အခွင့်ကောင်းအခါကောင်းကို အသုံးချရမည်ဟု ဆုံးမစကားပြောခြင်း ဖြစ်သည်ဆိုသည်ကို ငါန်းဇွန်က အမျိုးသမီးကြီးပြောပြမှ ကောင်းကောင်းသဘော ပေါက်သွား၏။
    ငါန်းဇွန်က ဈေးရောင်းသည့် အမျိုးသမီး၏  ‘အခု’သည့် စကားကို ဆက်ရလျှင် ‘အခုကျလေ ကိုယ်တတ်နိုင်လို့ ဒီလမ်းဘေးကိုလေ ဘယ်လိုပြောမလဲ ဘာဆောက်ပြီးတော့ ရောင်းမလဲ၊ ဘယ်လိုဆောက် ပြီးရောင်းမလဲ၊ တဲကြီးထိုးပြီး ရောင်းမလား၊ အကြီးကြီးပဲ ဘာလုပ်ရောင်းမလဲ ရောင်း၊ ကြိုက်သလိုရောင်း၊ အဲဒီမှာ ဘာပြဿနာရှိလဲသိလား၊ လူမရှိတဲ့ ပြဿနာဝယ်သူမရှိတော့တဲ့ ပြဿနာပေါ့။ ဝယ်သူ မရှိတော့တဲ့အချိန်မှာ ဈေးက  ကျွမ်းပြန်အောင် ရောင်းမလား ရနေပြီ၊ ဘဝတွေအမျိုးမျိုး  ရယ်ချင်လို့ပါ။ ကျွန်မတို့က ဈေးရောင်းတဲ့ အခက်အခဲက ကြိုးစားလို့ရတယ်၊ ဝယ်သူဖြစ်နေတဲ့ အခက်အခဲကို ကျွန်မတို့ ကြိုးစားလို့မရဘူး၊ ဝယ်သူကလာမှရမှာ။ ရောင်းတဲ့အခက်ခဲတုန်းက ကျွန်မတို့ ကြိုးစားခဲ့တာ ရောင်းလို့ ရခဲ့တယ်၊ အခုလူမရှိတဲ့ ပြဿနာကိုတော့ ကျွန်မတို့ ကြိုးစားလို့မရဘူး”ဟု အတိတ်ကိုလွမ်းမောရင်း ပစ္စက္ခအခြေအနေကို အနိမ့်အမြင့်လောကဓံအကြောင်း ရယ်ကာမော ကာ ပြန်ပြောပြနေလေသည်။

ဒဏ်ရာမရသည့်မြို့    
    ဆိုင်ကယ်ပြင်သည့် အမျိုးသားတစ်ဦးက အိမ်ခြံမြေအရောင်းသမားဖြစ်နေပြီဆိုလျှင် အံ့သြစရာမရှိပေ။ ဆိုင်ကယ်ပြင်သည့် လုပ်ငန်းလုပ်ကိုင်ရာမှ အိမ်ခြံမြေအရောင်းသမားအဖြစ် ကျွမ်းကျင်လွန်း၍ လုပ်ကိုင်ခြင်းမဟုတ်ဘဲ ဘဝအကြောင်းဖန်လာသောကြောင့်ဟု ဆိုနိုင်ပါသည်။ ဘဝအကြောင်း ဖန်လာပုံကလည်း ထူးဆန်းလှသည်။ PDF လက်နက်ကိုင်များနှင့် မလှမ်းမကမ်းတွင်ရှိသည့် နယ်မြို့လေးများ၏ အခြေအ နေသည် သာမန်အခြေအနေ လုံးဝမဟုတ်တော့ပေ။ နယ်မြို့လေးများတွင် PDF လက်နက်ကိုင် များရှိလာပြီဆိုလျှင် တည်ငြိမ်မှုပျက် ပြားပြီး တောတွင်းဥပဒေအတိုင်း လက်နက်ရှိသူက လက်နက်မဲ့သူကို ကြိုက်သည့်ခေါင်းစဉ်ဖြင့် သတ်ဖြတ်မှုများ ပြုလုပ်ကြကြောင်း အားလုံးအသိပင် ဖြစ်သည်။
    ထိုကဲ့သို့ အခြေအနေတွင် PDF များနှင့် မလှမ်းမကမ်းတွင်ရှိသည့် မြို့ခံများထဲက ငွေကြေးအတန်အသင့် အဆင်ပြေသူတို့သည် မြို့ရွာများကို စွန့်ခွာကအခြားသော တည်ငြိမ်အေးချမ်းရာ   ဘဝရှင်သန်ရပ်တည်ရေးအတွက် ပြောင်းရွှေ့နေထိုင်ကြကုန်သည်။ နယ်မြို့လေးကို စွန့်ခွာကြရသည့်အကြောင်းအရင်း များစွာထဲတွင် PDF လက်နက်ကိုင်တို့က နယ်မြို့လေးများ၏အပြင်ဘက် ရပ်ရွာများတွင် အခြေပြု၍နေ ကြရာမှ ရပ်ရွာတည်ငြိမ်မှု ပျက်ပြားရသည်။ ရပ်ရွာတည် ငြိမ်မှုပျက် ပြားရသောအခါ လူမှုစီးပွားဘဝအေးချမ်းစွာ ရှာဖွေစားသောက်ရန် မလွယ်ကူတော့ပေ။ ရပ်ရွာများ မအေးချမ်းသည့်အခါ ကျေးလက်နေ ပြည်သူလူထုအပေါ် မှီခိုကာ လုပ်ကိုင်စားသောက်ရသည့် နယ်မြို့လေးများသည်လည်းခြောက်ကပ် တိတ် ဆိတ်ကုန်ကြ၏။ ထိုကဲ့သို့ အပြန်အလှန် အမှီသဟဲပြုနေသည့် ဟန်ချက်များပျက်သွားခြင်းနှင့်အတူ နယ်မြို့များတွင် ငွေရေးကြေးရေး အဆင်ပြေသူများကို PDF လက်နက်ကိုင်များက ပြန်ပေးဆွဲဓားပြ တိုက်မှုများကလည်း မကြာခဏ ဖြစ်ပွားနေလေသည်။ 
    ထိုကဲ့သို့ အခြေအနေ အကြောင်းပေါင်းစုံ လာသည့်အခါ  နယ်မြို့လေးတွင်ရှိသည့် ငွေရေးကြေးရေး အဆင်ပြေသူတို့သည် ဇာတိချက်ကြွေ မွေးရပ်မြေကို မစွန့်ခွာချင်သော်လည်း စွန့်ခွာကုန်ကြရင်း ကိုယ့်အရပ် ကိုယ့်ဒေသသို့ မောင်ကြီးမပြန်နိုင်များ ဖြစ်ကုန်ကြလေသည်။
    သို့နှင့် နယ်မြို့လေးများသည် စီးပွားရေး ယန္တရားကောင်းကောင်း မလည်ပတ်နိုင်ခြင်း၊ အသက်အန္တရာယ်ရှိခြင်း၊ အေးချမ်းစွာ ရှာဖွေစားသောက်၍ မရခြင်း စသည့် အကြောင်းပေါင်းစုံလာသည့်အခါ နယ်မြို့ကို စွန့်ခွာကြသူများ ရှိသကဲ့သို့ ကိုယ့်အရပ်ကိုယ့်ဒေသတွင် အဆင်ပြေသလို နေထိုင်ကြသူများ လည်း ရှိကြသည်။ မည်သို့ပင်ဆိုစေ နယ်မြို့လေးများ၏ ဟန်ချက်ပျက်သွားပြီး တိတ်ဆိတ်ခြောက်ကပ် ကာ အထက်တွင်ဆို ခဲ့သည့် ဆိုင်ကယ်ပြင်သည့်သူက ကိုယ့်အရပ် ကိုယ့်ဒေသကို မစွန့်ခွာဘဲ နေထိုင်ရင်း အိမ်ခြံမြေပွဲစားကြီး ဖြစ်သွားလေတော့သည်။ သူပြောသည့်စကားက ရောင်းရတာ မရောင်းရတာထက်၊ အဝေးရောက် ကိုယ့်နယ်သူ နယ်သားတွေက ဟိုအိမ်လေးရောင်းပေးပါ၊ ဒီအိမ်လေး ရောင်းပေးပါဆိုပြီး ဗီဒီယိုရိုက်ပြီးတင်တော့ ကိုယ့်နယ်သူ နယ်သားတွေ အလွမ်းပြေ ကြည့်ရတာပေါ့”ဟု ရိုးရှင်းသည့်ခံစားချက်ကို ပြောပြလေသည်။
    သူရောင်းချပေးနေသည့် မြေကွက်ကျယ်ကြီးများ၊ နေအိမ်တိုက်တာများ၊ ခြံဝင်းကွက်များအပြင် မြို့လယ်ကောင်ကဲ့သို့ အလွန်အချက်အချာကျသည့် နေရာများလည်း ပါဝင်လေသည်။ မြို့လယ်ကောင် ဘဏ်များ အနီး ပေ ၇၀ x ၉၀ နှစ်ထပ်တိုက် ဂိုထောင်ပါသည့် ခြံနှင့်တိုက်၏ ခေါ်ဈေးက ကျပ်သိန်းပေါင်း ၄၅၀၀ ဖြစ်သည်။ တည်ငြိမ်အေးချမ်းသည့် အချိန်အခါ ထိုကဲ့သို့ မြို့လယ်ကောင်စီးပွားရေးလုပ်စား၍ ကောင်းသည့်နေရာ၊ နှစ်ထပ်တိုက်အပါ ဂိုထောင်နှင့်ဆိုလျှင် ယနေ့ခေတ် ပေါက်ဈေးနှင့် ကျပ်သိန်းပေါင်း သောင်းဂဏန်းအနည်းဆုံးရှိမည်ဟု ထိုနေရာကိုကြည့်ပြီး မှတ်ချက်ပြုကြသည်။
    ထိုဆိုင်ကယ်ပြင်ဆရာလေးမှ အိမ်ခြံမြေအရောင်းသမားဖြစ်သူက သူ့ကိုအပ်သည့် အိမ်ခြံမြေအ ကွက်များကို လိုက်လံပြသရင်း ရုပ်သံရိုက်၍လူမှုကွန်ရက်ပေါ်တွင် တင်သဖြင့် ကြည့်မိရာ လူသွားလူလာလည်း  နည်းပါးလှသည်။ ထိုမြို့လေးသည် စစ်ဘေးစစ်ဒဏ်ကို တိုက်ရိုက်ခံစားရသည့်အထဲတွင် မပါဝင်ဘဲ မြို့၏ပတ် ဝန်းကျင်တွင် PDF လက်နက်ကိုင်များစွာ ရှိနေသည့် နွားထိုးကြီးမြို့လေးပင်ဖြစ်သည်။ စစ်ဘေး စစ်ဒဏ်ကို တိုက်ရိုက်မခံစားရဟု ဆိုခြင်းမှာ နွားထိုးကြီးမြို့လေး သည် ပင်လယ်ဘူး ၊ ကောလင်း၊ ထီးချိုင့်၊ ဗန်းမော်၊ ရွှေကူ စသည့် မြို့များကဲ့သို့ မြို့အတွင်း တိုက်ပွဲများမဖြစ်ပွားခြင်းကို ပြောခြင်းဖြစ်သည်။ မြို့အတွင်း တိုက်ပွဲမဖြစ်သော်လည်း မြို့သည် စစ်ရိပ်စစ်ငွေ့များကြောင့် တည်ငြိမ်မှုဟန်ချက် သိသိသာသာ ပျက်ပြားသွားခဲ့ရပြီး ကျီးနှင့်ဖုတ်ဖုတ်သာ ဖြစ်နေတော့၏။ နွားထိုးက စိုးအောင်တို့၏ မြို့ကိုကျေးဇူးပြု ချက်အဖြစ် မြို့ခံများကောင်းကောင်းကြီး မှတ်မိနေတော့မည် ဖြစ်သည်။
    ဆရာဇော်ဂျီ၏ ‘သင်သေသွားသော်’ကဗျာထဲက ‘သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။’ ဆိုသည့်စာသားများစွာ အားနာမိပါ၏။ PDF လက်နက် ကိုင်များ ကိုယ့်အရပ်၊ ကိုယ့်ဒေသက ထွက်ပေါ်လာသဖြင့် မြို့ကို စစ်ပွဲတိုက်ရိုက်မကျရောက်သော်လည်း မြို့ခံများအတွက် ထိချက်ပြင်းစွာ ခံစားရမိသည်။ တစ်နည်းအားဖြင့် သွေးမထွက်သော ဒဏ်ရာသည်လည်း တမြည့်မြည့်နှင့် နာကျင်ရသည်ဟုသာ မြို့ခံများက တွေးကောင်းတွေးနေပါ လိမ့်မည်။

မျှော်နေကြသူများ
    ‘တစ်ချိန်က စည်ကားခဲ့တဲ့ ဗောဓိစောင်းတန်း’ဆိုသည့် စာသားလေးဖြင့် ရုပ်သံလေးတစ်ခု တွေ့ လိုက်ရသည်။ ကိုယ့်မျက်လုံးကိုပင် မယုံဟု ဆိုရမလို ဖြစ်နေ လေသည်။ သူဆိုလိုသည့် တစ်ချိန်က ဗောဓိ စောင်းတန်းဆိုသည်မှာ မုံရွာမြို့၏ အထင်ကရနေရာတစ်ခုတွင် ပါဝင်ပြီး နိုင်ငံကျော် ဗောဓိတစ်ထောင် ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှင့် လျောင်းတော်မူ ရုပ်ပွားတော်မြတ် ကြီးရှိရာ စောင်းတန်းကို ပြောခြင်းဖြစ်သည်။ တစ်ချိန်က စောင်းတန်း တစ်ဖက်တစ်ချက်တွင် သနပ်ခါးတုံး၊ ကျောက်ပြင်၊ ကျောက် ငရုတ်ဆုံ အပါအဝင် ကျောက်ဆစ် အသုံးအဆောင်များ၊ ဒေသထွက် သနပ်ခါး၊ ခေါင်းဖြီးသည့် ဘီးများ၊ အဝေရာစေ့ အလှဆင်ဝတ်ဆင်စရာများ (ဘောစကိုင်းစေ့)၊ အမှတ်တရ အဝတ်အထည်အရောင်းဆိုင်များ၊ အချဉ်ပေါင်းဈေးသည်များ၊ ရုပ်ပွားတော်အမှတ်တရ မှတ်တမ်းဓာတ်ပုံရောင်းချသူများ၊ စာအုပ်ရောင်းချသူများ ဗောဓိတစ်ထောင်ဒေသခံ အမျိုးသမီးများ၏ သနပ်ခါးအဖွေးသားနှင့် ဖော်ရွေပျူငှာသည့် သွင်ပြင်များဖြင့် အခါမလပ် စည်ကားခဲ့သည့် နေရာဖြစ်သည်။ အခြားအရပ်တစ်ပါးက မုံရွာမြို့သို့ ရောက်လာသူတိုင်းကို သမ္ဗုဒ္ဓေစေတီနှင့် ဗောဓိတစ်ထောင်ဆိုသည်မှာ မြို့ခံများအတွက် မဖြစ်မနေ လိုက်ပို့ရသည့်နေရာ ဖြစ်သည်။ လာရောက်လည်ပတ်သူ၊ ဈေးရောင်းချသူများဖြင့် စည်ကားခဲ့သည့် နေရာက ယခုစောင်း တန်းနှစ်ဖက်ရှိ၊ အမိုး အကာများသည် ပြုပြင်ဖာထေး ထိန်းသိမ်းသူ မရှိ၊ ရောင်းချသည့် ဈေးသည် မရှိ၊ လာရောက် လည်ပတ်သူမရှိနှင့် အပျက်အစီး အမှိုက်သရိုက်များဖြင့် ရှုပ်ထွေး နေလေသည်။ ဗောဓိတစ် ထောင် တောင်တန်းကြီး၏ နောက်ကျောက ကျောက်ဆစ်လုပ်ငန်းလုပ်သည့် ကျေးရွာများတွင် အခြေပြု လှုပ်ရှားသည့် PDF များကြောင့် ဗောဓိတစ်ထောင်သည်လည်း ထိုကဲ့သို့ ဖြစ်သွားရသည်ဟု သူငယ်ချင်း ဖြစ်သူကဆိုသည်။ ဗောဓိတစ်ထောင်ဆိုသည်မှာ ဗောဓိတစ်ထောင် ဝန်းကျင်ကလူများ လုပ်ကိုင်စားသောက်မှီခိုရာ ရပ်ဝန်းကြီး ဖြစ်ခဲ့သည်။ 
    ထိုရပ်ဝန်းကြီးထဲတွင် သနပ်ခါးရောင်းချသူများကို သနပ်ခါးအတု သစ်ပလွေသားများ ရောင်းချသူများကို ဘုရားဂေါပကအဖွဲ့က ခွင့်မပြုသောကြောင့် ဗောဓိတစ်ထောင်က ရောင်းချသည့် သနပ်ခါးက စစ်မှန်ကြောင်း နာမည်ရသည်။ ဆိုခဲ့သည့်အတိုင်း ဗောဓိတစ်ထောင်ရပ် ဝန်းသည် ဗောဓိတစ်ထောင်ဝန်း ကျင်က ဒေသခံများအများဆုံး မှီခိုအားထား လုပ်ကိုင်စားသောက်ကြသော နေရာဖြစ်သည်။ ထိုကဲ့သို့ နေရာကို PDF လက် နက်ကိုင်များ မနီးမဝေးတွင် ရောက်လာသောအခါ ဗောဓိတစ်ထောင်ဘုရားသည် ယခင်ကကဲ့သို့ မစည်ကားတော့ပေ။ ဗောဓိတစ်ထောင်စေတီနှင့် ရုပ်မြင်သံကြား ထပ်ဆင့် ထုတ်လွှင့်သည့် နေရာရှိ လုံခြုံရေးတပ်သား အနည်းငယ်ကို PDF တို့က ပြီးခဲ့သည့်နှစ်များတွင် ဝင်ရောက် တိုက်ခိုက်ခဲ့ သည်။
    ထို့အပြင် ပြန်ပေးဆွဲဓားပြတိုက်ရာတွင် နာမည်ကြီးသည့် လယ်ဇင်ကျေးရွာက အာကူးတို့အဖွဲ့၏ ကောင်းမှုကြောင့် သမ္ဗုဒ္ဓေနှင့် ဗောဓိတစ်ထောင်တို့သည့် ကျီးနှင့်ဖုတ်ဖုတ် ဖြစ်ခဲ့ရသည်။ ထိုဓားပြတိုက်၊ ပြန်ပေးဆွဲ လူသတ်သည့် အာကူးတို့အဖွဲ့သည် NUG နှင့် အေ၀ မတည့်ဖြစ်ခဲ့ရပြီး NUG ၏ တပ်ဖွဲ့များက ၂၉-၆-၂၀၂၆ တွင်ဝင်ရောက် စီးနင်းပစ်ခတ် ရှင်းလင်းလိုက်သဖြင့် အာကူးအပါအဝင် ရှစ်ဦးသေဆုံးခဲ့ သည်။ သူတို့အကုသိုလ်က နောင်ဘဝအထိမကူး သည်ဘဝမှာပင် အကျိုးပေးမြန်သည်ဟု ဆိုရမည်ဖြစ် သည်။
    PDF ထွက်သည့်အရပ်ဒေသသည် တည်ငြိမ်အေးချမ်းမှုမရှိ၊ ဟန်ချက်ပျက်ပြားပြီး လူမှုစီးပွားဘဝများစွာ ထိခိုက်သွားရကြောင်း သက်သေများစွာထဲက အထက်က အချက်များသည် အဓိက သက်သေ ခံနေသည်ဟုသာ ဆိုချင်ပါသည်။
ရွှေထီး
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၃၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 31

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

65489

© 2022 - 2026 News. All Rights Reserved.